လူငယ်များ—မည်သည့်အရာကို သင်တို့လိုက်စားနေကြသနည်း
“လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍ သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့် အသင့်အတင့်နေခြင်းကို မီအောင်လိုက်ကြလော့။”—၂ တိမောသေ ၂:၂၂။
၁ ကျွန်ုပ်တို့အဝင်ဖြစ်သောလူငယ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကားအဘယ်နည်း။
“ယေဟောဝါသက်သေများသည် နှစ်စဉ်နှစ်တိုင်း အများဆုံးသောအဖွဲ့ဝင်သစ်အရေအတွက်ကိုရရှိပြီး အကြီးမားဆုံးသော လူငယ်အုပ်စုကြီးပါဝင်သည့်အဖွဲ့ဖြစ်သည်” ဟု ဆွီးဒစ်ရှ်ပဲန်တီကော့စ္စတယ်လ်သတင်းစာ ဒါဂန် (နေ့) ကကြေညာသည်။ သန့်ရှင်းသော၊ ဘုရားသခင်ကိုကြောက်ရွံ့သော ဤလူငယ်အုပ်စုကြီးတွင် သင်လည်းအပါအဝင်ဖြစ်ပေမည်။ သင်သည် ငယ်စဉ်တောင်ကျေးကတည်းက ခရစ်ယာန်နည်းလမ်းအတိုင်း ပြုစုပျိုးထောင်ခံခဲ့ရမည်၊ သို့မဟုတ် ဘုရားနိုင်ငံတော်သတင်းကို သင်ကိုယ်တိုင်ကြားနာလက်ခံခဲ့ရပေမည်။ မည်သို့ပင်ဖြစ်ပါစေ သင်တို့သည် ကျွန်ုပ်တို့အဝင်ဖြစ်ခြင်းကို ကျွန်ုပ်တို့ဝမ်းမြောက်ပါသည်။ ပထမရာစုက သစ္စာရှိခရစ်ယာန်လူငယ်များပြုမူခဲ့သကဲ့သို့ သင်တို့လည်း ဖြောင့်မတ်ခြင်းလမ်းစဉ်ကိုလိုက်လျှောက်ရန် ကျွန်ုပ်တို့မျှော်လင့်ပါသည်။ တမန်တော်ယောဟန်၏စကားများက သင်တို့အကြောင်း ဤသို့ကောင်းစွာဖော်ပြထားသည်။ “သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပါဌ်တော်၌ မှီဝဲဆည်းကပ်ကြသဖြင့် မာရ်နတ်ကိုအောင် [ကြ၏]။”—၁ ယောဟန် ၂:၁၄။
၂။ “လူငယ်ဘဝ၏အပွင့်လန်းဆုံး” အချိန်အတွင်း ဖြောင့်မတ်ခြင်းကိုလိုက်စားရာတွင် မည်သည့်အကြောင်းအရာများကခက်ခဲစေသနည်း။
၂ ယနေ့ မြောက်မြားစွာသော ခရစ်ယာန်လူငယ်အများစုတို့သည် လောက၏ဖိစီးမှုများကို ကြံ့ကြံ့ခံနေကြသည်။ သို့တိုင် ထိုလမ်းစဉ်အတိုင်းဆက်လက်လျှောက်လှမ်းရန်မှာ မလွယ်ကူကြောင်းသင်တွေ့ရမည်။ သင့် “လူငယ်ဘဝ၏အပွင့်လန်းဆုံး” အချိန်တွင် အသစ်သော၊ ပြင်းထန်သည့် စိတ်လှုပ်ရှားမှုမွှေနှောက်ခြင်းကို သင်ခံစားရမည်။ (၁ ကောရိန္သု ၇:၃၆၊ ကဘ) တစ်ချိန်တည်းတွင် ကျောင်းတာဝန်၊ အိမ်တာဝန်၊ အသင်းတော်တာဝန်စသည့် ဝန်ထုပ်များတိုးပွားလာသည်ကို သင်ခံစားရမည်။ စာတန်မာရ်နတ်ကိုယ်တိုင်ထံမှ ဖိစီးမှုပင်ဖြစ်နိုင်သည်။ ရနိုင်သရွေ့လူ တော်တော်များများကို လှည့်ဖြားရန် စာတန်အာရုံစိုက်သောအားဖြင့် ဧဒင်ဥယျာဉ်တွင်ပြုခဲ့သည့်အတိုင်း အကာအကွယ်မဲ့နေသူများကို သူတိုက်ခိုက်တတ်သည်။ ထိုအချိန်က သူ၏ကောက်ကျစ်စဉ်းလဲသည့်လှည့်ဖြားမှုကို အသက်နှင့်အသိပညာပိုကြီးသည့်အာဒံအပေါ်မဟုတ်ဘဲ အသက်ငယ်၍ အတွေ့အကြုံမရှိသည့်မိန်းမဧဝအပေါ် ဗဟိုပြုခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) နှစ်ရာစုပေါင်းများစွာကြာပြီးနောက် ကောရိန္သုမြို့ရှိ အတွေ့အကြုံနုနယ်သေးသောခရစ်ယာန်အသင်းတော်တွင် အလားတူနည်းစနစ်များကို စာတန်အသုံးပြုခဲ့သည်။ တမန်တော်ပေါလုဤသို့ပြောခဲ့သည်။ “မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍ ခရစ်တော်ကိုအကြွင်းမဲ့ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။”—၂ ကောရိန္သု ၁၁:၃။
၃၊ ၄။ လူငယ်များကိုလှည့်ဖြားရန် စာတန်မာရ်နတ်အသုံးပြုသည့်ကိရိယာအချို့ကားအဘယ်နည်း။ မည်သည့်ရလဒ်ဖြစ်ပေါ်စေနိုင်သနည်း။
၃ ယနေ့ သင့်ခရစ်ယာန်မိဘများလည်း သင့်အတွက် အလားတူစိုးရိမ်ပူပန်ကြပေမည်။ သင်သည် ဆိုးညစ်သည့်သဘောသို့သက်ဆင်းသည်ဟု သူတို့ထင်မှတ်ခြင်းမဟုတ်ဘဲ လူငယ်များသည် အထူးသဖြင့် စာတန်၏ “စဉ်းလဲသည့်လုပ်ရပ်များ” တွင် အကာအကွယ်မဲ့ဖြစ်နေကြသည်ကို သူတို့၏အတွေ့အကြုံအရ သိရှိကြသည်။ (ဧဖက် ၆:၁၁၊ ကဘ၊ အောက်ချေမှတ်ချက်) စာတန်၏ထောင်ချောက်များသည် ယုတ်မာဆိုးသွမ်းသည့်အသွင်ရှိဖို့နေနေသာသာ အလွန်ဆွဲဆောင်မှုရှိသော၊ နှစ်သက်ဖွယ်ကောင်းသောအသွင်ပင် ဆောင်နေတတ်သည်။ ရုပ်မြင်သံကြားသည် ရုပ်ဝါဒလိုက်စားမှု၊ ပြောင်ပြောင်တင်းတင်းလိင်မှုကိစ္စ၊ သရုပ်ပီပြင်သည့်အကြမ်းဖက်မှု၊ နတ်ဝိဇ္ဇာအတတ်များကို အပန်းဖြေမှုအနေဖြင့် လက်ရာပြောင်မြောက်စွာတင်ဆက်ထားသည်။ လူငယ်လူရွယ်များသည် “သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှ” တို့ကို နှလုံးသွင်းထားကြပေမည်။ (ဖိလိပ္ပိ ၄:၈) သက်တူရွယ်တူများ၏ဖိစီးမှုသည်လည်း စာတန်၏ထိရောက်သောအခြားလက်နက်တစ်ခုဖြစ်သည်။ သက်တူရွယ်တူများသည် သူတို့၏ ဘဝပုံစံ၊ ဝတ်ဆင်ပုံ၊ ဖြီးလိမ်းပြင်ဆင်ပုံတို့နှင့်အညီ သင်လိုက်၍ပြုပြင်ပြောင်းလဲအောင် ပြင်းထန်သည့်ဖိအားပေးကြပေမည်။ (၁ ပေတရု ၄:၃၊ ၄) သတင်းစာပင်တိုင်ဆောင်းပါးရှင်ဝီလျန်ဘရောင်းဤသို့မှတ်ချက်ချသည်။ “ဆယ်ကျော်သက်များအတွက် လောကဆိုင်ရာဘုရားတစ်ပါးသာရှိမည်ဆိုလျှင် ယင်းသည် လိုက်လျောညီထွေကျင့်တတ်သည့်ဘုရားဖြစ်မည် . . . ဆယ်ကျော်သက်များအတွက် ကွဲပြားခြားနားခြင်းသည် သေခြင်းထက်ပိုမိုဆိုးရွားသည်။” အီတလီနိုင်ငံရှိသက်သေခံမိန်းကလေးတစ်ဦး ဤသို့ဝန်ခံသည်။ “ကျွန်မသက်သေခံဖြစ်ကြောင်း ကျောင်းနေဖက်တွေကိုပေးသိရမှာ ကျွန်မသိပ်ရှက်တယ်။ အဲဒါကြောင့် ကျွန်မအတွက်ယေဟောဝါမပျော်ရွှင်ဘူးဆိုတာ ကျွန်မသိရလို့ ဝမ်းနည်းပြီးစိတ်ဓာတ်ကျမိတယ်။”
၄ အမှားမခံပါနှင့်။ ပျက်စီးခြင်းသို့ရောက်အောင် စာတန်သင့်ကိုပို့ဆောင်လိုသည်။ ဤလောကသို့ထွက်သွားသောလူငယ်များစွာတို့သည် မိမိတို့အားလှည့်ဖြားရန်ခွင့်ပြုခဲ့ကြသောကြောင့် ကြီးစွာသောဒုက္ခတွင် အသက်ဆုံးရှုံးကြရမည်ဖြစ်သည်။ (ယေဇကျေလ ၉:၆) လွတ်မြောက်ရန်တစ်ခုတည်းသောနည်းမှာ မှန်ကန်ရာကိုလိုက်စားခြင်းပင်ဖြစ်သည်။
မကောင်းသောအပေါင်းအသင်းများကိုရှောင်ခြင်း
၅၊ ၆။ (က) လူငယ်တိမောသေသည် ဧဖက်မြို့တွင်နေစဉ် မည်သည့်စိန်ခေါ်မှုများကိုရင်ဆိုင်ခဲ့ရသနည်း။ (ခ) တိမောသေအား ပေါလုမည်သို့သြဝါဒပေးခဲ့သနည်း။
၅ ယင်းကား လူငယ်တိမောသေအား တမန်တော်ပေါလုပေးသည့်အကြံပြုချက်၏ အတိုချုပ်ဖြစ်သည်။ တိမောသေသည် တမန်တော်ပေါလုနှင့်အတူ သာသနာပြုခရီးစဉ်များတွင် ဆယ်နှစ်ကျော်ကြာလိုက်ပါခဲ့သည်။ သာသနာပဘာသာဝင်ဧဖက်မြို့၌ တိမောသေဓမ္မအမှုဆောင်နေချိန်တွင် ပေါလုသည် ထောင်ထဲ၌ သေဒဏ်စီရင်ချက်ကိုစောင့်ဆိုင်းနေရသည်။ သူသေခါနီးအချိန်တွင် ပေါလုသည် တိမောသေမည်သို့ရင်ဆိုင်တွေ့ကြုံနေရသည်ကို စိုးရိမ်ကြောင့်ကြနေမည်အမှန်။ ဧဖက်မြို့သည် ဥစ္စာစည်းစိမ်၊ အကျင့်ပျက်ပြားမှု၊ ဖောက်ပြန်ယိုယွင်းသည့်အပန်းဖြေမှုများဖြင့် နာမည်ကြီးနေပြီး တိမောသေအတွက်မူ သူ့အားမေတ္တာဖြင့်အကြံပေးသူ၏ ကျောထောက်နောက်ခံမှုကို မရနိုင်တော့ပေ။
၆ ထို့ကြောင့် သူ၏ “ချစ်သား” ထံ ပေါလုဤသို့စာရေးခဲ့သည်။ “ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာရှိသည်မဟုတ် သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသောတန်ဆာရှိ၏။ သို့ဖြစ်၍ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကိုပယ်၍ မိမိကိုစင်ကြယ်စေသောသူမည်သည်ကား အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာကောင်းသောတန်ဆာ၊ ကောင်းသောအမှုများအဖို့အလို့ငှာပြင်ဆင်သော တန်ဆာဖြစ်ကြလိမ့်မည်။ လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍ သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မီအောင်လိုက်လော့။”—၂ တိမောသေ ၁:၂။ ၂:၂၀-၂၂။
၇။ (က) ပေါလုသတိပေးသည့် ‘အသရေမရှိသောတန်ဆာ’ ကား အဘယ်နည်း။ (ခ) ယနေ့လူငယ်များသည် ပေါလု၏စကားများကို မည်သို့ကျင့်သုံးနိုင်သနည်း။
၇ ထို့ကြောင့် ခရစ်ယာန်ချင်းထဲ၌ပင်လျှင် တော်လျော်မှန်ကန်စွာပြုမူကျင့်ကြံခြင်းမရှိသည့် ‘အသရေမရှိသောတန်ဆာ’ ကဲ့သို့သောသူများလည်းရှိကြောင်း တိမောသေအား ပေါလုသတိပေးလိုက်ခြင်းဖြစ်သည်။ ဘိသိက်ခံခရစ်ယာန်အချို့နှင့်ပေါင်းဖော်ခြင်းသည် တိမောသေအတွက် အန္တရာယ်ရှိခဲ့လျှင် ယနေ့ခရစ်ယာန်လူငယ်များအတွက် လောကသားများနှင့်ပေါင်းဖော်ခြင်းသည် မည်မျှအန္တရာယ်ကြီးမားလိုက်မည်ဖြစ်ခြင်း။ (၁ ကောရိန္သု ၁၅:၃၃) ယင်းက သင့်ကျောင်းနေဖက်များအား အေးတိအေးစက်ဆက်ဆံရမည်ဟုမဆိုလိုပါ။ သို့သော် တစ်ခါတစ်ရံ သင့်အားထီးတည်းဖြစ်စေသည့်တိုင် သူတို့နှင့် အလွန်အကျွံမပတ်သက်မိရန် သတိပြုသင့်သည်။ ထိုသို့ပြုရန် အလွန်ခက်ပေမည်။ ဘရာဇီးလူမျိုးမိန်းကလေးတစ်ဦး ဤသို့ပြောသည်။ “သိပ်ခက်တယ်။ ကျွန်မရဲ့ကျောင်းနေဖက်တွေက ပါတီပွဲတွေ၊ ခရစ်ယာန်လူငယ်တွေသွားဖို့မသင့်တော်တဲ့နေရာတွေကို အမြဲပဲခေါ်ဖိတ်တယ်။ သူတို့က ‘ဘာ၊ မင်းမသွားဘူးဟုတ်လား။ မင်းအရူးပဲ’ လို့ ကျွန်မကိုပြောကြတယ်။”
၈၊ ၉။ (က) လောကတွင် ကောင်းသောအသွင်ဆောင်သည့်အပေါင်းအသင်းများပင်လျှင် ခရစ်ယာန်တစ်ဦးအတွက် မည်သို့အန္တရာယ်ဖြစ်စေနိုင်သနည်း။ (ခ) ကောင်းကျိုးပေးသည့်အပေါင်းအသင်းများကို မည်သည့်နေရာတွင်တွေ့နိုင်သနည်း။
၈ အချို့လောကသားလူငယ်များသည် ဆေးလိပ်သောက်ခြင်း၊ ရိုင်းစိုင်းညစ်ညမ်းစွာပြောဆိုခြင်း၊ လိင်စာရိတ္တယိုယွင်းခြင်းများမရှိကြရုံမျှနှင့် ကောင်းသောအသွင်ဆောင်နေပေမည်။ သို့တစေ၊ သူတို့သည် ဖြောင့်မတ်ခြင်းကိုမလိုက်စားကြပါက သူတို့၏ဇာတိအတွေးအခေါ်များနှင့်ရည်ရွယ်ချက်များသည် သင့်အားအလွယ်တကူကူးစက်သွားနိုင်သည်။ ထို့အပြင် မယုံကြည်သူနှင့် မည်မျှအထိသင်အတူနေနိုင်သနည်း။ (၂ ကောရိန္သု ၆:၁၄-၁၆) သင်အမြတ်တနိုးကိုင်စွဲထားသည့် ဝိညာဏအဖိုးထိုက်ရာများသည် သူတို့အတွက် “မိုက်မဲခြင်း” သက်သက်မျှသာဖြစ်သည်။ (၁ ကောရိန္သု ၂:၁၄) သင့်စံချိန်များကို လျော့ပေါ့လိုက်လျောခြင်းမရှိဘဲ သူတို့နှင့်ဆက်၍ မိတ်ဆွေဖြစ်နေနိုင်မည်လော။
၉ ထို့ကြောင့် ကောင်းကျိုးမပေးသည့်အပေါင်းအသင်းများကို ဝေးဝေးရှောင်ပါ။ ယေဟောဝါအားအမှန်တကယ်ချစ်သည့် ဝိညာဏစိတ်ဓာတ်ရှိသူခရစ်ယာန်များနှင့်သာ ပေါင်းဖော်ပါ။ အသင်းတော်ထဲ၌ပင် ငြင်းဆန်တတ်သော သို့မဟုတ် အပြစ်အနာအဆာရှာတတ်သော လူငယ်များကိုသတိထားပါ။ သင်သည် ဝိညာဉ်အရေးအရကြီးထွားလာသည်နှင့်အမျှ အပေါင်းအသင်းနှင့်ဆိုင်သောသင့်အကြိုက်သည် ပြောင်းလဲလာပေမည်။ ဆယ်ကျော်သက်အရွယ်သက်သေခံမိန်းကလေးတစ်ဦးက “တခြားအသင်းတော်တွေကလူတွေနဲ့ ကျွန်မမိတ်ဆွေသစ်ဖွဲ့တယ်။ အဲဒါက လောကအပေါင်းအသင်းဘယ်လိုမှမလိုဘူးဆိုတာ ကျွန်မကိုပိုနားလည်လာစေတယ်” ဟုပြောခဲ့သည်။
မှားယွင်းသည့်အလိုဆန္ဒများကိုကြဉ်ရှောင်ခြင်း
၁၀၊ ၁၁။ (က) “လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်” ရန်ဟုပြောရာ၌ ဘာကိုဆိုလိုသနည်း။ (ခ) လူတစ်ဦးသည် မည်သို့ “မတရားမေထုန်ကိုကြဉ်ရှောင်” နိုင်သနည်း။
၁၀ “လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်” ရန်လည်း တိမောသေအား ပေါလုတိုက်တွန်းခဲ့သည်။ သင်ငယ်ရွယ်စဉ် နာမည်ကြီးလိုခြင်း၊ ပျော်ပါးလိုခြင်း၊ လိင်ဆန္ဒကိုဖြည့်စွက်လိုခြင်းတို့သည် တိုက်လှန်ရမည့်အရာများဖြစ်နိုင်သည်။ ဂရုမစိုက်ပါက ထိုဆန္ဒများသည် သင့်အား အပြစ်သို့သက်ဆင်းသွားစေနိုင်သည်။ ထို့ကြောင့် အန္တရာယ်ရှိသည့်အလိုဆန္ဒများကို ရှောင်ကြဉ် ရန်၊ အသက်ကိုရင်းထားရသကဲ့သို့ပြေးရန် ပေါလုပြောခဲ့ခြင်းဖြစ်သည်။a
၁၁ ဥပမာအားဖြင့် လိင်ဆန္ဒသည် ခရစ်ယာန်လူငယ်များစွာတို့အား ဝိညာဏပျက်စီးခြင်းသို့ပို့ဆောင်ခဲ့သည်။ ထို့ပြင် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “မတရားမေထုန်ကိုကြဉ်ရှောင်” ရန်ပြောထားသည်။ (၁ ကောရိန္သု ၆:၁၈) စုံတွဲတစ်တွဲသည် ပိုးပန်းခြင်း၊ ချိန်းတွေ့ခြင်းပြုပါက အခန်းတစ်ခန်းထဲတွင် သို့မဟုတ် ရပ်ထားသည့်ကားထဲတွင် နှစ်ယောက်တည်းရှိခြင်းကဲ့သို့သော သွေးဆောင်သည့်အခြေအနေကို ရှောင်ကြဉ်ခြင်းအားဖြင့် ဤစည်းမျဉ်းကိုလိုက်လျှောက်နိုင်သည်။ သင်တို့နှင့်အတူ မိန်းမဖော်လိုက်ပါစေခြင်းသည် ခေတ်နှောင်းသွားပုံရသော်လည်း ယင်းသည် အမှန်ပင်အကာအကွယ်ဖြစ်စေနိုင်သည်။ မေတ္တာပြသည့်လုပ်ရပ် အချို့ ကိုတင်ပြခြင်းသည် သင့်လျော်နိုင်သော်လည်း မသန့်ရှင်းသည့်အပြုအမူများမှ ကာကွယ်မှုရရန် သင့်တင့်လျောက်ပတ်သည့်အကန့်အသတ်ရှိရမည်။ (၁ သက်သာလောနိတ် ၄:၇) မတရားမေထုန်ကိုကြဉ်ရှောင်ခြင်းတွင် မှားယွင်းသောဆန္ဒများကိုနှိုးဆွစေနိုင်သည့် ရုပ်ရှင် သို့မဟုတ် တီဗွီဇာတ်လမ်းများကို ရှောင်ခြင်းလည်းပါဝင်သည်။ (ယာကုပ် ၁:၁၄၊ ၁၅) အကျင့်ယိုယွင်းသည့်အတွေးအခေါ်များ သင့်စိတ်ထဲသို့ မဖိတ်ခေါ်ဘဲရောက်လာပါက သင့်စိတ်ကိုပြောင်းလိုက်ပါ။ လမ်းထလျှောက်ခြင်း၊ စာအုပ်တစ်အုပ်ဖတ်ခြင်း၊ အိမ်အလုပ်တစ်ခုခုလုပ်ခြင်းတို့ကို လုပ်လိုက်ပါ။ ဤကိစ္စတွင် ဆုတောင်းခြင်းသည် အထူးသဖြင့်ခွန်အားကြီးမားသည့်အကူအညီဖြစ်သည်။—ဆာလံ ၆၂:၈။b
၁၂။ မကောင်းမှုကိုမုန်းရန်သင်မည်သို့သင်ယူမည်နည်း။ ရှင်းပြပါ။
၁၂ အရေးအကြီးဆုံးမှာ မကောင်းသောအရာကို မုန်းတီးရန်၊ စက်ဆုပ်ရန်၊ ရွံရှာရန် သင်ယူရမည်။ (ဆာလံ ၉၇:၁၀) အစပိုင်းတွင် ပျော်ပါးစေသော သို့မဟုတ် နှစ်သက်စရာဖြစ်စေသောအရာကို သင်မည်သို့မုန်းတီးနိုင်မည်နည်း။ အကျိုးကိုဆင်ခြင်ကြည့်ခြင်းအားဖြင့်သာတည်း။ “အလွဲမယူကြနှင့်။ ဘုရားသခင်သည်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိအားဖြင့် မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာတိ ၆:၇၊ ၈) ကိလေသာစိတ်ထကြွခြင်းသို့သက်ဆင်းရန် သွေးဆောင်ခံရပါက ယင်းသည် ယေဟောဝါအားမည်သို့ထိခိုက်နိုင်သည့်ဟူသော ကြီးမားသည့်အကျိုးဆက်ကို စဉ်းစားကြည့်ပါ။ (ဆာလံ ၇၈:၄၁ နှိုင်းယှဉ်။) မလိုလားဖွယ်ကိုယ်ဝန် သို့မဟုတ် အေအိုင်ဒီအက်စ် ကဲ့သို့သောရောဂါတစ်ခုရလာရန်အကြောင်းရှိသည်ကိုလည်း စဉ်းစားကြည့်ပါ။ စိတ်ပိုင်းဆိုင်ရာပျက်စီးနစ်နာမှုနှင့် မိမိကိုယ်ကိုလေးစားမှုပျက်ပြားသည့်ခံစားချက်များကို ဆင်ခြင်ကြည့်ပါ။ ယင်းတို့သည် ရေရှည်အကျိုးများလည်းဖြစ်နိုင်သည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးဤသို့ဝန်ခံထားသည်။ “ကျွန်မနဲ့ကျွန်မယောက်ျားတို့ဟာ တစ်ယောက်နှင့်တစ်ယောက် မဆုံစည်းခင် လိင်မှုကျူးလွန်ခဲ့ဖူးကြတယ်။ ခုကျွန်မတို့နှစ်ဦးလုံးခရစ်ယာန်တွေဖြစ်နေကြပေမဲ့ အတိတ်ကဖြစ်ရပ်ဟာ ကျွန်မတို့ရဲ့အိမ်ထောင်အတွက် တကျက်ကျက်ဖြစ်ဖို့နဲ့ မနာလိုဝန်တိုမှုတွေဖြစ်ဖို့ အကြောင်းရင်းဖြစ်လာတယ်။” မရှောင်လွဲနိုင်သည့်အကျိုးဆက်မှာ သင့်သီအိုကရက်တစ်အခွင့်အရေးများဆုံးရှုံးခြင်း သို့မဟုတ် ခရစ်ယာန်အသင်းတော်မှနှင်ထုတ်ခံရခြင်းဖြစ်သည်။ (၁ ကောရိန္သု ၅:၉-၁၃) ခေတ္တပျော်ပါးရန်အတွက် ထိုမျှကြီးလေးစွာပေးဆပ်ရခြင်းသည် တန်ပါသလော။
ယေဟောဝါနှင့်ရင်းနှီးသည့်ဆက်ဆံရေးကို လိုက်စားခြင်း
၁၃၊ ၁၄။ (က) မကောင်းမှုကိုမုန်းတီးရုံနှင့် အဘယ်ကြောင့်မလုံလောက်သေးသနည်း။ (ခ) လူတစ်ဦးသည် မည်သို့ ‘ယေဟောဝါအားသိကျွမ်းခြင်းကိုမီအောင်လိုက်’ နိုင်မည်နည်း။
၁၃ သို့သော် မကောင်းမှုကိုရှောင်ရုံနှင့်မပြီးသေးပါ။ “ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ မေတ္တာ၊ ငြိမ်သက်ခြင်းတို့ကိုလည်း လိုက်စားရန်” တိမောသေတိုက်တွန်းခံခဲ့ရသည်။ ယင်းသို့ပြုရန် ကြိုးစားအားထုတ်ရမည်။ သစ္စာမရှိသောလူမျိုးအား ပရောဖက်ဟောရှေဤသို့ပင်တောင်းဆိုခဲ့သည်။ “လာကြ။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ထံတော်သို့ပြန်သွားကြကုန်အံ့။ . . . [ကိုယ်တော်] ကိုသိကျွမ်းခြင်းအလို့ငှာ မီအောင်လိုက်ကြကုန်အံ့။” (ဟောရှေ ၆:၁-၃၊ သမ္မ) ထိုသို့လိုက်စားခြင်းကို သင်ကိုယ်တိုင်ပြုလုပ်ပြီလော။ ယင်းသည် စည်းဝေးတက်ခြင်း၊ သင့်မိဘနှင့် လယ်ကွင်းလုပ်ငန်းတွင် အတူလုပ်ဆောင်ခြင်းတို့ထက်မက ပါဝင်သည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးက “ကျွန်မရဲ့မိဘတွေကျွန်မကို အလင်းတရားထဲမှာ ပြုစုပျိုးထောင်ခဲ့တယ်။ ကျွန်မငယ်ငယ်လေးကတည်းက နှစ်ခြင်းခံခဲ့တယ်။ . . . စည်းဝေးတွေကို ကျွန်မပျက်ခဲတယ်။ အမှုဆောင်လည်း တစ်လမှမပျက်ခဲ့ဘူး။ ဒါပေမယ့် ယေဟောဝါနဲ့ကျွန်မရဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးတစ်ခါမှမတိုးတက်လာခဲ့ဘူး” ဟုဝန်ခံပြောဆိုသည်။
၁၄ အခြားလူငယ်တစ်ဦးက သူမလည်း ယေဟောဝါအား နားမလည်နိုင်သည့်ဝိညာဉ်တစ်ပါးအဖြစ်သာယူမှတ်ပြီး မိတ်ဆွေတစ်ဦးနှင့်ဖခင်တစ်ဦးအနေဖြင့် သိကျွမ်းရန် ပျက်ကွက်ခဲ့ကြောင်း ဝန်ခံထားသည်။ စာရိတ္တယိုယွင်းခြင်းသို့ သူမကျဆင်းခဲ့ပြီး အသက် ၁၈ နှစ်တွင် အိမ်ထောင်မဲ့မိခင်ဖြစ်လာသည်။ ထပ်တူအမှားမျိုးကိုမပြုလိုက်ပါနှင့်။ ဟောရှေတိုက်တွန်းသကဲ့သို့ “ယေဟောဝါအား သိကျွမ်း ခြင်းကို လိုက်စားလော့။” ဆုတောင်းခြင်းနှင့် ကိုယ်တော်နှင့်အတူနေ့စဉ်လျှောက်လှမ်းခြင်းအားဖြင့် ကိုယ်တော်အား ယုံကြည်စိတ်ချရသည့်မိတ်ဆွေဖြစ်စေနိုင်သည်။ (မိက္ခာ ၆:၈။ ယေရမိ ၃:၄ နှိုင်းယှဉ်။) ကျွန်ုပ်တို့ကရှာဖွေလျှင် “ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။” (တမန်တော် ၁၇:၂၇) မှန်မှန်ကိုယ်ပိုင်လေ့လာမှုအစီအစဉ်လည်း လိုအပ်၏။ ထိုအလေ့အထသည် ကြီးကြီးကျယ်ကျယ်နှင့် ရှုပ်ထွေးနက်နဲစရာမလိုပါ။ မယ်လိုဒီအမည်ရှိမိန်းကလေးတစ်ဦးက “ကျမ်းစာကို နေ့တိုင်း ၁၅ မိနစ်လောက်ကျွန်မဖတ်တယ်” ဟုပြောသည်။ ကင်းမျှော်စင် နှင့် နိုးလော့မဂ္ဂဇင်းတိုင်းကိုဖတ်နိုင်ရန် အချိန်သတ်မှတ်ထားပါ။ “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း [သူတစ်ပါးအား] တိုက်တွန်းနှိုးဆော်” နိုင်ရန် အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ပါ။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
သင့်မိဘများအားရင်ဖွင့်ပါ
၁၅။ (က) တစ်ခါတစ်ရံ မိဘများအား နာခံရန် အဘယ်ကြောင့်ခက်ခဲသနည်း။ (ခ) နာခံခြင်းသည် လူငယ်တစ်ဦးအတွက် အဘယ်ကြောင့်အကျိုးဖြစ်ထွန်းစေသနည်း။
၁၅ ဘုရားသခင်ကိုကြောက်ရွံ့သောမိဘများသည် အကူအညီနှင့်အထောက်အပံ့အတွက် ပင်ရင်းအမြစ်ဖြစ်နိုင်သည်။ သို့သော် သင်လုပ်ဆောင်ရမည့်ကဏ္ဍကို သတိပြုပါ။ “သားသမီးတို့ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ကတိတော်နှင့်ဆိုင်သောပထမပညတ်ဖြစ်၏။” (ဧဖက် ၆:၁-၃) သင်တဖြည်းဖြည်းကြီးပြင်းလာပြီး ပို၍လွတ်လပ်မှုလိုလားလာမည်မှာအမှန်။ သင့်မိဘများ၏ကန့်သတ်ချက်များကိုလည်း တိုး၍တိုး၍သတိပြုမိလာပေမည်။ “ကျွန်ုပ်တို့၏လူသားဖခင်များသည် အကောင်းဆုံးဟုသူတို့ထင်သည့်အရာများကိုသာ လုပ်ပေးနိုင်သည်” ဟု တမန်တော်ပေါလုဝန်ခံထားသည်။ (ဟေဗြဲ ၁၂:၁၀၊ The Jerusalem Bible) သို့သော် ရေရှည်တွင် သူတို့၏စကားကိုနားထောင်ခြင်းသည် သင့်ကောင်းကျိုးအတွက်ဖြစ်မြဲဖြစ်လျက်ရှိသည်။ အခြားသူများထက် သင့်မိဘသည် သင့်အားချစ်မြတ်နိုးပြီး ကောင်းစွာသိနားလည်သည်။ သူတို့နှင့် သင်အမြဲသဘောတူညီမှုမရသည့်တိုင် သင့်အတွက်အကောင်းဆုံးအကျိုးဖြစ်ထွန်းရန် သူတို့လှိုက်လှိုက်လှဲလှဲစိတ်အားထက်သန်ကြသည်။ “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” သင့်အားပြုစုပျိုးထောင်ရန် ကြိုးစားခြင်းကို အဘယ့်ကြောင့်ဆန့်ကျင်ရမည်နည်း။ (ဧဖက် ၆:၄၊ ကဘ) မိုက်သောသူသာလျှင် “အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်သည်အမှန်။ (သု၊ ၁၅:၅) ပညာရှိသောလူငယ်သည် မိဘ၏အခွင့်အာဏာကိုအသိအမှတ်ပြုပြီး လျောက်ပတ်သည့်ရိုသေလေးစားမှုကိုတင်ပြသည်။—သု၊ ၁:၈။
၁၆။ (က) မိဘများမသိအောင် ပြဿနာများကိုဖုံးကွယ်ထားခြင်းသည် လူငယ်များအတွက် အဘယ်ကြောင့်ပညာမဲ့ရာကျသနည်း။ (ခ) လူငယ်များသည် မိမိတို့၏မိဘများနှင့် ဆက်သွယ်ရေးတိုးတက်စေရန် မည်သည့်အရာများပြုလုပ်နိုင်သနည်း။
၁၆ ယင်းသို့ပြုရာတွင် မိဘအားဟုတ်တိုင်းမှန်ရာပြောပြခြင်း၊ သမ္မာတရားနှင့်ပတ်သက်၍ တစ်စတစ်စသံသယရှိလာခြင်း သို့မဟုတ် ဒွိဟဖြစ်ဖွယ်လုပ်ရပ်များလုပ်မိခြင်း စသည့်ပြဿနာများရှိခဲ့သော် သူတို့အားအသိပေးခြင်းများ ပါဝင်သည်။ (ဧဖက် ၄:၂၅) ထိုရတက်မအေးဖွယ်အခြေအနေကို မိဘများမသိအောင်ဖုံးကွယ်ထားခြင်းသည် ပြဿနာပို၍ကြီးမားစေသည်။(ဆာလံ ၂၆:၄) အချို့မိဘများသည် ဆက်သွယ်မှုရှိရန် ကြိုးစားအားထုတ်မှုနည်းသည်တော့မှန်ပါသည်။ “ကျွန်မအမေဟာ ကျွန်မနဲ့ထိုင်ပြီးစကားပြောတယ်ဆိုတာကိုမရှိဘူး။ ကျွန်မပြောချင်တာကို အားရပါးရမပြောရဘူး။ ကျွန်မကို အမေအပြစ်တင်မှာစိုးလို့” ဟု မိန်းကလေးတစ်ဦးညည်းညူခဲ့သည်။ အလားတူအခြေအနေမျိုးတွင်သင်ရှိနေပါက သင်မည်သို့ခံစားနေရကြောင်း သင့်မိဘများကိုအသိပေးရန် အသင့်တော်ဆုံးအချိန်ကို ရွေးချယ်ပါ။ “ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့” ဟု သု၊ ၂၃:၂၆ ကတိုက်တွန်းထားသည်။ ကြီးမားသောပြဿနာမပေါ်ပေါက်မီ သင့်အရေးကိစ္စများကို သူတို့နှင့်ဆွေးနွေးတိုင်ပင်ရန် ကြိုးစားအားထုတ်ပါ။
ဖြောင့်မတ်ခြင်းကိုဆက်၍လိုက်စားလေ
၁၇၊ ၁၈။ လူငယ်တစ်ဦးသည် ဖြောင့်မတ်ခြင်းကိုဆက်လက်လိုက်စားရန် မည်သည့်အရာကအကူအညီဖြစ်စေမည်နည်း။
၁၇ မိမိ၏ဒုတိယစာကိုနိဂုံးမချုပ်မီ ပေါလုက တိမောသေအား “အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော့” ဟုနှိုးဆော်ခဲ့သည်။ (၂ တိမောသေ ၃:၁၄) သင်လည်း အလားတူပြုလုပ်ရမည်။ မည်သူ သို့မဟုတ် မည်သည့်အရာကမျှ ဖြောင့်မတ်ခြင်းကိုသင်လိုက်စားခြင်းမှ သင့်အားလွဲသွားစေရန် မဖြားယောင်းပါစေနှင့်။ ယင်း၏ဖြားယောင်းသွေးဆောင်မှုအားလုံးပါဝင်သော စာတန့်လောကသည် ဆိုးသွမ်းမှုများဖြင့် ပြည့်လျှံနေသည်။ မကြာမီ ယင်းလောကနှင့် ယင်းနှင့်ပါဝင်ပတ်သက်နေသူအားလုံး လက်စတုံးခြင်းခံရကြမည်။ (ဆာလံ ၉၂:၇) စာတန့်အပေါင်းအပါများနှင့်အတူပါမသွားရန် စိတ်ပိုင်းဖြတ်ထားပါ။
၁၈ နောက်ဆုံးအနေနှင့် သင့်ပန်းတိုင်များ၊ အလိုဆန္ဒများနှင့် စိတ်ဝင်စားရာများကို အမြဲစစ်ဆေးနေရမည်။ သင့်ကိုယ်သင်ဤသို့မေးပါ။ “ကျွန်ုပ်၏မိဘများနှင့် အသင်းတော်သားများ၏နောက်ကွယ်တွင် ကျွန်ုပ်သည် မြင့်မားသောစံချိန်အတိုင်း ဆက်လက်ပြောဆိုကျင့်ကြံနေပါသလော။ အဘယ် အပေါင်းအသင်းမျိုးကို ကျွန်ုပ်ရွေးချယ်သနည်း။ လောကရှိရွယ်တူချင်းတို့သည် ကျွန်ုပ်၏ဝတ်စားဖြီးလိမ်းပုံတို့ကို ဩဇာလွှမ်းပါသလော။ မိမိကိုယ်တိုင်အတွက် ကျွန်ုပ်အဘယ်ပန်းတိုင်များချမှတ်ထားသနည်း။ ကျွန်ုပ်၏စိတ်နှလုံးစွဲလမ်းရာသည် အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင်လော၊ အဆုံးနီးနေသည့် စာတန့်အစီအစဉ်စနစ်၏လုပ်ငန်းတွင်လော။”
၁၉၊ ၂၀။ (က) လူငယ်တစ်ဦးသည် ယေဟောဝါ၏တောင်းဆိုချက်များကြောင့် ဖိစီးမှုဖြစ်သည်ဟု အဘယ်ကြောင့်မယူမှတ်သင့်သနည်း။ (ခ) လူငယ်များ မည်သည့်ပြင်ဆင်မှုများကိုရယူနိုင်သနည်း။
၁၉ သင့်တွေးတောပုံကို ပြုပြင်စရာလိုကောင်းလိုပေမည်။ (၂ ကောရိန္သု ၁၃:၁၁) ဖိစီးမှုဖြစ်သည်ဟုမယူမှတ်ပါနှင့်။ ယေဟောဝါသည် သင့်ထံမှ အဆမတန်မမျှော်လင့်ပါ။ ပရောဖက်မိက္ခာဤသို့မေးခဲ့သည်။ “တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] တောင်းတော်မူသနည်း။” (မိက္ခာ ၆:၈) သင့်အားအကူအညီပေးမည့် ယေဟောဝါ၏အစီအစဉ်ကို သင်အသုံးချမည်ဆိုလျှင် ခက်ခဲလွန်းမည်မဟုတ်ပါ။ သင့်မိဘနှင့်ရင်းရင်းနှီးနှီးနေပါ။ ခရစ်ယာန်အသင်းတော်နှင့် မှန်မှန်ပေါင်းပါ။ အထူးသဖြင့် အသင်းတော်အကြီးအကဲများနှင့် ရင်းနှီးသိကျွမ်းအောင်ကြိုးစားပါ။ သူတို့သည် သင့်အရေးကိစ္စများကိုကြောင့်ကြပြီး အကူအညီနှင့်နှစ်သိမ့်မှုကိုပေးနိုင်သည်။ (ဟေရှာယ ၃၂:၂) အရေးအကြီးဆုံးမှာ ယေဟောဝါနှင့် ရင်းနှီး၍နွေးထွေးသောဆက်ဆံရေးရှိရန်ဖြစ်သည်။ ခွန်အားနှင့် ဖြောင့်မတ်ခြင်းကိုလိုက်စားလိုသောစိတ်ဆန္ဒကို သင့်အားကိုယ်တော်ပေးတော်မူမည်။
၂၀ သို့သော် အချို့လူငယ်များက ကောင်းကျိုးမပေးသောတေးဂီတများကိုနားထောင်ကြခြင်းအားဖြင့် မိမိတို့၏ဝိညာဉ်ရေးကြီးထွားရန်ကြိုးစားအားထုတ်မှုကို တစ်စစပျက်ယွင်းစေကြသည်။ နောက်ဆောင်းပါးက ယင်းအကြောင်းကို အထူးအလေးပေးဖော်ပြထားသည်။
[အောက်ခြေမှတ်ချက်များ]
a “ရှောင်ကြဉ်” ဟူသောဂရိစကားလုံးကို မာရိနှင့်ယောသပ်တို့ ဟေရုဒ်၏သတ်ဖြတ်ခြင်းအစီအစဉ်မှလွတ်မြောက်ရန် “အီဂျစ်ပြည်သို့ပြေးရှောင်” ဖို့ပြောကြားခံရသည့် မဿဲ ၂:၁၃ တွင်လည်း အသုံးပြုထားသည်။—မဿဲ ၁၀:၂၃ နှိုင်းယှဉ်။
b နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည့် Questions Young People Ask—Answers that Work စာအုပ် အခန်း ၂၆ တွင် လိင်ဆန္ဒများကို ထိန်းချုပ်နိုင်ရန် အကူအညီဖြစ်စေသော အကြံပေးချက်များစွာကိုတွေ့နိုင်သည်။
သင်မှတ်မိသလော
◻ အထူးသဖြင့်လူငယ်များသည် အဘယ့်ကြောင့် စာတန်၏ “ပရိယာယ်များသည့်လုပ်ရပ်များ” အားဖြင့် ထိခိုက်နိုင်သနည်း။
◻ လောကလူငယ်များနှင့် ရင်းရင်းနှီးနှီးပေါင်းဖော်ခြင်းသည် အဘယ်ကြောင့်အန္တရာယ်ရှိသနည်း။
◻ လိင်စာရိတ္တယိုယွင်းခြင်းမှ သင်မည်သို့လွတ်မြောက်နိုင်သနည်း။
◻ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို သင်မည်သို့လိုက်စားနိုင်သနည်း။
◻ သင့်မိဘနှင့်ဆက်သွယ်မှုပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ပိုးပန်းနေကြသောစုံတွဲများသည် ရေခဲစကိတ်စီးခြင်းကဲ့သို့သော လူများနှင့်သီးခြားမဖြစ်သည့်အခြေအနေတွင် ပညာအမြော်အမြင်ရှိစွာဖြင့် တစ်ဦးကိုတစ်ဦးအကျွမ်းဝင်လာနိုင်သည်