ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၉/၁၅ စာ. ၁၄-၁၉
  • သင့်ခံနိုင်ရည်၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ဖြည့်စွက်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ခံနိုင်ရည်၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ဖြည့်စွက်လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားဝတ်၌မွေ့လျော်ခြင်းဟူသည်
  • ဘုရားဝတ်၌မွေ့လျော်ခြင်းကို မည်သို့ရရှိသနည်း
  • အိမ်တွင်းတွင် ဘုရားဝတ်၌မွေ့လျော်ခြင်းကို ကျင့်သုံးခြင်း
  • ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့် ဓမ္မအမှု
  • သင့်ခံနိုင်ရည်တွင် ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကို ဖြည့်စွက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခရစ်တော်နည်းတူ ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းဝတ်ကို ပြုကျင့်လော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ကျွန်ုပ်တို့မီအောင်လိုက်ရမည့် အရည်အသွေးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားတရားကိုင်းရှိုင်းခြင်းနဲ့ စည်းစိမ်ဥစ္စာ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၉/၁၅ စာ. ၁၄-၁၉

သင့်ခံနိုင်ရည်၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ဖြည့်စွက်လော့

“သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို . . . ခံနိုင်ရည်ရှိခြင်းဖြင့်၊ ခံနိုင်ရည်ရှိခြင်းကို ဘုရားဝတ်၌မွေ့လျော်ခြင်းဖြင့်လည်းကောင်း . . . ထပ်လောင်းဖြည့်စွက်ပေး . . . ကြလော့။”—၂ ပေတရု ၁:၅၊ ၆၊ သက။

၁၊ ၂။ (က) ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ နာဇီအာဏာအောက် နိုင်ငံများရှိ ယေဟောဝါသက်သေများ ဘာဖြစ်ပျက်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။ (ခ) ဤရက်စက်မှုများခံရလျက်ပင် ယေဟောဝါလူများ၏အခြေအနေကား အဘယ်နည်း။

ယင်းသည် ၂၀ ရာစုသမိုင်းတွင် မှောင်မိုက်သောကာလ ဖြစ်ခဲ့သည်။ ၁၉၃၀ ပြည့်လွန်နှစ်များမှစတင်၍ နာဇီလွှမ်းမိုးမှုအောက် တိုင်းနိုင်ငံများရှိ ယေဟောဝါသက်သေ ထောင်ပေါင်းများစွာတို့သည် မတရားသဖြင့် ဖမ်းဆီးခံရပြီး ချွေးတပ်စခန်းများသို့ ပိုဆောင်ခံကြရသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား သူတို့သည် ကြားနေပြီး ဟိုင်လ်ဟစ်တလာလုပ်ရန် ငြင်းဆန်ဝံ့သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ မည်သို့ပြုမူခံခဲ့ရသနည်း။ “အက်စ်အက်စ်စစ်သားများ၏ ရက်စက်မှုကို ကျမ်းစာကျောင်းသား [ယေဟောဝါသက်သေ] များနည်းတူ အကျဉ်းသားများအနက် မည်သည့်အဖွဲ့မျှမခံခဲ့ရပါ။ ဤရက်စက်မှုသည် လောကတွင်မည်သည့်ဘာသာစကားဖြင့်မျှ မဖော်ပြနိုင်လောင်အောင် ကိုယ်ကာယနှင့် စိတ်ဓာတ်ကိုပါ အဆက်မပြတ်နှိပ်စက်ခဲ့ခြင်းဖြစ်သည်။”—ကာလ် ဝစ်တစ်ဂ်၊ ဂျာမန်အစိုးရအရာရှိဟောင်း။

၂ သက်သေခံများအခြေအနေ မည်သို့ရှိခဲ့သနည်း။ နာဇီနိုင်ငံနှင့် ဘာသာအသစ်များ– မလိုက်လျောခဲ့သော ဖြစ်ရပ်လေ့လာမှုငါးခု ဟူသည့် သူမ၏စာအုပ်တွင် ဒေါက်တာ ခရစ္စတီင်းန် အီး၊ ကင်းဂ် သတိပြုထားသည်ကား “[အခြားဘာသာရေးအဖွဲ့များနှင့်မတူ] သက်သေခံများနှင့်ပတ်သက်၍သာ အစိုးရ လက်မြှောက်အရှုံးပေးရသည်” ဟူ၍ဖြစ်သည်။ မှန်ပါသည်။ ယေဟောဝါသက်သေများသည် အဖွဲ့လိုက် မရွေ့မရှား တည်မြဲတည်နေကြသည်။ ထိုသို့ပြုရန် သူတို့အနက် ရာပေါင်းများစွာတို့သည် သေသည့်တိုင်အောင် ခံနိုင်ရည်ပြခဲ့ကြရသည်။

၃။ ပြင်းထန်သောစုံစမ်းခြင်းများကို ခံနိုင်ရည်ရှိရန် ယေဟောဝါသက်သေများအား အဘယ်အရာကဖြစ်စေခဲ့သနည်း။

၃ နာဇီဂျာမနီနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ဤကဲ့သို့သောစုံစမ်းခြင်းများကို ယေဟောဝါသက်သေများ ခံနိုင်ရန် အဘယ်အရာကဖြစ်စေခဲ့သနည်း။ ဘုရားဝတ်၌မွေ့လျော်မှုကြောင့် ခံနိုင်ရည်ရှိနိုင်ကြရန် သူတို့၏ကောင်းကင်ခမည်းတော်သည် သူတို့အား ကူညီပေးခဲ့ပြီ။ “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက [ယေဟောဝါ၊ ကဘ] ကယ်နှုတ်” နိုင်တော်မူသည်ဟု တမန်တော်ပေတရု ရှင်းပြပါသည်။ (၂ ပေတရု ၂:၉) ဤစာစောင်အစောပိုင်းတွင်ပင် ခရစ်ယာန်များအား ပေတရုက “သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို . . . ခံနိုင်ရည်ရှိခြင်းဖြင့်၊ ခံနိုင်ရည်ရှိခြင်းကို ဘုရားဝတ်၌မွေ့လျော်ခြင်းဖြင့်လည်းကောင်း . . . ထပ်လောင်းဖြည့်စွက်ပေး . . . ကြလော့” ဟုမှာကြားထားသည်။ (၂ ပေတရု ၁:၅၊ ၆၊ သက) ယင်းကြောင့် ခံနိုင်ရည်သည် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့် နီးကပ်စွာဆက်စပ်နေသည်။ အမှန်မှာ အဆုံးတိုင်အောင်ခံနိုင်ရည်ရှိရန် ‘ဘုရားဝတ်၌မွေ့လျော်ခြင်းကို မီအောင်လိုက်’ ၍ယင်းကို ထင်ရှားပြကြရမည်။ (၁ တိမောသေ ၆:၁၁) သို့သော် ဘုရားဝတ်၌မွေ့လျော်ခြင်းမည်သည် အမှန်စင်စစ်အဘယ်နည်း။

ဘုရားဝတ်၌မွေ့လျော်ခြင်းဟူသည်

၄၊ ၅။ ဘုရားဝတ်၌မွေ့လျော်ခြင်းကား အဘယ်နည်း။

၄ “ဘုရားဝတ်၌မွေ့လျော်ခြင်း” (ယူစီဘေယာ) အတွက် ဂရိနာမ်ကို “ကောင်းစွာလေးမြတ်ကြည်ညိုခြင်း” ဟူ၍စာသားအတိုင်း ပြန်ဆိုနိုင်ပါသည်။a(၂ ပေတရု ၁:၆၊ နိုင်ငံတော်ကြားညှပ်) ဘုရားသခင့်အပေါ် ချစ်ခင်ရင်းနှီးလှိုက်လှဲသောသဘောထားရှိခြင်း အဓိပ္ပာယ်သက်ရောက်သည်။ ဒဘလျူ. အီး. ဗိုင်း အရဆိုလျှင် စာသားအရ “ကောင်းစွာကြည်ညိုသော” အဓိပ္ပာယ်ရှိ နာမဝိသေသနဖြစ်သည့် ယူစီဘက်စ်သည် “ဘုရားသခင်ကို လေးမြတ်ကြည်ညိုကြောက်ရွံ့ခြင်းဖြင့် ကိုယ်ကိုကိုယ်မြှုပ်နှံဆောင်ရွက်စေသော စွမ်းအား” ကိုတင်စားပါသည်။—၂ ပေတရု ၂:၉၊ ကြားညှပ်။

၅ ယင်းကြောင့် “ဘုရားဝတ်၌မွေ့လျော်ခြင်း” ဟူသောအသုံးအနှုန်းသည် ယေဟောဝါအလိုတော်နှင့်တွေ့သောအမှုများကို ပြုလုပ်ဆောင်ရွက်ရန် ကျွန်ုပ်တို့အား တိုက်တွန်းသည့် လေးမြတ်ကြည်ညိုစိတ်ကို ရည်ညွှန်းပါသည်။ နှလုံးသားမှ ဘုရားသခင်ကိုချစ်မြတ်နိုးသည့်အတွက် အလွန်ခဲယဉ်းသောစုံစမ်းခြင်းများခံရလျက်ပင် ယင်းသို့ ပြုမူကြခြင်းဖြစ်သည်။ ယင်းကား ကျွန်ုပ်တို့အသက်ရှင်ပုံအားဖြင့် ယေဟောဝါအား မည်မျှသစ္စာတည်ကြည် တွယ်တာမြတ်နိုးကြောင်း တင်ပြခြင်းဖြစ်သည်။ “ဘုရားဝတ်၌မွေ့လျော်ခြင်း၊ . . . ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း” ဆုတောင်းကြရန် ခရစ်ယာန်စစ်များအား တိုက်တွန်းထားပါသည်။ (၁ တိမောသေ ၂:၁၊ ၂) အဘိဓာန်ပြုစုသူ ဂျေ. ပီ. လိုး နှင့် အီး. အေ. နိုင်ဒါတို့အရ “၁တိ ၂.၂ ပါ [ယူစီဘေယာ] ကိုဘာသာစကားများစွာတွင် ‘ကျွန်ုပ်တို့အား ဘုရားသခင်အသက်ရှင်စေလိုသည့်အတိုင်း အသက်ရှင်ရန်’ သို့မဟုတ် ‘ကျွန်ုပ်တို့အသက်ရှင်သင့်သည်ဟု ဘုရားသခင်မှာကြားသည့်ပုံစံအတိုင်း အသက်ရှင်ရန်’ ဟူ၍လျော်ကန်စွာ ပြန်ဆိုနိုင်ပါသည်။”

၆။ ခံနိုင်ရည်ရှိခြင်းနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် မည်သို့ဆက်စပ်သနည်း။

၆ ဤတွင် ခံနိုင်ရည်ရှိခြင်းနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်း၏ ဆက်စပ်ပုံကို ပိုမိုသဘောပေါက်နားလည်နိုင်ကြပြီ။ ကျွန်ုပ်တို့အား ဘုရားသခင်အသက်ရှင်စေလိုသည့်အတိုင်း—ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အတူ—အသက်ရှင်သောကြောင့် လောက၏မုန်းတီးခြင်းကိုခံရသဖြင့် ယုံကြည်ခြင်းဆိုင်ရာ စုံစမ်းမှုများ ခံရဖို့အကြောင်း များပါသည်။ (၂ တိမောသေ ၃:၁၂) သို့သော် ကောင်းကင်ခမည်းတော်ကို တွယ်တာမြတ်နိုးမှုမရှိလျှင် ဤကဲ့သို့သောစုံစမ်းခြင်းများကို သည်းခံနိုင်ရန် အဘယ်နည်းဖြင့်မျှ ခွန်အားရှိနိုင်မည်မဟုတ်ပါ။ ထို့ပြင် ဤသို့နှလုံးလှိုက်လှဲစွာ ဆက်ကပ်အပ်နှံခြင်းကို ယေဟောဝါလက်ခံတော်မူသည်။ ကိုယ်တော်သည် ကောင်းကင်မှ ကြည့်ရှုတော်မူသည့်အခါ အတိုက်အခံအမျိုးမျိုးကြား ကိုယ်တော်ကို ချစ်မြတ်နိုးသောကြောင့် အလိုတော်နှင့်တွေ့ရန် ကြိုးစားအားထုတ်သူများကို တွေ့မြင်တိုင်း ကိုယ်တော်မည်မျှဝမ်းသာရွှင်လန်းမည်ကို စဉ်းစားကြည့်ပါလေ။ ယင်းကြောင့် ကိုယ်တော်သည် “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နှုတ်ခြင်းငှာ” အလိုရှိတော်မူခြင်းတည်း!

၇။ ဘုရားဝတ်၌မွေ့လျော်ခြင်းသတ္တိကို အဘယ်ကြောင့် မွေးမြူပေးရမည်နည်း။

၇ သို့ရာတွင် ကျွန်ုပ်တို့တစ်ယောက်မျှ ဘုရားဝတ်၌မွေ့လျော်ခြင်းသဘောပါလျက် မွေးဖွားလာသည်မဟုတ်။ ဘုရားတရားကြည်ညိုသောမိဘများထံမှ ထိုစိတ်ထားကိုလည်း အလိုအလျောက် မရရှိပါ။ (ကမ္ဘာဦး ၈:၂၁) ယင်းသို့ဖြစ်မည့်အစား မွေးမြူပေးရမည်။ (၁ တိမောသေ ၄:၇၊ ၁၀) ကျွန်ုပ်တို့၏ခံနိုင်ရည်နှင့် ယုံကြည်ခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ထပ်လောင်းဖြည့်စွက်ပေးရမည်။ ယင်းသို့ပြုရန် “အလွန်ကြိုးစားအားထုတ်” ပါဟု ပေတရုပြောပါသည်။ (၂ ပေတရု ၁:၇) သို့ဖြစ်လျှင် ဘုရားဝတ်၌မွေ့လျော်ခြင်းကို မည်သို့ရရှိနိုင်မည်နည်း။

ဘုရားဝတ်၌မွေ့လျော်ခြင်းကို မည်သို့ရရှိသနည်း

၈။ တမန်တော်ပေတရုအရဆိုလျှင် ဘုရားဝတ်၌မွေ့လျော်ခြင်းသတ္တိရှိရန် သော့ချက်ကားအဘယ်နည်း။

၈ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ရရှိနိုင်သည့် သော့ချက်ကို တမန်တော်ပေတရု ရှင်းပြသည်။ သူက “ဘုရားသခင်ကိုလည်းကောင်း၊ ငါတို့သခင်ယေရှုကိုလည်းကောင်း၊ သိသောဉာဏ်အားဖြင့် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။ ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့်ခေါ်တော်မူသော ဘုရားကို သိသောဉာဏ်အားဖြင့် ငါတို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ” ဟုဆိုသည်။ (၂ ပေတရု ၁:၂၊ ၃) ထိုကြောင့် ကျွန်ုပ်တို့ယုံကြည်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ထပ်လောင်းဖြည့်စွက်ပေးရန် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အား အပြည့်အဝတိကျမှန်ကန်သောသိကျွမ်းခြင်းပညာ၌ တိုးပွားရမည်။

၉။ ဘုရားသခင်နှင့်ခရစ်တော်အကြောင်း တိကျမှန်ကန်သောအသိပညာရှိခြင်းသည် သူတို့ မည်သူမည်ဝါဖြစ်သည်ကို သိရုံထက်မက ပါဝင်ကြောင်း မည်သို့ဥပမာပေးနိုင်သနည်း။

၉ ဘုရားသခင်၊ ခရစ်တော်နှင့်ပတ်သက်၍တိကျမှန်ကန်သော သိကျွမ်းခြင်းမည်သည်ကား အဘယ်နည်း။ မည်သူမည်ဝါဖြစ်သည်ကို သိရုံသိခြင်းထက်မက ပါဝင်ပတ်သက်ကြောင်း ရှင်းနေသည်။ ဥပမာတင်ပြရမည်ဆိုလျှင် သင့်အိမ်နီးနားချင်းသည် မည်သူမည်ဝါဖြစ်ကြောင်းကို သိထားကာ နာမည်ဖြင့်ပင် နှုတ်ဆက်စကားပြောလေ့ရှိမည်။ သို့သော် သူ့အား ငွေမြောက်မြားစွာ ချေးငှားပေးပါမည်လော။ ထိုသူသည် မည်ကဲ့သို့သောသူဖြစ်ကြောင်း အသေအချာသိထားမှသာ ချေးငှားပါမည်။ (သု. ၁၁:၁၅ နှိုင်းယှဉ်။) ထိုနည်းထပ်တူပင် ယေဟောဝါနှင့်ယေရှုကို တိကျမှန်ကန်စွာ သို့မဟုတ် အပြည့်အဝသိကျွမ်းခြင်းကား သူတို့အသက်ရှင်တည်ရှိတော်မူကြောင်း ယုံကြည်၍ သူတို့၏နာမတော်များကို သိရုံသိထားခြင်းထက်မက ဆိုလိုပါသည်။ သူတို့အတွက် သေသည်တိုင်အောင်ပင် ခံနိုင်ရည်ရှိစွာ စုံစမ်းခြင်းများကို သည်းခံရန် အသင့်ရှိဖို့အတွက် သူတို့နှင့် အကျွမ်းတဝင်ရှိရမည်။ (ယောဟန် ၁၇:၃) ယင်း၌ အဘယ်အရာ ပါဝင်ပတ်သက်သနည်း။

၁၀။ ယေဟောဝါ၊ ယေရှုနှင့်စပ်လျဉ်း၍ တိကျမှန်ကန်သောအသိပညာရရှိရေးတွင် အဘယ်အရာနှစ်ခုပါဝင်သနည်း။ အဘယ်ကြောင့်နည်း။

၁၀ ယေဟောဝါနှင့်ယေရှုတို့အား တိကျသော သို့မဟုတ် ပြည့်ဝသောသိကျွမ်းခြင်းပညာရယူခြင်းတွင် အရာနှစ်ခု ပါဝင်သည်–(၁) သူတို့အား ပုဂ္ဂိုလ်ရေးသဘောအရ—သူတို့၏အရည်အချင်းများ၊ ခံစားချက်များနှင့် နည်းလမ်းတော်များ—သိရှိခြင်းနှင့် (၂) သူတို့၏ပုံသက်သေကို တုပခြင်း ဖြစ်သည်။ ဘုရားဝတ်၌မွေ့လျော်ခြင်းတွင် မိမိနှင့်ယေဟောဝါစပ်ကြား နှလုံးလှိုက်လှဲ၊ သံယောဇဉ်တွယ်တာ၍ ကျွန်ုပ်တို့အသက်ရှင်ပုံအားဖြင့် ထင်ရှားပြခြင်းပါဝင်သည်။ ထိုကြောင့် ဘုရားဝတ်၌မွေ့လျော်ခြင်းကို ရရှိနိုင်ရန် ယေဟောဝါအား ပုဂ္ဂိုလ်တစ်ဦးအဖြစ်သိကျွမ်းကာ လူသားအနေနှင့် အတတ်နိုင်ဆုံးနည်းဖြင့် ကိုယ်တော်၏အလိုတော်၊ ကိုယ်တော်၏နည်းလမ်းတော်များကို စေ့ငသေချာစွာ သိရှိလာရန်လိုပါသည်။ ယေဟောဝါ၏ပုံသဏ္ဌာန်တော်ဖြင့် ကျွန်ုပ်တို့ဖန်ဆင်းခံထားရသည်ဖြစ်၍ ကိုယ်တော်အား အမှန်သိကျွမ်းခြင်းငှာ ယင်းအသိပညာကိုအသုံးပြုကာ ကိုယ်တော်ကို ကြိုးစားတုပသင့်သည်။ (ကမ္ဘာဦး ၁:၂၆-၂၈; ကောလောသဲ ၃:၁၀) ယေရှုပြောဆိုပြုမူလေသမျှတွင် ကိုယ်တော်သည် ယေဟောဝါကိုလုံးလုံးလျားလျားတုပတော်မူခဲ့သဖြင့် ယေရှုအားသိကျွမ်းခြင်းသည် ဘုရားဝတ်၌မွေ့လျော်ခြင်းကိုမွေးမြူရန် တန်ဖိုးရှိအထောက်အကူဖြစ်သည်။—ဟေဗြဲ ၁:၃။

၁၁။ (က) ဘုရားသခင်နှင့်ခရစ်တော်အကြောင်း တိကျမှန်ကန်သောအသိပညာကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်မည်နည်း။ (ခ) ကျွန်ုပ်တို့ဖတ်ရှုသည့်အကြောင်းကို ဆင်ခြင်သုံးသပ်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၁ သို့သော် ဘုရားသခင်၊ ခရစ်တော်တို့နှင့်စပ်လျဉ်းသည့် တိကျမှန်ကန်သောအသိပညာကို မည်သို့ရရှိနိုင်ပါမည်နည်း။ သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေခံသောစာပေများကို အပတ်တကုတ်လေ့လာခြင်းအားဖြင့်ဖြစ်သည်။bသို့ရာတွင် ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာမှုအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းကို ရရှိနိုင်ရမည်ဆိုလျှင် ကျွန်ုပ်တို့ဖတ်ရှုလေ့လာလေသမျှကို ရောင်ပြန်ဟပ်ရန်၊ ဆင်ခြင်သုံးသပ်စဉ်းစားရန် အချိန်ပေးဖို့အရေးကြီးသည်။ (ယောရှု ၁:၈ နှိုင်းယှဉ်။) ယင်းသို့ပြုရန် အဘယ်ကြောင့်အရေးကြီးသနည်း။ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ဘုရားသခင်အပေါ် ချစ်ခင်ရင်းနှီးလှိုက်လှဲသောသဘောဖြစ်သည်ကို သတိရပါ။ သမ္မာကျမ်းစာတွင် ဆင်ခြင်သုံးသပ်ခြင်းကို ပုံဆောင်ရာနှလုံး—အတွင်းလူ—နှင့်ကြိမ်ဖန်များစွာ ဆက်စပ်ထားပါသည်။ (ဆာလံ ၁၉:၁၄; ၄၉:၃; သု. ၁၅:၂၈) မိမိဖတ်ရှုရာကို တန်ဖိုးထားသောသဘောဖြင့် ပြန်လည်သုံးသပ်ကြည့်သည့်အခါ သိရှိလာသည့်အချက်များသည် အတွင်းလူထဲစိမ့်ဝင်သွား၍ ကျွန်ုပ်တို့၏ခံစားချက်များကို လှုံ့ဆော်ပေးသည်၊ စိတ်လှုပ်ရှားမှုများကို ထိမိ၍ စဉ်းစားဉာဏ်ကိုလည်း ဩဇာလွှမ်းမိုးသည်။ သို့မှသာလျှင် ကျွန်ုပ်တို့၏လေ့လာမှုသည် ယေဟောဝါနှင့်နှစ်ကိုယ်ကြားသံယောဇဉ်တွယ်တာမှုကို မြဲမြံစေ၍ ခက်ခဲသောအခြေအနေနှင့် စုံစမ်းခြင်းများခံရသည့်တိုင် ဘုရားသခင့်အလိုတော်နှင့်အညီ အသက်ရှင်နေထိုင်ရန် ကျွန်ုပ်တို့လှုံ့ဆော်တိုက်တွန်းခံရမည်ဖြစ်သည်။

အိမ်တွင်းတွင် ဘုရားဝတ်၌မွေ့လျော်ခြင်းကို ကျင့်သုံးခြင်း

၁၂။ (က) ပေါလုအရ ခရစ်ယာန်တစ်ဦးသည် အိမ်တွင်းတွင် ဘုရားဝတ်၌မွေ့လျော်ခြင်းကိုမည်သို့ကျင့်ကြံနိုင်မည်နည်း။ (ခ) ခရစ်ယာန်စစ်များသည် သက်ကြီးရွယ်အိုမိဘများကို အဘယ်ကြောင့် ဂရုစိုက်ကြည့်ရှုသနည်း။

၁၂ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ဦးဆုံး အိမ်တွင်း၌ ကျင့်သုံးသင့်သည်။ တမန်တော်ပေါလုက “သားမြေးရှိသောမုတ်ဆိုးမဖြစ်လျှင် ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကိုရည်မှတ်လျက် မိမိအိမ်ကိုပြုစု၍ မိဘဘိုးဘွား၌ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏” ဟုဆိုသည်။ (၁ တိမောသေ ၅:၄) ပေါလုသတိပြုစေသကဲ့သို့ပင် မိအိုဖအိုများကို စောင့်ရှောက်ကြည့်ရှုခြင်းသည် ဘုရားဝတ်၌မွေ့လျော်ခြင်းကို တင်ပြနေခြင်းဖြစ်သည်။ ခရစ်ယာန်စစ်များသည် တာဝန်သိတတ်၍သာမဟုတ် မိဘများကို ချစ်မြတ်နိုးသောကြောင့် ဤသို့ပြုစုကြည့်ရှုခြင်းဖြစ်သည်။ ထိုထက်ကား မိမိအိမ်ထောင်ကို ပြုစုကြည့်ရှုခြင်းကို ယေဟောဝါအရေးပေးကြောင်း သူတို့အသိအမှတ်ပြုသည်။ မိဘများ အကူအညီလိုအပ်နေသည့်အချိန်တွင် သူတို့အား အကူအညီမပေးဘဲနေပါက ‘ခရစ်ယာန်ယုံကြည်ခြင်းတရားကို ငြင်းပယ်’ ရာရောက်ကြောင်း သူတို့ကောင်းစွာသဘောပေါက်ပါသည်။—၁ တိမောသေ ၅:၈။

၁၃။ အိမ်တွင် ဘုရားဝတ်၌မွေ့လျော်ခြင်းငှာ အဘယ်ကြောင့် စိန်ခေါ်ချက် ဖြစ်နိုင်သနည်း။ သို့သော် မိမိ၏မိဘကို စောင့်ရှောက်ခြင်းမှ အဘယ်ကျေနပ်မှုရလဒ်ရရှိသနည်း။

၁၃ မှန်ပါသည်၊ မိမိအိမ်တွင် ဘုရားဝတ်၌မွေ့လျော်ခြင်းကိုကျင့်သုံးရန် အမြဲလွယ်ကူသည်ကား မဟုတ်ပါ။ မိသားစုဝင်များသည် တစ်သီးတစ်ခြား ဝေးလံသောအရပ်များတွင် နေထိုင်ကြပေမည်။ သားသမီးများအနေနှင့် အိမ်ထောင်ကျပြီးဖြစ်၍ စီးပွားရေးလည်း ကျပ်တည်းနေကြမည်။ မိဘ လိုအပ်နေသောပြုစုမှုသည်လည်း ကြည့်ရှုပေးရသူ၏ ကာယ၊ စိတ်ဓာတ်နှင့် စိတ်လှုပ်ရှားမှုများဆိုင်ရာ ကျန်းခံ့ရေးကို အတော်အတန်ဖိစီးနိုင်သည်။ မည်သို့ဆိုစေကာမူ မိမိ၏မိဘကိုပြုစုခြင်းသည် “ကျေးဇူးဆပ်ခြင်း” သာမက “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော မိသားစုအားလုံး မိမိတို့အမည်ကိုရ” ခွင့်ပေးတော်မူသောအရှင်၏ စိတ်တော်နှင့်တွေ့ကြောင်း သိရခြင်းမှ ကျေနပ်မှုအစစ်အမှန် ရရှိနိုင်ပါသည်။—ဧဖက် ၃:၁၄၊  ၁၅၊ ကဘ။

၁၄၊ ၁၅။ မိဘတစ်ဦးကို သားသမီးများ ကြည့်ရှုပြုစုပေးခဲ့ခြင်း၏ ဘုရားရေးရာဂရုစိုက်မှုပုံသက်သေတစ်ရပ်ကို ဖေါ်ပြပါ။

၁၄ အမှန်တကယ် စိတ်ထိမိစရာဥပမာတစ်ခုကို သုံးသပ်ကြည့်ပါလေ။ အဲလစ္စနှင့် သူ၏ညီအစ်ကိုညီအစ်မငါးဦးသည် သူတို့ဖခင်ကို အိမ်တွင်ပြုစုပေးရာ၌ အခက်အခဲကြုံတွေ့နေကြရသည်။ “၁၉၈၆ ခုနှစ်တွင် ကျွန်တော့်အဖေသည် လေဖြတ်သွား၍ အိပ်ရာတွင် တုံးလုံးလှဲနေခဲ့ရသည်” ဟုအဲလစ္စပြောပြသည်။ သားသမီးခြောက်ယောက်တို့က ဖခင်ကိုရေချိုးပေးခြင်းမှစ၍ နာတာရှည်ရောဂါကြောင့် အနာမဖြစ်စေရန် အိပ်ရာပေါ် သူ့အား မှန်မှန်လှည့်ပေးခြင်း အစရှိသည့်လိုအပ်ရာများကို ဝိုင်းဝန်းပြုစုဆောင်ရွက်ပေးကြပါသည်။ “သူ့အား စာဖတ်ပေးသည်၊ စကားပြောသည်၊ သီချင်းများ တီးမှုတ်ပေးပါသည်။ ပတ်ဝန်းကျင်ကို သူသတိပြုမပြု အသေအချာမသိနိုင်ကြသော်လည်း အရာခပ်သိမ်းကိုသိရှိလိမ့်မည်ဟုသဘောထားကာ ကျွန်တော်တို့ သူနှင့်ဆက်ဆံကြပါသည်။”

၁၅ ဤမောင်နှမများသည် သူတို့ဖခင်ကို ဤမျှအဘယ်ကြောင့် ဂရုစိုက်ကြပါသနည်း။ အဲလစ္စ ဤသို့ဆက်ပြောပြသည်: “၁၉၆၄ ခုနှစ်တွင် အမေကွယ်လွန်ပြီးနောက် အဖေသည် သူ့တစ်ယောက်တည်း ကျွန်တော်တို့မောင်နှမတွေကို ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ထိုစဉ်က ကျွန်တော်တို့သည် ၅ နှစ်မှ ၁၄ နှစ်အရွယ်သာ ရှိကြသေးသည်။ ထိုစဉ်က အဖေသည် ကျွန်တော်တို့အတွက်ဖြစ်ခဲ့သည်; ယခု ကျွန်တော်တို့သည်သူ့အတွက်ဖြစ်သည်။” ဤသို့ဂရုစိုက်ကြည့်ရှုခြင်းငှာ လွယ်ကူလှမည်မဟုတ်သည်ကား အမှန်ပင်။ ထိုမောင်နှမများလည်း တစ်ခါတစ်ရံ စိတ်ဓာတ်ကျကြပါသည်။ “သို့သော် ကျွန်တော်တို့၏ဖခင် အခြေအနေသည် ခေတ္တယာယီသာဖြစ်ကြောင်း သိထားပါသည်။ အဖေ ပြန်ကျန်းမာလာပြီး အမေနှင့် ပြန်ဆုံစည်းမည့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြပါသည်” ဟုအဲလစ္စပြောသည်။ (ဟေရှာယ ၃၃:၂၄; ယောဟန် ၅:၂၈၊ ၂၉) မိဘကို ဤကဲ့သို့ ချစ်မြတ်နိုးစွာ ကြည့်ရှုပြုစုပေးခြင်းသည် မိဘများအား ရိုသေစွာပြုလော့ဟု မိန့်မှာတော်မူခဲ့သောအရှင်၏နှလုံးကို အမှန်ဝမ်းမြောက်ရွှင်လန်းစေပါလိမ့်မည်။c—ဧဖက် ၆:၁၊ ၂။

ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့် ဓမ္မအမှု

၁၆။ ဓမ္မအမှုတွင် ကျွန်ုပ်တို့ပြုမူသမျှ၏ အဓိကအကြောင်းရင်းကား အဘယ်နည်း။

၁၆ ‘ယေရှုနောက်သို့လိုက်’ ရန် ကိုယ်တော့်ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့လက်ခံချိန်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြော၍ တပည့်ဖြစ်စေရန် ဘုရားပေးတာဝန်ကို ရကြပါသည်။ (မဿဲ ၁၆:၂၄; ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဤ “နောက်ဆုံးအချိန်” ၌ ဓမ္မအမှုတွင်ပါဝင်ခြင်းသည် ခရစ်ယာန်တစ်ဦး၏တာဝန်ဖြစ်သည်မှာ ရှင်းနေပါသည်။ (၂ တိမောသေ ၃:၁၊ ကဘ) သို့ရာတွင် ကျွန်ုပ်တို့ဟောပြောသွန်သင်သည့်ရည်ရွယ်ချက်မှာ တာဝန်တစ်ရပ်မျှထက်မက ဖြစ်ရမည်။ ဓမ္မအမှုတွင် ကျွန်ုပ်တို့ပြုမူသည့်အရာနှင့် ပြုမူသမျှ၏ အဓိကအကြောင်းရင်းသည် ယေဟောဝါအား အလွန်ချစ်မြတ်နိုးခြင်း ဖြစ်ရမည်။ “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟုယေရှုဆိုသည်။ (မဿဲ ၁၂:၃၄) မှန်သည်။ ယေဟောဝါအားချစ်မြတ်နိုးစိတ် ပြည့်လျှံနေမည်ဆိုလျှင် သူတစ်ပါးအား ကိုယ်တော့်အကြောင်း သက်သေခံရန် အနိုင်အထက်စေ့ဆော်ခံရသည်။ ဘုရားသခင်ကိုချစ်မြတ်နိုးသည့် ကျွန်ုပ်တို့၏စိတ်လှုံ့ဆော်မှုဖြင့် ဓမ္မအမှုဆောင်ရွက်ကြလျှင် ကျွန်ုပ်တို့၏ဘုရားဝတ်၌မွေ့လျော်ခြင်းအမှုသည် အဓိပ္ပာယ်အပြည့်ရှိပါသည်။

၁၇။ ဓမ္မအမှုအတွက် မှန်သောလှုံ့ဆော်မှုကို မည်သို့မွေးမြူနိုင်မည်နည်း။

၁၇ ဓမ္မအမှုတွင် မှန်ကန်သောစိတ်လှုံ့ဆော်မှုကို မည်သို့မွေးမြူပေးနိုင်မည်နည်း။ ယေဟောဝါအား ချစ်မြတ်နိုးနိုင်သည့်အကြောင်းသုံးခုကို ကျေးဇူးတင်လေးစားစွာဖြင့် ပြန်သုံးသပ်ကြည့်ပါ။ (၁) ကျွန်ုပ်တို့အဖို့ ယေဟောဝါ ပြုလုပ်ပေးတော်မူနှင့်ပြီးသော အရာများအတွက် ကိုယ်တော်ကို ချစ်မြတ်နိုးကြပါသည်။ ရွေးနှုတ်ဖိုးစီစဉ်ပေးခြင်းထက် ကြီးမားသောမေတ္တာ မရှိပါ။ (မဿဲ ၂၀:၂၈; ယောဟန် ၁၅:၁၃) (၂) ယခု ကျွန်ုပ်တို့အဖို့ ယေဟောဝါပြုလုပ်ထားရာများအတွက် ကိုယ်တော်ကို ချစ်မြတ်နိုးရခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားညောင်းတော်မူသော ယေဟောဝါရှင်အား လွတ်လပ်စွာချဉ်းကပ်ပြောဆိုနိုင်ကြသည်။ (ဆာလံ ၆၅:၂; ဟေဗြဲ ၄:၁၄-၁၆) ဘုရားသခင့်နိုင်ငံတော်ရေးရာများကို ဦးစားထားကြခြင်းဖြင့် ကျွန်ုပ်တို့အသက်ရှင်ရေးအတွက် မရှိမဖြစ်သောအရာများကို ရရှိထားကြပါသည်။ (မဿဲ ၆:၂၅-၃၃) ကျွန်ုပ်တို့ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းနိုင်ရန် အကူအညီဖြစ်စေသည့် ဝိညာဉ်အစာကို ကျွန်ုပ်တို့မှန်မှန်ရရှိနေကြပါသည်။ (မဿဲ ၂၄:၄၅) ထို့ပြင် လောကီသားများနှင့် ကျွန်ုပ်တို့အား အမှန်အသီးအခြားဖြစ်စေသည့် ကမ္ဘာချီခရစ်ယာန်ညီအစ်ကိုများအသင်းအပင်းအဝင် ဖြစ်ရသည့် ကောင်းချီးကိုလည်း ကျွန်ုပ်တို့ခံစားနေကြရသည်။ (၁ ပေတရု ၂:၁၇) (၃) ကျွန်ုပ်တို့အဖို့ ယေဟောဝါ ပြုလုပ်ပေးဦးမည့်အရာများအတွက်လည်း ကိုယ်တော်ကို ချစ်မြတ်နိုးကြပါသည်။ ကိုယ်တော်၏မေတ္တာတော်ကြောင့် အနာဂတ်တွင်ရမည့် ထာဝရအသက် တည်းဟူသော “တည်မြဲရာအသက်ကို စွဲကိုင်” ထားနိုင်ခွင့်ရှိကြပြီ။ (၁ တိမောသေ ၆:၁၂၊ ၁၉၊ သမ) ကျွန်ုပ်တို့အား ယေဟောဝါပြသောမေတ္တာတော်ကို သုံးသပ်ကြည့်သည့်အခါ ကိုယ်တော်နှင့် ကိုယ်တော်၏ တန်ဖိုးဖြတ်မရသောရည်ရွယ်ချက်များအကြောင်း သူတစ်ပါးအားပြောဆိုခြင်းတွင် ကိုယ်ကိုကိုယ်နှစ်မြှုပ်ပါဝင်ရန် တိုက်တွန်းလှုံ့ဆော်ခံကြရပါလိမ့်မည်။ ဓမ္မအမှုတွင် အဘယ်အမှုကိုဆောင်ရွက်ရန်၊ သို့မဟုတ် မည်မျှဆောင်ရွက်ရန် ကျွန်ုပ်တို့အား သူတစ်ပါးပြောပြနေစရာ မလိုပါ။ ကျွန်ုပ်တို့၏စိတ်နှလုံးကပင် မိမိတတ်နိုင်ရာကို ပြုလုပ်ဆောင်ရွက်ရန် တိုက်တွန်းပေးပါလိမ့်မည်။

၁၈၊ ၁၉။ ဓမ္မအမှု၌ပါဝင်ရန် ညီအစ်မတစ်ဦး အဘယ်အတားအဆီးကို အောင်မြင်နိုင်ခဲ့သနည်း။

၁၈ ခက်ခဲသောအခြေအနေများ ရင်ဆိုင်ရလျက်ပင် ဘုရားဝတ်၌မွေ့လျော်ခြင်းသဘော၏ တိုက်တွန်းမှုကိုခံရသောနှလုံးသည် ဟောပြောရန် စေ့ဆော်ခံရပါလိမ့်မည်။ (ယေရမိ ၂၀:၉ နှိုင်းယှဉ်။) အလွန်ရှက်ကြောက်တတ်သော ခရစ်ယာန်အမျိုးသမီး စတဲလာ၏အဖြစ်က ယင်းကိုတင်ပြသည်။ သူမသည် သမ္မာကျမ်းစာကို စတင်လေ့လာစဉ်က ‘တစ်အိမ်မှတစ်အိမ် ကျွန်မသွားဝံ့မည်မဟုတ်ပါ’ ဟုသူမစဉ်းစားမိသည်။ “ကျွန်မ အေးအေးဆေးဆေးသာ နေတတ်သည်။ ကျွန်မကစတင်၍ သူတစ်ပါးနှင့် စကားစမြည်မပြောဆိုဝံ့ပါ” ဟုသူမရှင်းပြသည်။ ဆက်လက်သင်အံလေ့လာရာတွင် ယေဟောဝါအားချစ်မြတ်နိုးစိတ် သူမ၌တိုးပွားလာ၍ ကိုယ်တော့်အကြောင်း သူတစ်ပါးအား ပြောပြလိုစိတ် ပြင်းပြလာပါသည်။ “ကျွန်မကို ကျမ်းစာသင်ပေးသူအား ‘ကျွန်မပြောပြချင်သည်။ သို့သော် သတ္တိမရှိပါ။ ယင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်’ ဟုပြောပြခဲ့ဖူးသည်။ သူမက ‘စတဲလာ၊ ရှင့်ပြောပြချင်စိတ်ရှိတာကိုဘဲ ကျေးဇူးတင်ပါ’ ဟုပြန်ဖြေခဲ့သည့်စကားကို ကျွန်မအမြဲသတိရပါသည်” ဟုသူမရှင်းပြသည်။

၁၉ မကြာမီပင် စတဲလာသည် သူမ၏အိမ်နီးချင်းအား သက်သေခံလာပါသည်။ ထိုနောက် သူမအဖို့ ကြီးမားသောခြေလှမ်း—တစ်အိမ်မှတစ်အိမ် ဓမ္မအမှု၌ ပထမအကြိမ်ပါဝင်ခြင်း—ကိုလှမ်းခဲ့သည်။ (တမန်တော် ၂၀:၂၀၊ ၂၁) သူမက “ကျွန်မပြောမည့်စကားများကို ရေးချထားခဲ့သည်။ သို့သော် စာရွက်ကိုကိုင်ထားလျက်ပင် မှတ်စုများကို ငုံ့ကြည့်ရန် ဒူးတုန်ခဲ့ပါသည်” ဟုပြန်ပြောခဲ့သည်။ ယခု ၃၅ နှစ်အကြာတွင် စတဲလာသည် ဗီဇအတိုင်း ရှက်တတ်သူဖြစ်ပါသေးသည်။ သို့သော် လယ်ကွင်းဓမ္မအမှုကို အလွန်တန်ဖိုးထား၍ ယင်း၌ အဓိပ္ပာယ်ရှိရှိပါဝင်နေပါသည်။

၂၀။ နှိပ်စက်ညှဉ်းပန်းမှု၊ သို့မဟုတ် ထောင်ချခြင်းပင်လျှင် ယေဟောဝါအား ချစ်မြတ်နိုးသောသက်သေခံများ၏နှုတ်ကို မပိတ်ထားနိုင်ကြောင်း အဘယ်ပုံသက်သေက တင်ပြသနည်း။

၂၀ နှိပ်စက်ညှဉ်းပန်းခြင်း၊ သို့မဟုတ် အကျဉ်းကျခြင်းပင်လျှင် ယေဟောဝါအား ချစ်မြတ်နိုးသည့် သက်သေခံတို့၏နှုတ်ကို မပိတ်ထားနိုင်ပါ။ ဂျာမနီနိုင်ငံမှ အာန့်စ်တ်နှင့် ဟီလ်ဒီဂာ့ဒ် ဇာလီဂါတို့၏ပုံသက်သေကို ဆင်ခြင်ကြည့်ပါ။ သူတို့၏ယုံကြည်ခြင်းကြောင့် နာဇီချွေးတပ်စခန်းများနှင့် ကွန်မြူနစ်အကျဉ်းထောင်များတွင် သူတို့နှစ်ဦးပေါင်းလျှင် အနှစ် ၄၀ ကျော် အကျဉ်းကျခဲ့ကြပါသည်။ ထောင်ထဲတွင်ပင် အခြားအကျဉ်းသားများအား ဆက်လက်၍ သက်သေခံကြပါသည်။ ဟီလ်ဒီဂာ့ဒ်က “အကျဉ်းထောင်အရာရှိများက ကျွန်မကို အထူးအန္တရာယ်ရှိသူဟု သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးအစောင့်တစ်ဦးပြောသည့်အတိုင်း တစ်နေ့လုံး ကျမ်းစာအကြောင်း ကျွန်မပြောဆိုနေသည့်အတွက်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်မကို မြေအောက် အကျဉ်းခန်းတွင် ချုပ်နှောင်ထားပါသည်” ဟုပြောပြသည်။ နောက်ဆုံး ညီအစ်ကိုနှင့်ညီအစ်မဇာလီဂါတို့ လွတ်လပ်ခွင့်ရရှိကြသောအခါ ခရစ်ယာန်ဓမ္မအမှုကို သူတို့အချိန်ပြည့်ထမ်းဆောင်ကြပါသည်။ သူတို့နှစ်ဦးစလုံး—ညီအစ်ကိုဇာလီဂါမူ၊ ၁၉၈၅ ခုနှစ်တွင်၊ သူ၏ဇနီးမှာမူ ၁၉၉၂ ခုနှစ်တွင်—သေသည့်တိုင်သစ္စာရှိရှိ အမှုဆောင်ခဲ့ကြသည်။

၂၁။ ကျွန်ုပ်တို့၏ခံနိုင်ရည်ရှိခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ထပ်လောင်းဖြည့်စွက်ပေးခြင်းငှာ မည်သို့ပြုလုပ်သင့်သနည်း။

၂၁ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဝီရိယစိုက်ထုတ်လေ့လာ၍ တတ်သိလာလေသမျှကို တန်ဖိုးထားကာ အချိန်ယူပြီးဆင်ခြင်သုံးသပ်ကြမည်ဆိုလျှင် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အကြောင်း တိကျမှန်ကန်သောအသိပညာ ပိုမိုပြည့်ဝသောအတိုင်းအတာထိ တိုးပွားများပြားလာပါလိမ့်မည်။ ဤသို့ပြုခြင်းအားဖြင့် တန်ဖိုးဖြတ်မရသော—ဘုရားဝတ်၌မွေ့လျော်ခြင်း—အရည်အချင်းကို တိုးပွားများပြားစေပါလိမ့်မည်။ ဘုရားဝတ်၌မွေ့လျော်ခြင်း မရှိပါက ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့အပေါ်ကျရောက်လာသော စုံစမ်းခြင်းအမျိုးမျိုးတို့ကို ခံနိုင်ရည်ရှိရန် နည်းလမ်းမရှိပါ။ ထိုကြောင့် တမန်တော်ပေတရု၏အကြံပြုချက်အတိုင်း ‘ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခံနိုင်ရည်ရှိခြင်းဖြင့်၊ ခံနိုင်ရည်ရှိခြင်းကို ဘုရားဝတ်၌မွေ့လျော်ခြင်းဖြင့်လည်းကောင်း အမြဲထပ်လောင်းဖြည့်စွက်ပေးကြစို့။—၂ ပေတရု ၁:၅၊ ၆။

[အောက်ခြေမှတ်ချက်များ]

a ယူစီဘေယာနှင့်ပတ်သက်၍ ဝီလျမ် ဘားကလေးသတိပြုသည်ကား “လေးမြတ်ကြည်ညိုခြင်း သို့မဟုတ် ဝတ်ပြုခြင်းအဓိပ္ပာယ်သည် ယင်းစကားလုံး၏ [အရင်းအမြစ်] စဲဘ်အပိုင်းဖြစ်သည်။ ယူမူကား ကောင်းစွာဟု ဂရိစကားဖြင့် ပြောခြင်းဖြစ်သည်။ ထိုကြောင့် ယူစီဘေယာသည် ဝတ်ပြုခြင်း၊ ကောင်းစွာလေးမြတ်ကြည်ညိုခြင်းနှင့် ထိုက်သင့်လျော်ကန်စွာ ပေးဆက်ခြင်း ဖြစ်သည်။”—ဓမ္မသစ်ဝေါဟာရကျမ်း။

b ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တိုးသိနားလည်ရန် မည်သို့လေ့လာနိုင်မည်အကြောင်း ဆွေးနွေးတင်ပြထားချက်ကို ၁၉၉၃၊ ဩဂုတ် ၁၅ ရက်ထုတ်ကင်းမျှော်စင် စာမျက်နှာ ၁၂-၁၇ တွင်ရှု။

c သက်ကြီးရွယ်အိုမိဘများအား ဘုရားဝတ်၌မွေ့လျော်ခြင်းအမှုကို မည်သို့ပြုမူကျင့်သုံးနိုင်ကြောင်း အပြည့်အစုံဆွေးနွေးထားချက်ကို သိရှိရန် ၁၉၈၈၊ ဇွန် ၁ ရက်ထုတ်ကင်းမျှော်စင် စာမျက်နှာ ၁၆-၂၁ ကိုရှု။

သင့်အဖြေကား အဘယ်နည်း

◻ ဘုရားဝတ်၌မွေ့လျော်ခြင်းကား အဘယ်နည်း။

◻ ခံနိုင်ရည်ရှိခြင်းနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် မည်သို့ဆက်စပ်သနည်း။

◻ ဘုရားဝတ်၌မွေ့လျော်ခြင်း ရှိနိုင်သည့် သော့ချက်ကား အဘယ်နည်း။

◻ အိမ်တွင်းတွင် ဘုရားဝတ်၌မွေ့လျော်ခြင်းကို ခရစ်ယာန်တစ်ဦး မည်သို့ကျင့်ကြံမည်နည်း။

◻ ဓမ္မအမှုတွင် ကျွန်ုပ်တို့ပြုမူသမျှ၏ အဓိကအကြောင်းရင်းကား အဘယ်နည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ရေဗင်စဘရွတ်ခ် နာဇီချွေးတပ်စခန်းတွင် အကျဉ်းကျခဲ့သော ယေဟောဝါသက်သေများသည် ခံနိုင်ရည်ရှိခြင်းနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်း တင်ပြခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ