ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၈/၁၅ စာ. ၂၇-၃၀
  • သက်ကြီးရွယ်အိုများကို ခရစ်ယာန်များ မည်သို့ကူညီပေးနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သက်ကြီးရွယ်အိုများကို ခရစ်ယာန်များ မည်သို့ကူညီပေးနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သစ္စာရှိသည့် ကူဖော်လှောင်ဖက်
  • စီစဉ်ပေးခြင်းသည် တန်ဖိုးရှိ
  • သေခြင်းကိုကွေကွင်းနိုင်ဟန်မရှိသည့်အခါ
  • ကျွန်ုပ်တို့အားလုံးနှင့်ဆိုင်သော တာဝန်
  • ခရစ်ယာန်မိသားစုသည် သက်ကြီးရွယ်အိုများကို ကူညီသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုတို့ကို ယေဟောဝါ သတိရတော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်း–ခရစ်ယာန်တာဝန်တစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သက်ကြီးရွယ်အိုများကို ခရစ်ယာန်မေတ္တာပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၈/၁၅ စာ. ၂၇-၃၀

သက်ကြီးရွယ်အိုများကို ခရစ်ယာန်များ မည်သို့ကူညီပေးနိုင်

“ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏။ အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသောအရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက် ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြ” ၏။ ကောရိန္သုအသင်းသားများထံ ပေါလု၏ဒုတိယစာစောင်ကိုရေးသားစဉ် သူ ဤသို့ဆိုခဲ့သည်။—၂ ကောရိန္သု ၄:၁၆-၁၈။

ရှေးခေတ်က ယုံကြည်ခြင်းရှိ အမျိုးသားအမျိုးသမီးများသည် မထင်ရှားသော အရာတို့ကို ကြည့်မှတ်နေကြသည်။ ယင်းတို့တွင် ကိုယ်တော်သတ်မှတ်သည့်အချိန်တွင် ပြုလုပ်တော်မူမည်ဟု သူတို့၏ဘုရားသခင် ယေဟောဝါကတိထားတော်မူသည့်အရာများ ပါဝင်ပါသည်။ ဟေဗြဲကျမ်းစောင်တွင် သေသည့်တိုင် သစ္စာတည်ကြည်ခဲ့သည့် ဤကဲ့သို့သောသူများ—အချို့ဆိုလျှင် အိုမင်းရင့်ရော်သည့်တိုင် အသက်ရှင်ရာ—ပေါလုချီးမွမ်းခဲ့သည်။ သူတို့သည် ကျွန်ုပ်တို့အတွက် ပုံသက်သေဖြစ်ကြောင်း ဤသို့ဖော်ညွှန်းထားသည်။ “သူတို့အပေါင်းသည် ကတိတော်နှင့်ဆိုင်သောအကျိုးကျေးဇူးများကို မခံစားရဘဲ အဝေးကမျှော်လင့်လျက် စိတ်နှလုံးနှင့်ဖက်ယမ်း . . . ကြ၏။”—ဟေဗြဲ ၁၁:၁၃။

ယနေ့ ဤကတိတော်များပြည့်စုံမည့်အချိန်သို့ရောက်ရန် အလွန်နီးကပ်နေပြီ။ သို့သော် ဤအစီအစဉ်စနစ်ဆိုး၏အဆုံးအထိ မိမိတို့အသက်ရှင်နိုင်လိမ့်မည်ဟု မယူမှတ်သော မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများ ကျွန်ုပ်တို့နှင့်အတူ ရှိနေသေးသည်။ ဤသူတို့၏ မျက်မှောက်သက်တမ်းအတွင်း ကတိတော်အားလုံး ပြည့်စုံခြင်းကို မတွေ့ရဘဲ ယုံကြည်ခြင်းရှိရှိ အချို့သူများသေလွန်ကြပေမည်။ ဤကဲ့သို့သောသူများအား ၂ ကောရိန္သု ၄:၁၆–၁၈ ပါပေါလု၏စကားများသည် အားယူစရာဖြစ်နိုင်ပါလိမ့်မည်။

မမာမကျန်းဖြစ်သူနှင့် သက်ကြီးရွယ်အိုများအပါအဝင် သစ္စာရှိသူအားလုံးကို ယေဟောဝါရှင် မှတ်မိတော်မူ၏။ (ဟေဗြဲ ၆:၁၀) သစ္စာရှိသက်ကြီးရွယ်အိုများကို သမ္မာကျမ်းစာတွင် ကြိမ်ဖန်များစွာ ဂုဏ်တင်ဖော်ပြထားပါသည်။ မောရှေ၏ပညတ္တိကျမ်းတွင် အိုမင်းရင့်ရော်သူများကို ရိုသေရမည်ဟု အထူးမှာကြားထားသည်။ (ဝတ်ပြုရာ ၁၉:၃၂; ဆာလံ ၉၂:၁၂-၁၅; သု၊ ၁၆:၃၁) အစောပိုင်းခရစ်ယာန်များခေတ်က သက်ကြီးရွယ်အိုများကို တလေးတစားဆက်ဆံခဲ့သည်။ (၁ တိမောသေ ၅:၁-၃။ ၁ ပေတရု ၅:၅) ကျမ်းစာစောင်တစ်စောင်တွင် အသက်အရွယ်ကြီးရင့်လာနေသော ယောက္ခမကို အမျိုးသမီးငယ်တစ်ဦး ဂရုစိုက်ပြုစု၍ စိတ်လှုပ်ရှားဖွယ်ကောင်းစွာ ကိုယ်ကျိုးစွန့်ခဲ့ခြင်းအကြောင်း ကြည်နူးဖွယ်ကောင်းအောင် ဖော်ပြထားပါသည်။ ထိုကျမ်းစာစောင်အမည်မှာ ယင်းအမျိုးသမီးငယ်၏အမည်၊ ရုသဟုခေါ်ထားခြင်းသည် လျောက်ပတ်ပေသည်။

သစ္စာရှိသည့် ကူဖော်လှောင်ဖက်

အသက်အရွယ်ကြီးရင့်လာနေသော နောမိအတွက် သူ့အသက်တာဘဝသည် ခါးသီးနာကြည်းဖွယ်ဖြစ်နေပါသည်။ ငတ်မွတ်ခေါင်းပါးမှုကြောင့် မိသားစုငယ်ကလေးနှင့်အတူ မိတ်ဆွေများ၊ ယုဒပြည်ရှိ အမွေကိုပါစွန့်လွှတ်ပြီး ယော်ဒန်မြစ်၏ အရှေ့ဘက်၊ မောဘပြည်တွင် သွားရောက်နေထိုင်ခဲ့ရသည်။ ဤတွင် နောမိ၏ခင်ပွန်းကွယ်လွန်ပြီး သားနှစ်ယောက်နှင့် ကျန်ရစ်ခဲ့သည်။ သူတို့သည် ကြီးပြင်းလာ၍အိမ်ထောင်ပြုကြပြီးနောက် သူတို့ပါ သေဆုံးသွားကြသည်။ နောမိမှာ အမွေခံမည့်သူများမရှိ၊ သူမကို ကြည့်ရှုမည့်သူမရှိဘဲ ဖြစ်ရရှာသည်။

သူမသည် အိုမင်းရင့်ရော်လွန်း၍ အိမ်ထောင်ပြန်ပြုနိုင်ရန်အခြေအနေတွင်မရှိပါ။ သူမအတွက် အဘယ်မျှော်လင့်ချက်မျှ ရှိပုံမရချေ။ ကိုယ်ကျိုးမကြည့်ဘဲ သူမသည် သားနှစ်ယောက်၏မုဆိုးမများဖြစ်သော ရုသနှင့်သြရပတို့ကို သူတို့၏မိခင်များအိမ်သို့ ပြန်လွှတ်ကာ လင်ကောင်းသားကောင်းရစေလိုခဲ့သည်။ သူမမှာမူ ဇာတိမြေသို့ တစ်ဦးတည်းပြန်သွားမည်ဖြစ်သည်။ ယနေ့လည်း သက်ကြီးရွယ်အိုအချို့သည် အထူးသဖြင့် ချစ်မြတ်နိုးရသော ကွယ်လွန်သူများရှိမည်ဆိုလျှင် အလွန်စိတ်ဓာတ်ကျကြပေမည်။ နောမိနည်းတူ သူတို့ကိုပြုစုစောင့်ရှောက်ပေးမည့်သူ တစ်ဦးတစ်ယောက်လိုအပ်နေပေမည်။ သို့သော် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်လိုကြပါ။

သို့ရာတွင် ရုသသည် ယောက္ခမကို စွန့်ပစ်မထားခဲ့ပါ။ ဤသက်ကြီးရွယ်အိုအမျိုးသမီးကို သူမအလွန်ချစ်သည်။ နောမိကိုးကွယ်သော ယေဟောဝါဘုရားသခင်ကိုလည်း သူမချစ်မြတ်နိုးပါသည်။ (ရုသ ၁:၁၆) ထိုကြောင့် သူတို့သည် ယုဒပြည်သို့ အတူတူပြန်သွားကြသည်။ ထိုတိုင်းပြည်တွင် ယေဟောဝါ၏ပညတ်အရ စပါးရိတ်သိမ်းပြီးသောအခါ ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ၊ ဆင်းရဲသောသူများအတွက် ချန်ခြွင်းရမည်ဟူသော မေတ္တာပါအစီအစဉ်ရှိပါသည်။ အသက်ပိုငယ်သူ ရုသက “သွား၍ . . . ကောက်ပါရစေ” ဟုစိတ်စေတနာပါပါ ပြောဆိုခဲ့သည်။ သူမသည် နှစ်ဦးစလုံးအတွက် မမောမပန်း လုပ်ကိုင်ခဲ့သည်။—ရုသ ၂:၂၊ ၁၇၊ ၁၈။

ယေဟောဝါကို ရုသ သစ္စာတည်ကြည်၊ ချစ်မြတ်နိုးခြင်းက နောမိအတွက် အားရစရာဖြစ်ခဲ့ပါသည်။ သို့ဖြစ်၍ သူမသည် အပြုသဘောပါပါ စတွေးတောစဉ်းစားလေတော့သည်။ ပညတ္တိကျမ်းနှင့် တိုင်းပြည်၏ထုံးစံများကို သူမကောင်းစွာသိထားခြင်းက ယခုအကျိုးများစွာရှိနေသည်။ မိမိကို သစ္စာရှိစွာ ကူညီမစပေးသောအမျိုးသမီးအား ပညာရှိရှိ အကြံဉာဏ်ကောင်းများပေးခဲ့ပါသည်။ ယင်းက မရီးကိုသိမ်းယူခြင်းဖြင့် ဆွေစဉ်မျိုးဆက်မပြတ်စေဘဲ အမွေဆက်ခံနိုင်မည့်သားမွေးရန် အိမ်ထောင်ပြုခြင်းဖြစ်သည်။ (ရုသ အခန်းကြီး ၃) မမာမကျန်းဖြစ်သူ၊ သို့မဟုတ် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးခြင်းငှာ ကိုယ်ကျိုးစွန့်သူများအတွက် ရုသသည် အလွန်နှစ်လိုဘွယ်ပုံသက်သေဖြစ်ပါသည်။ (ရုသ ၂:၁၀-၁၂) ယနေ့ အသင်းတော်တွင် မမာမကျန်းဖြစ်သူနှင့် သက်ကြီးရွယ်အိုများကိုပါ ကူညီပေးခြင်းငှာ ထပ်တူပင်ပြုလုပ်ပေးနိုင်စရာ မြောက်မြားစွာရှိပါသည်။ မည်သို့အားဖြင့်နည်း။

စီစဉ်ပေးခြင်းသည် တန်ဖိုးရှိ

အစောပိုင်းခရစ်ယာန်အသင်းတော်တွင် ကာယရေးအရ ထောက်ပံ့ကူညီမှုလိုသောမုဆိုးမများ၏ နာမည်စာရင်းရှိပါသည်။ (၁ တိမောသေ ၅:၉၊ ၁၀) ထိုနည်းအတိုင်းပင် ယနေ့လည်း အထူးဂရုစိုက် ကြည့်ရှုသင့်သော မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများ၏ နာမည်စာရင်းကို အကြီးအကဲများ ပြုစုထားပေမည်။ အချို့အသင်းတော်များတွင် အကြီးအကဲတစ်ဦးအား ယင်းကိုပြုစုဖို့ အထူးတာဝန်ပေးထားပါသည်။ သက်ကြီးရွယ်အိုများစွာတို့သည် အကူအညီမတောင်းသောနောမိနည်းတူဖြစ်သဖြင့် ဤတာဝန်ရသောညီအစ်ကိုအနေနှင့် အခြေအနေကိုသုံးသပ်ကြည့်ပြီး—ပါးနပ်လိမ္မာ၊ အလိုက်သိသိ—လိုအပ်ရာများကို ဆောင်ရွက်ပေးဖြစ်အောင် ဆောင်ရွက်ပေးသင့်ပါသည်။ ဥပမာ၊ နိုင်ငံတော်ခန်းမတွင် မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများကို သက်ညှာစွာဖြင့်ပြုလုပ်ထားသည့် ပြင်ဆင်ချက်များရှိမရှိ ကြီးကြပ်ပေးနိုင်မည်။ ဖြစ်နိုင်မည်ဆိုလျှင် ဘီးတပ်ကုလားထိုင်များအတွက် ဆင်ခြေလျှောလမ်း၊ အဆင်ပြေသည့် အိမ်သာ၊ နားလေးသူများအတွက် နားကြပ်၊ သာမန်ခုံများနှင့်မတူသည့် ထိုင်ခုံများအတွက် သီးသန့်နေရာ အစရှိသည်တို့ကို စီစဉ်ပေးပါမည်။ နိုင်ငံတော်ခန်းမသို့မလာနိုင်သူအားလုံးအတွက် စည်းဝေးများကို တိတ်ခွေတွင်အသံသွင်း ငှားပေး၍ ကြားနာစေရန် စီစဉ်ပေးနိုင်ပါမည်။

အစည်းအဝေးများ၊ စည်းဝေးပွဲကြီးများ တက်ရောက်နိုင်ရန် ကြိုပို့ပေးဖို့လည်း လိုပေမည်။ သက်ကြီးရွယ်အိုညီအစ်မတစ်ဦးသည် မိမိအား အစည်းအဝေးသို့ မှန်မှန်ကြိုပို့ပေးသူ မရှိသည့်အတွက် အခက်အခဲကြုံခဲ့ပါသည်။ လူအတော်များများကို ဖုန်းဆက်မေးမြန်းပြီးနောက်မှ သူမအား ကြိုပို့ပေးနိုင်မည့်သူကို တွေ့ရှိခဲ့ရာ မိမိသည် သူတစ်ပါးကို ဒုက္ခပေးနေသည်ဟု ခံစားမိသည်။ သူမ၏အရေးကိစ္စကို အကြီးအကဲတစ်ဦး စီစဉ်ဆောင်ရွက်ပေးမည်ဆိုလျှင် သူ့ခမျာ ဤသို့အားနာစရာအကြောင်း ဖြစ်ပေါ်မည်မဟုတ်ပါ။

သက်ကြီးရွယ်အိုများအိမ်သို့ အလှည့်ကျ လည်ပတ်ပေးနိုင်မည့်အိမ်ထောင်စုများ ရှိမရှိ ဤအကြီးအကဲ မေးမြန်းစီစဉ်ပေးနိုင်ဦးမည်။ ဤနည်းအားဖြင့် သက်ကြီးရွယ်အိုများကို ဂရုစိုက်ခြင်းသည် ခရစ်ယာန်တစ်ဦး၏တာဝန်ဖြစ်ကြောင်းကို သားသမီးများပါ သိနားလည်သွားပါလိမ့်မည်။ ဤတာဝန်ကို မပျက်မကွက်ထမ်းဆောင်တတ်ရန် ကလေးများပါ သင်ယူသင့်သည်။ (၁ တိမောသေ ၅:၄) “သက်ကြီးရွယ်အိုများနဲ့ မမာမကျန်းသူများဆီကို ကလေးများနဲ့ လူငယ်များ ကိုယ်စိတ်နဲ့ကိုယ် လည်ပတ်သွားတာကို ကျွန်တော် မတွေ့ရသေးဘူး” ဟုတိုက်နယ်ကြီးကြပ်မှူးတစ်ဦးက ဆိုသည်။ ဤသို့ပြုရမည်ကို သူတို့မစဉ်းစားမိ၍လည်းကောင်း၊ သို့မဟုတ် ဘာသွားလုပ်ရမည်၊ ဘာပြောရမည်ကို မသိ၍လည်းကောင်း ဖြစ်ကောင်းဖြစ်မည်။ ယင်းကို မိဘများ သွန်သင်ပေးနိုင်ပေမည်။

သို့သော် ဧည့်သည်လာမည့်အကြောင်းကို သက်ကြီးရွယ်အိုအများစုအနေနှင့် ကြိုတင်သိထားလိုလိမ့်မည်ကိုကား သတိရပါ။ သို့ဖြင့် ဧည့်သည်ကိုမျှော်ရသည့် ပျော်ရွှင်မှုကိုပါ သူတို့ခံစားရမည်။ ဧည့်သည်များသည် ကော်ဖီ၊ သို့မဟုတ် ကိတ်မုန့် အစရှိသည့် စားစရာများ ယူလာခဲ့မည်၊ စားသုံးပြီးနောက် ဆေးကြောပေးမည်ဆိုလျှင် သက်ကြီးရွယ်အိုအတွက် အလုပ်ပိုဖြစ်စေမည်မဟုတ်ပါ။ အင်အားရှိသေးသည့် သက်ကြီးရွယ်အိုမောင်နှံစုံတစ်စုံသည် တစ်ပတ်လျှင်တစ်ကြိမ် စားသောက်စရာအနည်းငယ်ကိုထုပ်ပိုးပြီး အသင်းတော်ရှိ အခြားသက်ကြီးရွယ်အိုများထံ မှန်မှန်လည်ပတ်သွားတတ်ပါသည်။ သူတို့ အလည်အပတ်လာကြခြင်းကို အားလုံး နှစ်သက်သဘောကျကြပါသည်။

သက်ကြီးရွယ်အိုများစွာအတွက် အသင်းတော်အများက နေ့လည်ချိန်တွင် အသင်းတော်စာအုပ်ကြီးသင်တန်းများ ကျင်းပပေးပါသည်။ တစ်နေရာတွင် ဤကဲ့သို့သောအုပ်စုကလေးကို မိသားစုအချို့နှင့် တစ်ကိုယ်ရေကြေညာသူများ ထောက်ပံ့ကူညီပေးနိုင်မည်လောဟု မေးမြန်းခဲ့သည်။ အကျိုးရလဒ်ကား သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများ တစ်ဦးကိုတစ်ဦး ဂရုစိုက်ပေးနိုင်သည့် စာအုပ်ကြီးသင်တန်းအုပ်စုလေးဖြစ်လာပါသည်။

ဤအရေးကိစ္စကို အကြီးအကဲများသာ စဆောင်ရွက်ပြုစုရမည်ဟု သဘောမထားသင့်ပါ။ မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများ၏ လိုအပ်ရာများကို ကျွန်ုပ်တို့အားလုံး သတိပြုရမည်။ နိုင်ငံတော်ခန်းမတွင် သူတို့ကိုအချိန်ယူနှုတ်ဆက်စကားပြောဆိုနိုင်ပါသည်။ သူတို့ကိုကြုံတုန်းပေါင်းသင်းဖို့ ဖိတ်ခေါ်မည်ဆိုလျှင် ဝမ်းသာကြပါလိမ့်မည်။ သို့မဟုတ် ပျော်ပွဲစားထွက်ဖို့၊ အတူတကွခရီးရှည်ထွက်ဖို့ပင် သူတို့အား ဖိတ်ခေါ်နိုင်သည်။ သက်သေခံတစ်ဦးသည် မြို့ပြင်သို့ အလုပ်ကိစ္စနှင့်သွားရသည့်အခါ သက်ကြီးရွယ်အိုကြေညာသူများကို ကားစီးခေါ်သွားတတ်ပါသည်။ သက်ကြီးရွယ်အိုများသည် အရေးပါအရာရောက်တုန်းပင်ဖြစ်သည်ဟု ခံစားရရန် ကူညီပေးဖို့ အရေးကြီးပါသည်။ နောမိပြုလုပ်ချင်သကဲ့သို့ သီးခြားနေလိုသည့်သဘောသူတို့ကိုမဖြစ်စေပါနှင့်။ ယင်းစိတ်ထားသည် အရွယ်ကျမြန်စေမည်၊ သို့မဟုတ် အလျင်စလို ငယ်မူပြန်စေမည်။

အင်္ဂါချို့တဲ့သော၊ သို့မဟုတ် မမာမကျန်းဖြစ်နေသော လူငယ်များကိုလည်း ဂရုပြုရန်လိုသည်။ မပျောက်နိုင်သောရောဂါရှိ မမာမကျန်းသည့်သားသုံးဦး၏ဖခင်၊ ယခု နှစ်ဦးသေဆုံးပြီဖြစ်သော သက်သေခံတစ်ဦးက “ကြာရှည်ဖျားနာနေသူတစ်ဦးကို အသင်းတော်အနေနှင့် ဆက်ဂရုစိုက်ပေးနေရန် မလွယ်ပါ။ တာဝန်သိတတ်သော ကြေညာသူငယ်များကို နေ့စဉ်ကျမ်းချက်ဖတ်ပေးရန်၊ အိပ်ရာထဲလဲနေရသော မိတ်ဆွေအား ကျမ်းစာမှ အခန်းတစ်ခန်းကို နေ့စဉ်သွားဖတ်ပေးရန် တာဝန်ခွဲခန့်ထားလျှင် မကောင်းပေလော။ ရှေ့ဆောင်များအပါအဝင် လူငယ်များသည် အလှည့်ကျ တာဝန်ယူနိုင်ပါလိမ့်မည်။”

သေခြင်းကိုကွေကွင်းနိုင်ဟန်မရှိသည့်အခါ

ယေဟောဝါ၏ကျေးကျွန်များသည် ဖျားနာမှုကြောင့်သော်လည်းကောင်း၊ ညှဉ်းပန်းနှိပ်စက်မှုကြောင့်သော်လည်းကောင်း သေရမည့်အကြောင်းပေါ်လျှင် ယင်းကို ရဲရင့်စွာရင်ဆိုင်ခဲ့ကြသည်။ သေဖို့နီးပြီဟု ဒုက္ခသည်များယူမှတ်ကြသည့်အခါ စိတ်လှုပ်ရှားမှုအမျိုးမျိုးကို သူတို့ခံစားရခြင်းသည် ဓမ္မတာပင်။ သူတို့ကွယ်လွန်ပြီးနောက်တွင် ဆွေမျိုးတို့သည်လည်း ပြောင်းလဲသည့်အခြေအနေ၊ ဝမ်းနည်းပူဆွေးရသည့်ကာလနှင့် နောက်ဆုံး အရှိကိုအရှိအတိုင်း လက်ခံနိုင်မည့်အချိန်ကို ဖြတ်ကျော်ရလိမ့်မည်။ ထိုကြောင့် မမာမကျန်းဖြစ်သူသည် ယာကုပ်၊ ဒါဝိဒ်နှင့်ပေါလုတို့နည်းတူ သေခြင်းအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုလျှင် ကောင်းပေမည်။—ကမ္ဘာဦး၊ အခန်းကြီး ၄၈ နှင့် ၄၉; ၃ ဓမ္မရာဇဝင် ၂:၁-၁၀; ၂ တိမောသေ ၄:၆-၈။

ဆရာဝန်ဖြစ်သည့် သက်သေခံတစ်ဦး ဤသို့ရေးသားခဲ့သည်။ “ဤအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုရမည်။ လူနာသည် ကုသမရသည်အထိ ဖျားနာနေသည်ကို ဝှက်ထားခြင်းသည် အဘယ်အကျိုးမျှမရှိကြောင်း ကျွန်တော့်အလုပ်တွင် တွေ့ရှိခဲ့ပြီ။” မည်သို့ဆိုစေကာမူ လူနာကိုယ်တိုင်သိလိုသည့်အကြောင်း၊ ယင်းကို သူအဘယ်အခါသိလိုကြောင်းကို သဘောပေါက်ရန်လိုသည်။ သေဆုံးချိန်နီးကပ်နေကြောင်း ကိုယ်တိုင်သတိပြုမိသည်ကို လူနာအချို့က တင်ပြကြသည်။ ယင်းအကြောင်းနှင့်ပတ်သက်၍ သူတို့၏အကြံအစည်များ၊ သူတို့၏ခံစားချက်များကို ဆွေးနွေးရန် လိုပါသည်။ အခြားသူများသည်ဆက်လက် မျှော်လင့်ချက်ထားပုံရရာ မိတ်ဆွေများလည်း အတူတကွမျှော်လင့်ကြရန် လိုသည်။—ရောမ ၁၂:၁၂-၁၅ နှိုင်းယှဉ်။

သေခါနီးသောသူတစ်ဦးသည် မောလွန်းလှ၍၊ သို့မဟုတ် တွေဝေနေသဖြင့် ဆုတောင်းရန် ခဲယဉ်းနေမည်။ ဤကဲ့သို့သောလူနာတစ်ဦးက ရောမ ၈:၂၆၊ ၂၇ ပါ ဘုရားသခင်သည် “နှုတ်မမြွက်နိုင်သောညည်းတွားခြင်း” တို့ကိုသိတော်မူကြောင်း သဘောပေါက်ထားမည်ဆိုလျှင် စိတ်သက်သာမှုရရှိကောင်းရရှိမည်။ ဤကဲ့သို့သောစိတ်ဖိစီးမှုခံရသည့်အချိန်မျိုးတွင် ဆုတောင်းချက်အတွက် စကားလုံးရှာတွေ့ရန် အခက်အခဲကြုံနေလိမ့်မည်ဟု ယေဟောဝါသိတော်မူ၏။

ဖြစ်နိုင်သည့်အချိန်၌ လူနာနှင့်အတူတကွဆုတောင်းရန် အရေးကြီးသည်။ ညီအစ်ကိုတစ်ဦး ဤသို့ပြောပြပါသည်။ “ကျွန်တော့်အမေအသက်ငင်နေလို့ စကားပြောဖို့တောင် ခွန်အားမရှိတဲ့အချိန်မှာ သူနဲ့အတူ ဆုတောင်းစေလိုတယ်ဆိုတာကို လက်ဆုပ်ပြပြီး ပြောခဲ့တယ်။ ဆုတောင်းပြီးတဲ့အခါ အမေက သီချင်းဆိုဝါသနာပါတဲ့အတွက် ဘုရားသခင့်နိုင်ငံတော်သီချင်းတစ်ပုဒ်ကို ကျွန်တော်တို့ဆိုကြတယ်။ အစမှာတော့ တေးသံကိုဖြည်းဖြည်းညည်းတယ်။ နောက်ဆက်ပြီး စကားလုံးများကို တိုးတိုးဆိုကြတယ်။ အဲ့ဒါကို သူ သဘောကျတယ်ဆိုတာလည်း တင်ပြခဲ့တယ်။ ယေဟောဝါသက်သေများအနေနဲ့ ကျွန်တော်တို့ဆိုကြတဲ့သီချင်းတွေဟာ ကိုယ်တိုင် မဖော်ပြနိုင်တဲ့ခံစားချက်များကို ရုပ်လုံးပေါ်စေတယ်။”

အသက်ငင်နေသူတစ်ဦးနှင့် စကားပြောဆိုခြင်းငှာ မေတ္တာ၊ လိမ္မာပါးနပ်မှုနှင့် သက်ညှာမှုတင်ပြရန် လိုပါသည်။ ဧည့်သည်တစ်ဦးအနေနှင့် တည်ဆောက်မှုပေးမည့်၊ ခွန်အားရှိစေမည့် အကြောင်းများကို ပြောဆိုရန် ကြိုတင်ပြင်ဆင်ထားနိုင်သည်။ အခြားသူများနှင့်ပတ်သက်သည့် အပြုသဘောမပါသောစကားများ၊ သူတို့၏ပြဿနာများကို မဆွေးနွေးရန် သတိပြုသင့်သည်။ ထို့ပြင် ဧည့်လည်ချိန်ကို တော်ရုံသင့်ရုံဖြစ်စေရန် ဂရုစိုက်သင့်သည်။ လူနာသည် သတိမရပုံရှိနေသည့်တိုင် ပြောဆိုသမျှကို သူကြားနိုင်သေးကြောင်းကို မှတ်ထားလျှင် ကောင်းပေမည်။ ထိုကြောင့် သင်ပြောဆိုသမျှကို သတိပြုပါ။

ကျွန်ုပ်တို့အားလုံးနှင့်ဆိုင်သော တာဝန်

မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများကို ပြုစုကြည့်ရှုခြင်းသည် ကြီးလေးသောတာဝန်ဖြစ်သည်။ လူနာနှင့် သွေးသားတော်စပ်မှု အနီးဆုံးသူများအတွက်ဆိုလျှင် ကာယရေးအရနှင့် စိတ်ဓာတ်ရေးအရပါ အတော်ထိခိုက်ပါမည်။ ထိုကြောင့် အသင်းသားများ၏အကူအညီ၊ သူတို့၏နားလည်မှုပြခံရခြင်းကို ရထိုက်ပါသည်။ မိသားစုမှ၊ သို့မဟုတ် ယုံကြည်သူချင်းဖြစ်သည့် မမာမကျန်းသူကို ပြုစုကြည့်ရှုပေးသူများသည် တစ်ခါတစ်ရံ စည်းဝေးပျက်ကွက်မည်၊ သို့မဟုတ် လယ်ကွင်းလုပ်ငန်း၌ ပါဝင်ချိန် လျော့နည်းသွားဦးတော့ သူတို့သည် မှန်ကန်ရာကို လုပ်ဆောင်နေကြပါသည်။ (၁ တိမောသေ ၅:၈ နှိုင်းယှဉ်။) ဤသူများသည် အသင်းတော်၏နားလည်မှုပြသောသဘောထားကြောင့် အားရှိပါလိမ့်မည်။ တစ်ခါတစ်ရံ ခါတိုင်းပြုစုကြည့်ရှုသူသည် စည်းဝေးတက်နိုင်ရန်၊ သို့မဟုတ် ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်နိုင်ရန် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးသည် ခေတ္တတာဝန်လွှဲယူပေးမည်ဆိုလျှင် ကောင်းပေမည်။

အသင်ကိုယ်တိုင်ပင် မမာမကျန်းဖြစ်နေပါက သင့်အနေနှင့်လည်း ပြုလုပ်နိုင်စရာရှိပါသည်။ မျှော်လင့်ချက်မရှိ၊ အကူအညီမဲ့မှုကြောင့် လူနာသည် စိတ်နာကြည်းနိုင်မည်။ သို့သော် နာကြည်းသောစိတ်သည် ဘာသိဘာသာနေလိုသည့်သဘောရှိစေ၍ ယင်းကို အခြားသူများ သဘောမကျပါ။ ယင်းအစား ကျေးဇူးတင်ကြောင်းပြောဆိုသည့်အပြင် သူတစ်ပါးနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနိုင်ပါသည်။ (၁ သက်သာလောနိတ် ၅:၁၈) ဝေဒနာခံစားနေရသူများအတွက် ဆုတောင်းပေးပါ။ (ကောလောသဲ ၄:၁၂) ကျမ်းစာပါ အံ့ချီးဘွယ်အမှန်တရားတို့ကို ဆင်ခြင်သုံးသပ်ပါ။ ယင်းတို့ကို ဧည့်သည်များနှင့် ဆွေးနွေးပါ။ (ဆာလံ ၇၁:၁၇၊ ၁၈) ဘုရားသခင့်လူမျိုး၏ ယုံကြည်ခြင်းတိုးပွားစေသည့် တိုးတက်မှုနှင့် ရင်ပေါင်တန်းနေဖို့ စိတ်အားထက်သန်စွာကြိုးစားပါ။ (ဆာလံ ၄၈:၁၂-၁၄) ဤပျော်ရွှင်မှုပေးသော တိုးတက်မှုများအတွက် ယေဟောဝါကို ကျေးဇူးတင်ပါ။ မွန်းတည့်နေထက် နေဝင်ချိန်ခါနေရောင်ခြည်မှ ကြည်နူးချမ်းမြေ့ဖွယ်အရသာရသကဲ့သို့ ဤအကြောင်းအရာများကို ဆင်ခြင်သုံးသပ်ခြင်းသည် ကျွန်ုပ်တို့ဘဝအသက်တာ၏ နေဝင်ချိန်ကို ကျက်သရေအထူးထည်ဝါစေသည်။

အထူးသဖြင့် ခဲယဉ်းကျပ်တည်းသောအခါတွင် သံခမောက်ကဲ့သို့ ကျွန်ုပ်တို့၏စိတ်ကို ကာကွယ်ပေးသည့် မျှော်လင့်ချက်ကိုထိန်းသိမ်းပေးရန် အားလုံးကြိုးစားတိုက်လှန်သင့်ပါသည်။ (၁ သက်သာလောနိတ် ၅:၈) ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့် ယင်း၏ယုံကြည်စိတ်ချရသော အခြေခံတရားကို ဆင်ခြင်သုံးသပ်ရန်ကောင်းပါသည်။ အိုမင်းရင့်ရော်မှုကြောင့် ဖျားနာခြင်း၊ အားပျော့နွမ်းလျမှုမရှိမည့် အချိန်အခါကို စိတ်ချယုံကြည်စွာ စောင့်မျှော်နေနိုင်ပါသည်။ ထိုအခါ လူတိုင်းကျန်းမာမည်။ သေလွန်သူများပင် ပြန်လာလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) ဤ “မထင်ရှားသောအရာတို့” ကို ကျွန်ုပ်တို့၏ယုံကြည်ခြင်းမျက်စိ၊ ဉာဏ်မျက်စိဖြင့် တွေ့မြင်ကြပါသည်။ ယင်းတို့ကို မျက်ခြည်မပြတ်စေပါနှင့်။—ဟေရှာယ ၂၅:၈; ၃၃:၂၄; ဗျာဒိတ် ၂၁:၃၊ ၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ