ကယ်ဆယ်ရေးအထောက်အပံ့များက ခရစ်ယာန်မေတ္တာကိုရောင်ပြန်ဟပ်
ခရစ်ယာန်ချင်းတို့အား “ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံးကို ချစ်ကြလော့” ဟုတမန်တော်ပေတရု တိုက်တွန်းပေးခဲ့သည်။ (၁ ပေတရု ၂:၁၇၊ ကဘ) ဤကဲ့သို့သောချစ်ခြင်းမေတ္တာမျိုးသည် လူမျိုးရေး၊ လူမှုရေး၊ တိုင်းပြည်နယ်နိမိတ်များကို ကျော်လွှားပြီး ညီအစ်ကိုများအသင်းအပင်းအား သွေးစည်းစေသည်။ ရှေးခေတ်ခရစ်ယာန်များအချိန်က ကူညီမစမှုလိုအပ်လာသည့်အခါ ချို့တဲ့သူများအား ဝေငှပေးရန် တမန်တော်များထံ အလှူများအပ်နှင်းဖို့ လူအများ မေတ္တာလှုံ့ဆော်ခံခဲ့ရသည်။ သို့ဖြစ်၍လည်း “ပိုင်သမျှကို ဘုံပစ္စည်းပြုကြ၏” ဟုမှတ်တမ်းကဆိုသည်။—တမန်တော် ၂:၄၁-၄၅၊ ၄:၃၂၊ သမ။
ယခင်ဆိုဗီယက်နိုင်ငံရှိ ဒေသအချို့အပါအဝင် အရှေ့ ဥရောပရှိ ချို့တဲ့နေသောညီအစ်ကိုများအတွက် ရိက္ခာနှင့် အဝတ်အစားများကို ပေးလှူကြရန် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့က ၁၉၉၁ အကုန်ပိုင်းတွင် အနောက်ဥရောပရှိ ကင်းမျှော်စင်အသင်း၏ ဌာနခွဲအသီးသီးအား မှာကြားခဲ့သောအခါ ထိုကဲ့သို့သောမေတ္တာမျိုး ထင်ရှားပေါ်လွင်ခဲ့သည်။ ပါဝင်ကူညီခဲ့သော ဌာနခွဲအချို့ထံမှ အကြောင်းပြန်စာများကို ဤတွင်ဖော်ပြပေးထားပါသည်။
ဆွီဒင်နိုင်ငံ
၁၉၉၁ ဒီဇင်ဘာ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံရှိ အသင်းတော် ၃၄၈ ခုစလုံးထံသို့ လိုအပ်ရာကိုရှင်းပြသောစာ ပို့ပေးခဲ့ပါသည်။ လိုအပ်ရာကို ချက်ချင်းဖြည့်စွက်ပေးကြပါသည်။ ရက်အနည်းငယ်အတွင်းပင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့သို့ နောက်တွဲပါကုန်တင်ကားငယ် ပထမအစင်းထွက်သွားခဲ့ပါသည်။ ထိုတွင် ဂျုံမှုန့်၁၅ တန်၊ စားဆီ၊ အသားဘူး၊ နို့မှုန့်၊ အစရှိသည်တို့ ပါသွားပါသည်။ ဒေသခံယေဟောဝါသက်သေများက ကုန်တင်ကားငယ်မှပစ္စည်းများချပေးပြီး ချို့တဲ့သူများအား ပါလာသည့် အထုပ် ၇၅၀ ကိုဝေငှပေးခဲ့သည်။ များမကြာမီတွင် ရုရှားနိုင်ငံသို့ အခြားကုန်တင်ကားငယ်နှစ်စီး ရိက္ခာသယ်ဆောင်သွားသည်။ ဆွီဒင်နိုင်ငံမှ စုစုပေါင်း ၅၁.၅ တန်မက ပို့ပေးနိုင်ခဲ့ပါသည်။
အဝတ်အစားနှင့်ဖိနပ်များလှူဒါန်းပေးလိုစိတ်သည် ထင်သည်ထက် လွန်ကဲပါသည်။ နိုင်ငံတော်ခန်းမများတွင် အဝတ်အစားထုပ်များ စုပုံရောက်ရှိလာသည်။ ခရစ်ယာန်မြောက်မြားစွာတို့သည် မိမိတို့အဝတ်အစားများကို ပို့ပေးခဲ့သည်။ အချို့ဆိုလျှင် အဝတ်အစားအသစ်များ ဝယ်ပေးခဲ့သည်။ ညီအစ်ကိုတစ်ဦးဆိုလျှင် ဝတ်စုံငါးစုံ ဝယ်ပို့ပေးသည်။ အံ့အားသင့်သွားသောဆိုင်ရှင်သည် ဝယ်ခဲ့ခြင်းရည်ရွယ်ချက်ကို သိရှိသည့်အခါ သူကိုယ်တိုင် ဝတ်စုံငါးစုံ ထပ်လှူခဲ့သည်။ အခြားညီအစ်ကိုတစ်ဦးက ခြေစွပ်များ၊ လက်အိတ်များနှင့် လည်စည်းပဝါများ တစ်သေတ္တာ ဝယ်ခဲ့သည်။ ယင်း၏ရည်ရွယ်ချက်ကိုရှင်းပြသောအခါ ဆိုင်ရှင်က ဝတ်စုံအသစ် ၃၀ ကို ဝတ်စုံနှစ်စုံအဖိုးဖြင့် ရောင်းချပေးပါသည်။ အားကစားပစ္စည်းဆိုင်ရှင်တစ်ဦးသည် ရိုးရိုးနှင့်ဘွတ်ဖိနပ်အရန် ၁၀၀ လှူဒါန်းပေးပါသည်။
ဤပစ္စည်းအားလုံးကို အမျိုးအစားခွဲပေး၍ ပြန်ထုပ်ပိုးပြီး ဝန်တင်ကားဖြင့် ပို့ဆောင်ပေးရန် ဌာနခွဲတွင် စုဆောင်းခဲ့ပါသည်။ ကုန်တင်ကားငယ် အစင်းပေါင်း ၄၀ ဆံ့အဝတ်အစားများ ဌာနခွဲတွင်ရောက်နေပါသည်။ အဝတ်အစားများကို အမျိုးသား၊ အမျိုးသမီးနှင့်ကလေးများအတွက်ဟူ၍ အမျိုးအစားခွဲဝေ၍ ညီအစ်ကို၊ ညီအစ်မများသည် စက္ကူပုံးများထဲ ရက်သတ္တပတ်ပေါင်းများစွာ ထုပ်ပိုးပေးကြပါသည်။ ကုန်တင်ကားငယ် ဆယ့်ငါးစီးဖြင့် ထိုအဝတ်အစားများကို ရုရှားနိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ အက်စတိုနီးယားနိုင်ငံများသို့ အရောက်ပို့ပေးနိုင်ခဲ့ပါသည်။
ယခင်ဆိုဗီယက်ပြည်ထောင်စုသို့ အသင်းမကုန်တင်ကားတစ်စီးကို ရှစ်ကြိမ်မောင်းနှင်ခဲ့သော ညီအစ်ကိုတစ်ဦးက ဤသို့ဆိုသည်။ “ခရီးဆုံးတွင် ညီအစ်ကိုများ၏ ဧည့်ခံကြိုဆိုမှုသည် အလွန်အားရစရာကောင်းပါသည်။ ကျွန်တော်တို့ကို ဖက်နမ်းရှုပ်ကြရုံမက သူတို့မှာမရှိသည့်ကြား ကျွန်တော်တို့ကိုဧည့်ဝတ်ပြုကြပုံသည် ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခုဖြစ်ပါသည်။”
ဖင်လန်နိုင်ငံ
ဖင်လန်နိုင်ငံတွင် စီးပွားရေးအကြီးအကျယ်ကျဆင်းခြင်း၊ နေရာအနှံ့ အလုပ်လက်မဲ့ဖြစ်၍ စီးပွားရေးပြဿနာများဖြစ်နေသော်လည်း ဖင်းနစ်ရှ်ညီအစ်ကို ၁၈,၀၀၀ ခန့်တို့သည် ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံရှိ သူတို့ညီအစ်ကိုများကို စေတနာစိတ်အားကြီးစွာ ကူညီပေးလိုကြပါသည်။ စိန့်ပီတာစဘာ့ဂ်မြို့၊ အက်စတိုနီးယားနိုင်ငံ၊ လက်ဗီယားနိုင်ငံ၊ လစ်သူယေးနီးယားနိုင်ငံနှင့် ကလီးနင်ဂရဒ်မြို့များသို့ ရိက္ခာ ၅၈ တန်ကို စက္ကူပုံးပေါင်း ၄,၈၅၀ ဖြင့်ပို့ပေးခဲ့ကြသည်။ ကုန်တင်ကား၌ လစ်လပ်သောနေရာများတွင် အဝတ်အစား ၄၂၀ ကုဗပေဖြင့်လည်း ဖြည့်စွက်ပေးပါသည်။ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းအတွက်အသုံးပြုရန် တစ်ပတ်နွမ်းကားနှင့် ဝန်တင်ကား စုစုပေါင်း ၂၅ စီးကိုလည်းလှူဒါန်းခဲ့ပါသည်။
ရိက္ခာပုံးအချို့သည် ကြေညာသူ ၁၄ ဦးရှိ စိန့်ပီတာစဘာ့ဂ်မြို့နယ်ရှိ စလန်တီအသင်းတော်ထံ ရောက်ရှိသွားပါသည်။ စာအားဖြင့် များစွာကျေးဇူးတင်ကြောင်း ဤသို့ပြောဆိုခဲ့ကြသည်။ “ကျွန်ုပ်တို့အသင်းတော်တွင် သက်ကြီးရွယ်အိုညီအစ်မ ဆယ်ဦးရှိသည်။ ကျွန်ုပ်တို့အများစုသည် အပြင်းအထန်ဖျားနာနေကြပြီး ရိက္ခာရရေးအတွက် တန်းစီမရပ်နိုင်ကြပါ။ သို့ရာတွင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ဤခဲယဉ်းသောအခြေအနေတွင် ကျွန်ုပ်တို့အားစိတ်ဓာတ်မကျဆင်းစေဘဲ ကျွန်ုပ်တို့စိတ်နှလုံးကိုရွှင်လန်းမှုဖြင့်ပြည့်စေသည်။ ကျွန်ုပ်တို့ ကျမ်းစာသင်အံမှုပေါင်း ၄၃ ခုကျင်းပနေကြပါသည်။” စိန့်ပီတာစဘာ့ဂ်မြို့ရှိ ညီအစ်မတစ်ဦးသည် ကယ်ဆယ်ရေးအထုပ်ကိုရရှိသောအခါ ယင်းကိုဖြေမဖွင့်မီ နှစ်နာရီကြာမျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားမှုခံခဲ့ရရှာသည်။
ဒိန်းမတ်နိုင်ငံ
ဘောလ်တစ်ပင်လယ်ဝရှိ ဤနိုင်ငံငယ်ကလေးတွင်နေထိုင်သော ယေဟောဝါသက်သေ ၁၆,၀၀၀ ခန့်တို့သည် ယူကရိန်းနိုင်ငံသို့ ပုံး ၄,၂၀၀ အပြည့် ရိက္ခာ ၆၄ တန်၊ တန်ဖိုးကြီးအဝတ်အစားပုံးပေါင်း ၄,၆၀၀၊ နှင့် ဖိနပ်အသစ် အရန်ပေါင်း ၂,၂၆၉ တို့ကို ကုန်တင်ကား ၁၉ စီးဖြင့်ပို့ပေးခဲ့သည်။ ဂျာမနီနိုင်ငံမှ ညီအစ်ကိုတစ်ဦးသည် ကုန်တင်ကားငါးစီးကို ဌာနခွဲအား အသုံးပြုခွင့်ပြုပြီးနောက် ယင်းတို့ကို ယူကရိန်းနိုင်ငံရှိ ညီအစ်ကိုများအား လှူဒါန်းလိုက်လေသည်။ မိမိဌာနေသို့ပြန်ရောက်လာသည့်အခါ ယာဉ်မောင်းတစ်ဦး ဤသို့ဆိုသည်။ “ကျွန်ုပ်တို့သယ်ဆောင်သွားသည်ထက် ပြန်ယူဆောင်လာသည်ကား ပိုများပါသည်။ ကျွန်ုပ်တို့၏ယူကရိန်းညီအစ်ကိုများ၏ ချစ်ခြင်းမေတ္တာနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အတိုင်းမသိခိုင်ခံ့မြဲမြံစေခဲ့သည်။”
ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတွင် ယာဉ်မောင်းများသည် လမ်းတစ်လျှောက် ဓားပြများကို ဂရုစိုက်သတိပြုခဲ့ရသည်။ ဒိန်းမတ်နိုင်ငံမှ ကုန်တင်ကားတစ်စီးမရောက်မီ ရက်အနည်းငယ်တွင် ယင်း၏ခရီးစဉ်တွင် လုယက်တိုက်ခိုက်မှု ဖြစ်ခဲ့ပါသည်။ အခြားကယ်ဆယ်ရေးအဖွဲ့မှ ရိက္ခာကုန်တင်ကားငါးစီးသည် ရဟတ်ယာဉ်နှင့် စက်သေနတ်ငယ်များအသုံးပြုသော ဓားပြများနှင့် တွေ့ဆုံခဲ့ရာ သူတို့သည် ကုန်တင်ကားငါးစီးစလုံးကို ဓားပြတိုက်သွားပြီး ယာဉ်မောင်းတို့အား လမ်းဘေးတွင် ချန်ရစ်ထားခဲ့သည်။ ဤဘေးအန္တရာယ်များရှိငြားလည်း ဒိန်းမတ်ဌာနခွဲမှ ပို့ပေးခဲ့သမျှသည် ညီအစ်ကိုများထံ ဘေးကင်းလုံခြုံစွာရောက်ရှိခဲ့ပါသည်။ အပြန်ခရီးတွင် ယာဉ်မောင်းတစ်ဦးအား အင်္ဂလိပ်ဘာသာစကားဖြင့် ခဲယဉ်းစွာရေးသားခဲ့သည့် ဤစာကို ယူသွားစေခဲ့သည်။ “ချစ်လှစွာသော ဒိန်းမတ်ညီအစ်ကို၊ ညီအစ်မများ၊ သင်တို့၏ ကယ်ဆယ်ရေးအထောက်အပံ့များကို ရရှိပါသည်။ သင်တို့ကို ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။”
နယ်သာလန်နိုင်ငံ
နယ်သာလန်ဌာနခွဲသည် အထုပ်ပေါင်း ၂,၆၀၀ ဖြင့် ရိက္ခာ ၅၆ တန်ပို့ပေးခဲ့ပါသည်။ ယင်းတို့ကို ယူကရိန်းနိုင်ငံသို့ ယာဉ်တန်းနှစ်တန်းဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးခဲ့သည်။ ပို့ပြီးသည့်အခါတိုင်း အရှေ့ဘက်နယ်တွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းထမ်းဆောင်ရေးအတွက် ဂျာမနီနိုင်ငံမှ ညီအစ်ကိုများ လှူဒါန်းလိုက်သော ကုန်တင်ကားခြောက်စီးကိုထားရစ်ခဲ့ပါသည်။ များစွာချို့တဲ့နေသည့် မော့စ်ကိုမြို့၊ ဆိုက်ဘေးရီးယားနှင့် အခြားအရပ်ဒေသများသို့ ရိက္ခာအများစုကို ယူကရိန်းနိုင်ငံမှညီအစ်ကိုများက တစ်ဆင့်ပြန်ပို့ပေးလိုက်သည်။ ထို့ပြင်ဒတ်ချ်ညီအစ်ကိုများသည် ၂၆,၀၀၀ ကုဗပေရှိအဝတ်အစားနှင့်ဖိနပ်များကို ပို့ပေးခဲ့ပါသည်။ ယင်းကို ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့သို့ ကိုယ်ပိုင်ကားတစ်စီးဖြင့် လမ်းပြပို့ဆောင်ပေးသော ကုန်တင်ယာဉ်တန်းဆယ့်တစ်စီး ယူဆောင်လာပါသည်။
ဂျာမနီနိုင်ငံ၊ ပိုလန်နိုင်ငံတစ်လျှောက် မောင်းနှင်ပြီးနောက် ကုန်တင်ယာဉ်တန်းသည် ယူကရိန်းနိုင်ငံ၊ အကောက်ခွန်ဌာနမှ အခက်အခဲမရှိ ထွက်ခွာခဲ့ပြီးနောက် လဗီဖ်မြို့ပြင်သို့ နံနက် ၃ နာရီအချိန်တွင် ရောက်လာခဲ့သည်။ ယာဉ်မောင်းတို့က ဤသို့ပြောပြသည်။ “အချိန်အနည်းငယ်အတွင်းတွင် ကုန်တင်ကားများကို ညီအစ်ကိုပေါင်း ၁၄၀ တို့သည် ကုန်ချပြီးပါသည်။ ကုန်မချမီ ဤနှိမ့်ချမှုရှိသောညီအစ်ကိုတို့သည် ယေဟောဝါကိုအားကိုးကြောင်း တစ်စုတစ်ရုံးဆုတောင်းခြင်းအားဖြင့် တင်ပြကြပါသည်။ လုပ်ငန်းပြီးသည့်အခါတွင်လည်း ယေဟောဝါကိုကျေးဇူးတင်ကြောင်း တစ်ဖန်စုပေါင်းဆုတောင်းကြပြန်သည်။ ဒေသခံညီအစ်ကိုများ၏ ချွေးနှဲစာမှ ရက်ရောစွာဧည့်ဝတ်ပျူငှာမှုကို ကျွန်တော်တို့ခံစားရပြီးနောက်တွင် သူတို့သည် ကျွန်ုပ်တို့အား လမ်းမကြီးသို့ ပြန်ပို့ဆောင်ပေးခဲ့ကြပါသည်။ ကျွန်တော်တို့နှင့် မခွဲခွာမီ လမ်းဘေးတွင် သူတို့ဆုတောင်းပေးကြပြန်သည်။
“အပြန်ခရီးတစ်လျှောက် ကျွန်တော်တို့ ပြန်သတိရစရာ များစွာရှိခဲ့ပါသည်။ ဂျာမနီနိုင်ငံ၊ ပိုလန်နိုင်ငံနှင့် လဗီဖ်မြို့ရှိ ညီအစ်ကိုများ၏ ဧည့်ဝတ်ကျေပွန်မှု၊ သူတို့၏ ခိုင်ခံ့သောယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းကို အားကိုးအားထားသည့်သဘော၊ သူတို့ကိုယ်တိုင် ချို့ငဲ့ကြသော်လည်း တည်းခိုစရာနှင့် အစားအစာရက်ရောစွာကျွေးမွေးပေးခြင်းဖြင့် ဧည့်ဝတ်ကျေပွန်ခြင်း၊ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးစည်းလုံးခြင်း၊ သူတို့၏ကျေးဇူးတင်စိတ်တို့ကို သတိရနေပါသည်။ ရက်ရောစွာပေးကမ်းစွန့်ကြဲခဲ့သော ကျွန်ုပ်တို့နိုင်ငံရှိ ညီအစ်ကိုညီအစ်မများကိုလည်း ကျွန်တော်တို့သတိရမိသည်။”
ဆွစ်ဇာလန်နိုင်ငံ
ဆွစ်ဌာနခွဲထံမှလာသောစာ၏နိဒါန်းတွင် ယာကုပ် ၂:၁၅၊ ၁၆ ကိုကိုးကားထားသည်။ “ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍ နေ့တိုင်းစားရသောအစာမရှိသောအခါ သင်တို့တွင် တစ်စုံတစ်ယောက်သောသူက ‘ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့’ ဟုပြောလျက် သူတို့ကိုယ်နှင့် တော်လျော်သောအသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။” ထိုနောက် ဤသို့ဆက်တင်ပြသည်။ “ကျွန်ုပ်တို့၏ချို့တဲ့နေသောညီအစ်ကိုများကို ကူညီပေးရန် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့မှ စာရောက်ရှိလာသောအခါ ဤကျမ်းချက်ကိုသတိရမိပါသည်။
“ချက်ချင်း အားလုံးဝိုင်းဝန်းကူညီကြသည်။ နှစ်ရက်အတွင်းပင် ယူကရိန်းနိုင်ငံသို့ ရိက္ခာ ၁၂ တန်ရှိ အထုပ် ၆၀၀ ကို လုပ်ငန်းတော်အတွက် ဂျာမနီနိုင်ငံလှူသောကုန်တင်ကားသုံးစီးဖြင့် တင်ပို့လိုက်ပါသည်။ အားလုံးဘေးကင်းလုံခြုံစွာရောက်ရှိသည့်သတင်းသည် ကျွန်ုပ်တို့ ညီအစ်ကိုများအား ပျော်ရွှင်မှုပေးခဲ့ပါသည်။ ဤအချိန်အတွင်း အသင်းတော်များက အဝတ်စားများစုဆောင်းပြီး များမကြာမီအချိန်တွင် ဌာနခွဲသို့ ပုံးကြီးပုံးငယ်၊ သေတ္တာများ၊ အိတ်များနှင့် စုပြုံရောက်ရှိလာပါသည်။ ကလေးများအတွက်အထုပ်တွင် မြောက်စွန်းပိုင်းမှ ဆွစ်ကလေးများထံမှ အမည်မသိမိတ်ဆွေများအတွက် ကစားစရာအရုပ်ကလေးများ ပါရှိပါသည်။ အဝတ်အစားကြားတွင် ချော့ကလက်အတောင့်များလည်း ကြားညှပ်ပို့ပေးခဲ့ကြပါသည်။”
ဤပစ္စည်းများကို မည်သို့ပို့ပေးမည်နည်း။ ဤသို့ဆက်အကြောင်းကြားခဲ့သည်။ “ပြင်သစ်ဌာနခွဲက ကုန်တင်ကားငယ်နှစ်စီးနှင့် ယာဉ်မောင်းသူလေးဦး စီစဉ်ပေးသည့်အခါ ကျွန်ုပ်တို့အတွက် အဆင်ပြေသွားပါသည်။ ထို့ပြင်ကုန်စည်စလည် ၇၂ တန်ကို ယူကရိန်းနိုင်ငံသို့ တင်ပို့ပေးရန် ကျွန်ုပ်တို့ ဌာနခွဲကုန်တင်ကားတစ်စီးနှင့် ဒေသခံညီအစ်ကိုများ၏ ကားလေးစီးကိုပါ အသုံးပြုလိုက်ရပါသည်။” ပေ ၅၀၀ ရှည် ဤယာဉ်တန်းသည် လဗီဖ်မြို့ကားဆိပ်သို့ လုံခြုံစွာရောက်ရှိခဲ့သည်။ ထိုတွင် ဒေသခံညီအစ်ကိုတစ်ရာခန့်သည် ကုန်ချပေးရန် စောင့်နေကြသည်ကို တွေ့ရှိခဲ့သည်။ ဘာသာစကားမတူသည့်အတွက် ပြဿနာမရှိခဲ့ကြောင်း ယာဉ်မောင်းတို့က ပြန်ပြောပြပါသည်။ အကြောင်းမှာ ညီအစ်ကိုများမျက်နှာပေါ် ကျေးဇူးတင်စိတ် ထင်ရှားပေါ်လွင်နေ၏။
ဩစတြီးယားနိုင်ငံ
ဩစတြီးယန်းညီအစ်ကိုများသည် ရိက္ခာ ၄၈.၅ တန်၊ အဝတ်အစားထုပ် ၅,၁၁၄၊ နှင့် ဖိနပ်အရန်ပေါင်း ၆,၇၀၀ ကို ယူကရိန်းနိုင်ငံရှိ လဗီဖ်မြို့နှင့် ဥဇဂရာ့ဒ်မြို့များသို့ တင်ပို့ခဲ့ပါသည်။ ရိက္ခာ၇ တန်၊ အဝတ်အစားထုပ် ၁,၄၁၈ ထုပ်နှင့် ဖိနပ်အရန်ပေါင်း ၄၆၅ ရန်ကိုလည်း ယခင်က ယူဂိုဆလားဗီးယားဟုခေါ်သောနိုင်ငံရှိ ဆာရာယေဗိုမြို့၊ ဇာဂရဗ်မြို့၊ ဘဲဂရိတ်မြို့၊ မိုစတာမြို့၊ အိုစီဂျဲခ်မြို့များထံ ပို့ပေးခဲ့ပါသည်။ ဌာနခွဲမှသတင်းအရ “ကုန်တင်ကား ၁၂ စီးအပြည့်၊ မိုင်ပေါင်း ၂၁,၀၀၀ ခရီးမောင်းနှင်ခဲ့ရသည်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် ညီအစ်ကိုတစ်ဦးနှင့် သူ၏သားက အများအပြားတာဝန်ယူ လုပ်ဆောင်ပေးခဲ့ပါသည်။”
လှူဒါန်းသည့်အဝတ်အစားများနှင့်ပတ်သက်၍ ဤသို့ဆက်အကြောင်းကြားပါသည်။ “အစည်းအဝေးခန်းမတစ်ခုကို ဗဟိုကုန်ရုံအဖြစ် ကျွန်ုပ်တို့အသုံးပြုခဲ့ပါသည်။ ကုန်တင်ကားတစ်စီးပြီးတစ်စီး ရောက်ရှိလာရာ ကုန်ထားရာနေရာ မကျန်ရှိတော့သည့်အထိ ဖြစ်လာပါသည်။ မောရှေခေတ်ကကဲ့သို့ပင် ထပ်မံမယူလာခဲ့ကြရန် ကျွန်ုပ်တို့တားမြစ်လိုက်ရသည်။ (ထွက်မြောက်ရာ ၃၆:၆) ယေဟောဝါသက်သေမဟုတ်သူတို့ပင်လျှင် ငွေလှူခဲ့ကြသည်။ သူတို့က ‘ဒီလိုမှသာ ချို့ငဲ့သူများ အလှူငွေရလိမ့်မယ်လို့ သေချာနိုင်တယ်’ ဟုဆိုကြပါသည်။ အပြင်လူတို့၏ကုမ္ပဏီများမှ အလွန်လိုအပ်သော စက္ကူပုံးအလွတ်များကိုလည်း အခမဲ့ရခဲ့ပါသည်။” ပစ္စည်းအမျိုးအစားများကို ခွဲထုတ်၊ ထုပ်ပိုးပေးခဲ့သော ညီအစ်ကို၊ ညီအစ်မများမှာ အသက် ၉ နှစ်မှ ၈၀ အရွယ်ရှိကြသည်။ ဝတ်စုံတစ်ခုစီအတွက် အသင့်တော်ဆုံးလည်စည်းနှင့်ရှပ်အင်္ကျီကိုပင် သူတို့ကြိုးစားတွဲပေးကြပါသည်။
“ဩစတြီးယားနိုင်ငံနှင့် နယ်စပ်ရှိ အရာရှိများကလည်း ကယ်ဆယ်ရေးအထောက်အပံ့များကို လွယ်ကူစွာပို့ဆောင်ပေးနိုင်ရန်နှင့် လိုအပ်သောစာရွက်စာတမ်းများထုတ်ပေးရာ၌ အတတ်နိုင်ဆုံးကူညီပေးခဲ့သည်” ဟုဆက်အကြောင်းကြားပါသည်။
အီတလီနိုင်ငံ
ရောမမြို့မှ ကုန်တင်ယာဉ်တန်း နှစ်တန်းဖြင့် ဩစတြီးယားနိုင်ငံ၊ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၊ ပိုလန်နိုင်ငံများမှတစ်ဆင့် ယခင်ဆိုဗီယက်ပြည်ထောင်စုသို့ ရိက္ခာ ၁၈၈ တန်အထိ ပို့ဆောင်ပေးခဲ့ပါသည်။ ယာဉ်တန်းတစ်တန်းစီပါအဖွဲ့တွင် ယာဉ်မောင်းခြောက်ဦး၊ စက်ပြင်တစ်ဦး၊ ယာဉ်လျှပ်စစ်ပြင်တစ်ဦး၊ စကားပြန်တစ်ဦး၊ ပို့ဆောင်ရေးစီစဉ်ပေးသူတစ်ဦး၊ ထမင်းချက်တစ်ဦး၊ ဆရာဝန်တစ်ဦး၊ ဂျစ်ကားတစ်စီးဖြင့် ရှေ့ မှဦးစီးသွားသော ယာဉ်တန်းခေါင်းဆောင်နှင့် စခန်းချယာဉ်မောင်း ညီအစ်ကိုတစ်ဦးပါဝင်သည်။
ရိက္ခာတို့ကို ကုန်ပစ္စည်းရောင်းချပေးရာ ဌာနခုနစ်ခုမှ ဝယ်ယူခဲ့သည်။ ဌာနခွဲက ဤသို့အကြောင်းကြားပါသည်။ “ကုန်ရောင်းဌာနများက ဤသို့ဝယ်ရခြင်းအကြောင်းကို သိရှိကြသောအခါ သူတို့ပါပါဝင်ကူညီပေးလိုကြောင်း အချို့ကဆန္ဒပြုကြသည်။ ကုန်ပစ္စည်း,အရောင်းဌာနရှိ အပြင်လူများသည် ဂျုံမှုန့်နှင့်ဆန် ပေါင်အလေးချိန် ရာပေါင်းများစွာနှင့် ပစ္စည်းထုပ်ပိုးစရာပုံးများကိုပါ လှူဒါန်းခဲ့ကြသည်။ အခြားသူတို့က ကုန်တင်ကားများအတွက် နှင်းတောသုံး ကားတာယာများ၊ သို့မဟုတ် ငွေ လှူဒါန်းခဲ့ကြပါသေးသည်။
“အီတလီနိုင်ငံရှိ ညီအစ်ကိုများသည် အခွင့်အရေးယူ ကူညီပေးကြပါသည်။ ကလေးများလည်း လှူဒါန်းလိုကြသည်။ ငါးနှစ်သားလေးတစ်ဦးက သူ၏အလှူငွေကလေးဖြင့် ‘ရုရှားနိုင်ငံရှိ ညီအစ်ကိုများအတွက် ငါးသေတ္တာဘူးအကြီးကြီးတစ်ဘူး’ ဝယ်ခြမ်းပေးနိုင်ရန်မျှော်လင့်ကြောင်း ပြောပါသည်။ ကလေးမလေးတစ်ဦးသည် ကျောင်းတွင် အမှတ်ကောင်းရခဲ့သည့်အတွက် သူ၏မိဘများအတွက် လက်ဆောင်ဝယ်ပေးရန် အဖိုးအဖွားတို့က ဆုငွေပေးခဲ့ပါသည်။ ‘ဒါပေမယ့် ကျွန်မစားနေရတဲ့ အစာကောင်းများကို ညီအစ်ကိုအများ မစားရတဲ့အကြောင်း သိလာတဲ့အခါ ကျွန်မမိဘများအတွက် အကောင်းဆုံးလက်ဆောင်ဟာ အဲ့ဒီညီအစ်ကိုများကိုကူညီပေးတာဘဲဖြစ်မယ်လို့ ကျွန်မယူဆလိုက်ပါတယ်’ ဟုစာရေးအကြောင်းကြားသည်။ အလှူငွေပုံးတွင် သူ ငွေအတော်များများထည့်ခဲ့ပါသည်။ ‘ငွေဆက်ပို့နိုင်ဖို့ အမှတ်ကောင်းကောင်းဆက်ရဖို့ ကျွန်မကြိုးစားပါဦးမည်’ ဟုသူမပြောသည်။” ယူကရိန်းနိုင်ငံမှ ညီအစ်ကိုများ၏ လှိုက်လှဲစွာကျေးဇူးတင်စာများ၊ အီတလီနိုင်ငံမှ ညီအစ်ကိုများ၏ကျေးဇူးတင်စကားများ၊ ကုန်ပစ္စည်းများကို ထုပ်ပိုးပြင်ဆင်၍ ပို့ဆောင်ပေးခဲ့ခြင်းနှင့်ဆိုင်သော တွေ့ကြုံမှုများသည် အလွန်စိတ်လှုပ်ရှားဖွယ်၊ အားရှိဖွယ်ရာဖြစ်ပြီး စည်းလုံးညီညွတ်မှုပေးခဲ့ကြောင်းဖြင့် ဌာနခွဲစာက နိဂုံးတွင် ထည့်အကြောင်းကြားပါသည်။
ကိုယ်စားလှယ် ထောင်ပေါင်းများစွာအတွက် ရိက္ခာ
၁၉၉၂၊ ဇွန် ၂၆-၂၈ ရက်တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ရှိ ကီရော့ဗ်အားကစားကွင်းတွင် ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ၌ ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို ပထမအကြိမ်ကျင်းပခဲ့ပါသည်။ “အလင်းဆောင်သူများ” အဓိကခေါင်းစဉ်ရှိ ဤအရေးပါသောစည်းဝေးပွဲကြီးကို နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ကိုယ်စားလှယ် ၄၆,၂၀၀ ကျော်တက်ရောက်ခဲ့သည်။ “ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံး” အား ဤအချိန်အခါတွင် ခရစ်ယာန်ချစ်ခြင်းမေတ္တာ တင်ပြနိုင်စရာအခွင့်ကောင်းရရှိခဲ့ပါသည်။—၁ ပေတရု ၂:၁၇၊ ကဘ။
စည်းဝေးပွဲကျင်းပစဉ် ယခင်ယူအက်စ်အက်စ်အာရ်နိုင်ငံမှလာသော စည်းဝေးပွဲကိုယ်စားလှယ် ထောင်ပေါင်းများစွာတို့ အခမဲ့စားသုံးရန် ဒိန်းမတ်နိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အနောက်ဥရောပရှိ အခြားနိုင်ငံများက ရိက္ခာတန်ချိန်ပေါင်းများစွာ လှူဒါန်းခဲ့ပါသည်။ စည်းဝေးပွဲနောက်ဆုံးအပိုင်းပြီးနောက် သူတို့အိမ်သို့ပြန်သွားချိန်တွင်လည်း ခရီးစဉ်တစ်လျှောက် သုံးဆောင်ရန် စားစရာထုပ်များကိုလည်း ထည့်ပေးလိုက်ကြပါသေးသည်။
ဤတွင်ဖော်ပြထားသော သတင်းများအရ အရှေ့သို့သာ တစ်လမ်းသွားပေးကမ်းခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။ အပြန်အလှန်ပေးကမ်းခြင်းရှိခဲ့ပါသည်။ အရှေ့ပိုင်းသို့ ရိက္ခာနှင့်အဝတ်အစားများ ပို့ပေးခဲ့သည်မှန်ပါ၏။ သို့သော် အနောက်ပိုင်းသို့ ပြန်ပို့ပေးသည်ကား ဖိစီးမှုနှင့်အခက်အခဲများ ဆယ်စုနှစ်ပေါင်းများစွာခံခဲ့ရသော ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများ၏ ခံနိုင်ရည်နှင့်သစ္စာတည်ကြည်မှုကိုထင်ရှားစေသည့် ယုံကြည်ခြင်းတိုးပွားစေသော တွေ့ကြုံမှုမြောက်မြားစွာနှင့် ချစ်ခြင်းမေတ္တာကို လှိုက်လှဲစွာထင်ရှားစေသည့် မေတ္တာစကားအမြောက်အမြားလည်း ပါဝင်ပါသည်။ ဤနည်းအားဖြင့် “ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှု သာ၍ရှိ၏” ဟူသောယေရှု၏စကားများ မှန်ကန်ကြောင်း နှစ်ဦးနှစ်ဘက်စလုံးက ခံစားကြရပါသည်။—တမန်တော် ၂၀:၃၅၊ ကဘ။
[စာမျက်နှာ ၂၁ ပါ ဇယား/ရုပ်ပုံ]
၁။ ဖင်လန်နိုင်ငံမှ– ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့။ အက်စတိုနီးယားနိုင်ငံ၊ တဲလင်းမြို့နှင့် တာတူးမြို့။ လက်ဗီယားနိုင်ငံ၊ ရီဂါမြို့။ လစ်သူယေးနီးယားနိုင်ငံ၊ ဗီလ်နီယပ်စ်မြို့နှင့် ကောနပ်စ်မြို့။ ရုရှားနိုင်ငံ၊ ကလီးနင်ဂရဒ်မြို့။ ကရီလီယားနိုင်ငံ၊ ပက်ထရာဇာဗော့စ်ခ်မြို့
၂။ နယ်သာလန်နိုင်ငံမှ– ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့
၃။ ဆွီဒင်နိုင်ငံမှ– ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့။ ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့။ ရုရှားနိုင်ငံ၊ နီယယ်ဗင်နမစ္စမြို့
၄။ ဒိန်းမတ်နိုင်ငံမှ– ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့။ ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့။
၅။ ဩစတြီးယားနိုင်ငံမှ– ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့။ (ယခင်ယူဂိုစလာဗီးယားနိုင်ငံရှိ) ဘဲဂရိတ်မြို့၊ မိုစတာမြို့၊ အိုစီဂျဲခ်မြို့၊ ဆာယာယေဗိုမြို့၊ ဇာဂရဗ်မြို့များ
၆။ ဆွစ်ဇာလန်နိုင်ငံမှ– ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့။
၇။ အီတလီနိုင်ငံမှ– ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဆွီဒင်ဌာနခွဲ၌ အဝတ်အစားပုံးများ
ကယ်ဆယ်ရေးအထောက်အပံ့ များတင်ဆောင်နေခြင်း
အထုပ်တစ်ထုပ်ပါ စားစရာများ
ဒိန်းမတ်နိုင်ငံမှ ဘေကင်နှင့်ဟမ်
ကုန်တင်ကား ၁၁ စီးနှင့်ကားတစ်စီးပါ ယာဉ်တန်း
ဩစတြီးယားဌာနခွဲ၌ အထုပ်များနှင့် သေတ္တာများ
ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့တွင် ကုန်တင်ကားမှ ကုန်စည်များချနေခြင်း