ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုရောင်းဝယ်ဖောက်ကားသူများမဟုတ်
“ကျွန်တော်တို့ရဲ့ဓမ္မအမှုကို ငွေကြေးနဲ့ရောင်းချခဲ့ကြတယ်။” ၁၉၉၁ ခုနှစ်နှောင်းပိုင်းက အမေရိကန်ရုပ်မြင်သံကြားတရားဟောဆရာများအကြောင်း မေးမြန်းဆွေးနွေးခန်းတွင် “တယ်လီဖုန်းဖြင့်ဆုတောင်းပေးသည့်အမှုဆောင်” ဖြစ်ခဲ့သူတစ်ဦးက ပြောသည့်စကားများဖြစ်သည်။
ယင်းအစီအစဉ်သည် အမေရိကန်နိုင်ငံရှိ ရုပ်မြင်သံကြားဖြင့်တရားဟော၍ ဓမ္မအမှုဆောင်ခြင်းလုပ်ငန်းသုံးခုအပေါ် အာရုံစိုက်ထားသည်။ ဤလုပ်ငန်းသုံးခုတည်းက နှစ်စဉ်လူများကို ဒေါ်လာသန်းပေါင်းများစွာ လျှပ်ဖြတ်ညာယူနေကြကြောင်း ယင်းကဖော်ထုတ်တင်ပြခဲ့သည်။ တစ်ခုသော “အမှုဆောင်လုပ်ငန်း” သည် “အချိန်တိုအတွင်း အလှူငွေမြောက်မြားစွာထုတ်လုပ်ပေးသည့်စက်ရုံ” ဟုဖော်ပြခံရသည်။ ယင်းတို့အားလုံးသည် လိမ်လည်လှည့်စားမှုများဖြင့်ရှုပ်ထွေးနေသည်။ ယင်းက သင့်အားထိတ်လန့်စေပါသလော။
ဘာသာတရားစစ်ဆေးခံနေရ
ရုပ်မြင်သံကြားတရားဟောခြင်းလုပ်ငန်းများကိုသာမက အော်သဒေါ့စ်နှင့် အစွန်းမရောက်ဘာသာရေးများပင်လျှင် အစိုးရများ၊ ပုဂ္ဂလိကစောင့်ကြပ်ထိန်းသိမ်းရေးအေဂျင်စီများနှင့် လူအများတို့၏ မျက်စိဒေါက်ထောက်ကြည့်ခံနေကြရသည်။ တစ်ခါတစ်ရံ ဘုရားကျောင်းပိုင်ဆိုင်ခွင့်စာချုပ်များ၊ ဘာသာရေးအရ ရယူထားသောနိုင်ငံရေးအကျိုးအမြတ်များ၊ ကြီးမားသောကုန်ကျစရိတ်ဖြင့် အခံ့သားငြိမ့်နေကြသောဓမ္မဆရာများ၏အသက်တာတို့သည် သင်္ကာမကင်းဖွယ်ဖြစ်နေသည်။
အချို့ဘာသာရေးခေါင်းဆောင်များသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ ခန့်က တမန်တော်ပေါလု၏ဓမ္မအမှုဆောင်ခြင်းဆိုင်ရာ မြင့်မြတ်သည့်ဖော်ပြချက်ကို မည်သို့ပြည့်မီကြသနည်း။ သူရေးခဲ့သည်မှာဤသို့။ “ငါတို့သည် အခြားသူအမြောက်အမြားကဲ့သို့ ထာဝရဘုရား၏နှုတ်ကပါဌ်တော်ကို အပေါစားကုန်ပစ္စည်းသဖွယ် ရောင်းဝယ်ဖောက်ကားမှုကို မပြုကြပါ။ ငါတို့သည် ထာဝရဘုရားစေလွှတ်တော်မူသောသူများဖြစ်၍ ခရစ်တော်၏အစေခံများအနေဖြင့် ထာဝရဘုရား၏ရှေ့တော်မှောက်၌ နှုတ်ကပါဌ်တရားတော်ကို မှန်ကန်စွာဟောပြောကြ၏။” (၂ ကောရိန္သု ၂:၁၇၊ သက) ယနေ့ဤဖော်ပြချက်နှင့်မည်သူများကိုက်ညီကြသနည်း။
အခြေအနေအရပ်ရပ်ကို ဆင်ခြင်တိုင်းဆနိုင်ရန် ပေါလုနှင့်သူ၏အပေါင်းအဖော်များ၏ဓမ္မအမှုသည် ငွေကြေးအရမည်သို့ထောက်ပံ့ခံခဲ့ရကြောင်းကို အသေးစိတ်လေ့လာကြည့်ကြစို့။ ယင်းသည် သူ့အချိန်က အခြားသူများနှင့်မည်သို့ခြားနားသနည်း။
ပထမရာစုကနယ်လှည့်ဟောပြောသူ
လှည့်လည်ဟောပြောသူတစ်ဦးအနေနှင့် ပေါလုသည် အဆန်းမဟုတ်ခဲ့ပါ။ ထိုအချိန်က လူများစွာတို့သည် မိမိတို့၏ဘာသာရေးနှင့်အတွေးအခေါ်ရှုထောင့်များပြန့်ပွားရန် လှည့်လည်သွားလာဟောပြောလေ့ရှိသည်။ ကျမ်းရေးသူလုကာက “နတ်ဆိုးတို့ကိုနှင်ထုတ်သော လှည့်လည်သွားလာသည့်ယုဒလူမျိုးအချို့” ကို ရည်ညွှန်းရေးသားခဲ့သည်။ (တမန်တော် ၁၉:၁၃၊ ကဘ) ဖာရိရှဲများကို ယေရှုပြစ်တင်ရှုတ်ချခဲ့စဉ်က “လူတစ်ယောက်ကိုပင်ဘာသာသွင်းခြင်းငှာ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်” ကြသည်ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၂၃:၁၅) ယေရှုကိုယ်တော်တိုင်သည် နယ်လှည့်ဓမ္မအမှုဆောင်သူဖြစ်သည်။ ယုဒနှင့်ရှမာရိနယ်တွင်သာမက “မြေကြီးစွန်းတိုင်အောင်” ဟောပြောခြင်းအားဖြင့် မိမိအားတုပရန် တမန်တော်များနှင့်တပည့်တော်များကို ကိုယ်တော်လေ့ကျင့်ပေးတော်မူခဲ့သည်။—တမန်တော် ၁:၈။
ယေရှု၏နောက်တော်လိုက်များသည် ခရီးလှည့်လည်သွားလာစဉ် ဂျူးလူမျိုးမဟုတ်သောဟောပြောသူများကို တွေ့ခဲ့ကြသည်။ အေသင်မြို့တွင် အိပိကုရုတပည့်များနှင့် သတောအိတ်အတွေးအခေါ်ပညာရှင်များနှင့် ပေါလုအတိုက်အခံဖြစ်ခဲ့သည်။ (တမန်တော် ၁၇:၁၈) ရောမနိုင်ငံတစ်ခွင်တွင် အပြစ်ရှာဝါဒီတို့သည် အာပေါင်အာရင်းသန်သန်ဟောပြောခြင်းအားဖြင့် လူများကိုလှည့်ဖြားသွေးဆောင်ကြသည်။ အိုက်စစ္စနှင့်စာရာပစ္စနတ်ဘုရားများကိုကိုးကွယ်သူတို့က မိန်းမနှင့်ကျွန်များအား ဘာသာရေးနှင့်လူမှုရေးအရ လွတ်လပ်သည့်လူများနှင့်တန်းတူအခွင့်အရေးရမည်ဟုကတိပေးပြီး ဩဇာလွှမ်းမိုးကြသည်။ အရှေ့တိုင်း၏ပွားများခြင်းဆိုင်ရာအစွဲအလမ်းက ဂရိနှင့်ရောမလောကရှိ လျှို့ဝှက်ရှုပ်ထွေးသည့်ဘာသာရေးမြောက်မြားစွာကို အစဖော်ပေးသည်။ အပြစ်မှဖြေလွှတ်သည့်နည်းများနှင့် အထွတ်အမြတ်လျှို့ဝှက်ချက်ကိုထိတွေ့ခံစားနိုင်ခြင်းဆိုင်ရာ ကတိများသည် ဒီမက်တာ၊ ဒိုင်အိုနီးစပ်စ်၊ စီဘဲလီစသည့် မှောက်မှားသောနတ်ဘုရားများသို့ လူများကိုသွေးဆောင်သည်။
ကုန်ကျစရိတ်မည်သို့ရသနည်း
မည်သို့ဆိုစေ ခရီးသွားခြင်းသည် အကုန်အကျများသည်။ ပစ္စည်းတန်ဆာခနှင့် နိုင်ငံကူးခတို့အပြင် ခရီးသွားလာသူသည် အစားအစာ၊ တည်းခိုစရာ၊ ထင်း၊ အဝတ်အထည်နှင့် ကျန်းမာရေးအကူအညီများလိုအပ်သည်။ ဟောပြောသူများ၊ သွန်သင်ပြသသူများ၊ အတွေးအခေါ်ပညာရှင်များနှင့် နတ်ဝိဇ္ဇာအတတ်ပညာရှင်များတို့သည် ဤလိုအပ်ချက်များကို နည်းငါးမျိုးဖြင့် ဖြည့်စွက်ကြသည်။ သူတို့သည် (၁) အခကြေးငွေအကြောင်းသင်ပေးခြင်း၊ (၂) အောက်တန်းကျသောအလုပ်များနှင့် အရောင်းအဝယ်လုပ်ကိုင်ခြင်း၊ (၃) ဧည့်ခံကျွေးမွေးမှုနှင့် စိတ်လိုကိုယ်လျောက်ပေးသည့်အလှူငွေများကိုလက်ခံခြင်း၊ (၄) ပုံမှန်လာရောက်သည့်ဆရာများအနေနှင့် ချမ်းသာကြွယ်ဝသည့်ဖောက်သည် သို့မဟုတ် ထောက်ပံ့သူများနှင့်သူတို့ဆက်သွယ်ကြပြီး (၅) တောင်းရမ်းခြင်းများကို ပြုကြသည်။ နာမည်ကြီးသည့် အလှူခံစားသူအပြစ်ရှာဝါဒီ ဒီအောဂျနီးစ် သည် အပယ်ခံရမည့်အရေးကိုကြိုတင်ပြင်ဆင်သောအားဖြင့် သက်မဲ့ရုပ်တုများကိုပင် အလှူအဖြစ်တောင်းခံလေ့ရှိသည်။
မိမိတို့ကိုယ်ကို ခရစ်ယာန်ဓမ္မအမှုဆောင်များဟုဆိုကြသော်လည်း အချို့ဂရိအတွေးအခေါ်ပညာရှင်များနည်းတူ ချမ်းသာသူများနှင့်ပေါင်းပြီး ဆင်းရဲသားများထံမှခိုးယူတတ်ကြသည့် ဟောပြောသူအချို့ကို ပေါလုသိခဲ့သည်။ ကောရိန္သုအသင်းတော်ကို သူအပြစ်တင်၍ဤသို့ပြောခဲ့သည်။ ‘သူတစ်ပါးသည် သင်တို့ . . . ဥစ္စာလုယူခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။’ (၂ ကောရိန္သု ၁၁:၂၀) ယေရှုခရစ်သည် မည်သည့်အရာကိုမျှလုယူခဲ့ခြင်းမရှိပါ။ ပေါလုနှင့်သူ၏လုပ်ဖော်ဆောင်ဖက်များလည်း ထိုသို့မပြုခဲ့ကြပါ။ သို့သော် ကောရိန္သုမြို့ရှိလောဘကြီးသောတရားဟောဆရာများသည် ‘မိစ္ဆာတမန်များ၊ လှည့်ဖြားတတ်သောအမှုစောင့်များ’ နှင့် စာတန်၏အမှုဆောင်များဖြစ်ကြသည်။—၂ ကောရိန္သု ၁၁:၁၃-၁၅။
တပည့်တော်များအား ယေရှု၏ညွှန်ကြားချက်က အခယူခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်ကို ကြိုတင်ဟန့်တားခဲ့သည်။ “အဖိုးမဲ့ရကြသည့်အလျောက် အခမဲ့ပေးကြလော့” ဟု ယေရှုသွန်သင်တော်မူခဲ့သည်။ (မဿဲ ၁၀:၈၊ သမ) တောင်းရမ်းခြင်းသည်သမားရိုးကျဖြစ်သော်လည်း ယင်းသည် ထိုအချိန်က အထင်အမြင်သေးခံရသည့်လုပ်ရပ်ဖြစ်ခဲ့သည်။ ယေရှု၏ပုံဥပမာတစ်ခုတွင် “သူတောင်းစားလုပ်ခြင်းငှာ ရှက်ကြောက်၏” ဟုပြောသောဘဏ္ဍာစိုးတစ်ယောက်ကို ကိုယ်တော်ပုံဖော်ခဲ့သည်။ (လုကာ ၁၆:၃) ထို့ကြောင့် ယေရှု၏သစ္စာရှိနောက်တော်လိုက်များသည် ငွေကြေး သို့မဟုတ် ပစ္စည်းဥစ္စာများတောင်းခံခဲ့သည်ဟူ၍ ကျမ်းစာမှတ်တမ်းမည်သည့်နေရာ၌မျှ ကျွန်ုပ်တို့မတွေ့ရချေ။ သူတို့သည် ဤစည်းမျဉ်းမူအတိုင်းအသက်ရှင်ခဲ့ကြသည်။ “အလုပ်မလုပ်ချင်သောသူမည်သည်ကား အစာကိုလည်းမစားစေနှင့်။”—၂ သက်သာလောနိတ် ၃:၁၀။
ယေရှုသည် မိမိ၏တပည့်တော်များအား နည်းနှစ်နည်းဖြင့် မိမိတို့၏လိုအပ်ချက်များကိုဖြည့်စွက်ရန် တိုက်တွန်းတော်မူခဲ့သည်။ ပထမအနေနှင့် ပေါလုအဆိုပြုခဲ့သည့်အတိုင်း “ဧဝံဂေလိတရားကိုအမှီပြု၍ အသက်မွေးရမည်။” မည်သို့အားဖြင့်နည်း။ စိတ်လိုကိုယ်လျောက်ကျွေးမွေးဧည့်ခံမှုများကို လက်ခံခြင်းအားဖြင့်ဖြစ်သည်။ (၁ ကောရိန္သု ၉:၁၄။ လုကာ ၁၀:၇) ဒုတိယတစ်ခုမှာ ရုပ်ပိုင်းအရ မိမိကိုယ်ကိုထောက်ပံ့နိုင်သည်။—လုကာ ၂၂:၃၆။
ပေါလုကျင့်သုံးခဲ့သည့်မူများ
စွန့်လွှတ်သည့်မူကို ပေါလုမည်သို့ကျင့်သုံးခဲ့သနည်း။ တမန်တော်၏ ဒုတိယသာသနာပြုခရီးစဉ်နှင့်ပတ်သက်၍ လုကာဤသို့ရေးသားခဲ့သည်။ “တရောမြို့မှသင်္ဘောလွှင့်၍ သာမောသရက်ကျွန်းသို့တည့်တည့်သွားသဖြင့် နက်ဖန်နေ့၌ နာပေါလိမြို့သို့ရောက်ကြ၏။ ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သောမြို့တည်းဟူသော မာကေဒေါနိပြည်တစ်ပိုင်းကိုအစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလအတန်အရာနေကြ၏။” ခရီးတစ်လျှောက်လုံး အစားအသောက်နှင့်တည်းခိုခြင်းများအတွက် သူတို့ကိုယ်တိုင်ကုန်ကျခံခဲ့ကြရသည်။—တမန်တော် ၁၆:၁၁၊ ၁၂။
နောက်ဆုံးတွင် လုဒိအမည်ရှိမိန်းမတစ်ဦးအား “ပေါလုဟောပြောသောအရာကို မှီဝဲဆည်းကပ်စေခြင်းငှာ သူ၏စိတ်နှလုံးကို သခင်ဘုရားဖွင့်တော်မူ၏။ ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ ‘ကျွန်မသည် သခင်ဘုရား၌အမှန်ယုံကြည်သည်ကို သင်တို့သည်ထင်မှတ်လျှင် ကျွန်မအိမ်ထဲသို့ဝင်၍နေကြပါ’ ဟုတောင်းပန်” ခဲ့သည်။ (တမန်တော် ၁၆:၁၃-၁၅) အနည်းဆုံးလုဒိ၏ဧည့်ဝတ်ကျေပွန်မှုလည်းပါဝင်သောကြောင့် ဖိလိပ္ပိရှိယုံကြည်သူချင်းတို့အား ပေါလုဤသို့စာရေးနိုင်ခဲ့သည်။ “သင်တို့အကြောင်းကိုစဉ်းစားသည့်အခါတိုင်း ငါသည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အမှုတော်ကို ငါစတင်ဆောင်ရွက်ချိန်မှ ယနေ့တိုင်အောင် သတင်းကောင်းကိုကြေညာရာတွင် ငါနှင့်အတူသင်တို့ပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့် ငါသည် သင်တို့အတွက် ဆုတောင်းပတ္ထနာပြုသည့်အခါတိုင်း ဝမ်းမြောက်ရပါ၏။”—ဖိလိပ္ပိ ၁:၃-၅၊ သက။
ဤခရစ်ယာန်နယ်လှည့်အမှုတော်ဆောင်များကို ကြိုဆိုလက်ခံသည့်လူများစွာကို ပုံသက်သေအဖြစ် လုကာရည်ညွှန်းဖော်ပြခဲ့သည်။ (တမန်တော် ၁၆:၃၃၊ ၃၄၊ ၁၇:၇၊ ၂၁:၇၊ ၈၊ ၁၆၊ ၂၈:၂၊ ၇၊ ၁၀၊ ၁၄) ပေါလု၏မှုတ်သွင်းခံစာစောင်များတွင် သူခံစားခဲ့ရသော ဧည့်ဝတ်ပျူငှာမှုများနှင့် လက်ဆောင်ပစ္စည်းများကို သူအသိအမှတ်ပြုပြီး ယင်းတို့အတွက်ကျေးဇူးတင်ခဲ့သည်။ (ရောမ ၁၆:၂၃။ ၂ ကောရိန္သု ၁၁:၉။ ဂလာတိ ၄:၁၃၊ ၁၄။ ဖိလိပ္ပိ ၄:၁၅-၁၈) သို့သော် မိမိတို့သည် လက်ဆောင်ပစ္စည်းများ သို့မဟုတ် ငွေရေးကြေးရေးအထောက်အပံ့များရသင့်သည်ဟု မည်သည့်အခါကမျှ သူနှင့်သူအပေါင်းအဖော်များက စကားရိပ်မသန်းခဲ့ပါ။ မိမိတို့၏နယ်လှည့်ကြီးကြပ်မှူးများတွင် ဤကောင်းသောသဘောထားရှိမြဲရှိနေသည်ဟု ယေဟောဝါသက်သေများပြောနိုင်ကြသည်။
ဧည့်ဝတ်ပြုခြင်းအပေါ်မှီခိုသူမဟုတ်
ပေါလုသည် ဧည့်ဝတ်ပြုခြင်းကိုမှီခိုသူမဟုတ်ခဲ့ပါ။ လုပ်ခအနည်းငယ်သာရသည့် အချိန်ကုန်ပြီးပင်ပန်းသည့်အလုပ်ကို သူတတ်ကျွမ်းထားသည်။ တမန်တော်သည် ကောရိန္သုမြို့သို့သာသနာပြုအဖြစ်ရောက်ရှိခဲ့စဉ်က “အာကုလအမည်ရှိသောယုဒလူတစ်ယောက်သည် . . . မိမိမယားပြစ်ကိလနှင့် . . . ရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ဆီသို့ဝင်၍ အလုပ်ချင်းတူသောကြောင့် သူတို့နှင့်နေ၍အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ်သောအချုပ်သမားဖြစ်ကြ၏။”—တမန်တော် ၁၈:၁-၃။
နောက်ပိုင်း ဧဖက်မြို့တွင်လည်း ပေါလုသည်အလုပ်ကြိုးစားမြဲဖြစ်သည်။ (တမန်တော် ၂၀:၃၄။ ၁ ကောရိန္သု ၄:၁၁၊ ၁၂ နှိုင်းယှဉ်။) သူ့ဇာတိဒေသတွင် ကီလီကယ်ယွမ် ခေါ် ဆိတ်မွေးကြမ်းဖြင့်ပြုလုပ်သော တဲပစ္စည်းများကို သူကျွမ်းကျင်စွာလုပ်တတ်ခဲ့ဖွယ်ရှိသည်။ ပေါလုသည် ခွေးခြေတစ်ခုပေါ်တွင်ထိုင်၍ သူ၏အလုပ်ခုံတန်းရှည်ပေါ်ကိုယ်ကိုညွှတ်ကာ ညနက်သည့်အထိ ညှပ်လိုက်၊ ချုပ်လိုက်လုပ်နေမည်ကို မြင်ယောင်ကြည့်နိုင်သည်။ အလုပ်ဆိုင်သည် ဆူညံသံနည်းပါးဖွယ်ရှိသဖြင့် အလုပ်လုပ်နေစဉ် ဆိုင်ရှင်၊ သူ့အလုပ်သမားများ၊ ကျွန်များ၊ ဖောက်သည်များ၊ မိတ်ဆွေများကို ပေါလုသက်သေခံရန်အခွင့်အရေးရနိုင်ခဲ့ပေမည်။—၁ သက်သာလောနိတ် ၂:၉ နှိုင်းယှဉ်။
သာသနာပြုပေါလုသည် မိမိ၏ဓမ္မအမှုဆောင်ခြင်းကို စီးပွားရေးအမြတ်အစွန်းရအောင် သို့မဟုတ် မိမိသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှီခိုစားနေသည်ဟုစွဲမှတ်ခံရခြင်းကို ရှောင်ခဲ့သည်။ သက်သာလောနိတ်မြို့သားများအား သူဤသို့ပြောခဲ့သည်။ “ငါတို့ပေးသောပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင်မတရားစွာပြုကြသည်မဟုတ်။ အဘယ်သူ၏အစာကိုမျှအလိုအလျောက်မစား။ သင်တို့တွင် တစ်ယောက်ကိုမျှမနှောင့်ယှက်ခြင်းငှာ ပင်ပန်းစွာကြိုးစားအားထုတ်၍ နေ့ညမပြတ်လုပ်ဆောင်ကြ၏။ ထိုသို့ပြုသော်လည်း မခံယူပိုင်သောကြောင့်ပြုသည်မဟုတ်။ သင်တို့လိုက်စရာအဖို့ပုံသက်သေဖြစ်စေခြင်းငှာပြုကြ၏။”—၂ သက်သာလောနိတ် ၃:၇-၉။
နှစ်ဆယ်ရာစုရှိတုပသူများ
ယနေ့တိုင် ယေဟောဝါသက်သေများသည် ပေါလု၏ပုံသက်သေကောင်းကို လိုက်လျှောက်ကြသည်။ အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများသည် လခ သို့မဟုတ် သူတို့အမှုဆောင်သည့်အသင်းတော်ထံမှ ထောက်ပံ့ကြေးပင်မရရှိကြပါ။ ယင်းအစား အခြားသူများနည်းတူ သူတို့အများစုသည် လုပ်ငန်းခွင်ဝင်၍ မိမိတို့၏မိသားစုကို ကျွေးမွေးထောက်ပံ့ကြရသည်။ အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုဆောင်များလည်း မိမိတို့ကိုယ်ကိုထောက်ပံ့ကြရသည်။ သူတို့အများစုသည် မိမိတို့၏အခြေခံလိုအပ်ရာများပြည့်စုံရုံမျှအတွက် အလုပ်လုပ်နေကြသည်။ သက်သေခံအချို့တို့သည် နှစ်စဉ် သတင်းကောင်းရောက်ခဲသော ဝေးလံသည့်ဒေသများသို့ မိမိတို့၏ကုန်ကျစရိတ်ဖြင့် သွားရောက်ဟောပြောကြသည်။ ဒေသခံမိသားစုများက သူတို့အား စားသောက်ရန်၊ တည်းခိုရန် ခေါ်ဖိတ်ပါက သူတို့ကျေးဇူးတင်ကြသော်လည်း ထိုသို့ဧည့်ဝတ်ပြုခြင်းကို သူတို့အလွဲမသုံးကြပါ။
ယေဟောဝါသက်သေများပြုကြသည့် ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းများသည် စေတနာအလျောက်သာဖြစ်ကြပြီး သူတို့၏ဓမ္မအမှုအတွက် အခကြေးငွေမတောင်းခံကြပါ။ သို့ရာတွင် သူတို့၏ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် တော်သင့်သောအလှူငွေများကိုလက်ခံရရှိကြပြီး ထိုရည်ရွယ်ချက်များအတွက် ကင်းမျှော်စင်အသင်းသို့ပေးပို့ကြသည်။ (မဿဲ ၂၄:၁၄) သက်သေခံများ၏ဓမ္မအမှုဆောင်ခြင်းသည် မည်သည့်နည်းဖြင့်မဆို စီးပွားရေးမဆံပါ။ သူတို့တစ်ဦးစီသည် ပေါလုကဲ့သို့ “အဖိုးအခမယူဘဲ သင်တို့အား ဘုရားသခင်၏ဝမ်းမြောက်ဖွယ်သတင်းတရားကိုဟောပြော” သည်ဟု မှန်ကန်စွာပြောနိုင်ကြသည်။ (၂ ကောရိန္သု ၁၁:၇၊ သမ္မ) ယေဟောဝါသက်သေများသည် “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ရောင်းဝယ်ဖောက်ကားသူများ” မဟုတ်ကြပါ။
[စာမျက်နှာ ၂၇ လေးထောင့်ကွက်]
ဘုရားနိုင်ငံတော်လုပ်ငန်းအတွက်အချို့သူများလှူဒါန်းပုံ
▫ ကမ္ဘာချီလုပ်ငန်းအတွက်ပါဝင်လှူဒါန်းခြင်း – များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသောအလှူငွေသေတ္တာတွင်ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို စီမံခန့်ခွဲထားကြသည်။ အသင်းတော်များသည် ယင်းအလှူငွေများကို ဘရုတ်ကလင်နယူးယောက်ဌာနချုပ် သို့မဟုတ် နီးစပ်ရာဌာနခွဲရုံးသို့ လစဉ်ပေးပို့ကြသည်။
▫ ပေးလှူခြင်းများ – စေတနာအလျောက်ငွေကြေးအလှူငွေများကို ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်း၊ ပဲင်စီလ်ဘေးနီးယား၊ ၂၅ ကိုလံဘီယာကုန်း၊ ဘရုတ်ကလင်၊ နယူးယောက်၊ ၁၁၂၀၁၊ သို့လည်းကောင်း၊ အသင်း၏ဒေသခံဌာနခွဲရုံးသို့လည်းကောင်း တိုက်ရိုက်ပေးပို့နိုင်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်းလှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်းဖော်ပြသည့် စာတိုကလေးပါတည့်ပေးသင့်သည်။
▫ ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်းအစီအစဉ် – ကင်းမျှော်စင်အသင်းသို့ ငွေကြေးလွှဲအပ်ထားပေးနိုင်ပြီး လှူဒါန်းသူမသေဆုံးမီ သူ၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ရှိပါက ပြန်လည်ပေးအပ်ရန်ဖြစ်သည်။
▫ အာမခံ – ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။ သို့ပြုလိုလျှင် အသင်းမကိုအကြောင်းကြားပါ။
▫ ဘဏ်စာရင်းများ – ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်း (ပင်စင်စာအုပ်) များကို ဒေသခံဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ သို့မဟုတ် ကာယကံရှင်သေဆုံးမှ လွှဲပြောင်းပေးရန်စီစဉ်နိုင်သည်။ ယင်းအစီအစဉ်တစ်စုံတစ်ခုအတွက် အသင်းမကိုအကြောင်းကြားပါ။
▫ အစုရှယ်ယာလက်မှတ်နှင့်ငွေချေးစာချုပ်များ – အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားပေးအပ်၍ဖြစ်စေ၊ ထပ်မံဝင်ငွေများကို လှူဒါန်းသူအားပေးရသည့် အစီအစဉ်ဖြင့်ဖြစ်စေလှူဒါန်းနိုင်သည်။
▫ အိမ်ယာအဆောက်အအုံများ – ရောင်းချနိုင်သောအိမ်ယာအဆောက်အအုံများကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားဖြစ်စေ လှူဒါန်းသူအသက်ရှင်နေသရွေ့နေထိုင်ရန် အပိုင်းကိုချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန်စာချုပ်စာတမ်းမပြုမီ အသင်းမကိုအကြောင်းကြားသင့်သည်။
▫ သေတမ်းစာနှင့်လွှဲအပ်စာများ – ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကိုပဲင်စီလ်ဘေးနီးယားရှိ ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည်။ သို့မဟုတ် လွှဲအပ်စာချုပ်တွင် အသင်းမကအကျိုးခံစားခွင့်ရှိသူ အဖြစ်ပါဝင်စေနိုင်သည်။ ဤသို့ ဘာသာရေးအဖွဲ့အစည်းကိုလွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့်အကျိုးအမြတ် တစ်စုံတစ်ခုကိုဖြစ်ထွန်းစေပေမည်။
ဤကိစ္စနှင့်ပတ်သက်၍ ထပ်မံသိလိုပါက Treasurer’s Office, Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201, သို့မဟုတ် ကင်းမျှော်စင်အသင်း၊ အမှတ် ၉၄ - ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့သို့ စာရေးမေးမြန်းနိုင်သည်။
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]
သူမ,ကူညီလိုခဲ့
အသက်ဆယ့်တစ်နှစ်အရွယ်ရှိ တစ်ဖ်နီ သည် အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၊ ဘာတန်ရုဇ်မြို့မှ ကျောင်းသူလေးတစ်ဦးဖြစ်သည်။ မကြာမီက ဤယေဟောဝါသက်သေခံလူငယ်သည် “အမေရိကန်နိုင်ငံပညာရေး” ဟူသောခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ်ကိုရေးသားခဲ့သည်။ ရလဒ်အနေနှင့် သူမ၏သက်သေခံမိဘများသည် ကျောင်းအုပ်ကြီးထံမှ အောက်ပါစာကိုရရှိခဲ့သည်။
“အမေရိကန်ပညာရေးရက်သတ္တပတ်အတွင်း၊ အတန်းတစ်ခုစီက ထူးချွန်ပြောင်မြောက်တဲ့စာစီစာကုံးတစ်ခုကို ကျောင်းတွင်းဆက်သွယ်ရေးစကားပြောခွက်ကနေ ဖတ်ပြတယ်။ ဒီနေ့မနက် တစ်ဖ်နီ ရဲ့စာစီစာကုံးကိုဖတ်ပြရတာ ကျွန်တော်သိပ်သဘောကျတယ်။ သူမဟာ တကယ့်ကိုထူးခြားတဲ့မိန်းကလေးပဲ။ သူမဟာ ဣန္ဒြေသိက္ခာရှိတယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုရှိတယ်၊ ပင်ကိုယ်အရည်အသွေးရှိတယ်၊ ရည်မွန်တယ်။ ဆဌမတန်းကျေင်းသားကျောင်းသူတွေထဲမှာ သူ့လောက်အရည်အသွေးရှိတဲ့လူကို ကျွန်တော်တွေ့ရခဲတယ်။ တစ်ဖ်နီဟာ ကျွန်တော်တို့ကျောင်းအတွက် ရတနာတစ်ပွင့်ပါပဲ။”
စာစီစာကုံးပြိုင်ပွဲတွင် တစ်ဖ်နီပထမဆုရရှိခဲ့သည်။ နောက်ပိုင်းတွင် ကင်းမျှော်စင်အသင်းသို့ သူမစာရေးခဲ့သည်။ “ပြိုင်ပွဲမှာ ကျွန်မဆုရတာဟာ Questions Young People Ask—Answers That Work စာအုပ်ကြောင့်ပဲဖြစ်နိုင်တယ်။ . . . ပညာရေးနဲ့ပတ်သက်တဲ့အခန်းတွေကို ကျွန်မအသုံးပြုခဲ့တယ်။ . . . အသုံးဝင်ပြီး လှုံ့ဆော်မှုဖြစ်စေတဲ့ ဒီစာအုပ်ကိုထုတ်ဝေပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲဆုအနေနဲ့ ကျွန်မခုနစ်ဒေါ်လာရပါတယ်။ အဲဒါကို နောက်ထပ် ၁၃ ဒေါ်လာနဲ့ပေါင်းပြီး စုစုပေါင်းဒေါ်လာ ၂၀ ကို ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် ကျွန်မလှူဒါန်းပါတယ်။ . . . ကျွန်မကြီးလာတဲ့အခါ ဗေသလလုပ်ငန်းမှာ လုပ်အားပေးဖို့မျှော်လင့်ပါတယ်။”
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ပေါလုသည် အခါအားလျော်စွာ တဲရှင်ချုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သည်