ဤစားသောက်ပွဲသည် သင့်အတွက် အဓိပ္ပာယ်ရှိနိုင်ပါသလော
ရွှန်းမြမြ လပြည့်ရောင်ခြည်သည် မြေပြင်ကို ဖြန့်ကျက်လျက်ရှိ၏။ ရှေးခေတ်ယေရုရှလင်မြို့ရှိ နေအိမ်တစ်ခု၏ အပေါ်ထပ်အခန်းတစ်ခန်းတွင် လူ ၁၂ ယောက်တို့သည် စားပွဲတစ်ခု၌ စုဝေးနေကြသည်။ အလွန်အဓိပ္ပာယ်လေးနက်သော ပွဲတော်တစ်ခုကို သူတို့ဆရာ စတင်ကာ အရေးပါသောစကားများကို မိန့်မြွက်ရာတွင် လူဆယ့်တစ်ဦးသည် အာရုံစူးစိုက် နားထောင်နေကြပါသည်။ မှတ်တမ်းတစ်ခုက ဤသို့ဆိုသည်။
“ယေရှု [ခရစ်တော်] သည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ‘ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့’ ဟုမိန့်တော်မူလျက် တပည့်တော်တို့အားပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ ‘သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား “ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍” လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှာ သွန်းသော ငါ၏ “အသွေး” ဖြစ်၏။ ငါဆိုသည်ကား ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မီနေ့တိုင်အောင် ယခုမှစ၍ တစ်ဖန် ငါမသောက်ရ’ ဟုမိန့်တော်မူ၏။ ထိုနောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။”—မဿဲ ၂၆:၂၆-၃၀။
ဤအမှုသည် ကျွန်ုပ်တို့၏ခေတ်သက္ကရာဇ် ၃၃ ခုနှစ်၊ ဂျူးတို့၏ နိသန်လ ၁၄ ရက်နေ့၊ နေဝင်ပြီးချိန်တွင် ဖြစ်ပျက်ခဲ့ပါသည်။ အီဂျစ်နိုင်ငံတွင် ကျွန်ဘဝမှ ဣသရေလလူမျိုး လွတ်မြောက်ခဲ့သော ဘီစီအီး ၁၆ ရာစုနှစ်အဖြစ်အပျက်၏အထိမ်းအမှတ်၊ ပသခါပွဲတော်ကို ယေရှုနှင့် ကိုယ်တော်၏တမန်တော်များ ကျင်းပပြီးခါစသာရှိသေးသည်။ ခရစ်တော်ကို ရောင်းစားတော့မည့် ယုဒရှကာရုတ်ကို ကိုယ်တော်ထွက်သွားစေပြီးပြီ။ ယင်းကြောင့် ယေရှုနှင့် သစ္စာရှိတမန်တော် ၁၁ ပါးသာ ကျန်ရှိလေသည်။
ဤညစာစားပွဲသည် ဂျူးပသခါပွဲကို ဆက်ကျင်းပခြင်းမျှမဟုတ်ပါ။ ပွဲတော်အသစ်တစ်ခုဖြစ်၍ ယင်းကို သခင့်ညစာစားပွဲဟူ၍ ခေါ်ဝေါ်ကြလေသည်။ ဤပွဲတော်နှင့်စပ်လျဉ်း၍ တပည့်နောက်လိုက်များအား ယေရှုက “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့” ဟုမိန့်မှာခဲ့သည်။ (လုကာ ၂၂:၁၉၊ ၂၀။ ၁ ကောရိန္သု ၁၁:၂၄-၂၆) ယင်းသို့ ကိုယ်တော်အဘယ်ကြောင့် မိန့်တော်မူသနည်း။ ရာစုနှစ်များစွာက စကျင်းပခဲ့သော ဤပွဲတော်သည် သင့်အတွက် အဘယ်နည်းဖြင့်အဓိပ္ပာယ်ရှိနိုင်ပါသနည်း။