“မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာ”
ရှေးခေတ်ကဗျာတစ်ခုက ဤသို့ဆိုသည်။ “ညအာကာဝယ် ရောင်နီခြယ်၊ သင်္ဘောသားများ လွန်စွာနှစ်ခြိုက်ဖွယ်။ နံနက်အာကာ ရောင်နီလာ စဉ်သတိပြုကြရှာ။” ယနေ့ မိုးလေဝသကို ကြိုတင်ကြေညာပေးရန် ဂြိုဟ်တုများ၊ ကွန်ပျူတာဖြင့် အပူချိန်လေ့လာမှုကို တိုး၍သိရှိနည်း၊ ဒေါ့ပလာရေဒါနှင့်အခြားသိပ္ပံနည်းများကို အသုံးပြုကြပါသည်။ ကြိုတင်ပြောဆိုချက်တို့သည်လည်း အဆိုပါကဗျာနှင့် မကြာခဏကိုက်ညီလေ့ရှိသည်။
ယေရှုခရစ်၏ ဘာသာရေးရန်သူများသည် တစ်ချိန်က “ကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာ” ပြရန်၊ ကိုယ်တော်သည် မေရှိယဖြစ်ကြောင်းကို ထူးခြားစွာသက်သေထူရန် တောင်းဆိုခဲ့ကြသည်။ “ကိုယ်တော်ကလည်း ‘သင်တို့သည် ညဦးယံ၌ပြောဆိုတတ်သည်ကား၊ ယခုမိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့်မည်’ ဟုဆိုတတ်ကြ၏။ နံနက်ယံ၌ကား ‘ယခုမိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း လာလိမ့်မည်’ ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့ သင်တို့သည် မိုးကောင်းကင်၏ မျက်နှာကိုပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ။ ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကိုတောင်းသည်မှာ ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ’ ဟုမိန့်တော်မူပြီးလျှင် ထိုသူတို့ရှိရာမှထွက်၍ ကြွတော်မူ၏။”—မဿဲ ၁၆:၁-၄။
ယေရှု၏ရန်သူများသည် မိုးလေဝသကို နိမိတ်ဖတ်တတ်ကြသော်လည်း ဝိညာဉ်ရေးရာများကိုကား နားမလည်နိုင်ကြပါ။ ဥပမာ၊ “ယောန၏ နိမိတ်လက္ခဏာ” ကော။ ငါးကြီးဝမ်းဗိုက်တွင် သုံးရက်ကြာရှိပြီးနောက် ဘုရားသခင့်ပရောဖက်ယောနသည် နိနေဝေမြို့တွင် ဟောပြောခဲ့ပြီး ထိုအာရှုရိမြို့တော်အတွက် နိမိတ်လက္ခဏာဖြစ်ခဲ့ပါသည်။ ခရစ်တော်သည် သင်္ချိုင်းဂူတွင် သုံးရက်ခန့်ရှိပြီးနောက် ရှင်ပြန်ထမြောက်ခဲ့သောအခါ ယေရှု၏လူမျိုးဆက်သည် “ယောန၏ နိမိတ်လက္ခဏာ” ကိုတွေ့ရှိခဲ့ကြသည်။ ကိုယ်တော်၏တပည့်တော်များက ထိုအဖြစ်အပျက်၏သာဓကများကိုကြေညာခဲ့ကြရာ ထိုလူမျိုးဆက်အတွက် ယေရှုသည် နိမိတ်လက္ခဏာဖြစ်ခဲ့ပါသည်။—မဿဲ ၁၂:၃၉-၄၁။
အခြားအချိန်တစ်ချိန်တွင် ယေရှု၏တပည့်တော်များက ကိုယ်တော်နိုင်ငံတော်တန်ခိုးနှင့် အနာဂတ်ကာလတွင် “ရောက်ရှိနေချိန်” နှင့်ဆိုင်သော “ပုပ္ပနိမိတ်” ကိုတောင်းဆိုခဲ့ပါသည်။ ဖြေဆိုပေးတော်မူခြင်းငှာ တစ်ခါနှင့်မျှမတူသောစစ်မှုများ၊ ကြီးစွာသော မြေငလျင်များ၊ အစာခေါင်းပါးမှုနှင့် ဘုရားသခင်၏ တည်ထောင်လျက်ရှိသော ကောင်းကင်နိုင်ငံတော်အကြောင်း ကမ္ဘာချီဟောပြောခြင်းပါဝင်သည့် အဖြစ်အပျက်အသီးသီး၏ ပေါင်းစပ်နိမိတ်တစ်ခုကို ပေးတော်မူခဲ့သည်။—မဿဲ ၂၄:၃-၁၄။
မျက်မြင်မရကောင်းကင်ဘုရင်အဖြစ် ခရစ်တော်၏ရောက်ရှိနေခြင်းနိမိတ်ကို သင်သိမြင်ပါသလော။ ယင်း၏လက္ခဏာများသည် ဤလူမျိုးဆက်အတွင်း ပြည့်စုံနေပါသည်။ (မဿဲ ၂၄:၃၄) အနာဂတ်အကြောင်းကော။ သမ္မာကျမ်းစာက ဤအစီအစဉ်စနစ်ကုန်ဆုံးလုနီးကြောင်း ဖော်ပြရုံမက များမကြာမီ လူသားတို့အတွက် အတိအလင်းရောက်ရှိလာတော့မည့် ဘုရားသခင်ကတိထားရာနေ့ရက်အသစ်ကိုလည်း ကြိုတင်ဟောထားပါသည်။—၂ ပေတရု ၃:၁၃။