ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၉/၁၅ စာ. ၉-၁၄
  • ခံနိုင်ရည်—ခရစ်ယာန်များအတွက် အရေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခံနိုင်ရည်—ခရစ်ယာန်များအတွက် အရေးပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခံနိုင်ရည်ရှိခြင်း—အဘယ်အဓိပ္ပာယ်ရှိ
  • ခံနိုင်ရည်—အဘယ်ကြောင့်နည်း
  • အဆုံးတိုင်အောင် ခံနိုင်ရည်ရှိ—မည်သို့အားဖြင့်နည်း
  • “ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • အောင်ပွဲရစေသည့် ခံနိုင်ရည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၉/၁၅ စာ. ၉-၁၄

ခံနိုင်ရည်—ခရစ်ယာန်များအတွက် အရေးပါ

“သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို . . . ခံနိုင်ရည်ရှိခြင်းဖြင့် . . . ထပ်လောင်းဖြည့်စွက်ပေး . . . ကြလော့။” —၂ ပေတရု ၁:၅၊ ၆၊ သက။

၁၊ ၂။ ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့် အဆုံးတိုင်အောင် ခံနိုင်ရည်ရှိရန် လိုအပ်သနည်း။

အသက် ၉၀ ကျော်ရှိ ခရစ်ယာန်ချင်းတစ်ဦးထံ နယ်လှည့်ကြီးကြပ်မှူးနှင့်ဇနီးတို့ အလည်အပတ်ရောက်နေသည်။ ထိုသူသည် အချိန်ပြည့်ဓမ္မအမှုတွင် ဆယ်စုနှစ်များစွာ ပါဝင်ခဲ့ဖူးသူဖြစ်သည်။ စကားစမြည်ပြောဆိုကြစဉ် အသက်ကြီးရင့်သောညီအစ်ကိုသည် နှစ်များတစ်လျှောက် သူခံစားခဲ့ရသော အခွင့်အရေးအချို့အကြောင်း စားမြုံ့ပြန်ခဲ့သည်။ “ဒါပေမဲ့ အခု ငါဘာမှမလုပ်နိုင်တော့ဘူး” ဟုဝမ်းနည်းစွာပြောဆိုစဉ် မျက်ရည်များစီးဆင်းလာသည်။ နယ်လှည့်ကြီးကြပ်မှူးက မိမိ၏ကျမ်းစာကိုဖွင့်၍ ယေရှု၏စကား “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည် [ခံနိုင်ရည်ရှိ၊ ကဘ] ၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” ကိုကိုးကားရန် မဿဲ ၂၄:၁၃ ကိုဖွင့်ဖတ်ပြခဲ့သည်။ ထိုနောက် မြတ်နိုးထိုက်သောညီအစ်ကိုအား ကြီးကြပ်မှူး ကြည့်ကာ “ကျွန်တော်တို့အားလုံး လုပ်ကိုင်နိုင်သမျှဟာနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အဆုံးတိုင်ခံနိုင်ရည်ရှိခြင်းဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးတာဝန်ဖြစ်တယ်” ဟူ၍ပြောပါသည်။

၂ မှန်ပေသည်။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့အားလုံး ဤအစီအစဉ်စနစ်၏အဆုံး၊ သို့မဟုတ် ကျွန်ုပ်တို့၏အသက်တာအဆုံးတိုင်အောင် ခံနိုင်ရည်ရှိရန်ဖြစ်သည်။ ကယ်တင်ခြင်းရရန် ယေဟောဝါနှစ်သက်မှုရှိဖို့အတွက် အခြားနည်းလမ်းမရှိပါ။ အသက်ရှင်ရေးပြိုင်ပွဲတွင် ကျွန်ုပ်တို့ပါဝင်နေကြ၍ ပန်းမဝင်မချင်း “ခံနိုင်ရည်ရှိစွာ ပြေးကြ” ရမည်။ (ဟေဗြဲ ၁၂:၁၊ ကဘ) ခရစ်ယာန်ချင်းတို့အား “သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို . . . ခံနိုင်ရည်ရှိခြင်းဖြင့် . . . ထပ်လောင်းဖြည့်စွက်ပေး . . . ကြလော့” ဟုတမန်တော်ပေတရုတိုက်တွန်းခဲ့ရာတွင် ဤအရည်အချင်းရှိရန် အရေးကြီးကြောင်း အလေးအနက်ဖော်ပြခဲ့သည်။ (၂ ပေတရု ၁:၅၊ ၆၊ သက) သို့သော် ခံနိုင်ရည်ရှိခြင်းမည်သည်ကား အဘယ်နည်း။

ခံနိုင်ရည်ရှိခြင်း—အဘယ်အဓိပ္ပာယ်ရှိ

၃၊ ၄။ ခံနိုင်ရည်ရှိခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။

၃ ခံနိုင်ရည်ရှိရန်လိုသည်ဟု ဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ “ခံနိုင်ရည်ရှိ” (ဟိုက်ပိုမီနို) အတွက် ဂရိကြိယာ၏စာသားအတိုင်းအဓိပ္ပာယ်မှာ “ဖြစ်မြဲအတိုင်းနေသည် သို့မဟုတ် ဆက်နေသည်” ဖြစ်၏။ သမ္မာကျမ်းစာတွင် ယင်းစကားလုံး ၁၇ ကြိမ်ပါသည်။ အဘိဓာန်ပြုစုသူ ဒဘလျူ. ဘော်အာ၊ အက်ဖ်. ဒဘလျူ. ဂင်ဂရစ်ချ်နှင့် အက်ဖ်. ဒင်ကာတို့အရဆိုလျှင် “ထွက်ပြေးမည့်အစား ဆက်နေသည် . . . မရွေ့မရှား တည်မြဲတည်နေ၊ ကြံ့ကြံ့ခံသည်” အဓိပ္ပာယ်ရှိပါသည်။ “ခံနိုင်ရည်” အတွက် ဂရိနာမ် (ဟိုက်ပိုမိုနီ) သည် အကြိမ် ၃၀ ကျော်ပါသည်။ ယင်းနှင့်ပတ်သက်၍ ဝီလျမ် ဘားကလေး၏ ဓမ္မသစ်ဝေါဟာရကျမ်းက “အောင့်အည်းနေရုံဖြင့်သာမဟုတ်ဘဲ တောက်ပသောမျှော်လင့်ချက်ဖြင့် အရာခပ်သိမ်းကို သည်းခံနိုင်သည့်စိတ်ထားဖြစ်သည်။ . . . လေဘက် မျက်နှာပြုကာ မားမားရပ်တည်စေသည့် အရည်အချင်းဖြစ်သည်။ နာကျင်မှုနောက်ဝယ် ရည်မှန်းချက်ပန်းတိုင်ကို တွေ့မြင်ထားသည့်အတွက် အခဲယဉ်းဆုံးစုံစမ်းခြင်းကို ဂုဏ်ယူနိုင်စရာအဖြစ် ယူမှတ်စေနိုင်သည့် အကျင့်သီလပင်ဖြစ်သည်” ဟုဆိုသည်။

၄ ထို့ကြောင့် ခံနိုင်ရည်သည် မရွေ့မရှား တည်မြဲတည်နေရန်၊ အတားအဆီး သို့မဟုတ် အခက်အခဲများကြား မျှော်လင့်ချက်မပျောက်သွားရန် အထောက်အကူပြုသည်။ (ရောမ ၅:၃-၅) ယင်းသည် လက်ရှိခံနေရသောနာကျင်မှုကိုကျော်လွန်၍ ပန်းတိုင်ဖြစ်သော—ကောင်းကင် သို့မဟုတ် မြေကြီးပေါ် ထာဝရအသက်ဆုကျေးဇူး—ကိုရှုမျှော်ပါသည်။—ယာကုပ် ၁:၁၂။

ခံနိုင်ရည်—အဘယ်ကြောင့်နည်း

၅။ (က) ခရစ်ယာန်အားလုံး “ခံနိုင်ရည်ရှိ” ရန်အဘယ်ကြောင့်လိုသနည်း။ (ခ) စုံစမ်းခြင်းများကို အဘယ်အမျိုးအစားနှစ်ခုသို့ ခွဲခြားတင်ပြနိုင်သနည်း။

၅ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့အားလုံး “ခံနိုင်ရည်ရှိရမည်။” (ဟေဗြဲ ၁၀:၃၆၊ ကဘ) အဘယ်ကြောင့်နည်း။ အကြောင်းရင်းကား “အထူးထူးအပြားအပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံ” ရသောကြောင့်ဖြစ်သည်။ ယာကုပ် ၁:၂ ပါဤဂရိကျမ်းချက်က လူတစ်ယောက်ဓားပြနှင့်ရင်ဆိုင်ရသည့်အဖြစ်ကဲ့သို့ မမျှော်မလင့်ဘဲ သို့မဟုတ် မလိုလားဘဲ ကြုံတွေ့ရသည့်အဖြစ်ကို ဆိုလိုပုံရှိသည်။ (လုကာ ၁၀:၃၀ နှိုင်းယှဉ်။) အမျိုးအစားနှစ်ခုအဖြစ် ခွဲခြားတင်ပြထားသည့် စုံစမ်းခြင်းများကို ကျွန်ုပ်တို့ ကြုံတွေ့ကြရသည်။ မွေးရာပါအပြစ်တရားကြောင့် လူတို့ကြုံတွေ့နေကြစမြဲနှင့် ဘုရားရေးရာဝတ်ပြုမှုကြောင့် ကြုံတွေ့ရသော စုံစမ်းခြင်းများဖြစ်သည်။ (၁ ကောရိန္သု ၁၀:၁၃; ၂ တိမောသေ ၃:၁၂) ဤစုံစမ်းခြင်းများအနက် အချို့ကား အဘယ်နည်း။

၆။ ပြင်းထန်သောဝေဒနာခံရသည့်ရောဂါရစဉ် သက်သေခံတစ်ဦးသည် ခံနိုင်ရည်ရှိကြောင်း မည်သို့ပြခဲ့သနည်း။

၆ စိုးရိမ်စရာရှိသောဖျားနာမှု။ တိမောသေနည်းတူ “မကြာမကြာခံရသောရောဂါ” တို့ကို ခရစ်ယာန်အချို့ခံရပ်ကြရသည်။ (၁ တိမောသေ ၅:၂၃) အထူးသဖြင့် အလွန်နာကျင်သည့် နာတာရှည်ရောဂါရှိလျှင် ဘုရားသခင့်အကူအညီဖြင့် ခံနိုင်ရည်ရှိရန်၊ မရွေ့မရှား တည်မြဲတည်နေပြီး ကျွန်ုပ်တို့၏ခရစ်ယာန်မျှော်လင့်ချက်ကို မျက်ခြည်မပြတ်စေရန် လိုပါသည်။ ဥပမာ၊ အလျင်အမြန်ကြီးထွားနေသည့် အသက်အန္တရာယ်ရှိသောအကျိတ်အခဲကို ကြာမြင့်စွာတိုက်လှန်ခဲ့ရသော အသက် ၅၀ ကျော်ပိုင်းရှိ သက်သေခံတစ်ဦး၏ ပုံသက်သေကို သုံးသပ်ကြည့်ကြစို့လေ။ သူ၏ဆုံးဖြတ်ချက်အတိုင်း တည်ကြည်စွာဖြင့် သွေးသွင်းမခံဘဲ နှစ်ကြိမ်ခွဲစိတ်ကုသခံခဲ့ပါသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) သို့သော် ထိုအကျိတ်အခဲသည် ဝမ်းဗိုက်တွင် ပြန်ပေါ်လာကာ ကျောရိုးအနီး၌ ဆက်ကြီးထွားလာပါသည်။ ယင်းသို့ကြီးထွားနေဆဲ၊ ဆေးဝါးမည်မျှသုံးစွဲစေကာမူ မသက်သာဘဲ ပြင်းထန်သောနာကျင်မှုဝေဒနာကို သူခံစားရရှာသည်။ မည်သို့ဆိုစေ လက်ရှိနာကျင်မှုထက် ကမ္ဘာသစ်တွင်ရမည့် အသက်ဆုကို သူမျှော်မှန်းခဲ့သည်။ သို့ဖြစ်၍ ဆရာဝန်များ၊ သူနာပြုများနှင့် ဧည့်သည်များအား သူ၏တောက်ပသောမျှော်လင့်ချက်ကို ဆက်ပြောပြပါသည်။ အဆုံးတိုင်အောင်—သူကွယ်လွန်ချိန်—အထိ သူခံနိုင်ရည်ပြခဲ့ပါသည်။ သင့်ကျန်းမာရေးအခြေအနေသည် ထိုချစ်မြတ်နိုးရသောညီအစ်ကို ခံစားခဲ့ရသောရောဂါမျှ အသက်အန္တရာယ်ဖြစ်ခြင်း၊ သို့မဟုတ် နာကျင်ခြင်း ရှိချင်မှရှိမည်။ သို့သော် ခံနိုင်ရည်နှင့်စပ်လျဉ်း၍ အကြီးအကျယ်စုံစမ်းခြင်းတစ်ရပ် ဖြစ်ကောင်းဖြစ်ပေမည်။

၇။ ဝိညာဏညီအစ်ကိုညီအစ်မအချို့ ခံနိုင်ရည် တင်ပြကြရာတွင် အဘယ်နာကျင်မှုမျိုး ခံရစရာအကြောင်းရှိသနည်း။

၇ စိတ်ခံစားချက်ဆိုင်ရာ နာကျင်မှု။ “စိတ်ကြေကွဲခြင်း” ဖြစ်စေသည့် “ညှိုးငယ်ခြင်း” ကို ယေဟောဝါ၏လူအချို့ တစ်ခါတစ်ရံ ကြုံတွေ့တတ်ကြသည်။ (သု. ၁၅:၁၃) ဤ “ခဲယဉ်းသောကာလ” တွင် အပြင်းအထန်စိတ်ဓာတ်ကျဆင်းခြင်းသည် ဖြစ်စမြဲပင်။ (၂ တိမောသေ ၃:၁) ၁၉၉၂၊ ဒီဇင်ဘာ ၅ ရက်ထုတ် သိပ္ပံသတင်း က “၁၉၁၅ ခုနှစ်ကတည်းက ဆက်တိုက်မွေးဖွားလာသည့် လူမျိုးဆက်တစ်ခုစီ၌ရှိသော ချိနဲ့စေ၍ ပြင်းထန်သည့် စိတ်ဓာတ်ကျဆင်းမှုနှုန်းသည် တိုးများလာနေကြောင်း” ဖော်ပြခဲ့သည်။ ဤသို့စိတ်ဓာတ်ကျဆင်းရသည့်အကြောင်း အမျိုးမျိုးရှိကာ ခန္ဓာဓာတ်သဘာဝမှစ၍ မနှစ်မြို့ဖွယ် နာကျည်းစရာအတွေ့အကြုံများအထိ ဖြစ်နိုင်သည်။ ခရစ်ယာန်အချို့အတွက်ဆိုလျှင် စိတ်ခံစားချက်ဆိုင်ရာ နာကျင်မှုခံနေရစဉ် မရွေ့မရှား တည်မြဲတည်နေရန် နေ့စဉ်ခုခံတိုက်လှန်ရခြင်းပါဝင်မည်။ သို့ဖြစ်လျက်ပင် သူတို့လက်မလျှော့ကြပါ။ မျက်ရည်များကြား ယေဟောဝါကို သစ္စာတည်ကြည်နေကြပါသည်။—ဆာလံ ၁၂၆:၅၊ ၆ နှိုင်းယှဉ်။

၈။ ငွေရေးကြေးရေးဘက် အဘယ်စမ်းသပ်မှု ခံရကောင်းခံရမည်နည်း။

၈ ကျွန်ုပ်တို့ရင်ဆိုင်ရသော စုံစမ်းခြင်းအမျိုးမျိုးတွင် အလွန့်အလွန်စီးပွားရေးကျပ်တည်းခြင်းပါဝင်ပေမည်။ အမေရိကန်နိုင်ငံ၊ နယူးဂျာစီနယ်ရှိ ညီအစ်ကိုတစ်ဦးသည် ရုတ်တရက်အလုပ်လက်မဲ့ဖြစ်သွားသောအခါ သူ၏အိမ်ထောင်ကို ကျွေးမွေးပြုစုခြင်းနှင့် အိုးအိမ်မဲ့မဖြစ်ရေးနှင့်ပတ်သက်၍ အလွန်စိုးရိမ်ခဲ့ရရှာသည်။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို သူမျက်ခြည်မပြတ်ခဲ့ပါ။ အခြားအလုပ်တစ်ခုကို ရှာနေစဉ် အခွင့်အရေးယူကာ အရန်ရှေ့ဆောင်ပါသည်။ နောက်ဆုံး အလုပ်ရလေသည်။—မဿဲ ၆:၂၅-၃၄။

၉။ (က) ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးမှုသည် ခံနိုင်ရည်ပြရန် မည်သို့အကြောင်းပေါ်စေမည်နည်း။ (ခ) ဝမ်းနည်းမှုကြောင့်မျက်ရည်များကျခြင်းသည် မမှားကြောင်း အဘယ်ကျမ်းချက်များက တင်ပြသနည်း။

၉ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားခြင်းကို သင်ခံစားခဲ့ရလျှင် သင့်ဝန်းကျင်ရှိသူများ သူတို့၏ပုံမှန်အလုပ်အကိုင်များ ပြန်လုပ်ကိုင်ကြသည့်နောက် အသင်သည် ခံနိုင်ရည်ရှိခြင်း တင်ပြရန် လိုအပ်ပေမည်။ နှစ်စဉ်နှစ်တိုင်း သင့်ချစ်မြတ်နိုးရသူ သေဆုံးခဲ့သောအချိန်ခန့်တွင် မခံမရပ်နိုင်အောင် ဖြစ်ကောင်းဖြစ်ပေမည်။ ဤသို့ကွဲကွာရခြင်းအတွက် ဝမ်းနည်းပူဆွေးခြင်း၊ မျက်ရည်များကျခြင်းသည် မမှားပါ။ မိမိချစ်မြတ်နိုးရသူအတွက် ပူဆွေးခြင်းသည် သဘာဝပင်ဖြစ်၍ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ယုံကြည်မှုလျော့နည်း၍ မဟုတ်ပါ။ (ကမ္ဘာဦး ၂၃:၂; ဟေဗြဲ ၁၁:၁၉ နှိုင်းယှဉ်။) လာဇရုသေဆုံးပြီးနောက် “သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟု စိတ်ချလက်ချ ယေရှုမိန့်တော်မူခဲ့သော်လည်း “မျက်ရည်ကျတော်မူ၏။” လာဇရု ထမြောက်ခဲ့ပေသည်။—ယောဟန် ၁၁:၂၃၊ ၃၂-၃၅၊ ၄၁-၄၄။

၁၀။ ယေဟောဝါ၏လူမျိုးသည် ခံနိုင်ရည်ရှိရန် အဘယ်ကြောင့်ထူးခြားစွာ လိုအပ်သနည်း။

၁၀ လူတိုင်းကြုံတွေ့လေ့ရှိသောစုံစမ်းခြင်းများကို ခံရပ်သည့်အပြင် ယေဟောဝါ၏လူတို့သည် ခံနိုင်ရည်ရှိခြင်းကို ထူးခြားစွာတင်ပြရန် လိုအပ်ပါသည်။ “ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်” ဟုယေရှုသတိပေးတော်မူသည်။ (မဿဲ ၂၄:၉) ကိုယ်တော်က “သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်” ဟူ၍လည်း မိန့်တော်မူသည်။ (ယောဟန် ၁၅:၂၀) အဘယ်ကြောင့်မုန်းတီးညှဉ်းဆဲခြင်း ခံကြရသနည်း။ အကြောင်းမူကား၊ ဤကမ္ဘာပေါ် ဘုရားသခင့်ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့အသက်ရှင်သည့်ကာလ ယေဟောဝါအပေါ် ကျွန်ုပ်တို့၏သမာဓိရှိခြင်းကို စာတန် ကြိုးစားချိုးဖျက်လိမ့်မည်ဖြစ်သောကြောင့်တည်း။ (၁ ပေတရု ၅:၈; ဗျာဒိတ် ၁၂:၁၇ နှိုင်းယှဉ်။) သို့ပြုခြင်းငှာ စာတန်သည် ညှဉ်းပန်းနှိပ်စက်ကြရန် မကြာခဏမြှောက်ထိုးပင့်ကော်ပြုခဲ့ရာ ကျွန်ုပ်တို့၏ခံနိုင်ရည်သည် အပြင်းအထန်စုံစမ်းခံရပါသည်။

၁၁၊ ၁၂။ (က) ၁၉၃၀ ပြည့်လွန်နှစ်များနှင့် ၁၉၄၀ အစောပိုင်းနှစ်များတွင် ယေဟောဝါသက်သေများနှင့် သူတို့၏သားသမီးများသည် ခံနိုင်ရည်နှင့်ပတ်သက်၍ အဘယ်စမ်းသပ်ချက် ခံခဲ့ရသနည်း။ (ခ) အထိမ်းအမှတ်ကို ယေဟောဝါသက်သေများ အဘယ်ကြောင့် အလေးမပြုကြသနည်း။

၁၁ ဥပမာ၊ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်းနှင့် ၁၉၄၀ ပြည့်လွန်နှစ်အစောပိုင်းတွင် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံရှိ ယေဟောဝါသက်သေများနှင့် သူတို့၏သားသမီးများသည် ဩတ္တပ္ပစိတ်ကို အကြောင်းပြု၍ နိုင်ငံအထိမ်းအမှတ်ကို အလေးမပြုကြသောကြောင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ သက်သေခံများသည် သူတို့နေထိုင်သောနိုင်ငံ၏ အထိမ်းအမှတ်ကို လေးစားကြပါသည်။ သို့သော် “အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်. . . ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်” သင့်ထံမှ ခြွင်းချက်မရှိ ကိုးကွယ်ဝတ်ပြုမှုကို တောင်းခံပါသည်ဟုဆိုသော ထွက်မြောက်ရာ ၂၀:၄၊ ၅ ပါဘုရားသခင့်ပညတ်၏မူအတိုင်း ပြုမူကြပါသည်။ ယေဟောဝါဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်လိုသည့်အတွက် သက်သေခံကျောင်းသူကျောင်းသားများ ကျောင်းထုတ်ခံရသောအခါ သူတို့အား သွန်သင်ပို့ချပေးခြင်းငှာ သက်သေခံများသည် ကျောင်းများကို ဖွင့်ပေးခဲ့ကြရသည်။ ယနေ့ သဘောပေါက်နားလည်မှုရှိလာသောနိုင်ငံများနည်းတူ သူတို့၏ဘာသာရေးအနေအထားကို အမေရိကန်နိုင်ငံ၏ တရားရုံးချုပ်သည် အသိအမှတ်ပြုလာသောခါ ဤကျောင်းသူကျောင်းသားများအား အစိုးရကျောင်းများ၌ ပြန်တက်ခွင့်ပြုခဲ့ကြသည်။ သို့ရာတွင် ယနေ့ အထူးသဖြင့် ကျမ်းစာစံချိန်များအတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားသဖြင့် ကဲ့ရဲ့ခံရသည့် ခရစ်ယာန်လူငယ်များအတွက် ဤသတ္တိပြောင်မြောက်သောလူငယ်များ၏ ခံနိုင်ရည်သည် အလွန်ကောင်းသောပုံသက်သေဖြစ်ပါသည်။—၁ ယောဟန် ၅:၂၁။

၁၂ ကျွန်ုပ်တို့ကြုံတွေ့ရသည့် စုံစမ်းခြင်းအမျိုးမျိုး—လူတို့ ကြုံတွေ့စမြဲနှင့် ကျွန်ုပ်တို့၏ခရစ်ယာန်ယုံကြည်ခြင်းကြောင့် ကြုံတွေ့ရသောစုံစမ်းခြင်းနှစ်မျိုးစလုံး—က ကျွန်ုပ်တို့၌ ခံနိုင်ရည်ရှိရန်လိုကြောင်း တင်ပြပါသည်။ သို့သော် ခံနိုင်ရည်မည်သို့ရှိနိုင်မည်နည်း။

အဆုံးတိုင်အောင် ခံနိုင်ရည်ရှိ—မည်သို့အားဖြင့်နည်း

၁၃။ ခံနိုင်ရည်ကို ယေဟောဝါ မည်သို့ဖြည့်စွက်ပေးသနည်း။

၁၃ ဘုရားသခင်၏လူမျိုးသည် ယေဟောဝါကိုမကိုးကွယ်သူများထက် အမှန်အခွင့်ထူးရှိပါသည်။ အကူအညီလိုတိုင်း “ခံနိုင်ရည်ဖြည့်စွက်ပေးသောဘုရားသခင်” ကိုအသနားခံနိုင်ပါသည်။ (ရောမ ၁၅:၅၊ ကဘ) သို့သော် ယေဟောဝါသည် ခံနိုင်ရည်ကို မည်သို့ဖြည့်စွက်ပေးတော်မူသနည်း။ တစ်နည်းကား ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ခံနိုင်ရည်ရှိ ပုံသက်သေများအားဖြင့် ဖြစ်သည်။ (ရောမ ၁၅:၄) ယင်းတို့ကို ဆင်ခြင်သုံးသပ်ကြစဉ် ခံနိုင်ရည်ရှိရန် အားပေးတိုက်တွန်းခံရသည်သာမက မည်သို့ခံနိုင်ရည်ရှိရမည့်အကြောင်းများကိုလည်း သိရှိစေပါသည်။ ထူးခြားသောပုံသက်သေနှစ်ရပ်—သတ္တိရှိသော ယောဘ၏ခံနိုင်ရည်နှင့် အပြစ်ဆိုဖွယ်ရာမရှိသော ယေရှုခရစ်၏ခံနိုင်ရည်—ကို သုံးသပ်ကြည့်ပါ။—ဟေဗြဲ ၁၂:၁-၃; ယာကုပ် ၅:၁၁။

၁၄၊ ၁၅။ (က) အဘယ်စုံစမ်းခြင်းများကို ယောဘခံရပ်ခဲ့ရသနည်း။ (ခ) စုံစမ်းခြင်းများကို ခံနိုင်ရည်ရှိစွာဖြင့် ယောဘ မည်သို့ရင်ဆိုင်ခဲ့သနည်း။

၁၄ အဘယ်အခြေအနေများကြောင့် ယောဘ၏ခံနိုင်ရည်သည် စမ်းသပ်ခံခဲ့ရသနည်း။ သူ၏စည်းစိမ်ဥစ္စာကို ဆုံးရှုံးခဲ့သောအခါ စီးပွားရေးအလွန်ကျပ်တည်းခဲ့သည်။ (ယောဘ ၁:၁၄-၁၇; ယောဘ ၁:၃ နှိုင်းယှဉ်။) သားသမီးဆယ်ယောက်စလုံး လေမုန်တိုင်းကြောင့်သေဆုံးသွားသောအခါ ဝမ်းနည်းပူဆွေးခဲ့ရသည်။ (ယောဘ ၁:၁၈-၂၁) စိုးရိမ်ဖွယ်ဖြစ်၍ အလွန်နာကျင်သည့်ရောဂါကို သူခံခဲ့ရသည်။ (ယောဘ ၂:၇၊ ၈; ၇:၄၊ ၅) သူ၏ဇနီးကိုယ်တိုင် ဘုရားသခင်ကိုစွန့်ပယ်လိုက်ရန် တိုက်တွန်းခဲ့သည်။ (ယောဘ ၂:၉) ရင်းနှီးသောမိတ်ဆွေများက စိတ်နာစရာ၊ ကြင်နာမှုကင်းမဲ့၍ မဟုတ်မမှန်သောစကားများကို ပြောဆိုခဲ့ကြသည်။ (ယောဘ ၁၆:၁-၃ နှင့် ယောဘ ၄၂:၇ နှိုင်းယှဉ်။) သို့ရာတွင် ဤသို့ခံခဲ့ရသော်လည်း ယောဘသည် မရွေ့မရှား တည်မြဲတည်နေ၍ သမာဓိကို စောင့်သိခဲ့သည်။ (ယောဘ ၂၇:၅) သူကြုံတွေ့ခဲ့ရသောအဖြစ်ဆိုးများသည် ယနေ့ ယေဟောဝါ၏လူမျိုး ကြုံကြိုက်နေရသော စုံစမ်းခြင်းများနှင့် ဆင်တူယိုးမှားဖြစ်သည်။

၁၅ ထိုစုံစမ်းခြင်းအားလုံးတို့ကို ယောဘ ခံနိုင်ရည်ရှိရှိ မည်သို့ရင်ဆိုင်သွားနိုင်ခဲ့သနည်း။ ယောဘအား အထူးခွန်အားပေးခဲ့သည့်အရာတစ်ခုကား မျှော်လင့်ချက်ပင်ဖြစ်သည်။ “သစ်ပင်ကိုခုတ်သော်လည်း အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မျှော်လင့်စရာရှိ၏” ဟုသူပြောဆိုခဲ့သည်။ (ယောဘ ၁၄:၇) ယောဘ၌ အဘယ်မျှော်လင့်ချက် ရှိပါသနည်း။ နောက်အခန်းငယ်အနည်းငယ်တွင် သူဆက်သတိပြုစေသည့်အတိုင်း “လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ . . . အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ” ဖြစ်သည်။ (ယောဘ ၁၄:၁၄၊ ၁၅) မှန်ပါသည်။ လက်ရှိနာကျင်မှုကို ပဓာနမပြုခဲ့ပါ။ သူ၏စုံစမ်းခြင်းများကို အစဉ်ခံစားနေရမည်မဟုတ်ကြောင်း သူသဘောပေါက်ပါသည်။ အလွန်ဆုံးဆိုလျှင် သေသည့်တိုင်သာ သူခံနိုင်ရည် ပြဖို့ရှိသည်။ သူ၏မျှော်လင့်ချက်မှာ လူသေတို့ကို မေတ္တာရှိစွာ ရှင်ပြန်ထမြောက်စေလိုတော်မူသော ယေဟောဝါရှင်သည် မိမိအား အသက်ပြန်ပေးမည့်အကြောင်းတည်း။—တမန်တော် ၂၄:၁၅။

၁၆။ (က) ယောဘ၏ပုံသက်သေမှ ခံနိုင်ရည်ရှိခြင်းအကြောင်း အဘယ်သင်ခန်းစာရသနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်သည် ကျွန်ုပ်တို့အတွက် မည်မျှအမှန်တကယ်ဖြစ်ရမည်နည်း။ အဘယ်ကြောင့်နည်း။

၁၆ ယောဘ ခံနိုင်ရည်ရှိခဲ့ခြင်းမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာ ရပါသနည်း။ အဆုံးတိုင်အောင်ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်ရခြင်းဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို စိတ်ချနိုင်သည့်အတွက် ကျွန်ုပ်တို့ကြုံတွေ့ရသော မည်သည့်ဆင်းရဲဒုက္ခမဆို နှိုင်းယှဉ်လိုက်လျှင် “ခဏသာတည်” ကြောင်းကို သတိရမှတ်ထားနိုင်ပါသည်။ (၂ ကောရိန္သု ၄:၁၆-၁၈) မဝေးတော့သောအနာဂတ်ကာလတွင် “ဘုရားသခင်သည် [ကျွန်ုပ်တို့၊ ကဘ] ၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ” ဟူသောယေဟောဝါ၏ကတိတော်အပေါ် ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ခိုင်မြဲစွာအုတ်မြစ်ချထားပါသည်။ (ဗျာဒိတ် ၂၁:၃၊ ၄) “စိတ်ပျက်ရတော့မည်မဟုတ်သည့်” ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့၏စိတ်အကြံအစည်များကို ကာကွယ်ရမည်။ (ရောမ ၅:၄၊ ၅; ၁ သက်သာလောနိတ် ၅:၈) ယင်းသည် ကျွန်ုပ်တို့အတွက် တကယ်ဖြစ်နေရမည်—မည်မျှအမှန်တကယ်ဖြစ်သင့်သည်ကား ယုံကြည်ခြင်းမျက်စိဖြင့် ကိုယ့်ကိုယ်ကို ကမ္ဘာသစ်တွင် တွေ့မြင်နေရပေမည်—ထိုအခါ အဖျားအနာနှင့် စိတ်ဓာတ်ကျဆင်းမှုကို တွန်းလှန်တိုက်ခိုက်နေရမည့်အစား ကျန်းကျန်းမာမာဖြင့် နေ့စဉ်အိပ်ရာမှနိုးထလာတိုင်း ကြည်လင်သောစိတ်နှလုံးရှိနေမည်။ စိုးရိမ်ဖွယ် စီးပွားရေးဖိစီးမှုများအကြောင်း ပူပန်မနေတော့ဘဲ လုံခြုံစွာနေထိုင်ကြရမည်။ ချစ်မြတ်နိုးရသော သေလွန်သူများအတွက် ပူဆွေးမနေရတော့ဘဲ သူတို့ရှင်ပြန်ထမြောက်လာသည်ကို စိတ်လှုပ်ရှားဖွယ် မျက်မြင်တွေ့ကြုံရမည်ဖြစ်သည်။ (ဟေဗြဲ ၁၁:၁) ဤသို့သောမျှော်လင့်ချက်သာမရှိလျှင် လက်ရှိစုံစမ်းခြင်းများ၏ လွှမ်းမိုးမှုကိုခံရနိုင်သဖြင့် လက်မြှောက်အရှုံးပေးကြရပါလိမ့်မည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်ဖြင့် ဆက်လက်တိုက်လှန်နေရန်၊ အဆုံးတိုင်အောင် ခံနိုင်ရည်ရှိရန် အကြီးအကျယ်တွန်းအား ရရှိပါသည်တကား။

၁၇။ (က) အဘယ်စုံစမ်းခြင်းများကို ယေရှုခံရပ်နိုင်ခဲ့သနည်း။ (ခ) ယေရှု၏ဝေဒနာသည် အလွန်ပြင်းထန်ကြောင်း အဘယ်အချက်မှ တွေ့မြင်နိုင်မည်နည်း။ (အောက်ခြေမှတ်ချက်ကို ရှု။)

၁၇ ယေရှုကို “စေ့စေ့ထောက်ရှုကြ” ပြီး ကိုယ်တော်ကို ‘အသေအချာ ထောက်ရှုဆင်ခြင်’ ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ ကိုယ်တော်သည် အဘယ်စုံစမ်းခြင်းများကို ခံရပ်ခဲ့သနည်း။ အချို့စုံစမ်းခြင်းများသည် သူတစ်ပါး၏အပြစ်နှင့် မစုံလင်မှုကြောင့် ဖြစ်ပေါ်လာပါသည်။ ယေရှုသည် “အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက် ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို” ခံခဲ့ရုံမက တပည့်တော်အချင်းချင်း မည်သူသည် အကြီးဆုံးဖြစ်ကြောင်း ထပ်ခါတလဲအငြင်းပွားမှုများအပါအဝင် ဖြစ်ပေါ်လာသည့်ပြဿနာများကိုပါ ရင်ဆိုင်ခဲ့ရသည်။ ထိုထက်ကား ပြိုင်ဘက်မရှိသည့် ယုံကြည်ခြင်းအတွက် စမ်းသပ်မှုကိုလည်း ကိုယ်တော်ရင်ဆိုင်ခဲ့ရသေးသည်။ ကိုယ်တော်သည် “နှက်တိုင်တင် အသတ်ခံခဲ့ရသည်။” (ဟေဗြဲ ၁၂:၁-၃၊ ကဘ; လုကာ ၉:၄၆; ၂၂:၂၄) နှက်တိုင်တင် အသတ်ခံရခြင်း၏ နာကျင်မှု နှင့် ပြစ်တင်ရှုတ်ချသူအဖြစ် အသတ်ခံရခြင်းကြောင့် အရှက်ခွဲခံရခြင်း၏ စိတ်ဓာတ်နှင့် ကာယဘက် ဝေဒနာကို စဉ်းစားကြည့်၍ပင် မလွယ်ကူပေ။a

၁၈။ တမန်တော်ပေါလုအရ ယေရှုကိုခွန်အားပေးခဲ့သည့်အရာနှစ်ခုကား အဘယ်နည်း။

၁၈ အဆုံးတိုင်အောင်ခံရပ်နိုင်ရန် အဘယ်အရာက ယေရှုအား အကူအညီပေးခဲ့သနည်း။ ယေရှုအား ခွန်အားပေးခဲ့သောအရာနှစ်ခုကို တမန်တော်ပေါလု ဖော်ပြခဲ့သည်။ ယင်းတို့က ‘ဆုတောင်းပတ္ထနာပြုချက်များ’ နှင့်“မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်း” ဖြစ်သည်။ ဘုရားသခင်၏ စုံလင်သောသားတော်ယေရှုသည် အကူအညီတောင်းဆိုရန် မရှက်ခဲ့ပါ။ “ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်း” တို့ဖြင့် ကိုယ်တော်ဆုတောင်းခဲ့သည်။ (ဟေဗြဲ ၅:၇; ၁၂:၂) အရေးအပါဆုံးသော တရားစီရင်ချိန်နီးကပ်လာသည့်အခါ ခွန်အားသတ္တိရှိရန် ထပ်ခါတလဲ စိတ်အားထက်သန်စွာဖြင့် ဆုတောင်းဖို့အတွက် အထူးသဖြင့်လိုအပ်လာခဲ့သည်။ (လုကာ ၂၂:၃၉-၄၄) ယေရှု၏ဆုပတ္ထနာများကို နားညောင်းတော်မူ၍ စုံစမ်းခြင်းကို ယေဟောဝါမပယ်ရှားဘဲ ၎င်းကိုခံရပ်နိုင်ရန် ကိုယ်တော်အား ခွန်အားပေးတော်မူခဲ့သည်။ နှက်တိုင်တင်အသတ်ခံရပြီးနောက် ယေရှုရရှိမည့်ဆုကျေးဇူး—ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိစေ၍ လူ့မိသားစုကို သေခြင်းမှ ရွေးနှုတ်နိုင်ခြင်းအတွက် ရွှင်လန်းမှု—ကိုရှုမျှော်ခဲ့သောကြောင့် ကိုယ်တော်သည် ခံရပ်နိုင်ခဲ့ခြင်းလည်း ဖြစ်မည်။—မဿဲ ၆:၉; ၂၀:၂၈။

၁၉၊ ၂၀။ ခံနိုင်ရည်ရှိခြင်း၌ အဘယ်အရာများပါဝင်ကြောင်းကို အရှိအတိုင်းရှုမှတ်တတ်ရန် ယေရှု၏ပုံသက်သေသည် မည်သို့အထောက်အကူပြုသနည်း။

၁၉ ယေရှု၏ပုံသက်သေမှ ခံနိုင်ရည်တွင် အဘယ်အရာများ ပါဝင်ပတ်သက်သည်ကို အမြင်မှန်ဖြင့်ရှုမှတ်ရန် အထောက်အကူဖြစ်သည့်အရာများစွာကို ကျွန်ုပ်တို့သိရှိကြပါသည်။ ခံနိုင်ရည်တင်ပြရသောလမ်းစဉ်သည် မလွယ်ကူပါ။ စုံစမ်းခြင်းတစ်မျိုးတစ်မည်ကို ခံရပ်နိုင်ရန် အခက်အခဲကြုံတွေ့နေရလျှင် ယေရှုကိုယ်တော်တိုင်ပင် ထပ်တူအခက်အခဲရှိခဲ့ကြောင်း သိရှိရခြင်းဖြင့် စိတ်သက်သာမှုရရှိနိုင်မည်။ အဆုံးတိုင်အောင် ခံရပ်နိုင် ရန်ခွန်အားရှိဖို့ ထပ်ခါတလဲ ဆုတောင်းကြရမည်။ စုံစမ်းခံရချိန်တွင် မိမိသည် ဆုပတ္ထနာမပြုထိုက်ဟူ၍ တစ်ခါတစ်ရံခံစားရမည်။ သို့သော် ယေဟောဝါသည် ‘ကျွန်ုပ်တို့အား ဂရုစိုက်တော်မူသောကြောင့်’ နှလုံးဖွင့်ဟတောင်းခံရန် ကိုယ်တော်ဖိတ်ခေါ်ထားတော်မူသည်။ (၁ ပေတရု ၅:၇၊ ကဘ) ယေဟောဝါဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ကတိထားတော်မူသည့်အချက်ကြောင့် ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏အကူအညီကို တောင်းဆိုသူတို့အား “လွန်ကဲသော ထိုတန်ခိုးတော်” ကိုဖြည့်စွက်ပေးရန် တာဝန်ခံတော်မူသည်။—၂ ကောရိန္သု ၄:၇-၉၊ သမ။

၂၀ တစ်ခါတစ်ရံ မျက်ရည်ကျလျက် ခံနိုင်ရည်တင်ပြရလိမ့်မည်။ နှက်တိုင်တင် အသတ်ခံရခြင်းဝေဒနာကိုယ်နှိုက်က ယေရှုအတွက် ဝမ်းမြောက်ရွှင်လန်းစရာမဟုတ်ခဲ့ပါ။ ယင်းအစား ကိုယ်တော်အား ရွှင်လန်းမှုပေးသည့်အရာမှာ ကိုယ်တော့်ရှေ့မှောက်ထားတော်မူသည့် ဆုကျေးဇူးဖြစ်သည်။ ကျွန်ုပ်တို့မူကား စုံစမ်းခံရသည့်အခါ အမြဲစိတ်တက်ကြွ၍ ပျော်ရွှင်နေနိုင်ရလိမ့်မည်ဟု မျှော်လင့်ခြင်းသည် ယုတ္တိမရှိပါ။ (ဟေဗြဲ ၁၂:၁၁ နှိုင်းယှဉ်။) သို့ရာတွင် ဆုကျေးဇူးကို ရှေ့ရှုမျှော်မှန်းခြင်းအားဖြင့် အခဲယဉ်းဆုံးအခြေအနေများနှင့် ကျွန်ုပ်တို့ရင်ဆိုင်နေရဦးတော့ “ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်” နိုင်ကြပေမည်။ (ယာကုပ် ၁:၂-၄; တမန်တော် ၅:၄၁) အရေးကြီးသည်ကား—မျက်ရည်ကျနေရသည်တိုင်—ခိုင်ခံ့မြဲမြံနေရန်ဖြစ်သည်။ အမှန်မှာ ယေရှုက ‘မျက်ရည်အနည်းအကျဉ်းသာကျသူသည် ကယ်တင်ခြင်းခံရမည်’ ဟုမိန့်တော်မမူဘဲ “အဆုံးတိုင်အောင်တည်ကြည် [ခံနိုင်ရည်ရှိ၊ ကဘ] သောသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟုမိန့်တော်မူခဲ့ပါသည်။—မဿဲ ၂၄:၁၃။

၂၁။ (က) ၂ ပေတရု ၁:၅၊ ၆ တွင် ကျွန်ုပ်တို့၏ခံနိုင်ရည်ရှိခြင်း၌ အဘယ်အရာကို ထပ်လောင်းဖြည့်စွက်ရန် တိုက်တွန်းထားသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်မည်နည်း။

၂၁ သို့ဖြစ်၍ ခံနိုင်ရည်သည် ကယ်တင်ခြင်းအတွက် အရေးပါသည်။ သို့သော် ၂ ပေတရု ၁:၅၊ ၆ တွင် ကျွန်ုပ်တို့၏ခံနိုင်ရည်ရှိခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ထပ်လောင်းဖြည့်စွက်ရန် တိုက်တွန်းထားသည်။ ဘုရားဝတ်၌မွေ့လျော်ခြင်းကား အဘယ်နည်း။ ယင်းသည် ခံနိုင်ရည်ရှိခြင်းနှင့် မည်သို့ဆက်စပ်ပါသနည်း။ ယင်းကို မည်သို့ရရှိနိုင်မည်နည်း။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို သုံးသပ်ကြပါမည်။

[အောက်ခြေမှတ်ချက်များ]

a ယေရှုနှင့်အတူယှဉ်၍ နှက်တိုင်တင် အသတ်ခံခဲ့ရသော သူခိုးတို့အား အလျင်အမြန်အသက်ထွက်စေရန် သူတို့၏ခြေထောက်ကို ချိုးလိုက်ရသော်လည်း ကိုယ်တော်မူကား နှက်တိုင်တင်ခံရပြီး နာရီပိုင်းတွင်ပင် စုံလင်သောအသက်တော်ထွက်ခဲ့ခြင်းက ကိုယ်တော်၏ဝေဒနာသည် မည်မျှပြင်းထန်ကြောင်း တွေ့မြင်ရပေမည်။ (ယောဟန် ၁၉:၃၁-၃၃) နှက်တိုင်တင်မခံရမီ ယေရှုလုံးဝမအိပ်ရဘဲ ညလုံးပေါက် ခံနိုင်ရည်စမ်းသပ်ခံခဲ့ရချိန်အတွင်း ခံစားခဲ့ရသော စိတ်ဓာတ်နှင့် ကာယဘက်ဝေဒနာကို သူခိုးတို့မခံစားခဲ့ကြရပါ။ ယင်းသည် အလွန်ပြင်းထန်သဖြင့် ကိုယ်တော်သည် မိမိနှက်တိုင်ကိုပင် မထမ်းနိုင်ခဲ့ခြင်းဖြစ်တော်မူမည်။—မာကု ၁၅:၁၅၊ ၂၁။

သင်မည်သို့ ဖြေဆိုမည်နည်း

◻ ခံနိုင်ရည်ရှိခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။

◻ ယေဟောဝါ၏လူမျိုးသည် ခံနိုင်ရည်ရှိရန် အဘယ်ကြောင့် ထူးခြားစွာ လိုအပ်သနည်း။

◻ ယောဘအား ခံနိုင်ရည်ရှိရန် အဘယ်အရာကကူညီပေးသနည်း။

◻ ခံနိုင်ရည်ရှိခြင်းကို အရှိအတိုင်းရှုမှတ်တတ်ရန် ယေရှု၏ ပုံသက်သေသည် မည်သို့အထောက်အကူပြုသနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါကိုသာ ဝတ်ပြုကိုးကွယ်ကြသောကြောင့် ကျောင်းထုတ်ခံရသောအခါ ခရစ်ယာန်သားသမီးများအား သွန်သင်ပေးခြင်းငှာ ကျောင်းများကို ဖွင့်ပေးခဲ့ရ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ခမည်းတော်ကို ဂုဏ်တင်ချီးမွမ်းရန် စိတ်ဆုံးဖြတ်ထားတော်မူသည့်အတွက် ခံနိုင်ရည်ရှိရန် ခွန်အားပေးဖို့ ယေရှု ဆုတောင်းတော်မူခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ