စာရှုသူများထံမှ မေးခွန်းလွှာ
ခရစ်ယာန်ဘာသာတရားစစ်ကို ယခုလက်မခံဘဲ ကြီးစွာသောဒုက္ခမတိုင်မီ ကွယ်လွန်သွားမည်ဆိုလျှင် လူတို့ရှင်ပြန်ထမြောက်ကြပါမည်လော။
အဆုံးစွန်တွင် ယေရှုခရစ်အားဖြင့် ယေဟောဝါ၏စီရင်ချက်သာ အရေးပါကြောင်းကို အသိအမှတ်ပြုပြီး တရားစီရင်လိုသည့်သဘော ရှိရှိသမျှကို ကျွန်ုပ်တို့အားလုံးငြင်းပယ်သင့်ပါသည်။ (ယောဟန် ၅:၂၂။ တမန်တော် ၁၀:၄၂။ ၂ တိမောသေ ၄:၁) သို့သော် အထက်ပါမေးခွန်းနှင့်စပ်လျဉ်း၍ အကူအညီဖြစ်မည့်အဖြေကို သမ္မာကျမ်းစာပေးထားပါသည်။
ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာချီဟောပြောခြင်းသည် ‘ယေရှုရောက်ရှိနေခြင်းပုပ္ပနိမိတ်’ ၏အရေးကြီးကဏ္ဍတစ်ခုဖြစ်သည်။ ဤနိမိတ်ကို ဤရာစုအစောပိုင်းကတည်းက တွေ့မြင်နေကြရပါသည်။ ဟောပြောခြင်းလုပ်ငန်းကြောင့် ယေရှု၏ “သိုး” နှင့် “ဆိတ်” ပုံဥပမာ၏ပြည့်စုံချက်အနေနှင့် လူမျိုးအသီးသီးမှ လူအပေါင်း ခွဲခြားခံနေရပါသည်။ ဤဟောပြောခြင်းနှင့် ခွဲခြားခြင်းလုပ်ငန်း ပြီးစီးသည့်အခါ လက်ရှိအစီအစဉ်စနစ်ဆိုးသည် “ကြီးစွာသောဒုက္ခ” တွင် ပျက်စီးဆုံးရှုံးသွားပါလိမ့်မည်။—မဿဲ ၂၄:၃၊ ၂၁၊ ၂၂။ ၂၅:၃၁-၄၆။
ဘုရားသခင့်နိုင်ငံတော်သတင်းကို ငြင်းပယ်သည့် ကြီးစွာသောဒုက္ခမတိုင်မီ ကွယ်လွန်သူများကို ဆိတ်အဖြစ်သတ်မှတ်သည် မသတ်မှတ်သည်ကို သားတော်နှင့်အတူ ယေဟောဝါရှင်တရားစီရင်ပါလိမ့်မည်။ ဆိတ်တို့သည် “ထာဝရအပြစ်ဒဏ်ခံရာ . . . သို့သွားရကြလတ္တံ့” ဟုယေရှုမိန့်တော်မူခဲ့သည်။ ထိုကြောင့် ဆိတ်ဟူ၍ ဘုရားသခင်သတ်မှတ်သူများသည် ရှင်ပြန်ထမြောက်လိမ့်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်နိုင်ပါသည်။ ကြီးစွာသောဒုက္ခကာလတွင် “ထာဝရပျက်စီးခြင်း” ခံရရန် စီရင်ချက်ရသူများနှင့် ထပ်တူဖြစ်ပါလိမ့်မည်။—၂ သက်သာလောနိတ် ၁:၉။
သို့သော် ဤ “နောက်ဆုံးကာလ” အတွင်း မကွယ်လွန်မီ သမ္မာတရားကို အမြော်အမြင်ရှိရှိရွေးချယ်ရန်၊ သို့မဟုတ် အတိုက်အခံပြုရန် ဘုရားသခင့်နိုင်ငံတော်သတင်းကို အလုံအလောက်ကြားသိဟန် မရှိသေးသူများကော။—၂ တိမောသေ ၃:၁။
ကြီးစွာသောဒုက္ခမတိုင်မီ ဟောပြောခြင်းလုပ်ငန်းကို လုပ်ကိုင်နေစဉ်ကာလတွင် ကွယ်လွန်သူမြောက်မြားစွာတို့သည် ရှင်ပြန်ထမြောက်ခွင့်ရမည့်ပုံရှိသည်။ ယင်းကို ပုံဆောင်ရာ မြင်းစီးသူရဲများအကြောင်းနှင့်စပ်လျဉ်းသည့် ဗျာဒိတ် ၆:၇၊ ၈ တွင် ကျွန်ုပ်တို့ဖတ်ရှုရသည့်အကြောင်းက တင်ပြပါသည်။ စစ်မှု၊ ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေးများကြောင့် မြောက်မြားစွာသောသူတို့သည် ကွယ်လွန်ခဲ့ကြပြီ။ “သေခြင်း” ၏ဤသားကောင်များသည် “ဟေးဒီးစ်” သို့ရောက်ကြသောကြောင့် ခရစ်တော်၏ အနှစ်တစ်ထောင်မင်းရိုက်ရာကာလတွင် မိမိ၌ရှိသောလူသေများကို ဟေးဒီးစ်ပြန်အပ်သည့်အခါ သူတို့ပါ ရှင်ပြန်ထမြောက်လာကြလိမ့်မည်ဖြစ်သည်။ (ဗျာဒိတ် ၂၀:၁၃) အသက်ရှင်ခြင်းသို့ ထမြောက်လာသူအချို့မှာ မကွယ်လွန်မီက ဘုရားသခင့်နိုင်ငံတော်သတင်းကို တော်ရုံသင့်ရုံကြားနာခဲ့ပေမည်။
မည်သူများသည် သိုးကဲ့သို့သောသူ၊ မည်သူများမူ ဆိတ်ကဲ့သို့သောသူဖြစ်သည်ဟု လူတို့အားဆုံးဖြတ်ရန် ယေရှုခွင့်မပြုခြင်းကို ကျွန်ုပ်တို့များစွာကျေးဇူးတင်သင့်ပါသည်တကား။ မစုံလင်သောလူသားများအနေနှင့် သတင်းကောင်းကြားနာပြီး လက်ခံနိုင်ရန်အခွင့်အရေး အလုံအလောက်ရရှိသည်၊ မရရှိသည်ကို မစုံလင်သူများ အတိအကျမဝေဖန်နိုင်ပါ။ သူ၏စိတ်နေသဘောထား မည်သို့ရှိသည်၊ ဖြောင့်မတ်ခြင်းတရားကို အမှန်မြတ်နိုးသည်၊ မမြတ်နိုးသည်ကို ကျွန်ုပ်တို့သိရှိနိုင်မည်လော။ သူ၏မိသားစု၊ သူ၏ဘာသာရေးနောက်ခံ သို့မဟုတ် အခြားသြဇာများက သူ့တုံ့ပြန်မှုကို မည်မျှအကျိုးသက်ရောက်ကြောင်းကို ကျွန်ုပ်တို့သိရှိနိုင်ပါမည်လော။ မသိနိုင်ပေ။ မည်သို့ဆိုစေ ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်သည် ဤကိစ္စများကို ဝေခွဲပြီးနောက် ပြည့်ဝစုံလင်ပြီး၊ တရားသဖြင့်ဖြစ်သည့် ဖြောင့်မတ်ခြင်းတရားနှင့်ညီသော စီရင်ချက်များကို ချမှတ်နိုင်တော်မူသည်။—တရားဟောရာ ၃၂:၄။ ဟေရှာယ ၁၁:၁-၅။
ထိုကြောင့် များမကြာမီကသေလွန်ခဲ့သူတို့အနက် မည်သူထမြောက်မည်၊ မထမြောက်မည်ကို မှန်းဆနေစရာအကြောင်း လုံးဝမရှိပါ။ ယင်းသို့ပြုမူရန် ကျွန်ုပ်တို့၌ အခွင့်အာဏာမရရှိထားပါ။ (လုကာ ၁၂:၁၃၊ ၁၄ နှိုင်းယှဉ်။) ဖြောင့်မတ်သောတရားသူကြီးများဖြစ်သူ ယေဟောဝါနှင့်ယေရှုခရစ်တော်တို့၏ ဆုံးဖြတ်စီရင်ချက်များကို စောင့်မျှော်နေခြင်းကား ပညာအရှိဆုံးလမ်းစဉ်ဖြစ်ပါသည်။ ယင်းသို့ပြုခြင်းက ယေဟောဝါ၏ကျေးကျွန်များအနေနှင့် စိတ်၏ငြိမ်သက်မှု အများဆုံးရရှိစေမည်။ ယင်းသို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့အားခန့်အပ်ထားသည့်တာဝန်—‘လူမျိုးတကာတို့ကို တပည့်တော်ဖြစ်စေရန် ယေရှုပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေးခြင်း’—ကိုပိုမိုအာရုံစူးစိုက်ရန် အကူအညီဖြစ်စေပါလိမ့်မည်။—မဿဲ ၂၈:၁၉၊ ၂၀။
[Picture Credit Line on page 31]
Leicester sheep, Meyers