ဂူယာနာ—ရေပြင်ကို “ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ” လူးလာပြန်ခတ်သွား
ဂူယာနာ။aဤအယ်မရင်းဒီးယန်းစကားသည် “ရေတိုင်းပြည်” ဟူသောအဓိပ္ပာယ်ရှိသည်။ တောင်အမေရိက တွင် တစ်ခုတည်းသောအင်္ဂလိပ်စကားပြောသည့် ထူးခြားသောအနေအထားရှိဤဒေသကို ယင်း၏အမည်က ဆီလျော်စွာရုပ်လုံးပေါ်စေသည်။ ဂူယာနာကုန်းမြင့်မှဖြစ်ဖျားခံ၍ မြွေလိမ်မြွေကောက်စီးဆင်းလာပြီး အပူပိုင်းဇုံသစ်တောကိုဖြတ်သန်းလာသည့် မြစ်ကြီးမြစ်ငယ်အသွယ်သွယ်တို့သည် နိုင်ငံအတွင်းတွင် ကွန်ယှက်သဖွယ်လက်တက်များခွဲထွက်ပြီးနောက်ဆုံး အတ္တလန်တိတ်သမုဒ္ဒရာထဲသို့စီးဝင်သွားကြသည်။ ဤမြစ်ကြောင်းများသည် ယင်းတို့၏ကမ်းခြေများတစ်လျှောက် နေရာအနှံ့ရှိကျေးရွာများနှင့် စိုက်ခင်းများအတွက် အသက်သွေးကြောသဖွယ်ဖြစ်သည်။
ယေရှုက “လူမျိုးအပေါင်းတို့အား နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်” ဟုကြိုပြောရာတွင် ဤမြစ်ကမ်းနံဘေးတွင်နေထိုင်သူများအား သတင်းကောင်းဟောပြောခြင်းလည်းပါဝင်ကြောင်း ဂူယာနာရှိသက်သေခံများသဘောပေါက်ကြသည်။ (မဿဲ ၂၄:၁၄) ထို့ကြောင့် ရှေ့ဆောင်အများစုပါဝင်သော သက်သေခံအုပ်စုများသည် လှေကြီးလှေငယ်များကိုအသုံးပြုကာ ဂူယာနာရှိမြစ်ချောင်းအင်းအိုင်များကိုဖြတ်ကျော်ပြီး လူများထံသတင်းကောင်းယူဆောင်သွားကြသည်။
ဂူယာနာရှိကင်းမျှော်စင်အသင်းသည် လုပ်ငန်းအတွက်အကူအညီဖြစ်စေရန် ဘုရားနိုင်ငံတော်ကြွေးကြော်သူ ၁ မှ ဘုရားနိုင်ငံတော်ကြွေးကြော်သူ ၅ အထိအမည်ရှိကြသောသစ်သားလှေငါးစင်းကို အသုံးပြုကြသည်။ ယင်းတို့သည် ၂၄ ပေစီရှည်ကြပြီး လှေဝမ်းမှာ V ပုံသဏ္ဌာန်ရှိသည်။ ဗာလဟူး အမည်ရှိသောထိုလှေများကို သက်သေခံမိသားစုတစ်စုကဆောက်လုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ဒေသခံသက်သေခံများက ကြွေးကြော်သူများ ဟုအမြတ်တနိုးခေါ်ကြသော ကနဦးလှေနှစ်စင်းမှာ အတန်ကြာအသုံးတော်ခံပြီးနောက် တာဝန်မှ ရပ်နားခဲ့ကြသည်။ အမှတ် ၃၊ ၄ နှင့် ၅ တို့မူ ပေါ်မ္မရွန်း၊ မဟီကာနှင့် ဒယ်မရယ်ရာ မြစ်များအတွင်း တက်ကြွစွာအမှုဆောင်လျက်ရှိကြသည်။
ဒယ်မရယ်ရာမြစ်တွင်
ဗြိတိန်နှင့်ဥရောပဒေသအချို့တို့တွင် “ဒယ်မရယ်ရာ” ဟူသောဝေါဟာရသည် ရွှံ့နွံနှင့်လတာပြင်ဖြစ်သောဤမြစ်တစ်လျှောက်ရှိကြံခင်းများမှထွက်သော ရွှေညိုရောင်ကြံသကြားကို သတိရစေသည်။ အနောက်ဘက်ကမ်းတွင် ကမ်းခြေမှစသောလမ်းမသည် ကြံခင်းများတစ်ဆုံးရှိသည်။ ထို့အပြင် မြစ်ကမ်းတစ်လျှောက်တွင်နေထိုင်သော ဟိန္ဒူ၊ မွတ်စလင်နှင့် အမည်ခံခရစ်ယာန်များထံ ချိုမြိန်သောယေဟောဝါ၏နိုင်ငံတော်သတင်းကို ယူဆောင်သွားပေးရန် သက်သေခံများသည် ဘုရားနိုင်ငံတော်ကြွေးကြော်သူ လှေများကိုအားထားကြသည်။
ဒယ်မရယ်ရာမြစ်တွင်ဟောပြောခြင်းအစီအစဉ်သည် တစ်ရက်ခရီးစဉ်ဖြစ်နိုင်သည်။ သို့မဟုတ် မနက်မှညအထိ၊ တစ်ဆိပ်ဝင်တစ်ဆိပ်ထွက်နှင့် ရက်သတ္တပေါင်းများစွာလည်း ကြာတတ်သည့်ခရီးလည်းဖြစ်နိုင်သည်။ ညအိပ်ခရီးများတွင် ရှေ့ဆောင်များသည် လှေပေါ်တွင်ချက်ပြုတ်စားသောက်ရုံမက အိပ်လည်းအိပ်ကြသည်။ ညအိပ်သောအခါ ကြွေးကြော်သူ ကို လမုပင်တွင်ချည်လျှင်ချည်၊ သို့မဟုတ် ဆိပ်ခံရှိလျှင် ယင်းတွင်ဆိုက်ကပ်ရပ်နားကြသည်။ ရှစ်ပေရှိသောသစ်သားတိုင်နှစ်ခုကို လှေဦးနှင့်ပဲ့တို့တွင် တစ်ချောင်းစီမတ်မတ်ထောင်၍ တိုင်ထိပ်နှစ်ခုကို ကြိုးတစ်ချောင်းဖြင့်တန်းတန်းဆွဲထားပြီး အမိုးဖြစ်အောင် ယင်းအပေါ်တာလပတ်အုပ်လိုက်သည်။ သစ်သားပျဉ်ချပ်များသည် ခုတင်ဖြစ်ပြီး စောင်များ၊ အိပ်ရာခင်းများကို မွေ့ရာအဖြစ်သုံးကြသည်။ တစ်နေ့တာကုန်သောအခါ ခေါင်းချသည်နှင့် ခြေပစ်လက်ပြစ်အိပ်ပျော်သွားတော့သည်။
“ခင်ဗျားတို့ ရွှံ့ရေထဲမှာ ရေချိုးကြသလား” ဟုရှေ့ဆောင်များအမေးခံရကြသည်။
“ဖြစ်နိုင်ရင်မချိုးပါဘူး။ ရေသန့်တဲ့ချောင်းကလေးတွေဖြတ်သွားတိုင်း ကျွန်တော်တို့ပုံးတွေမှာ ချက်ပြုတ်ဖို့ရေ၊ သောက်ရေ၊ ချိုးရေတွေကို ဖြည့်ကြပါတယ်” ဟုသူတို့ပြန်ဖြေကြသည်။
သူတို့၏ခံရပ်ခြင်းက ကောင်းသောတွေ့ကြုံမှုများရရှိစေသည်။ တစ်ခါက လှေဆိုက်သည့်နေရာသို့လူတစ်ဦးတက်လာပြီး ခြေကားခါးထောက်၍ ကျွန်တော်တို့ကို အလွန်စိတ်ဝင်စားစွာကြည့်နေသည်။ “ဘုရားနိုင်ငံတော်ကြွေးကြော်သူ ၅” ဟု လှေဦးတွင်ရေးထားသည့်အမည်ကို အသံထွက်အောင်သူဖတ်လိုက်သည်။ “ခင်ဗျားတို့ယေဟောဝါသက်သေတွေဖြစ်ရမယ်။ ‘ဘုရားနိုင်ငံတော်’ ကို ဒီနည်းနဲ့အသုံးပြုတာ ခင်ဗျားတို့ပဲရှိတယ်။ ခင်ဗျားတို့မှာ ဘုရားနိုင်ငံတော်ခန်းမနဲ့ ခု ဘုရားနိုင်ငံတော်ကြွေးကြော်သူ ရှိတယ်” ဟုသူပြောသည်။
ဂိလဒ်မှပေါ်မ္မရွန်းသို့
ပေါ်မ္မရွန်းမြစ်ရိုးတစ်လျှောက် အမှုဆောင်ရခြင်းသည် ဖရက်ဒရစ်မကားလ်မဲန်ပြန်ပြောပြသည့်အတိုင်းပင် တစ်မူထူးခြားလှသည်။ ၁၉၇၀ ပြည့်နှစ်၊ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းပြီး၍ တစ်နှစ်ကြာသောအခါ ချာရတီရွာသို့သူရောက်လာသည်။ ထိုရွာသည် ပေါ်မ္မရွန်းမြစ်ဝမှ ၂၁ မိုင်ဝေးပြီးမြစ်အရှေ့ဘက်ကမ်းတွင်ရှိသည်။ ထိုတွင် ကြေညာသူငါးယောက်ရှိသည်။
“မြင်းကောင်ရေခြောက်ကောင်အားရှိတဲ့ ပဲ့ချိတ်စက်တစ်လုံးမရခင်အထိ ငါးနှစ်ကြာကာလတစ်လျှောက်မှာ ဘုရားနိုင်ငံတော်ကြွေးကြော်သူ ၂ ကို ပေါ်မ္မရွန်းမြစ်ရိုးတစ်လျှောက် စုန်ချီဆန်ချီလှော်ခတ်ရတာ ကျွန်တော်တို့အတွက် ‘ပျော်စရာ’ ပဲ” ဟုညီအစ်ကိုမကားလ်မဲန်ပြန်ပြောပြသည်။ “ရေစုန်လှော်ရင်း မြစ်အရှေ့ဘက်ကမ်းဒေသတစ်ကြောလိုက်ဟောလိုက်တာ ချောင်းဝကနေခုနစ်မိုင်ဝေးတဲ့ ဟက္ကနေးကိုရောက်တဲ့အထိပဲ။ အဲဒီအချိန်က အဲဒီဒေသမှာ ဝမ်းဆွဲဆရာမလုပ်တဲ့ ညီအစ်မဒီကမ်းဘရားရဲ့အိမ်ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ကောင်းကောင်းညအိပ်အနားယူကြလေ့ရှိတယ်။ နောက်တစ်နေ့မနက်စောစောမှာတော့ မြစ်အနောက်ဘက်ကမ်းမကူးခင် မြစ်ဝအထိစုန်ဆင်းလေ့ရှိတယ်။ အနောက်ဘက်ကမ်းကူးပြီး ချာရတီရွာအထိ ၂၁ မိုင်ခရီးကို ပြန်လှည့်ပြီး အမှုဆောင်ကြတယ်။”
ခြောက်ကောင်အားစက်ကို ဆယ်နှစ်တိတိကောင်းစွာအသုံးပြုလိုက်ရသည်။ ၁၉၈၆ ခုနှစ်ရောက်သောအခါ ၁၅ ကောင်အားစက်ဖြင့် အစားထိုးခဲ့သည်။ ပေါ်မ္မရွန်းတွင် ၂၁ နှစ်ကြာအမှုဆောင်ပြီးနောက် ညီအစ်ကို မကားလ်မဲန်သည် မြစ်ညာမြစ်အောက်တစ်လျှောက်မှလာကြသော ကြေညာသူ ၄၃ ယောက်တို့အတွက် ချာရတီတွင်အသစ်ဆောက်လုပ်ပြီးစီးသော ဘုရားသခင့်နိုင်ငံတော်ခန်းမကို ပြန်ကြည့်၍ ဝမ်းသာကျေနပ်ရသည်။ ပျမ်းမျှအစည်းအဝေးတက်ရောက်သူ ၆၀ ခန့်ရှိပြီး ၁၉၉၂ ခုနှစ်တွင်ကျင်းပသည့် ယေရှု၏သေခြင်းသတိရအောက်မေ့ရာပွဲတွင် လူပေါင်း ၁၉၀ တက်ရောက်ခဲ့သည်။
“ကင်းမျှော်စင်လူ” ကိုရှာဖွေခြင်း
တနင်္လာနေ့သည် ချာရတီတွင် ဈေးနေ့ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်သည် သတင်းကောင်းဟောပြောရန် အချိန်ကောင်းဖြစ်သည့်အတွက် ထိုတွင် သက်သေခံများသည် ကင်းမျှော်စင် နှင့် နိုးလော့ မဂ္ဂဇင်းများဖြင့် ရောက်နေတတ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်းနေ့တစ်နေ့တွင် မော်ရူကာမြစ်ပေါ်ရှိဝယ်ရီမူရီရွာမှ မာနီကာဖစ်တ်စယ်လန်ဆိုသူအမျိုးသမီးတစ်ဦးသည် ဈေးသို့ရောက်လာပြီး ညီအစ်ကိုမကားလ်မဲန်ထံမှ မဂ္ဂဇင်းနှစ်အုပ်ယူသွားသည်။ သို့သော် သူမအိမ်ရောက်သောအခါ ယင်းတို့ကို အဝတ်သေတ္တာရှိအဝတ်အားလုံး၏အောက်တွင်ထိုးထည့်ထားလိုက်သည်။
“အဲဒါတွေကိုမဖတ်ဘဲထားတာနှစ်နှစ်ကြာသွားတယ်။ တစ်ခါကျတော့ ကျွန်မဖျားလို့ အတော်ကြာကြာအိပ်ရာကမထနိုင်ဖြစ်တယ်။ ကျွန်မအိပ်ရာကထနိုင်တဲ့အခါကျတော့ အအားမနေချင်တာနဲ့ အိမ်ထဲကဖတ်စရာစာအုပ်တွေလိုက်မွှေနောက်လှန်လှောတယ်။ နောက်ဆုံး အဝတ်သေတ္တာထဲကမဂ္ဂဇင်းနှစ်အုပ်ကို သွားသတိရပြီး စဖတ်ကြည့်တော့တာပဲ” ဟု မာနီကာပြန်ပြောပြသည်။ သမ္မာတရားဖြစ်ကြောင်း သူမချက်ချင်းအသိအမှတ်ပြုလိုက်သည်။
သူမနေကောင်းသွားသောအခါ သူမအားမဂ္ဂဇင်းဝေငှသည့်လူကိုရှာတွေ့နိုင်ရန် ပေါ်မ္မရွန်းမြစ်တစ်လျှောက်တွင် အလုပ်ရှာရန် ခင်ပွန်းသည်ယူဂျင်းအားပြောသည်။ ယူဂျင်းသည် ယင်းကိုသဘောတူလိုက်လျောခဲ့သည်။ သို့သော် ပေါ်မ္မရွန်းမြစ်တစ်ဝိုက်ရှိယာခင်းတစ်ခုတွင် တနင်္လာနေ့မှစနေနေ့နေ့ခင်းအထိ တစ်ပတ်စာအလုပ်သာသူရသည်။
ထိုစနေနေ့အထိ သူမအားမဂ္ဂဇင်းများပေးသွားသောသူကို မာနီကာရှာမတွေ့သေးချေ။ နေ့လည်ရောက်သောအခါ ချာရတီရွာသို့လှော်သွားရန် ရေလှည့်သင့်လျှင် ထိုတွင် “ကင်းမျှော်စင်လူ” အားသွားရှာလိုကြောင်း သူမ၏ခင်ပွန်းကိုပြောသည်။ သူမပြောပြီးရုံရှိသေးသည် လမ်းပေါ်တွင်ခြေသံကြား၍လှည့်ကြည့်လိုက်ရာ ပြုံးရွှင်သောမျက်နှာဖြင့် နောက်ဆုံးထုတ်မဂ္ဂဇင်းကိုပေးရန် လာသောညီအစ်မကို သူတို့မြင်သွားကြသည်။—“ရှင်ကော ကင်းမျှော်စင်လူပဲလား” ဟုမာနီကာမေးသည်။ မေးခွန်းများစွာပါလာသဖြင့် ညီအစ်မက လှေဆီသို့ပြန်သွား၍ အကူအညီတောင်းရသည့်အထိပင်ဖြစ်သည်။ ယင်းသို့ဖြစ်အောင်မည်သူလုပ်သနည်း။ ညီအစ်ကိုမကားလ်မဲန်မှလွဲ၍မည်သူရှိပါဦးမည်နည်း။
စာပေးစာယူဖြင့် ကျမ်းစာသင်အံမှုပြုရန်စီစဉ်လိုက်သည်။ မကြာမီမှာပင် မာနီကာသည် အင်္ဂလီကန်ချာ့ချ်မှနှုတ်ထွက်စာတင်လိုက်ရာ ဓမ္မဆရာထံမှ ဤသို့ပြန်ကြားချက်ရရှိခဲ့သည်။ “ယေဟောဝါသက်သေတွေပြောတာနားမထောင်နဲ့။ သူတို့ကျမ်းစာကို မတောက်တခေါက်ကလေးသိတာ။ ဒီကိစ္စကို မင်းနဲ့ငါလာပြီးဆွေးနွေးဦးမယ်” ဟူ၍ဖြစ်သည်။ ယခုအချိန်အထိထိုဓမ္မဆရာပေါ်မလာတော့ပါ။ သို့နှင့် ၁၉၇၅ ခုနှစ်တွင် မာနီကာနှစ်ခြင်းယူလိုက်သည်။ နောက်တစ်နှစ်ကြာသောအခါ ညီအစ်ကိုများက အန်ကယ်လ်ယူဂျင်းဟု ခင်မင်ရင်းနှီးစွာခေါ်ကြသော သူမ၏ခင်ပွန်းလည်း ကျမ်းစာကို သေချာစွာစစ်ဆေးသုံးသပ်ပြီးနောက်ပိုင်း နှစ်ခြင်းခံလိုက်သည်။ (တမန်တော် ၁၇:၁၀၊ ၁၁) ကနူးလှေဖြင့်သွားလျှင် ၁၂ နာရီကြာလှော်ခတ်ရသော ချာရတီရွာနှင့်အနီးဆုံးအသင်းတော်တွင် သူတို့နေကြသော်လည်း ယနေ့အထိတက်ကြွသောကြေညာသူများဖြစ်နေကြသည်။
ကုန်းတွင်းပိုင်းသို့သာသနာပြုခရီးစဉ်များ
မကြာမီနှစ်များအတွင်းက ကုန်းတွင်းပိုင်းသို့ဝင်ရောက်၍ သာသနာပြုကြည့်ရန် ကင်းမျှော်စင်အသင်းကအဆိုပြုသည်။ ပဲ့ချိတ်စက်တပ်လှေဖြင့် ဆန္ဒရှိသောစေတနာ့ဝန်ထမ်းများသည် သစ်ခုတ်သမားများနှင့်ယာသမားများရှိသည့် ရေလမ်းဖြင့်သွားရသော အတွင်းကျသည့်နေရာများသို့ သတင်းကောင်းယူဆောင်သွားပေးရသည့် စိတ်လှုပ်ရှားမှု၏အရသာကို ခံစားကြရသည်။ ရှေ့ဆောင်များသည် မိမိတို့၏အမည်နာမနှင့်အညီ ဝေးလံသောဒေသသို့အသက်ကယ်တင်သည့် “ယေဟောဝါ၏နာမတော်” ကို ဦးဆုံးယူဆောင်သွားပေးခွင့်ရသူများဖြစ်ကြသည်။ (ရောမ ၁၀:၁၃-၁၅) ညီအစ်ကိုများသည် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရသည်။ တစ်ခါတစ်ရံ အချို့ဒေသများသို့ရောက်ရန် သုံးရက်လုံးလုံးရေလမ်းခရီးဖြင့်သွားကြရသည်။ သို့သော် သွားရကျိုးကောင်းကောင်းနပ်ပါသည်။
ဝီနီမြစ်ကမ်းရိုးရှိ သစ်ခုတ်သမားများနေသည့်ဂွေဗနာရွာအနီးတွင်နေသော ပဲန်တီကော့စ်အသင်းသားလူငယ်တစ်ဦးသည် ၁၉၉၁ ခုနှစ်၊ ဇူလိုင်လတွင် ထိုဒေသသို့ရောက်ရှိသောပထမဆုံးသာသနာပြုခရီးစဉ်နှင့် အဆက်အသွယ်ရခဲ့သည်။ ပြန်လည်ပတ်မှုပြုလုပ်သောအောက်တိုဘာလတွင် ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ ဘုရားသခင်၏အမည်သည် ယေဟောဝါဖြစ်ကြောင်း၊ ယေရှုသည် အနန္တတန်ခိုးရှင်မဟုတ်ကြောင်း၊ သုံးပါးပေါင်းတစ်ဆူအယူဝါဒသည် ကျမ်းစာနှင့်မကိုက်ညီကြောင်းတို့ကို သူ၏ကိုယ်ပိုင်ကျမ်းစာမှ ပထမဆုံးအကြိမ်တွေ့ရှိခဲ့ရသည်။ (ဆာလံ ၈၃:၁၈၊ ကဘ။ ၁ ကောရိန္သု ၁၁:၃) ၎င်းကို အလွန်စိတ်အားထက်သန်မှုရှိရကား ညီအစ်ကိုများပြန်သွားသောအခါ ပဲန်တီကော့စ်အသင်းသားအချို့တို့ကိုခေါ်၍ သူတို့၏ကိုယ်ပိုင်ကျမ်းစာမှ ယေဟောဝါနှင့်ယေရှုခရစ်တို့နှင့်ဆိုင်သည့်သမ္မာတရားကို သူတင်ပြခဲ့သည်။ အများစုကလက်မခံသောအခါ အသင်းမှနှုတ်ထွက်ပြီး “မဟာဗာဗုလုန်” မှထွက်ရန် သူဆုံးဖြတ်လိုက်သည်။ (ဗျာဒိတ် ၁၈:၂၊ ၄) ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ညီအစ်ကိုများလာရောက်လည်ပတ်သောအခါ ဖြစ်ခဲ့သမျှအားလုံးကိုသူပြောပြပြီး ဤသို့ဆက်ပြောသည်။ “ခင်ဗျားတို့နဲ့ကျွန်တော်ပေါင်းချင်တယ်။ ကျွန်တော်ယေဟောဝါသက်သေတစ်ယောက်ဖြစ်ချင်တယ်။ လူများတွေကို သမ္မာတရားသင်ပေးချင်တယ်။”
ဤကဲ့သို့သောတွေ့ကြုံမှုများသည် စိန်ခေါ်မှုရှိသည့်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ရန် အကူအညီပေးသည်။ သာသနာပြုခရီးသွားသောသူသည် အိမ်တွင်နေရသည့်အဆင်ပြေမှုကို စွန့်လွှတ်ရပြီး ငှက်ဖျားကဲ့သို့သောရောဂါများလည်းရနိုင်သည်။ ခြုံနေတိရစ္ဆာန်များ၏အန္တရာယ်ကိုလည်း ရင်ဆိုင်ကြရသည်။ သို့သော် အိမ်တွင်နေခဲ့သူသည်လည်း ကိုယ်ကျိုးစွန့်ရသည်ပင်။ မိသားစုရှိသူများသည် မိမိတို့ချစ်မြတ်နိုးသူများကို လွမ်းတသသဖြစ်ရသည်မှာ တစ်ခါတစ်ရံ ရက်သတ္တပတ်ပေါင်းများစွာကြာသည့်အထိဖြစ်သည်။ အသင်းတော်လည်း အကြီးအကဲမရှိ၊ အခြားသောလူငယ်များမရှိဘဲ စခန်းသွားရသည်။ တစ်ခါတစ်ရံ အသင်းတော်၏လိုအပ်ရာကို လုပ်ဆောင်ရန် ညီအစ်ကိုတစ်ယောက်သာကျန်ခဲ့ရသည်လည်းရှိသည်။ သို့သော်၊ စိတ်တက်ကြွလှုံ့ဆော်ဖွယ်တွေ့ကြုံမှုများကို ပြန်လာသောညီအစ်ကိုများထံမှကြားရသောအခါ မည်မျှရွှင်လန်းပြီး အားရှိကြမည်တကား။ ကိုယ်ကျိုးစွန့်ရသည်များက ဘာမျှမဟုတ်တော့သလိုပင်။
သတင်းကောင်းနှင့်အတူ ဂူယာနာရေပြင်ကို လူးလာပြန်ခတ်သွားကြသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြေညာသူများသည် အမှန်ထူးခြားသောတွေ့ကြုံမှုများကို ရကြသည်။ ကမ္ဘာတစ်ခွင်လုံးရှိသူတို့၏သက်သေခံချင်းတို့နှင့်အတူ သူတို့သည် ရဲရင့်စွာ၊ စိတ်အားထက်သန်စွာ ‘ကိုယ်တော်၏နာမတော်ကြေညာခြင်းဖြစ်သည့် နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်’ နေကြသည်။—ဟေဗြဲ ၁၃:၁၅။
[အောက်ခြေမှတ်ချက်များ]
a ၁၉၆၆ တွင်ဗြိတိန်မှ နိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဂူယာနာဟုပြောင်းလဲခေါ်ဆိုခဲ့သော ယခင်ဗြိတိသျှဂီယာနာ
[စာမျက်နှာ ၂၄ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဟွန်ဒူးရပ်စ်
နီကာရာဂွာ
ကော်စတာရီကာ
ပနားမား
ဗင်နီဇွဲလား
ကိုလံဘီယာ
ဂူယာနာ
ဆူရီနမ်
ပြင်သစ်ဂူယာနာ
ဘရာဇီး
ဘိုလစ်ဗီးယား
အတ္တလန်တိတ်သမုဒ္ဒရာ
[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံများ]
ဝဲ– ဈေးနေ့တွင်သက်သေခံခြင်း
အထက်– ဒယ်မရယ်ရာမြစ်တွင် သတင်းကောင်းဆွေးနွေးနေစဉ်
အထက်ယာ– သာသနာပြုများ၏အိမ်အပြန်ခရီး