အသင်၌ ချုပ်တည်းခြင်းရှိစေ၍ ပြည့်လျှံစေလော့
“မိမိတို့၏ယုံကြည်ခြင်းကို . . . ချုပ်တည်းခြင်းဖြင့် . . . ထပ်လောင်းဖြည့်စွက် . . . ကြလော့။” —၂ ပေတရု ၁:၅၊ ၆၊ သက။
၁ အဘယ်ထူးခြားသောအခြေအနေမျိုးတွင် ခရစ်ယာန်တစ်ဦး သက်သေခံခွင့် ရကောင်းရနိုင်မည်နည်း။
ယေရှုက “သူတို့ . . . အားသက်သေဖြစ်စေခြင်းငှာ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကိုပို့ဆောင်ကြလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၀:၁၈) မြို့ဝန်မင်း၊ တရားသူကြီး၊ သို့မဟုတ် သမ္မတတစ်ဦးကို ဝင်တွေ့ရန် အသင်ခေါ်ခံရမည်ဆိုလျှင် ဘာပြောဆိုမည်နည်း။ ဦးဆုံးအနေနှင့် ထိုအရပ်သို့ သင်အဘယ်ကြောင့်ရောက်ရှိရကြောင်းဖြစ်သည့် စွဲချက်ကို ဖော်ပြလိုပေမည်။ ထိုအခါ သင့်အား သန့်ရှင်းသောဝိညာဉ်တော်သည် အမှန်ကူညီပေးပါလိမ့်မည်။ (လုကာ ၁၂:၁၁၊ ၁၂) သို့သော် ဤအချိန်အခါတွင် ချုပ်တည်းခြင်းအကြောင်း ပြောဆိုဖို့လိုမည်ဟု ထင်ပါသလော။ ကျွန်ုပ်တို့၏ခရစ်ယာန်သတင်းတရားတွင် ယင်းသည် အရေးကြီးသည်ဟု ယူမှတ်ပါသလော။
၂၊ ၃။ (က) ပေါလုသည် ဖေလဇ်နှင့်ဒြုသိလေတို့ကို သက်သေခံခွင့် မည်သို့ရရှိခဲ့သနည်း။ (ခ) ထိုအခြေအနေမျိုးတွင် ချုပ်တည်းခြင်းအကြောင်း ပေါလုပြောဆိုခြင်းသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။
၂ တကယ့်အဖြစ်အပျက်တစ်ခုကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသက်သေတစ်ဦးသည် ဖမ်းချုပ်ခံရပြီး ခုံရုံးတင်စစ်ဆေးခြင်းခံခဲ့ရသည်။ စကားပြောဆိုခွင့်ရသည့်အခါ ခရစ်ယာန်တစ်ဦးအဖြစ်၊ သက်သေခံတစ်ဦးအဖြစ် သူ၏ယုံကြည်ချက်များကို ရှင်းပြလိုခဲ့ပါသည်။ မှတ်တမ်းကို စစ်ဆေးလေ့လာကြည့်မည်ဆိုလျှင် “ဖြောင့်မတ်ခြင်းတရားနှင့်၊ . . . ချုပ်တည်းခြင်းတရားကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကိုလည်းကောင်း” တရားရေးရာဥပဒေအရ သူသက်သေခံခဲ့ကြောင်း သတိပြုမိမည်။ ဤတွင် ကဲသရိမြို့၌ တမန်တော်ပေါလု ကြုံကြိုက်ခဲ့ရသော အတွေ့အကြုံတစ်ခုကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ဦးဆုံးအနေနှင့် စစ်ဆေးမေးမြန်းခဲ့ပါသည်။ “ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့်တကွ လာပြီးလျှင် ပေါလုကိုခေါ်၍ ခရစ်တော်ကိုယုံကြည်ခြင်းနှင့်ယှဉ်သောစကားကို နားထောင်လေ၏။” (တမန်တော် ၂၄:၂၄) ဖေလဇ်မင်းသည် “ရက်စက်ကြမ်းကြုတ်မှုနှင့်တဏှာရမ္မက်အမျိုးမျိုးကို ပြုကျင့်ကာ ကျွန်သဘာဝစိတ်ဖြင့် မင်းစိုးအာဏာကို လွှမ်းမိုးခဲ့” ကြောင်း သမိုင်းက မှတ်တမ်းတင်ထားပါသည်။ (ဘုရားသခင့်ပညတ်ကို ချိုးဖောက်ကာ) ဒြုသိလေအား လင်ယောက်ျားကို ကွာရှင်းစေပြီး သူ၏တတိယဇနီးအဖြစ် မသိမ်းယူမီ သူ့မှာ အိမ်ထောင်နှစ်ဆက် ရှိနှင့်ခဲ့ပြီဖြစ်သည်။ ဤဘာသာတရားသစ်၊ ခရစ်ယာန်ဘာသာကို ကြားသိလိုသူမှာ သူမဖြစ်ကောင်းဖြစ်ပေမည်။
၃ ထိုအခါ ပေါလုက “ဖြောင့်မတ်ခြင်းတရားနှင့်၊ . . . ချုပ်တည်းခြင်းတရားကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကိုလည်းကောင်း” ပြောပြလေတော့သည်။ (တမန်တော် ၂၄:၂၅) ယင်းတရားက ဖြောင့်မတ်ခြင်းတရားဆိုင်ရာ ဘုရားသခင့်စံချိန်သည် ဖေလဇ်မင်းနှင့် ဒြုသိလေတို့ပါ ကျင့်ကြံပြုမူကြသည့် ရက်စက်ကြမ်းကြုတ်မှု၊ မတရားမှုနှင့် မည်မျှကွာခြားကြောင်းကို ထင်ရှားစေခဲ့မည်မှာအမှန်။ လတ်တလောအမှုဆိုင်နေသည့် လျှောက်လဲချက်ကို တရားသဖြင့်စီရင်ရန် ဖေလဇ်မင်းအား ပေါလုတိုက်တွန်း လှုံ့ဆော်ပေးလိုခဲ့ပေမည်။ သို့သော် “. . . ချုပ်တည်းခြင်းတရားကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကိုလည်းကောင်း” အဘယ်ကြောင့်ထည့်ပြောရန် လိုမည်နည်း။ ဤစာရိတ္တပျက်ပြားသောမောင်နှံစုံက “ခရစ်တော်ကို ယုံကြည်ခြင်း” နှင့်ယှဉ်သောစကား၌ အဘယ်အရာပါဝင်သနည်းဟု သူတို့မေးမြန်းနေပါသည်။ ထိုကြောင့် ကိုယ်တော့်တပည့်ဖြစ်ခြင်းတွင် မိမိ၏အကြံအစည်၊ အပြောအဆိုနှင့် အပြုအမူများကို ချုပ်တည်းပေးရန်လိုကြောင်း သူတို့သိရှိနားလည်ဖို့ လိုနေပါသည်။ ချုပ်တည်းခြင်းကား ယင်းကိုဆိုလိုခြင်းဖြစ်သည်။ မိမိ၏အတွေးအခေါ်၊ ပြောဆိုသည့်စကားနှင့် ပြုမူကျင့်ကြံမှုများကြောင့် လူတိုင်းလူတိုင်း ဘုရားသခင်ရှေ့ တရားစီရင်ခြင်းခံကြရမည်။ ထိုကြောင့် ပေါလုကို ဖေလဇ်တရားစီရင်ခြင်းထက် မြို့ဝန်မင်းနှင့်သူ၏ဇနီးကို ဘုရားသခင်တရားစီရင်မည့်အကြောင်းက ပိုမိုအရေးကြီးနေပါသည်။ (တမန်တော် ၁၇:၃၀၊ ၃၁။ ရောမ ၁၄:၁၀-၁၂) ယင်းကြောင့် ပေါလု၏တရားစကားကိုကြားသောအခါ “ဖေလဇ်မင်းသည် ကြောက်လန့်” ခဲ့ခြင်းဖြစ်မည်။
အရေးကြီးသော်လည်း မလွယ်ကူ
၄။ ချုပ်တည်းခြင်းသည် ခရစ်ယာန်ဘာသာတရားစစ်အဝင် အရေးကြီးသောအပိုင်း အဘယ်ကြောင့်ဖြစ်ရသနည်း။
၄ ချုပ်တည်းခြင်းသည် ခရစ်ယာန်ဘာသာတရားတွင် အရေးကြီးသောအပိုင်းဖြစ်ကြောင်း တမန်တော်ပေါလု အသိအမှတ်ပြုပါသည်။ ယင်းကို ယေရှု၏ရင်းနှီးသောအပေါင်းအသင်းတစ်ဦးဖြစ်သူ တမန်တော်ပေတရု ထောက်ခံပြောဆိုခဲ့ပါသည်။ ကောင်းကင်တွင် “ဘုရားပကတိကိုဆက်ဆံ” မည့်သူများထံစာရေးစဉ် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ချုပ်တည်းခြင်း အစရှိသည့် မရှိမဖြစ်သောအရည်အချင်းအချို့ကိုတင်ပြရန် ပေတရုတိုက်တွန်းခဲ့သည်။ ယင်းကြောင့် ဤအာမခံချက်တွင် ချုပ်တည်းခြင်းပါဝင်ပါသည်။ “ဤအရာများသည် သင်တို့တွင်တည်လျှက် ပြည့်လျှံနေပါက၊ ယင်းတို့သည် သင့်အား မလှုပ်မရှားဖြစ်ခြင်း သို့မဟုတ် ငါတို့သခင်ယေရှုခရစ်၏ တိကျမှန်ကန်သည့်အသိပညာနှင့်စပ်လျဉ်း၍ မသီးပွင့်ခြင်းတို့မှ ကာကွယ်ပေးပါလိမ့်မည်။”—၂ ပေတရု ၁:၁၊ ၄-၈၊ ကဘ။
၅။ ချုပ်တည်းခြင်းကို ကျွန်ုပ်တို့အဘယ်ကြောင့် အထူးဂရုစိုက်သင့်သနည်း။
၅ သို့ရာတွင် ချုပ်တည်းခြင်းရှိသင့်သည်ဟုပြောခြင်းသည် နေ့စဉ်ဘဝအသက်တာတွင် အမှန်တကယ်ကျင့်သုံးခြင်းထက် ပိုလွယ်ကူပေမည်။ အကြောင်းတစ်ခုမှာ ချုပ်တည်းခြင်းသည် ရှိခဲသောအရည်အချင်းဖြစ်သည်။ ၂ တိမောသေ ၃:၁-၅ တွင်ပေါလုက ကျွန်ုပ်တို့ခေတ်၊ “နောက်ဆုံးကာလ” ရှိစိတ်သဘောထားများကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ခေတ်ကာလ၏အမှတ်အသားတစ်ခုမှာ လူအများသည် “မချုပ်တည်းနိုင်သောသူ” ဖြစ်ခြင်းတည်း။ ယင်းအတိုင်းဖြစ်ပျက်နေသည်ကို ကျွန်ုပ်တို့ဝန်းကျင်တွင် တွေ့ရှိနေကြသည်မဟုတ်ပေလော။
၆။ ယနေ့အချိန်တွင် ချုပ်တည်းခြင်းမရှိကြောင်း မည်သို့ထင်ရှားသနည်း။
၆ “စိတ်ကိုလွှတ်ပစ်လိုက်” သို့မဟုတ် “ဒေါသအိုးပေါက်ကွဲ” လိုက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည်ဟု ယူဆသူ များစွာရှိသည်။ ချုပ်တည်းခြင်းလုံးဝမရှိ၊ ကိုယ်ထင်ရာစိုင်းသည့် နာမည်ကျော်၊ စံပြပုံနမူနာများက သူတို့အယူအဆကို ထောက်ခံပြပုံရှိသည်။ ဥပမာ၊ ကြေးစားအားကစားပွဲများကို ဝါသနာပါသူများအတွက် ထိုပွဲများတွင် အမျက်ဒေါသကို အရမ်းပတမ်းတင်ပြခြင်းအပါအဝင် စည်းကမ်းမဲ့စိတ်လှုပ်ရှားပြမှုအမျိုးမျိုးသည် သာမန်ကိစ္စဖြစ်ချေပြီ။ အားကစားပွဲများတွင် ရန်ပွဲများ၊ သို့မဟုတ် လူအုပ်၏ရမ်းကားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သင်မမှတ်မိ၊ မကြားဖူးပေလော။ သို့သော် ဤတွင် ချုပ်တည်းမှုကင်းမဲ့သည့်အဖြစ်အပျက်များကို အချိန်ကုန်ခံ ပြန်ဖော်ပြခြင်းငှာမဟုတ်။ ချုပ်တည်းမှုရှိကြောင်း တင်ပြသင့်သည့်နေရာများ—စားသောက်သည့်အခါ၊ လိင်ခြားသူနှင့်ပတ်သက်၍ကျွန်ုပ်တို့၏အမူအကျင့်၊ မိမိဝါသနာပါရာများအတွက် အချိန်နှင့်ငွေအင်အားအကုန်ခံခြင်း—အစရှိသည်တို့ကို စာရင်းတင်ပြနိုင်မည်။ သို့သော် ယင်းကဏ္ဍအသီးသီးကို သာမန်ကာလျှံကာသာ ဖော်ပြမည့်အစား ချုပ်တည်းမှုရှိရမည့် အဓိကကဏ္ဍတစ်ခုကို သုံးသပ်ကြည့်ကြစို့။
ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုများနှင့်ပတ်သက်နေသည့် ချုပ်တည်းမှု
၇။ ချုပ်တည်းခြင်း၏အဘယ်အပိုင်းကို အထူးဂရုစိုက်သင့်သနည်း။
၇ ကျွန်ုပ်တို့တွင် ကိုယ့်အပြုအမူကိုကိုယ် အတော်အသင့်ထိန်းချုပ်စောင့်စည်းနိုင်သူ များပါသည်။ ကျွန်ုပ်တို့ မခိုးကြပါ။ စာရိတ္တ မယိုယွင်း၊ လူသတ်မှု မပြုလုပ်ကြပါ။ ယင်းကျူးလွန်မှုများနှင့်စပ်လျဉ်း၍ ဘုရားသခင့်ပညတ်တော်ကို ကောင်းစွာသိထားကြသည်။ သို့သော် မိမိစိတ်လှုပ်ရှားမှုများကိုထိန်းချုပ်ခြင်းတွင် မည်မျှအောင်မြင်ခဲ့ကြပြီနည်း။ စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်သူများသည် အတန်ကြာလေသော် အပြုအမူအကျင့်အကြံများကိုပါ မချုပ်တည်းနိုင်သူများ ဖြစ်လေ့ရှိသည်။ ထိုကြောင့် စိတ်လှုပ်ရှားမှုကဏ္ဍကို အဓိကထား ဆွေးနွေးကြစို့။
၈။ စိတ်လှုပ်ရှားမှုများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာမျှော်လင့်သနည်း။
၈ ကျွန်ုပ်တို့သည် မည်သည့်စိတ်လှုပ်ရှားမှုမျှမရှိ၊ မတင်ပြတတ်သော စက်ခလုတ်များဖြစ်ကြရန် ယေဟောဝါဘုရားသခင် မတောင်းဆိုထားပါ။ လာဇရု၏သင်္ချိုင်းတွင် ယေရှုသည် “အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်း” ဖြစ်ခဲ့သည်။ ထိုနောက် “ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၂-၃၈) သို့သော် ဗိမာန်တော်မှ ငွေလဲလှယ်သူများကို ကိုယ်တော်နှင်ထုတ်စဉ် အပြုအမူကိုကောင်းစွာချုပ်တည်းနိုင်သည့် ခြားနားသောစိတ်လှုပ်ရှားမှုမျိုးကို တင်ပြတော်မူခဲ့သည်။ (မဿဲ ၂၁:၁၂၊ ၁၃; ယောဟန် ၂:၁၄-၁၇) ကိုယ်တော်၏သစ္စာရှိ တပည့်တော်များလည်း စိတ်လှုပ်ရှားမှုအမျိုးမျိုးကို တင်ပြခဲ့ကြပါသည်။ (လုကာ ၁၀:၁၇; ၂၄:၄၁; ယောဟန် ၁၆:၂၀-၂၂; တမန်တော် ၁၁:၂၃; ၁၂:၁၂-၁၄; ၂၀:၃၆-၃၈; ၃ ယောဟန် ၄) မည်သို့ဆိုစေကာမူ သူတို့၏စိတ်လှုပ်ရှားမှုများကြောင့် မပြစ်မှားမိစေရန် ချုပ်တည်းခြင်းရှိရမည်အကြောင်း သူတို့အသိအမှတ်ပြုကြသည်။ ဧဖက် ၄:၂၆ ကယင်းကိုဖော်ပြပါသည်။ “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။”
၉။ စိတ်လှုပ်ရှားမှုများကိုချုပ်တည်းရန် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။
၉ ခရစ်ယာန်တစ်ဦးသည် ချုပ်တည်းခြင်းတင်ပြနေဟန်ရှိလျက်ပင် အမှန်အားဖြင့် သူ၏စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်သည့်အန္တရာယ်ရှိနိုင်ပါသည်။ အာဗေလ၏ယဇ်ပူဇော်သက္ကာကို ဘုရားသခင်နှစ်သက်တော်မူကြောင်း ထင်ရှားသည့်အခါ မည်သို့ဖြစ်ပျက်ခဲ့သည်ကို သတိရပါ။ “ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကလည်း ‘သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာမပြုလျှင် အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏အလိုသို့လိုက်၍ သင်သည် သူ့ကိုအုပ်စိုးရ၏’ ဟုကာဣနကိုမိန့်တော်မူ၏။” (ကမ္ဘာဦး ၄:၅-၇) ကာဣနသည် သူ့စိတ်ကိုသူ မချုပ်တည်းနိုင်ခဲ့သောကြောင့် အာဗေလကို သတ်ပစ်ခဲ့သည်။ စိတ်လှုပ်ရှားမှုကိုမချုပ်တည်းလျှင် အထိန်းအကွပ်မဲ့ ပြုမူတတ်သည်။
၁၀။ ဟာမန်၏ပုံသက်သေမှ အဘယ်သင်ခန်းစာရသနည်း။
၁၀ မော်ဒကဲနှင့်ဧသတာတို့ခေတ်က ဥပမာတစ်ခုကိုလည်း ထည့်စဉ်းစားပါ။ မော်ဒကဲသည် မိမိရှေ့ မပျပ်ဝပ်သည့်အတွက် အရာရှိဟာမန် အမျက်ထွက်ခဲ့ပါသည်။ ထိုနောက် မိမိမျက်နှာသာပေးခံရမည်ဟု ဟာမန်မထင်သင့်ဘဲ ထင်မှတ်ခဲ့သည်။ “ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့် ထွက်သွားသော်လည်း နန်းတော်တံခါးဝမှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေသည်ကိုမြင်သောအခါ မော်ဒကဲကို အလွန်အမျက်ထွက်လေ၏။ သို့ရာတွင် မိမိစိတ်ကိုချုပ်တည်းလျက်သွား၍ မိမိအိမ်သို့ရောက်” လေသည်။ (ဧသတာ ၅:၉၊ ၁၀) သူသည် ချက်ချင်းစိတ်ရွှင်လန်းခဲ့သည်။ သို့တိုင် သူ့စိတ်ထဲတေးထားသူကိုတွေ့မြင်ရုံနှင့်လည်း အမျက်ထွက်ခဲ့ပါသည်။ သူသည် “မိမိစိတ်ကိုချုပ်တည်းလျက်သွား” သည်ဟု သမ္မာကျမ်းစာဆိုထားသဖြင့် ပုံသက်သေကောင်းစွာ ချုပ်တည်းခြင်းပြသည်ဟု သင်ယူဆပါသလော။ ခဲယဉ်းလေစွ။ ထိုအချိန်အတောအတွင်း ဟာမန်သည် သူ၏အပြုအမူများကိုလည်းကောင်း၊ သူ့စိတ်ထားကိုလည်းကောင်း ချုပ်တည်းထားသည်။ သို့သော် မနာလိုသည့်အတွက် ဖြစ်ပေါ်သော သူ၏ဒေါသအမျက်ကိုကား မချုပ်တည်းနိုင်ခဲ့ပါ။ သူ့စိတ်လှုပ်ရှားမှုကသူအား လူသတ်မှုကို ကြံစည်စေလေသည်။
၁၁။ ဖိလိပ္ပိအသင်းတော်တွင် အဘယ်ပြဿနာရှိခဲ့၍ ယင်းပြဿနာသည် အဘယ်ကြောင့်ပေါ်လာခဲ့ရသနည်း။
၁၁ ထို့အတူ ယနေ့စိတ်ချုပ်တည်းမှုမရှိခြင်းသည် ခရစ်ယာန်များကို များစွာအန္တရာယ်ပြုနိုင်ပါသည်။ အချို့က ‘အသင်းတော်မှာတော့ ဒီပြဿနာမျိုးပေါ်စရာအကြောင်းမရှိပါဘူး” ဟုထင်မည်။ သို့သော် ပြဿနာဖြစ်ခဲ့ဖူးပြီ။ ဖိလိပ္ပိမြို့တွင် ဘိသိက်ခံခရစ်ယာန်နှစ်ဦးသည် အကြီးအကျယ်စိတ်ဝမ်းကွဲခဲ့သည်။ အကြောင်းရင်းကို သမ္မာကျမ်းစာမဖော်ပြပါ။ သို့သော် ဤသို့ဖြစ်ကောင်းဖြစ်နိုင်မည်။ ဧဝေါဒိသည် ညီအစ်ကိုညီအစ်မအချို့ကို ထမင်းစားရန်၊ သို့မဟုတ် ပေါင်းသင်းမှုပြုရန် ခေါ်ဖိတ်ခဲ့သည်။ သုန္တုတ်မူကား ခေါ်ဖိတ်မခံရသည့်အတွက် စိတ်ထိခိုက်သွားခဲ့မည်။ နောင်တစ်ကြိမ် သူကိုယ်တိုင်ဧည့်ခံပွဲပြုချိန်တွင် ဧဝေါဒိကိုမခေါ်ဖိတ်ဘဲ နေခဲ့ပေမည်။ ထိုနောက် နှစ်ယောက်စလုံးသည် တစ်ဦးအပြစ်တစ်ဦး စတင်ရှာလေတော့သည်။ တဖြည်းဖြည်းနှင့် သူတို့သည် တစ်ဦးကိုတစ်ဦး စကားမပြောနိုင်တော့ဘဲဖြစ်လာကြမည်။ ဤကဲ့သို့သောဇာတ်လမ်းမျိုးတွင် အခြေခံပြဿနာမှာ စားပွဲသို့ခေါ်ဖိတ်မခံရခြင်း ဖြစ်မည်လော။ မဟုတ်ပါ။ ယင်းသည် မီးစမျှဖြစ်သည်။ ဤဘိသိက်ခံညီအစ်မနှစ်ဦးသည် သူတို့၏စိတ်လှုပ်ရှားမှုကိုသူတို့ မချုပ်တည်းနိုင်ကြသောအခါ ထိုမီးစသည် တောမီးပမာဖြစ်သွားပါသည်။ ပြဿနာမပြေလည်နိုင်ဘဲ တမန်တော်တစ်ပါး ဝင်ဖြေရှင်း၊ ဆုံးမပေးရသည့်တိုင် ကြီးမားလာခဲ့သည်။—ဖိလိပ္ပိ ၄:၂၊ ၃။
သင့်စိတ်လှုပ်ရှားမှုများနှင့် သင့်ညီအစ်ကိုများ
၁၂။ ဒေသနာ ၇:၉ ပါအကြံပေးချက်ကို ဘုရားသခင်ကျွန်ုပ်တို့အားအဘယ်ကြောင့်ပေးတော်မူခဲ့သနည်း။
၁၂ မှန်ပါသည်။ မထီလေးစားပြုခံရသည်၊ စိတ်နာစရာဖြစ်သည်၊ သို့မဟုတ် အထင်အမြင်သေးခံရသည်ဟု ယူဆနေသည့်အခါ မိမိစိတ်ကိုချုပ်တည်းရန် မလွယ်ကူပါ။ ယင်းကို ယေဟောဝါသိတော်မူ၏။ အကြောင်းမူကား၊ လူ၏အစကနဦးကပင် လူမှုဆက်ဆံရေးကို ကိုယ်တော်ဂရုပြုတော်မူခဲ့ပြီ။ “အမျက်ထွက်သည့်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏” ဟုဘုရားသခင်ကျွန်ုပ်တို့အားဆုံးမတော်မူသည်။ (ဒေသနာ ၇:၉) ဘုရားသခင်သည် အပြုအမူကိုမဟုတ်ဘဲ စိတ်လှုပ်ရှားမှုကို ဦးစွာဂရုပြုကြောင်း သတိပြုပါ။ (သု၊ ၁၄:၁၇; ၁၆:၃၂; ယာကုပ် ၁:၁၉) ကိုယ့်ကိုယ်ကို ဤသို့မေးမြန်းပါ။ ‘ငါ့စိတ်လှုပ်ရှားမှုကိုချုပ်တည်းဖို့ ငါပိုသတိထားသင့်သလား။’
၁၃၊ ၁၄။ (က) ဤလောကတွင် စိတ်လှုပ်ရှားမှုကိုမချုပ်တည်းသည့်အတွက် အဘယ်သို့ဖြစ်ပျက်တတ်သနည်း။ (ခ) ခရစ်ယာန်များအား ရန်ငြိုးထားမှုကိုဖြစ်စေသည့်အရာများကား အဘယ်နည်း။
၁၃ ကိုယ့်စိတ်ကိုကိုယ်မချုပ်တည်းနိုင်သူ မြောက်မြားစွာတို့သည် မိမိကို၊ သို့မဟုတ် မိမိ၏အမျိုးတစ်ယောက်ကို တကယ်သော်လည်းကောင်း၊ အထင်အမြင်အရသော်လည်း ပြစ်မှားသည်ဟု ဆိုကာ ဆွေစဉ်မျိုးဆက် ရန်ငြိုး—နာကျည်းမှုဖြစ်သည်အထိ အကြမ်းဖက်မှု—ဖြစ်ပွားစေခဲ့ပြီ။ တစ်ကြိမ်စိတ်မချုပ်တည်းခြင်းကြောင့် ကြာမြင့်စွာအကျိုးယုတ်နိုင်ပါသည်။ (ကမ္ဘာဦး ၃၄:၁-၇၊ ၂၅-၂၇; ၄၉:၅-၇; ၂ ဓမ္မရာဇဝင် ၂:၁၇-၂၃; ၃:၂၃-၃၀; သု၊ ၂၆:၂၄-၂၆ နှိုင်းယှဉ်။) မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်ယဉ်ကျေးမှုနောက်ခံရှိသူဖြစ်စေ ခရစ်ယာန်များသိသင့်သည်ကား ဤကဲ့သို့သောမုန်းတီးမှု၊ ရန်ငြိုးထားမှုများသည် မှားယွင်း၍ မကောင်းသည့်အတွက် ရှောင်ကြဉ်သင့်ပါသည်။ (ဝတ်ပြုရာ ၁၉:၁၇) ရန်ငြိုးထားမှုကို ရှောင်ကြဉ်ခြင်းသည် စိတ်လှုပ်ရှားမှုနှင့်ပတ်သက်နေသော စိတ်ချုပ်တည်းခြင်းအဝင်ဖြစ်သည်ဟု သင်ယူမှတ်ပါသလော။
၁၄ ဧဝေါဒိနှင့်သုန္တုတ်တို့အဖြစ်အပျက်မှာကဲ့သို့ စိတ်လှုပ်ရှားမှုကိုမချုပ်တည်းခြင်းသည် ယခုလည်း ပြဿနာများဖြစ်ပေါ်စေနိုင်ပါသည်။ ထိမ်းမြားမင်္ဂလာပွဲသို့ ခေါ်ဖိတ်မခံရသည့်အတွက်၊ သို့မဟုတ် သူမ၏ကလေး၊ သူ၏ဆွေမျိုးတစ်ဦးကို မဖိတ်ခေါ်သည့်အတွက် ညီအစ်မတစ်ဦးသည် မိမိအားဥပေက္ခာပြုသည်ဟု ထင်မှတ်နေမည်။ ညီအစ်ကိုတစ်ဦးသည် ခရစ်ယာန်ချင်းတစ်ဦးထံမှ တစ်ပတ်နွမ်းကားတစ်စီးကို ဝယ်ခဲ့ကောင်းဝယ်ယူခဲ့ပေမည်။ နောက်များမကြာမီပင် ကားပျက်သွားသည်ဆိုပါစို့။ အကြောင်းရင်းကိုမသိရသော်လည်း ယင်းကြောင့် စိတ်နာစရာဖြစ်ပြီး စိတ်လှုပ်ရှားမှုကိုမချုပ်တည်းကြဘဲ ပတ်သက်သူတို့သည် စိတ်ဆိုးသွားကြပေမည်။ ယင်းနောက်ကော။
၁၅။ (က) ခရစ်ယာန်အချင်းချင်း ရန်ငြိုးထားရာမှ အဘယ်ဝမ်းနည်းစရာအဖြစ်အပျက်များ ပေါ်ပေါက်လာသနည်း။ (ခ) ရန်ငြိုးထားတတ်ခြင်းကို အဘယ်ကျမ်းစာသြဝါဒက ပေါ်လွင်စေသနည်း။
၁၅ စိတ်ထိခိုက်နေသူသည် မိမိစိတ်ကိုမချုပ်တည်းဘဲ ညီအစ်ကိုနှင့်အသင့်အတင့်ရှိရန် မကြိုးစားလျှင် ရန်ငြိုးထားမှု ဖြစ်ပေါ်လာနိုင်ပါသည်။ အသင်းတော်စာအုပ်ကြီးသင်တန်းတစ်ခုကိုတက်ရောက်သည့် ခရစ်ယာန်တချို့၊ သို့မဟုတ် မိသားစုတစ်စုကို “မကြိုက်” သည့်အတွက် ထိုအုပ်စုနှင့်မပေါင်းသင်းလိုကြောင်း တောင်းဆိုခဲ့သော သက်သေခံများရှိခဲ့ဖူးသည်။ ဝမ်းနည်းစရာပါတကား။ လောကီတရားရုံးများ၌ အချင်းချင်းအမှုဖွင့်ခြင်းသည် ခရစ်ယာန်များအတွက် ရှုံးနိမ့်မှုဖြစ်သည်ဟု သမ္မာကျမ်းစာဆိုထားပါသည်။ ထိုနည်းထပ်တူပင် တစ်ချိန်တစ်ခါက မိမိ၊ သို့မဟုတ် ဆွေမျိုးတစ်ဦးကို ပမာမခန့်၊ ဥက္ခောပြုမိခဲ့သောကြောင့် ညီအစ်ကိုတစ်ဦးကို ရှောင်ကြဉ်ခြင်းသည်လည်း ရှုံးနိမ့်ရာမဖြစ်ပေလော။ ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုက ညီအစ်ကိုအချင်းချင်း အသင့်အတင့်ရှိခြင်းထက် သွေးသားတော်စပ်မှုကို ရှေ့ထားကြောင်း ထင်ရှားနေပါသလော။ ညီအစ်မတစ်ဦးအတွက် အသက်စွန့်ပေးဖို့ အသင့်ရှိပါသည်ဟု ပြောဆိုပြီးနောက်မှ ယခုသူနှင့်စကားမပြောနိုင်သည့်တိုင် ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုကိုမချုပ်တည်းနိုင်ဘဲဖြစ်နေပါသလော။ (ယောဟန် ၁၅:၁၃ နှိုင်းယှဉ်။) ဘုရားသခင်သည် ဤသို့ရှင်းရှင်းလင်းလင်းမိန့်တော်မူသည်။ “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့။ ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။”—ရောမ ၁၂:၁၇-၁၉; ၁ ကောရိန္သု ၆:၇။
၁၆။ စိတ်လှုပ်ရှားမှုကို ကိုင်တွယ်ပုံနှင့်စပ်လျဉ်း၍ အာဗြဟံသည် အဘယ်ပုံသက်သေကောင်းကို တင်ပြခဲ့သနည်း။
၁၆ ရန်လိုမုန်းထားခြင်းကို တာရှည်စေမည့်အစား စိတ်ချုပ်တည်းနိုင်ရန် ပြုလုပ်နိုင်သည်ကား အသင့်အတင့်ရှိရန် ကြိုးစားခြင်း၊ သို့မဟုတ် အပြစ်တင်စရာအကြောင်းကို ဖြေရှင်းလိုက်ရန် ဖြစ်သည်။ အာဗြဟံနှင့်လောတ၏ တိရစ္ဆာန်အုပ်များအတွက် စားကျက်မလောက်ငသည့်အခါ သူတို့၏စာရင်းငှားများအချင်းချင်း ရန်ပွားခဲ့သည့်အချိန်ကို သတိရပါ။ အာဗြဟံသည် မိမိစိတ်ကိုမထိန်းချုပ်နိုင်ဘဲ ဖြစ်ခဲ့ပါသလော။ သို့မဟုတ် ချုပ်တည်းခြင်းတင်ပြခဲ့သလော။ ထိုပဋိပက္ခဖြစ်မှုကို အေးဆေးငြိမ်သက်စွာ ဖြေရှင်းနိုင်နည်းကို သူအကြံပြုခဲ့ခြင်းသည် ချီးမွမ်းစရာပင်။ ယင်းကား သီးခြားရပ်နယ်တွင် ခွဲနေထိုင်ရန်ဖြစ်သည်။ လောတအား ဦးဆုံးရွေးချယ်စေပါသည်။ နောင်တွင် လောတကိုကယ်ဆယ်ခြင်းငှာ စစ်တိုက်ပေးခဲ့ခြင်းက အာဗြဟံသည် စိတ်မနာ၊ ရန်ငြိုးလည်းမထားကြောင်း သက်သေထူသည်။—ကမ္ဘာဦး ၁၃:၅-၁၂; ၁၄:၁၃-၁၆။
၁၇။ တစ်ချိန်က ပေါလုနှင့်ဗာနဗ မည်သို့အားနည်းသွားသနည်း။ သို့သော် နောက်ပိုင်းတွင် မည်သို့ဖြစ်ပျက်ပါသနည်း။
၁၇ ပေါလုနှင့်ဗာနဗတို့၏ရှေးအဖြစ်အပျက်မှ ချုပ်တည်းခြင်းအကြောင်း ကျွန်ုပ်တို့လည်းသင်ယူနိုင်ပါသည်။ နှစ်ချီ၍ တွဲဖက်အမှုဆောင်ခဲ့ကြပြီးနောက်မှ မာကုကို ခရီးစဉ်တစ်ခု၌ ခေါ်ဆောင်သွားသင့်မသင့်ကိစ္စနှင့်ပတ်သက်ပြီး သူတို့သဘောကွဲလွဲခဲ့ကြသည်။ “ထိုအကြောင်းနှင့် အချင်းချင်းမသင့် [ပြင်းထန်စွာအမျက်ထွက်ကြ၊ ကဘ] သဖြင့် တခြားစီသွား၍ ဗာနဗသည် မာကုကိုခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။” (တမန်တော် ၁၅:၃၉) ဤရင့်ကျက်သောသူတို့သည် ထိုစဉ်က စိတ်ချုပ်တည်းမှုမရှိခဲ့ခြင်းအကြောင်းသည် ကျွန်ုပ်တို့အတွက် သတိပေးချက်တစ်ခုဖြစ်သင့်သည်။ သူတို့စပ်ကြား ဖြစ်ပျက်နိုင်ခဲ့မည်ဆိုလျှင် ကျွန်ုပ်တို့လည်း ဖြစ်ပျက်နိုင်ပါသည်။ သို့သော် တာရှည်သောစိတ်ဝမ်းကွဲမှု၊ သို့မဟုတ် ဆွေစဉ်မျိုးဆက် ရန်ငြိုးကိုလည်း မဖြစ်ပွားစေခဲ့ပါ။ မှတ်တမ်းအရ ပတ်သက်ခဲ့သောညီအစ်ကိုများသည် စိတ်လှုပ်ရှားမှုကိုပြန်ချုပ်တည်းနိုင်ကြပြီး နောင်တွင် သင့်တင့်စွာ ပူးပေါင်းအမှုဆောင်ခဲ့ကြောင်း သက်သေထူသည်။—ကောလောသဲ ၄:၁၀; ၂ တိမောသေ ၄:၁၁။
၁၈။ စိတ်ထိခိုက်နေမည်ဆိုလျှင် ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် မည်သို့ပြုလုပ်နိုင်မည်နည်း။
၁၈ ဘုရားသခင့်လူမျိုးစပ်ကြား စိတ်ထိခိုက်ခြင်း၊ ရန်ငြိုးထားခြင်းပင်လျှင် ရှိနိုင်စရာအကြောင်းရှိ၏။ ဟေဗြဲခေတ်နှင့် တမန်တော်များခေတ်တွင် ယင်းတို့ရှိခဲ့ပါသည်။ ကျွန်ုပ်တို့အားလုံးသည် မစုံလင်သူများဖြစ်ကြရာ ဤခေတ်သမယ ယေဟောဝါ၏ကျေးကျွန်များအလယ်တွင်လည်း ရှိနေပါသည်။ (ယာကုပ် ၃:၂) ညီအစ်ကိုချင်းတွင် ဖြစ်ပွားသော ဤပြဿနာများကို ချက်ချင်းဖြေရှင်းလိုက်ရန် တပည့်နောက်လိုက်များအား ယေရှုတိုက်တွန်းတော်မူခဲ့သည်။ (မဿဲ ၅:၂၃-၂၅) သို့သော် စိတ်ချုပ်တည်းနိုင်စွမ်း တိုး၍တိုး၍ရှိလာစေခြင်းအားဖြင့် အစကနဦးကတည်းက ယင်းတို့မပေါ်ပေါက်လာစေရန် တားဆီးပေးခြင်းသည် သာ၍ကောင်းပေသည်။ သင့်ညီအစ်ကို၊ သို့မဟုတ် ညီအစ်မပြောဆိုသည့်စကား၊ သို့မဟုတ် ပြုမူသည့်အမှုငယ်ကလေးတစ်ခုကြောင့် သင့်အားမထီလေးစားပြုသည်၊ သို့မဟုတ် စိတ်ထိခိုက်စရာဖြစ်သည်ဟု ခံစားရလျှင် သင့်စိတ်လှုပ်ရှားမှုကိုချုပ်တည်းပြီး လုံးလုံးမေ့ပျောက်လိုက်လျှင် မကောင်းပေလော။ ထိုသူသည် မိမိအမှားကိုမိမိဝန်ခံမှ ကျေနပ်မည့်သဘောထားမျိုးဖြင့် သူတစ်ဖက်သားနှင့် ရင်ဆိုင်ဖြေရှင်းရန် အမှန်လိုအပ်ပါသလော။ သင့်စိတ်လှုပ်ရှားမှုကိုသင် မည်မျှချုပ်တည်းနိုင်ပါသနည်း။
ဖြစ်နိုင်ပါသည်
၁၉။ စိတ်လှုပ်ရှားမှုကိုချုပ်တည်းခြင်းအကြောင်း အာရုံပြုဆွေးနွေးခြင်းသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။
၁၉ ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုကိုချုပ်တည်းခြင်းနှင့်ပတ်သက်သည့် အကြောင်းတစ်ခုဖြစ်သော စိတ်ကိုချုပ်တည်းခြင်းကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီ။ ယင်းသည် အဓိကကဏ္ဍတစ်ခုဖြစ်သည်။ အကြောင်းမူကား၊ စိတ်ကိုမချုပ်တည်းနိုင်လျှင် လျှာကိုဖြစ်စေ၊ ရာဂစိတ်ကိုဖြစ်စေ၊ အစားအသောက်ကိုဖြစ်စေ၊ ချုပ်တည်းခြင်းရှိရမည့် ဘဝကဏ္ဍအသီးအသီးကို မချုပ်တည်းနိုင်ဘဲ ဖြစ်သွားနိုင်ပါသည်။ (၁ ကောရိန္သု ၇:၈၊ ၉; ယာကုပ် ၃:၅-၁၀) သို့သော် အားယူပါ။ အကြောင်းမူကား၊ ချုပ်တည်းခြင်းကို တည်တံ့ပွားများစေနိုင်ပါသည်။
၂၀။ တိုးတက်မှုရှိမည်ဟု ကျွန်ုပ်တို့မည်သို့စိတ်ချနိုင်ပါသနည်း။
၂၀ ယေဟောဝါရှင်သည် ကျွန်ုပ်တို့ကိုကူညီပေးရန် အသင့်ရှိပါသည်။ မည်သို့စိတ်ချနိုင်သနည်း။ ကိုယ်တော်၏ဝိညာဉ်အသီးတစ်သီးမှာ ချုပ်တည်းခြင်းဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုကြောင့် ယေဟောဝါထံတော်မှ သန့်ရှင်းသောဝိညာဉ်တော်ကိုခံစားရရန် အရည်အချင်းပြည့်မီဖို့၊ ယင်း၏အသီးကိုသီးဖို့ ကြိုးစားသည့်အတိုင်းအတာနှင့်အညီ ချုပ်တည်းမှုပိုရှိလာရန် မျှော်လင့်နိုင်ကြပါသည်။ “ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်” ဟူသောယေရှု၏အာမခံချက်ကို ဘယ်သောအခါမျှ မမေ့လျော့ကြနှင့်။—လုကာ ၁၁:၁၃; ၁ ယောဟန် ၅:၁၄၊ ၁၅။
၂၁။ စိတ်ချုပ်တည်းခြင်းနှင့် သင့်စိတ်လှုပ်ရှားမှုတို့နှင့်ပတ်သက်၍ နောင်တွင် မည်သို့ပြုလုပ်ရန် စိတ်ဆုံးဖြတ်ထားပါသနည်း။
၂၁ လွယ်ကူလိမ့်မည်ဟူ၍ မယူဆပါနှင့်။ ကိုယ့်စိတ်လှုပ်ရှားမှုကိုမချုပ်တည်း လွတ်ကနဲပြောဆိုလုပ်ကိုင်တတ်သူအချို့၊ သို့မဟုတ် ချုပ်တည်းမှုလုံးဝမရှိသူတို့နှင့်အတူ ကြီးပြင်းလာသူများအတွက် ပိုခက်ခဲလိမ့်မည်။ ဤကဲ့သို့သောခရစ်ယာန်တစ်ဦးအတွက်ဆိုလျှင် ချုပ်တည်းခြင်းရှိစေ၍ ပြည့်လျှံစေရန် တကယ့်စိန်ခေါ်ချက်ဖြစ်ပေမည်။ သို့ဖြစ်သော်လည်း အောင်မြင်နိုင်ပါသည်။ (၁ ကောရိန္သု ၉:၂၄-၂၇) လက်ရှိအစီအစဉ်စနစ်၏အဆုံးသို့ နီးသည်ထက်နီးလာလေ ဖိစီးမှုများနှင့်အကျပ်အတည်းများ တိုးများလာမည်ဖြစ်သည်။ ချုပ်တည်းမှုလျှော့ပစ်ရမည်မဟုတ်ဘဲ ပိုမိုတင်ပြရန်လိုပေမည်။ သင့်ချုပ်တည်းမှုအရည်အချင်းကို စစ်ဆေးကြည့်ပါ။ တိုးတက်စရာလိုနေသည့်ကဏ္ဍများကို တွေ့ရှိပါက ကြိုးစားပါ။ (ဆာလံ ၁၃၉:၂၃၊ ၂၄) ဝိညာဉ်တော်တန်ခိုး များများသွန်းလောင်းပေးသနားတော်မူပါဟု ဘုရားသခင်အား တောင်းပန်ပါ။ သင့်ဆုပတ္ထနာကို ကိုယ်တော်ကြားနာတော်မူပြီး ချုပ်တည်းခြင်းရှိစေ၍ ပြည့်လျှံစေရန် မစတော်မူလိမ့်မည်။—၂ ပေတရု ၁:၅-၈။
ပြန်ပေါ်လွင်စေရန် အချက်များ
◻ သင့်စိတ်လှုပ်ရှားမှုကိုချုပ်တည်းခြင်းသည် အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။
◻ ဟာမန်၊ ဧဝေါဒိနှင့် သုန္တုတ်တို့၏ပုံသက်သေမှ အဘယ်သင်ခန်းစာရသနည်း။
◻ စိတ်ထိခိုက်စရာအကြောင်းပေါ်လာမည်ဆိုလျှင် အမှန်အတိုင်း အဘယ်အရာကို ကြိုးစားပြုလုပ်မည်နည်း။
◻ မည်သည့်ရန်ငြိုးမျှမရှိခြင်းငှာ ချုပ်တည်းခြင်းသည် မည်သို့ကူညီပေးနိုင်ပါသနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဖေလဇ်နှင့်ဒြုသိလေတို့ရှေ့တွင် ပေါလုသည် ဖြောင့်မတ်မှုနှင့် ချုပ်တည်းမှုအကြောင်းပြောခဲ့