ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
သူတို့ဘဝပုံစံကို ပြောင်းလဲခဲ့
သူတို့လမ်းပေါ်တွင် လူသွားလူလာတို့အား စကားစမြည်ပြောဆိုနေခြင်း၊ တစ်အိမ်မှတစ်အိမ် လည်ပတ်သွားလာနေခြင်း၊ ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် ခရစ်ယာန်အစည်းအဝေးများကို တက်နေကြခြင်း တွေ့ဖူးကောင်းတွေ့ဖူးပါမည်။ ဤတွင် သန့်ရှင်းသပ်ရပ်သော ယေဟောဝါသက်သေလူငယ်များအကြောင်း ကျွန်ုပ်တို့ပြောဆိုနေခြင်းဖြစ်သည်။ ဤလူငယ်များသည် မိဘတို့၏ သွန်သင်ပို့ချမှုကြောင့် သူတို့သက်သေခံများ ဖြစ်လာကြသည်ဟု သင်ယူမှတ်မည်ဖြစ်ကာ သူတို့အနက် အများစုသည် ထိုသို့ဖြစ်ပါသည်။ သို့သော် အလွန်ခြားနားသောနောက်ခံဘဝရှိခဲ့၍ ယခုလိုက်လျှောက်နေသော ဘဝပုံစံနှင့် လုံးဝမတူသည့် အသက်တာလမ်းစဉ်ရှိခဲ့သူ လူငယ်အချို့လည်း ပါဝင်ပါသည်။ အမှန်မှာ နောက်စာမျက်နှာတွင် ဖော်ပြထားသူအချို့သည် နေ့စဉ်နေ့တိုင်း ရာဇဝတ်မှုပြု၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့နှင့် ပေါင်းသင်းခဲ့ဖူးသူများဖြစ်ကြပါသည်။ သူတို့၏ဘဝပုံစံကို ဤမျှထူးခြားစွာ ပြောင်းလဲစေသည်ကား အဘယ်နည်း။ နော်ဝေးနိုင်ငံရှိမြို့ငယ်တစ်မြို့သို့သွား၍ ဤသို့ပြုပြင်ပြောင်းလဲခဲ့သူ လူငယ်အချို့နှင့်တွေ့ဆုံကြစို့။
ပြုပြင်ပြောင်းလဲစေသည့် အုတ်မြစ်
သက်သေခံနှစ်ဦး တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် အားနက်တ်နှင့်တွေ့ဆုံခဲ့ချိန်၌ သူမသည် ၁၉ နှစ်သာရှိပါသည်။ “ယေဟောဝါသက်သေများနှင့် စကားမပြောမဆိုဖို့ ကျွန်မအမြဲမှာကြားခံခဲ့ရတယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာကို သိချင်လို့ သူတို့ကို အိမ်ထဲခေါ်ထိုင်စေခဲ့တယ်” ဟုသူမပြောပြပါသည်။ သူမသည် ၁၁ နှစ်အရွယ်ကတည်းက မူးယစ်ဆေးဝါးသုံးစွဲခဲ့ပြီး လုယက်တိုက်ခိုက်မှုနှင့် ကားခိုးမှုအသီးသီးတွင် အချိတ်အဆက်ရှိခဲ့ဖူးသည်။
ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် သူမသဘောနှင့်တွေ့ခဲ့သည်။ အထူးသဖြင့် အသက်ငါးနှစ်အရွယ်တွင် သူချစ်မြတ်နိုးရသည့် မိခင်သေဆုံးခဲ့ရာ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို အလွန်မြတ်နိုးခဲ့သည်။ သို့ဖြစ်၍ အခမဲ့ကျမ်းစာသင်အံမှုကို သူမလက်ခံခဲ့ပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ကျင်းပသော အစည်းအဝေးများကို စတက်လာလေသည်။ သူ၏ချစ်သူနှင့် အခြားမိတ်ဆွေများကိုပါ သင်ယူလေသမျှအကြောင်းများကို ပြောပြခဲ့သည်။ မည်သို့တုံ့ပြန်ကြသနည်း။ လုံးဝလက်မခံကြရုံမက အားနက်တ်သည် ဦးနှောက်အဆေးခံလိုက်ရပြီဟု စွပ်စွဲကြသေးသည်။ မည်သို့ဆိုစေ အစပိုင်းတွင် အတိုက်အခံအများဆုံးပေးခဲ့သူအချို့သည် နောက်ပိုင်းတွင် ကျမ်းစာလေ့လာခဲ့ကြပါသည်။
ဥပမာအနေနှင့် အဲပ်စင်ခေါ် အသက်နှစ် ၂၀ ရှိလူငယ်ကိုကြည့်ပါ။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းအကြောင်းကို အားနက်တ်၏ချစ်သူထံမှတစ်ဆင့် ကြားသိခဲ့ရ၍ ချက်ချင်းကျမ်းစာသင်လိုခဲ့ပါသည်။ သို့ရာတွင် မူးယစ်ဆေးဝါးခိုးသွင်းမှုနှင့် အားနက်တ်နည်းတူ လုယက်တိုက်ခိုက်မှုအသီးသီးတွင် ပါဝင်ခဲ့၍ လေးလထောင်ဒဏ်ချခံရရန် သူအချုပ်ခံနေရပါသည်။ ဆေးလိပ်၊ ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါးများ သုံးစွဲတတ်သူလည်းဖြစ်သည်။ ဤအမှုများကိုပြုသူတစ်ဦး အဘယ်ကြောင့်ကျမ်းစာသင်လိုစိတ်ပေါ်လာရသနည်း။ မိမိဘဝပုံစံ၏ အချည်းနှီးသက်သက်ဖြစ်မှုနှင့် ရည်ရွယ်ချက်ကင်းမဲ့မှုကို အဲပ်စင်တွေ့ရှိလာပါသည်။ သူပြောပြသည်ကား၊ “ဘဝမှာရည်ရွယ်ချက်ရှိစေတဲ့ ကျမ်းစာရဲ့ကတိပေးချက်များကို ကျွန်တော်နှစ်သက်မိတယ်။ ဒါနဲ့မှန်မမှန်သိလိုပြီး ကျွန်တော်ကျမ်းစာစလေ့လာပါတယ်” ဟူ၍ဖြစ်သည်။
အခြားသူတို့လည်း ကျမ်းစာလေ့လာလိုကြ
ဤအတောအတွင်း ထိုလူငယ်အဖွဲ့မှ လုလင်ပျိုတစ်ဦးသည် သတင်းကောင်းကြားနာပြန်၍ ကျမ်းစာစလေ့လာပြီး စည်းဝေးများတက်လာပါသည်။ ထိုနောက် ထိုလူငယ်များမှ အခြားတစ်ဦးနှင့်လည်း ကျမ်းစာသင်အံမှုစတင်ခဲ့ပြီး သူလည်း အစည်းအဝေးများကိုတက်ခဲ့သည်။ နောက်များမကြာမီ ထိုအုပ်စုမှ အခြားလူငယ်နောက်ထပ်တစ်ဦးလည်း သူငယ်ချင်းများနှင့်အတူ ကျမ်းစာလေ့လာကာ ဝိညာဉ်ရေးဘက် တိုးတက်လာပါသည်။ ထိုသို့ဖြစ်ပြီးနောက် ယင်းအုပ်စုမှ အခြားလူငယ်တစ်ယောက်လည်း သူငယ်ချင်းများ၏ ပြုပြင်ပြောင်းလဲမှုများကို နှစ်သက်သဘောကျပြီး သူပါ ကျမ်းစာလေ့လာလိုခဲ့သည်။
ဤအချိန်တွင် ထိုအုပ်စုမှဂီတလုလင်ဖြစ်သူ ဂီလ်ဘာ့တ်သည် ကျမ်းစာစလေ့လာလေသည်။ သူ၏မိဘနှစ်ပါးစလုံး ကင်ဆာရောဂါဖြင့် သေလွန်ခဲ့ရာ ရှင်ပြန်ထမြောက်ခြင်း ကျမ်းစာမျှော်လင့်ချက်ကြောင့် စိတ်သက်သာမှုရရှိခဲ့သည်။ (ယောဟန် ၅:၂၈၊ ၂၉) သူသည်လည်း ဆေးခြောက်သုံးစွဲ၍ ဘဝပျက်စီးနေပြီး ရော့ခ်အဆိုကျော်ဖြစ်ဖို့ရန် ရည်မှန်းနေသူဖြစ်ပါသည်။ သို့ရာတွင် အချိန်အနည်းငယ်အတွင်း ဝိညာဉ်ရေးဘက် အကြီးအကျယ်တိုးတက်လာ၍ ယေဟောဝါ၏သက်သေတစ်ဦးဖြစ်ရန် သူဆုံးဖြတ်ချက်ချလိုက်လေသည်။ နောက်ဆုံးတွင် အဲပ်စင်၏ညီလေးလည်း ကျမ်းစာကိုစူးစမ်းလေ့လာကာ သက်သေခံများနှင့် ပေါင်းသင်းလေသည်။
သမ္မာတရားသည် ဘဝကို ပြောင်းလဲစေ
တစ်ချိန်က ကပိုကရိုဖုတ်သိုက်ဝတ်စားဆင်ယင်၍ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ခိုးမှုနှင့် အခြားရာဇဝတ်မှုများပြုသူများဖြစ်ခဲ့ဖူးသော ဤလူငယ်များ အကြီးအကျယ်ပြောင်းလဲခဲ့ပါသည်။ အားနက်တ်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြေညာသူကောင်းတစ်ဦးဖြစ်၍ ရှေ့ဆောင်အဖြစ် တစ်နှစ်ခန့် အမှုထမ်းခဲ့ပြီ။ အဲပ်စင်နှင့်ဂီလ်ဘာ့တ်တို့သည် အရန်ရှေ့ဆောင်အဖြစ်အမှုဆောင်ခဲ့ဖူးပြီး ဓမ္မအမှုထမ်းများလည်း ဖြစ်နေကြပါသည်။ သူတို့နှစ်ဦးစလုံး ခရစ်ယာန်အသင်းတော်အတွင်း အိမ်ထောင်ပြုကြပြီ။ ယခင်အုပ်စုမှ အခြားလူငယ်လေးဦးတို့လည်း ဇွဲလုံ့လရှိ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြွေးကြော်သူများ ဖြစ်ချေပြီ။
အဲပ်စင် စီရင်ခံခဲ့ရသည့် လေးလထောင်ဒဏ်နှင့်ပတ်သက်၍ကော။ သူ၏ဘဝပုံစံပြောင်းလဲမှုများကြောင့် သူ၏ဒဏ်စီရင်ချက်သည် ရပ်ကွက်အကျိုးဆောင်လုပ်ငန်း နာရီ ၈၀ ဆောင်ရွက်မှုသို့ လျှော့ပေါ့ပေးခံခဲ့ရပါသည်။ ရဲတပ်ဖွဲ့နှင့် အခြားသူတို့၏သဘောတူညီချက်အတိုင်း ဤအချိန်နာရီပိုင်းများကို ယေဟောဝါသက်သေများ၏ ဒေသခံနိုင်ငံတော်ခန်းမဆောင်တွင် လုပ်အားပေးခဲ့ရပါသည်။ ဤအစီအစဉ်ကို ရဲတပ်ဖွဲ့ကလည်း အလွန်သဘောကျနှစ်သက်ကြသည်။
မှန်ပါ၏။ ကမ္ဘာတစ်လွှားရှိ အခြားလူငယ်မြောက်မြားစွာတို့သည် ပြစ်မှုတွင် ပါဝင်ခဲ့ဖူးသူများဖြစ်ခဲ့ကြသည်။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားက သူတို့သိလိုသောအမေးများအတွက် အဖြေမှန်ပေးခဲ့၍ အနာဂတ်နှင့်စပ်လျဉ်းပြီး စိတ်ချရသောမျှော်လင့်ချက်ရရှိစေခဲ့ပြီ။ သို့ဖြစ်၍ ဤသူများသည် ရာဇဝတ်သားများ၊ သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲသည့် ဖြစ်ကတတ်ဆန်းဝတ်စားသူများ မဖြစ်ကြတော့ချေ။ သူတို့ဘဝပုံစံကို ပြုပြင်ပြောင်းလဲခဲ့သည့်အတွက် အထက်ပါလူငယ်များနည်းတူ သန့်ရှင်းသပ်ရပ်သည့် တက်ကြွလှုပ်ရှားသော ယေဟောဝါသက်သေလူငယ်များဖြစ်လာကြပြီ။ ယနေ့လူငယ်မြောက်မြားစွာကြုံတွေ့နေရသည့် ပြဿနာများအတွက် ကျမ်းစာ၏တည်မြဲသောဖြေရှင်းနည်းများကို သူတစ်ပါးအား သူတို့သိစေလိုကြပါသည်။—၁ ကောရိန္သု ၆:၉-၁၁ ရှု။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
အဲပ်စင်၊ အားနက်တ်နှင့် ဂီလ်ဘာ့တ်