ထာဝရညှဉ်းဆဲခြင်း—ယောက်ယက်ခတ်စေသည့်အယူဝါဒအဘယ်ကြောင့်ဖြစ်
“ခင်ဗျားတို့ရဲ့သင်းအုပ်ဆရာကို ထုတ်ပစ်လိုက်တယ်လို့ကြားတယ်။ ဘာဖြစ်လို့လဲ။”
“အင်း၊ သူက ကျွန်တော်တို့အားလုံး ငရဲကိုသွားမယ်လို့ ပြောပြောနေလို့။”
“သင်းအုပ်ဆရာအသစ်ကကော ဘာပြောလဲ။”
“ဆရာအသစ်ကလည်း ကျွန်တော်တို့ငရဲကိုသွားမယ်လို့ပဲပြောတယ်။”
“ဒါဆိုဘာထူးသေးလဲဗျာ။”
“အင်း၊ ထူးတာက ပထမသင်းအုပ်ဆရာက အဲဒီအကြောင်းပြောရင် ဝမ်းသာတဲ့လေသံနဲ့ပြောတယ်။ နောက်ဆရာအသစ်ကကြတော့ အဲဒီအကြောင်းပြောရင် သူ့အသံက တကယ့်ကိုဝမ်းနည်းကြေကွဲသံပေါက်တယ်။
ရုပ်ပုံများပါသောစာအုပ်တစ်အုပ်တွင် ပါဝင်သည့်ဤဇာတ်လမ်းက ကျမ်းစာဆရာများကဲ့သို့ ချာ့ချ်မှန်မှန်တက်သူအများစုတို့သည်လည်း ငရဲအယူဝါဒနှင့်ပတ်သက်၍ ဆောက်တည်ရာမရဖြစ်နေကြကြောင်းကို သူ့နည်းသူ့ဟန်ဖြင့်ဖော်ပြသည်။ ယင်းစာအုပ်၏ ရှေ့နောက်အကြောင်းအရာအတော်များများကို ဆက်ကြည့်လိုက်လျှင်လည်း ကနေဒီယံလူမျိုးဓမ္မပညာဆရာ ကလပ်ခ်၊ အိပ်ချ်၊ ပင်းနာ့ခ် က “နှစ်ရာစုပေါင်းများစွာ လူများ၏သြတ္တပ္ပစိတ်ကို ဒုက္ခပေးလာခဲ့သည့် ဓမ္မပညာဆောင်းပါးများအားလုံးထဲတွင် ခန္ဓာကိုယ်နှင့်စိုးလ်တို့သည် သတိတရားရှိလျက်နှင့်ထာဝရညှဉ်းဆဲခံရခြင်းဟု လက်ခံထားသောငရဲ၏အဓိပ္ပာယ်ပြန်ဆိုချက်ထက် သာလွန်ကြီးမားသည့်စိုးရိမ်သောကဖြစ်စေသော ဆောင်းပါးမရှိသလောက်ဖြစ်မည်ဟု ကျွန်ုပ်ယူဆသည်” ဟူ၍ ဖော်ပြထားသည်ကိုတွေ့ရမည်။
ကျင့်ဝတ်သိက္ခာဆိုင်ရာငြိစွန်းမှုများ
သို့နှင့် ခရစ်ယာန်ဘောင်တွင်ဖော်ပြထားသော ငရဲဘုံ (inferno) နှင့်ပတ်သက်သည့်မြင်ကွင်းက အဘယ်ကြောင့် လူအများအား စိတ်ဒုက္ခရောက်စေသနည်း။ (လေးထောင့်ကွက်ကိုရှု) ပါမောက္ခပင်းနာ့ခ်ဤသို့ထောက်ပြသည်။ “သတိတရားရှိနေသောသတ္တဝါသည် ကိုယ်ကာယနှင့်စိတ်ပိုင်းဆိုင်ရာတို့ အဆုံးမရှိနှိပ်စက်ညှဉ်းပန်းခြင်းခံရသင့်သည်ဟူသော အယူအဆသည် အပြင်းအထန်စိတ်ယောက်ယက်ခတ်စေသည့်အရာဖြစ်သည်။ ယင်းသည် သူတို့အပေါ် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ချက်ဖြစ်သည် ဟူသောအယူအဆသည် ဘုရားသခင့်မေတ္တာတော်နှင့်ပတ်သက်သည့် ကျွန်ုပ်၏ယုံကြည်ချက်ကို ဆန့်ကျင်သည်။”
ထာဝရညှဉ်းဆဲခံရခြင်းသွန်သင်ချက်သည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာပြဿနာကို ပေါ်ပေါက်စေသည်။ ဥပမာ၊ စိတ်ရင်းမှန်ရှိခရစ်ယာန်များသည် ကက်သလစ်ဓမ္မပညာဆရာ ဟန်စ်ကွန်းမေးသည့်မေးခွန်းကို ဆင်ခြင်သုံးသပ်ကြသည်။ “မေတ္တာရှင်ဘုရားသခင်သည် . . . မိမိဖန်ဆင်းရာသတ္တဝါများခံရသည့် ဤအဆုံးမရှိ၊ မျှော်လင့်ချက်မရှိ၊ သနားခြင်းမရှိ၊ မေတ္တာမရှိ၊ ရက်စက်သော ကာယ-စိတ္တညှဉ်းဆဲခြင်းကို ကြည့်နေပါမည်လော။ ကိုယ်တော်သည် ဤမျှနှလုံးမာကြောသည့်ကြွေးရှင်စားမျိုးကဲ့သို့ဖြစ်ပါမည်လော။ . . . လူသားထဲမှတစ်ဦးသည် အငြိုးကြီးကြီးဖြင့် မကျေမချမ်းနိုင်အောင် မိမိ၏ကလဲ့စားချေလိုသောဆန္ဒကို ဖြည့်စွက်လျှင် သင်မည်သို့ယူမှတ်မည်နည်း။”aအမှန်အားဖြင့် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့၏ ရန်သူများကိုကျွန်ုပ်တို့ချစ်ရန် မိန့်တော်မူသောဘုရားသခင်သည် ကိုယ်တော်၏ ရန်သူများကို ထာဝရညှဉ်းဆဲလိုပါမည်လော။ (၁ ယောဟန် ၄:၈-၁၀) ငရဲ၏အခြေအနေသည် ဘုရားသခင်၏ပင်ကိုယ်သဘောနှင့် မည်သို့မျှအပ်စပ်မှုမရှိ၊ ဤအယူဝါဒသည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာနှင့်မလျော်ညီဟူသော အချို့သူများ၏ကောက်ချက်သည် အဆန်းမဟုတ်ပါ။
ငရဲယုံကြည်သောအခြားသူများစွာတို့က ဤမေးခွန်းများကို ရှောင်ခြင်းအားဖြင့် မိမိတို့၏သြတ္တပ္ပစိတ်ကို ချိပ်ပိတ်ရန်ကြိုးစားကြသည်။ အခြားသောနည်းလမ်းများကိုရှာခြင်းကလည်း ဤအရှုပ်အထွေးကို ပပျောက်သွားအောင်မလုပ်နိုင်ချေ။ ထို့ကြောင့် ပြဿနာကိုရင်ဆိုင်လိုက်ကြစို့။ ဤအယူဝါဒတွင် ကျင့်ဝတ်သိက္ခာနှင့်ငြိစွန်းနေသော မည်သည့်အချက်များပါဝင်ပတ်သက်နေသနည်း။ Criswell Theological Review စာစောင်တွင် ပါမောက္ခပင်းနာ့ခ်ဤသို့ရေးသားထားသည်။ “ထာဝရနှိပ်စက်ညှဉ်းဆဲခြင်းသည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာအမြင်အားဖြင့်ကြည့်လျှင် သည်းမခံနိုင်ဖွယ်သောအရာဖြစ်သည်။ အကြောင်းမှာ ယင်းသည် သားကောင်များကိုသေခွင့်မပေးဘဲ ထာဝရညှဉ်းဆဲခြင်းကို ဆက်၍တည်ရှိစေသော သွေးဆာနေသည့် စက်ဆုပ်ရွံရှာဖွယ်ကြမ်းတမ်းသည့်သတ္တဝါနှင့် ဘုရားသခင်အား ပုံခိုင်းလိုက်ခြင်းမျှသာဖြစ်သည်။” သူဤသို့ဆက်မေးသည်။ “လူသား၏ချစ်ခင်ကြင်နာမှုရှိသူမည်သူမဆို ထိုအယူအဆ [ထုံးတမ်းစဉ်လာငရဲအယူဝါဒ] မျိုးကို ဂယောက်ဂယက်မဖြစ်ဘဲ မည်သို့စေ့စေ့စဉ်းစားတွေးတောနိုင်မည်နည်း။ . . . ခရစ်ယာန်များသည် ထိုမျှရက်စက်ကြမ်းကြုပ်ပြီး လက်စားချေလိုသည့်ဘုရားကို မည်သို့ပုံဖော်နိုင်သနည်း။”
လူသားများ၏လုပ်ရပ်အပေါ် ဤအယူဝါဒ၏ဆိုးသွမ်းသည့်သြဇာလွှမ်းမိုးမှုကို ပင်းနာ့ခ်ဤသို့တင်ပြသည်။ “မိမိတို့၏ရန်သူများအား နှိပ်စက်ညှဉ်းဆဲသောဘုရားတစ်ပါးကို ယုံကြည်သူများသည် မည်သည့်ရက်စက်ယုတ်မာမှုများကိုကျူးလွန်ခဲ့ကြောင်း ကျွန်ုပ်သိလိုသည်။” သူဤသို့နိဂုံးချုပ်သည်။ “ယင်းသည် ထပ်မံစဉ်းစားသုံးသပ်ရန်လိုအပ်သည့် အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံးခံယူချက်မဟုတ်ပေလော။” မှန်ပါသည်။ ထိုရက်စက်မှုမျိုးသည် ဘုရားသခင်၏ဂုဏ်ရည်တော်ဖြစ်ပါက အကဲဆတ်သောချာ့ချ်မှန်မှန်သွားသူများက ငရဲမီးကိုပြန်လည်ဆန်းစစ်မှုပြုခြင်းသည် အဆန်းမဟုတ်ပါ။ သူတို့ဘာကိုသိမြင်ကြသနည်း။ ထာဝရညှဉ်းဆဲခြင်းအယူအဆကိုဆန့်ကျင်သည့် အခြားပြဿနာတစ်ခုကို ရင်ဆိုင်ရပြန်သည်။
ငရဲနှင့်တရားမျှတခြင်း
ငရဲဆိုင်ရာမိရိုးဖလာအယူအဆကို စေ့စေ့စဉ်းစားဆင်ခြင်သူများက ယင်းသည် ဘုရားသခင်အား မတရားစွာပြုမူသူအဖြစ် ရုပ်လုံးဖော်ကြောင်း တွေ့ရှိကြရသည်။ သို့နှင့် သူတို့၏ပင်ကိုယ်တရားမျှတသည့်စိတ်နှင့် ဆန့်ကျင်ဘက်ဖြစ်လာသည်။ မည်သို့အားဖြင့်နည်း။
ထာဝရညှဉ်းဆဲခြင်းအယူဝါဒကို ဘုရားပေးတရားမျှတခြင်းစံချိန်တစ်ခုနှင့် နှိုင်းယှဉ်ကြည့်လျှင် အဖြေတစ်ခုကိုသင်ရပေမည်။ ‘မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား’ ဟူ၍ဖြစ်သည်။ (ထွက်မြောက်ရာ ၂၁:၂၄) အခြေအတင်ပြောဆိုရန်အတွက် ရှေးခေတ်ဣသရေလလူမျိုးများအား ဘုရားပေးသည့် အကျိုးအပြစ်ကိုတိတိကျကျပေးဆပ်ခြင်းပညတ်ကို ငရဲမီးအယူဝါဒထဲသို့ထည့်ကြည့်လိုက်ပါ။ မည်သည့်ရလဒ်ထွက်ပေါ်နိုင်သနည်း။ ထာဝရညှဉ်းဆဲခြင်းကိုပြုသောအပြစ်သားသာလျှင် အကျိုးညီသောထာဝရညှဉ်းဆဲခြင်းကို ခံထိုက်သည်။ ထာဝရညှဉ်းဆဲခြင်းအတွက် ထာဝရညှဉ်းဆဲခြင်းဖြစ်သည်။ သို့သော် လူသားသည် (မည်မျှဆိုးစေကာမူ) အကန့်အသတ်ရှိသောနှိပ်စက်ညှဉ်းဆဲခြင်းကိုသာ ပြုနိုင်သည်။ သူတို့အား ထာဝရညှဉ်းဆဲရန်စီရင်ချက်ချခြင်းသည် သူတို့၏ပြစ်မှုနှင့် အကန့်အသတ်မရှိသောငရဲမီးပြစ်ဒဏ်စပ်ကြား မညီမျှသောအချိုးအစားကို ဖြစ်ပေါ်စေသည်။
ရှင်းရှင်းကလေးပြောရလျှင် ဒဏ်စီရင်ချက်သည် အလွန်အမင်းကြီးလေးပေမည်။ ယင်းသည် ‘မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား’ ပညတ်ထက် လွန်ကဲလွန်းသွားပေမည်။ ယေရှု၏သွန်သင်ချက်များသည် ကလဲ့စားချေခြင်းအကြံအစည်များကိုလျော့ပါးစေကြောင်း စဉ်းစားဆင်ခြင်ခြင်းဖြင့် ထာဝရညှဉ်းဆဲခြင်းတွင် တရားမျှတမှုရှိသည်ဟု ခရစ်ယာန်စစ်များယူမှတ်စရာအကြောင်းကိုမတွေ့မြင်နိုင်ကြောင်း သင်ဝန်ခံပေမည်။—မဿဲ ၅:၃၈၊ ၃၉။ ရောမ ၁၂:၁၇။
အယူဝါဒကိုခုခံကာကွယ်ခြင်း
သို့သော် ယုံကြည်သူများစွာတို့သည် ထိုအယူဝါဒကို ခုခံကာကွယ်ရန်ကြိုးစားကြသည်။ မည်သို့အားဖြင့်နည်း။ အင်္ဂလိပ်စာရေးဆရာ ကလစ်ဗ်၊ အက်စ်၊ လူးဝစ္စက သူရေးသားသည့် The Problem of Pain စာအုပ်တွင် ခုခံကာကွယ်သူများဘက်မှနေ၍ ဤသို့ပြောထားသည်။ “ကျွန်ုပ်အခွင့်အာဏာသာရှိလျှင် ဤအယူဝါဒလောက် ခရစ်ယာန်အယူဝါဒထဲမှထုတ်ပစ်လိုသည့်အရာမရှိ။ သို့သော် ယင်းအတွက် ကျမ်းစာအထောက်အထားအပြည့်အဝရှိပြီး အထူးသဖြင့် ကျွန်ုပ်တို့သခင်ကိုယ်တိုင်၏စကားများဖြစ်သည်။” ထို့ကြောင့် ထောက်ခံသူများက ထာဝရညှဉ်းဆဲခံရခြင်းသည် အလွန်တရာကြောက်စရာကောင်းသည်ဟု ဝန်ခံကြသော်လည်း တစ်ချိန်တည်းတွင် ထိုအယူဝါဒသည် အမိန့်တော်ဖြစ်သည်၊ အကြောင်းမှာ ကျမ်းစာသွန်သင်ထားသောကြောင့်ဟု သူတို့ယူမှတ်ကြသည်။ ဓမ္မပညာဆရာပင်းနာ့ခ်ဤသို့ဆိုသည်။ “ယင်း၏မနှစ်မြို့ဖွယ်အခြေအနေကိုဝန်ခံကြခြင်းအားဖြင့် သမ္မာကျမ်းစာအပေါ် မိမိတို့အခိုင်အမာယုံကြည်ကြောင်းနှင့် ထိုထိတ်လန့်ဖွယ်အမှန်တရားမျိုးကို မိမိတို့ယုံကြည်ရခြင်းမှာ သမ္မာကျမ်းစာသွန်သင်ထားသောကြောင့်သာဖြစ်သည်ဟူသော ထင်ပေါ်လိုသည့်သဘောတို့ကို သက်သေထူနိုင်ရန်မျှော်လင့်ကြသည်။ သူတို့သည် သမ္မာကျမ်းစာ၏ချွတ်ချော်တိမ်းစောင်းမှုမရှိခြင်း အရေးတကြီးဖြစ်သည့်ဟန် သူတို့ဖန်တီးထားသည်။ သို့သော် ယင်းသို့ပင်အမှန်ဖြစ်သလော။”
သမ္မာကျမ်းစာကိုယုံကြည်စိတ်ချခြင်းသည် ဤအယူဝါဒကို ခြွင်းချက်မရှိလက်ခံရန်ဖြစ်စေသလောဟု သင်လည်းသိလိုပေမည်။ သမ္မာကျမ်းစာက အမှန်အားဖြင့်မည်သို့ပြောသနည်း။
[အောက်ခြေမှတ်ချက်များ]
a Eternal Life?—Life After Death as a Medical, Philosophical and Theological Problem စာမျက်နှာ ၁၃၆။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
စိတ်တူသဘောတူအရုပ်သုံးရုပ်
ပရိုတက်စတင့်များစွာတို့လက်ခံထားသော ဝက်စ်မစ်နစ္စတာယုံကြည်ခြင်းဝန်ခံချက်က ရွေးချယ်မခံရသူသည် “ထာဝရညှဉ်းဆဲခြင်းထဲသို့ပစ်ချခံရပြီး ထာဝရပျက်စီးခြင်းပြစ်ဒဏ်ခံရမည်” ဟုဖော်ပြထားသည်။ “ရိုမန်ကက်သလစ်ခရစ်ယာန်ယုံကြည်ချက်တွင် ငရဲကို အဆုံးမရှိသည့်ဒဏ်စီရင်ခြင်းဟု ယူမှတ်ကြသည်။ . . . မီးဒဏ်နှင့် အခြားသောနှိပ်စက်ညှဉ်းပန်းမှုများအားဖြင့် . . . အမှတ်သညာပြုသည်” ဟု The Encyclopedia of Religion စွယ်စုံကျမ်းကပြောသည်။ ဤစွယ်စုံကျမ်းကဆက်ပြောသေးသည်။ “အရှေ့တိုင်းအော်သိုဒေါက်စ်ခရစ်ယာန်အယူဝါဒ” က “ငရဲသည် ကျိန်ခြင်းခံရသူများအား စောင့်မျှော်နေသည့် ထာဝရမီးနှင့်ဒဏ်စီရင်ချက်ဖြစ်သည်ဟူသောသွန်သင်ချက်” ကိုလက်ခံသည်။—အတွဲ ၆၊ စာမျက်နှာ ၂၃၈-၉။