သူတို့သည် သိုးငယ်တို့ကို ကရုဏာသက်စွာ ထိန်းကျောင်း
တရင်းတနှီးဖြင့် လူတို့အနီးနေတတ်သည့် တိရစ္ဆာန်များအနက် သိုးကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်နှင့်တူသည့်သတ္တဝါမျိုး မရှိပါ။ တိရစ္ဆာန်အများသည် အစာရှာစားရန်၊ ယင်းတို့ကို ဖမ်းယူစားလိုသောသတ္တဝါများကို ရှောင်တိမ်းရန် ပင်ကိုယ်အသိရှိကြသော်လည်း သိုးများမူကား ထိုသို့မဟုတ်ပါ။ ယင်းတို့သည် ခုခံနိုင်စွမ်း မရှိလှသဖြင့် သားရဲများ၏ အဖမ်းအဆီးကို အလွယ်တကူခံရရှာသည်။ သိုးထိန်းမရှိလျှင် သိုးကလေးသည် ခိုကိုးရာမဲ့ဖြစ်ပြီး အလွန်ကြောက်တတ်ပါသည်။ သိုးအုပ်နှင့် ကွဲကွာသွားပါက လွယ်လင့်တကူ ပျောက်ရှသွားနိုင်သည်။ ယင်းကြောင့် ယဉ်ပါးသောသိုးများသည် မိမိ၏သိုးထိန်းကို အလွန်တွယ်တာတတ်သည်။ သိုးထိန်းသာမရှိလျှင် ယင်းတို့သည် ရှင်သန်ရပ်တည်ရန်အကြောင်း နည်းသည်။ ဤစရိုက်များကြောင့် သမ္မာကျမ်းစာက အပြစ်ကင်း၊ မတရားနှိပ်စက်ခံရပြီး အကာအကွယ်မဲ့ဖြစ်နေသူများကို သိုးနှင့်တင်စားထားခြင်းဖြစ်သည်။
သိုးထိန်းတစ်ဦး ခံစားရသောအကျိုးကျေးဇူးများသည် လုံးလုံးလျားလျားရသင့်ရထိုက်သည်မှာ အမှန်ဖြစ်သည်။ သူ၏ဘဝသည် မလွယ်ကူပါ။ အပူဒဏ် အအေးဒဏ်ကိုခံရရုံမက အအိပ်ပျက်ခြင်းဒဏ်ကိုလည်း ခံရသေးသည်။ သားရဲများရန်မှ သိုးအုပ်ကို မကြာခဏ အသက်စွန့်ကာကွယ်ပေးရ၏။ သိုးများကို အုပ်လိုက်ရှိစေရန် သိုးထိန်းဂရုစိုက်ပေးရသည့်အတွက် အဖော်ကွဲ၊ ပျောက်ရှနေသောသိုးတို့ကို လိုက်လံရှာဖွေနေ၍ပင် အချိန်ကုန်လေတော့သည်။ ဖျားနာ၊ ထိခိုက်ဒဏ်ရာရသိုးတို့ကို သူပြုစုပေးရသည်။ အားနည်းသော သို့မဟုတ် မောပန်းနေသော သိုးတို့ကို သူချီပိုးပေးရ၏။ သူတို့အတွက် အစာရေစာအလုံအလောက်ရှိစေရန် အမြဲဂရုစိုက်နေရသည်။ သိုးအုပ်၏လုံခြုံရေးအတွက် ညအခါ လယ်တော၌ သိုးထိန်းအိပ်ရသည့်အခါများလည်းရှိသည်။ သို့ဖြစ်သောကြောင့် သိုးထိန်းခြင်းလုပ်ငန်းသည် ခက်ခဲပင်ပန်းသည့်အလုပ်ဖြစ်ရာ သတ္တိရှိပြီး ဝီရိယရှိသူဖြစ်သည့်အပြင် ကြံဖန်ပြုလုပ်တတ်သူမှသာ ယင်းကို လုပ်ကိုင်ဆောင်ရွက်နိုင်လိမ့်မည်။ ထိုထက်ကား တာဝန်အပ်နှင်းခံရသောသိုးအုပ်အတွက် စိုးရိမ်ကြောင့်ကြစိတ်အမှန်ရှိသူလည်း ဖြစ်ရမည်။
ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းခြင်း
ဘုရားသခင့်လူများကို ကျိုးနွံသောသိုးအဖြစ်၊ သူတို့ကိုတာဝန်ယူရသူတို့အား သိုးထိန်းများအဖြစ် သမ္မာကျမ်းစာဖော်ပြထားသည်။ ယေဟောဝါကိုယ်တော်တိုင်ပင် ‘ကျွန်ုပ်တို့၏သိုးထိန်းနှင့် ဝိညာဉ် [စိုးလ်၊ ကဘ] တို့ကို ကြည့်ရှုတော်မူသောအရှင်’ ဖြစ်တော်မူသည်။ (၁ ပေတရု ၂:၂၅) တမန်တော်ပေတရုအား ‘ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့၊ ငါ၏သိုးတို့ကို ထိန်းလော့၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့’ ဟု “ကောင်းသောသိုးထိန်း” ယေရှုခရစ်မိန့်တော်မူစဉ်က သိုးတို့ကို ကရုဏာသက်စွာ ဂရုစိုက်စေလိုကြောင်း ကိုယ်တော်ဖော်ပြတော်မူခဲ့သည်။ (ယောဟန် ၁၀:၁၁; ၂၁:၁၅-၁၇) ‘ဘုရားသခင်၏အသင်းတော်ကို ထိန်းကျောင်းခြင်း’ တည်းဟူသောကြီးလေးသောတာဝန်ကို ခရစ်ယာန်ကြီးကြပ်မှူးများအား အပ်နှင်းထားပါသည်။ (တမန်တော် ၂၀:၂၈၊ သမ) ဝိညာဏသိုးထိန်းများအဖြစ် သူတို့လုပ်ကိုင်ရန် ပကတိသိုးထိန်းကောင်း၌ရှိသောအရည်အချင်းများ—ရဲစွမ်းသတ္တိ၊ ဝီရိယရှိခြင်း၊ ကြံဖန်ပြုလုပ်တတ်ခြင်းနှင့် အဓိကအနေဖြင့် သိုးအုပ်၏ကျန်းခံ့ရေးကို စိတ်ရင်းစေတနာရှိစွာ စိုးရိမ်ပူပန်ခြင်းစိတ်—ရှိရမည်။
ဘုရားသခင်၏ပရောဖက်ယေဇကျေလခေတ်တွင် ဣသရေလနိုင်ငံရှိ ယေဟောဝါလူမျိုး လိုအပ်ရာများကို ပြုစုကြည့်ရှုပေးရန် ခန့်အပ်ထားခံရသောသိုးထိန်းအများစုသည် တာဝန်ပျက်ကွက်ခဲ့ကြသည်။ ဘုရားသခင့်သိုးတော်စုသည် အကြီးအကျယ်ဒုက္ခရောက်ခဲ့ကြ၍ အများစုမှာ စစ်မှန်သောဝတ်ပြုမှုကို စွန့်လွှတ်သည်အထိ ဖြစ်ခဲ့သည်။ (ယေဇကျေလ ၃၄:၁-၁၀) ယနေ့ ခရစ်ယာန်ဘောင်ဓမ္မဆရာများက မိမိတို့ကိုယ်ကို အမည်ခံခရစ်ယာန်အသင်းတော်၏ သိုးထိန်းအဖြစ် ခံယူထားကြသော်လည်း ကမ္ဘာပေါ်ယေရှုရှိစဉ်က လူတို့ကို ဥပေက္ခာပြု၍ မတရားကျင့်ကြံခဲ့သော ဟန်ဆောင်သမားများနှင့်သာ တူနေကြောင်း ယင်း၏ ဝိညာဏဖျားနာနေသောအခြေအနေက ထင်ရှားစေသည်။ ခရစ်ယာန်ဘောင်၏ ဘာသာရေးခေါင်းဆောင်များသည် “သိုးတို့ကို ဂရုမစိုက်သော” “သူရင်းငှား” နှင့်တူပါသည်။ (ယောဟန် ၁၀:၁၂၊ ၁၃၊ သမ) ဘုရားသခင်၏သိုးတော်စုကို သူတို့ အဘယ်နည်းဖြင့်မျှ ထိန်းကျောင်းပေးလိုစိတ်မရှိ၊ အစွမ်းအစမရှိ၊ အရည်အချင်းလည်း မပြည့်စုံကြပါ။
အမှန်ဂရုစိုက်သော သိုးထိန်းများ
ယေဟောဝါ၏သိုးတော်စုကို ထိန်းကျောင်းမည့်သူအားလုံးအတွက် စုံလင်သောပုံသက်သေကို ယေရှုချမှတ်ထားတော်မူခဲ့ပြီ။ ကိုယ်တော်သည် နည်းလမ်းတိုင်းတွင် တပည့်တော်များကို ချစ်မြတ်နိုး၍ ကြင်နာသည်၊ ကရုဏာသက်၍ ကူညီမစတော်မူခဲ့သည်။ အကူအညီလိုအပ်နေသူများကို ကိုယ်တော်တိုင်ရှာယူချဉ်းကပ်ခဲ့သည်။ ယေရှုသည် အလုပ်များပြီး မောပန်းလေ့ရှိငြားလည်း သူတို့၏ပြဿနာများကို အချိန်ယူနားထောင်ကာ အားပေးတိုက်တွန်းတော်မူခဲ့သည်။ သူတို့အကျိုးအလို့ငှာ ကိုယ်အသက်ကိုစွန့်ရန် အသင့်ရှိခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာ မရှိပါ။—ယောဟန် ၁၅:၁၃။
ယနေ့ ခန့်အပ်ခံ အသင်းတော်အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် သိုးတော်စုအပေါ်ဤတာဝန်ကို ပူးပေါင်းထမ်းဆောင်ကြရမည်ဖြစ်သည်။ သို့ဖြစ်သောကြောင့် တိုင်းတစ်ပါးတွင် စီးပွားရေးကောင်းစရာအကြောင်း ပိုများသည့်တိုင် ဤတာဝန်ခံအမျိုးသား အများစုသည် အသင်းတော်များကို အကူအညီအလုံအလောက်မရှိ၊ ကြီးကြပ်ကွပ်ကဲမှုကင်းမဲ့စွာ ပစ်ထားခဲ့ပြီး ပြောင်းရွှေ့နေထိုင်သွားလိမ့်မည်မဟုတ်ပါ။ “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေကြရသောကြောင့် သိုးတော်စုသည် အားပေးတည်ဆောက်မှုနှင့် လမ်းပြမှု လိုအပ်လျက်နေသည်။ (၂ တိမောသေ ၃:၁-၅) “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေ” နေသောစာတန်၏သားကောင်ဖြစ်စရာအကြောင်း အမြဲရှိနေပါသည်။ (၁ ပေတရု ၅:၈) “မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့” ဟုမှာကြားခံရသည့်အတိုင်း ယခင်ကထက်ယခု ခရစ်ယာန်သိုးထိန်းများ ပြုလုပ်ကြရန် အလွန်အရေးကြီးနေပါသည်။ (၁ သက်သာလောနိတ် ၅:၁၄) မစွဲမြဲသူများအား သိုးတော်စုမှ ကွဲလွင့်မသွားစေရန် တားဆီးပေးရမည်ဆိုလျှင် အမြဲနိုးကြားနေရန် အရေးကြီးပါသည်။—၁ တိမောသေ ၄:၁။
သိုးသည် အကူအညီလိုနေကြောင်းကို သိုးထိန်း မည်သို့သိရှိနိုင်မည်နည်း။ ထင်ရှားသောလက္ခဏာအချို့မှာ ခရစ်ယာန်အစည်းအဝေးများကို မတက်ဘဲနေခြင်း၊ လယ်ကွင်းဓမ္မအမှု၌ မှန်မှန်မပါဝင်ခြင်း၊ အခြားသူများနှင့် တရင်းတနှီးပေါင်းသင်းမှုကို ရှောင်ကြဉ်ပုံရှိခြင်းတို့ဖြစ်သည်။ သိုး၏စိတ်ထားနှင့် သူတို့၏စကားသံကို အသေအချာသတိပြုခြင်းအားဖြင့်လည်း အားနည်းချက်များကို သိရှိနိုင်မည်။ သူတစ်ပါးကို အပြစ်မြင်တတ်နေမည်၊ မခံချင်စိတ်ရှိနေကြောင်း တင်ပြကောင်းတင်ပြလိမ့်မည်။ ဝိညာဉ်ရေးပန်းတိုင်များထက် ရုပ်ပစ္စည်းလိုက်စားခြင်းအပေါ် အသားပေး ပြောဆိုလေ့ရှိပေမည်။ စိတ်အားထက်သန်မှု၊ အကောင်းမြင်ဝါဒနှင့် ပျော်ရွှင်မှုတို့ ကင်းမဲ့ပုံပေါက်ခြင်းက သူတို့၏ယုံကြည်ခြင်း အားနည်းသည့်လက္ခဏာ ဖြစ်ကောင်းဖြစ်မည်။ ညှိုးငယ်သောမျက်နှာထားက အတိုက်အခံပြုသော ဆွေမျိုး၊ သို့မဟုတ် လောကီမိတ်ဆွေတို့၏ ဖိစီးမှုခံနေရခြင်းလက္ခဏာ ဖြစ်နိုင်သည်။ ဤလက္ခဏာများကိုသတိပြုမိကာ မည်သို့သောအကူအညီလိုအပ်ကြောင်း သိုးထိန်းဆုံးဖြတ်လုပ်ကိုင်နိုင်ပါလိမ့်မည်။
ယုံကြည်သူချင်းကို အကူအညီပေးခြင်းငှာ လည်ပတ်သွားသည့်အခါ ခရစ်ယာန်သိုးထိန်းများသည် သူတို့၏အဓိကရည်ရွယ်ချက်ကို သတိချပ်သင့်သည်။ အာလာပသလ္လာပပြောဆိုခြင်းငှာ လည်ပတ်လာခြင်းမျှမဟုတ်ပါ။ ညီအစ်ကိုများထံ တမန်တော်ပေါလုအလည်အပတ်သွားခဲ့ခြင်းသည် ‘သူတို့အား မြဲမြံခိုင်ခံ့စေမည်အကြောင်း ဝိညာဉ်ဆုကျေးဇူး တစ်စုံတစ်ခုကို အပ်ပေးခြင်းငှာနှင့် အချင်းချင်း အားရသက်သာ’ စေရန်ဖြစ်သည်။ (ရောမ ၁:၁၁၊ ၁၂) ယင်းသို့ဖြစ်လာစေရန် ကြိုတင်ပြင်ဆင်ထားဖို့လိုပါသည်။
ဦးဆုံး ပုဂ္ဂိုလ်အလိုက် စိစစ်သုံးသပ်၍ ထိုသူ၏ဝိညာဏအခြေအနေကို ခန့်ခွဲကြည့်ပါ။ ထိုသို့ပြုပြီးနောက် မည်သည့်လမ်းပြညွှန်ကြားမှု၊ အားပေးစကား သို့မဟုတ် ဆုံးမသြဝါဒသည် အကျိုးအရှိဆုံးဖြစ်မည်ကို ကြိုတင်စဉ်းစားထားပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာသည် “တန်ခိုးနှင့်ပြုပြင်” တတ်သောကြောင့် ယင်းကို အဓိကကိုးကားပြောဆိုသင့်သည်။ (ဟေဗြဲ ၄:၁၂) ထူးခြားသောပြဿနာများရှိ သိုးတို့၏ လိုအပ်ရာနှင့်သက်ဆိုင်သည့်အကြောင်းများကို ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းများတွင် ပြန်လေ့လာထားနိုင်သည်။ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်တွင် ရွှင်လန်းအားတက်စေသည့် လန်းဆန်းမှုပေးသောတွေ့ကြုံမှုများကို တွေ့ရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ ‘သူ၏အကျိုးကိုထောက်၍ သူ့ကိုတည်ဆောက်ပေးခြင်းငှာ’ ဝိညာဉ်အစာ တစ်မျိုးတစ်မည်ကို ပေးရန်ဖြစ်သည်။—ရောမ ၁၅:၂။
တည်ဆောက်မှုဖြစ်စေသော ထိန်းကျောင်းခြင်း
ပကတိသိုးများသည် ကာကွယ်စောင့်ရှောက်မှုနှင့် ယုယပြုစုမှုအတွက် မိမိကိုအားကိုးကြောင်း သိုးထိန်းဖြစ်သူသည် ကောင်းစွာသိထားပါသည်။ စိုးရိမ်စရာဖြစ်တတ်သည့်အကြောင်းများမှာ လမ်းလွဲခြင်း၊ ဖျားနာခြင်း၊ မောပန်းခြင်း၊ ဒဏ်ရာရခြင်းနှင့် သားရဲများဖြစ်သည်။ ဤနည်းအတိုင်းပင် သိုးတော်စု၏ကျန်းခံ့ရေးကို ခြိမ်းခြောက်သည့် ထပ်တူအန္တရာယ်များကို ဝိညာဏသိုးထိန်းလည်း အသိအမှတ်ပြု၍ ကိုင်တွယ်ဖြေရှင်းပေးရမည်။ ဖြစ်လေ့ဖြစ်ထရှိသောပြဿနာများနှင့် ဝိညာဉ်ရေးဘက် တည်ဆောက်မှုဖြစ်စေရန် မည်သို့ပြောဆိုနိုင်ကြောင်း အကြံပြုချက်အချို့ကို အောက်တွင် တင်ပြထားပါသည်။
(၁) အပြစ်မရှိပုံပေါက်သည့် အပျော်အပါးဆွဲဆောင်မှုများကြောင့် သတိမမူသောသိုးများနည်းတူ ခရစ်ယာန်အချို့သည် ဘုရားသခင့်သိုးတော်စုမှ လမ်းလွဲသွားကြပါသည်။ ရုပ်ဝါဒ၊ အပန်းဖြေမှု သို့မဟုတ် ဖျော်ဖြေမှု ရှာဖွေခြင်းနှင့်ဆိုင်သော ပန်းတိုင်များထားခြင်းကြောင့် အာရုံပြောင်းခံရပြီး လမ်းလွဲခဲ့ပေမည်။ (ဟေဗြဲ ၂:၁) ဤကဲ့သို့သောသူများအား အချိန်အခါ၏ အရေးကြီးမှု၊ ယေဟောဝါ၏အဖွဲ့အစည်းနှင့် ပူးပူးကပ်ကပ်နေရန် လိုခြင်းနှင့် အသက်တာဘဝတွင် ဘုရားသခင့်နိုင်ငံတော်မှုရေးကိစ္စများကို ရှေးဦးထားရန် အရေးကြီးကြောင်းတို့ကို သတိပေးနိုင်ပါသည်။ (မဿဲ ၆:၂၅-၃၃; လုကာ ၂၁:၃၄-၃၆; ၁ တိမောသေ ၆:၈-၁၀) ၁၉၈၅၊ မေ ၁၅ ရက်ထုတ်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၁ ပါ “သင်၏ဟန်ချက်ကို ထိန်းလော့—အဘယ်သို့နည်း” ဆောင်းပါးတွင် အကူအညီဖြစ်မည့်သြဝါဒများကို တွေ့ရှိရလိမ့်မည်။
(၂) ဖျားနာသောသိုးတို့ကို သိုးထိန်းပြုစုကုသပေးရပါသည်။ ထိုနည်းတူ အပျက်သဘောဆောင်သောအကြောင်းအရာများကြောင့် ဝိညာဏအဖျားဝင်သွားသော ခရစ်ယာန်များကို ဝိညာဏသိုးထိန်းများ ကူညီပေးရမည်။ (ယာကုပ် ၅:၁၄၊ ၁၅) သူတို့ခမျာ အလုပ်လက်မဲ့ဖြစ်နေကောင်း ဖြစ်နေမည်၊ စိုးရိမ်စရာရှိသည့် ကျန်းမာရေးအခက်အခဲ၊ သို့မဟုတ် အိမ်ထောင်ရေးတွင် ပြဿနာများ ကြုံတွေ့နေရပေမည်။ ဤကဲ့သို့သောသူများသည် ဝိညာဉ်အစာ စားချင်စိတ်မရှိလှ၊ ဘုရားသခင့်လူမျိုးနှင့် ပေါင်းသင်းခြင်းကိုလည်း မတမ်းတဘဲနေပေမည်။ ယင်းကတစ်ဖန် တစ်သီးပုဂ္ဂလနေခြင်းနှင့် စိတ်ဓာတ်ကျခြင်း ဖြစ်ပေါ်စေသည်။ ယေဟောဝါရှင်သည် သူတို့ကို အမှန်ဂရုစိုက်ကြောင်းနှင့် အခက်အခဲများကြား ကူညီမစပေးတော်မူမည့်အကြောင်း စိတ်ချစေလိုပေမည်။ (ဆာလံ ၅၅:၂၂; မဿဲ ၁၈:၁၂-၁၄; ၂ ကောရိန္သု ၄:၁၆-၁၈; ၁ ပေတရု ၁:၆၊ ၇; ၅:၆၊ ၇) ၁၉၈၀၊ ဇွန် ၁ ရက်ထုတ် [အင်္ဂလိပ်] ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၅ ၌ပါသော “ခရစ်ယာန်တစ်ဦးအနေနှင့် ရှေ့တည့်တည့်ကြည့်ရှုလေ” ဆောင်းပါးကို ပြန်သုံးသပ်ခြင်းသည်လည်း အကူအညီဖြစ်ပေမည်။
(၃) မောပန်းသွားသောသိုးတို့ကို သိုးထိန်းဂရုစိုက် ကြည့်ရှုနေရ၏။ အချို့သူများသည် ယေဟောဝါ၏လုပ်ငန်းတော်ကို နှစ်အတန်ကြာ သစ္စာရှိရှိဆောင်ရွက်ခဲ့ကြဖူးပြီ။ စမ်းသပ်မှုနှင့်စုံစမ်းခြင်းအမျိုးမျိုးကိုလည်း သူတို့ကျော်လွှားခဲ့ကြပြီ။ ယခုမူ ကောင်းမှုပြုခဲ့၍ မောပန်းလာသည့်ပုံစံမျိုးဝင်လာပြီး အပတ်တကုတ်ဟောပြောဖို့လိုခြင်းကိစ္စကို သံသယဝင်နေကောင်း ဝင်နေလိမ့်မည်။ ယေရှုခရစ်ကို အတုယူကာ ဘုရားသခင့်အမှုတော်တွင် စိတ်နှလုံးအပြည့်ပါဝင်ခြင်းမှ ခံစားရသောပျော်ရွှင်မှုများနှင့်ကောင်းချီးများကို ပြန်တန်ဖိုးထားလေးစားတတ်ရန် သူတို့၏စိတ်ဓာတ်ကို နှိုးဆော်ပေးဖို့လိုပေသည်။ (ဂလာတိ ၆:၉၊ ၁၀; ဟေဗြဲ ၁၂:၁-၃) သူတို့၏သစ္စာရှိလုပ်ငန်းများကို ယေဟောဝါတန်ဖိုးထားကြောင်းနှင့် ကိုယ်တော်အားချီးမွမ်းခြင်းငှာ နောက်နောင်လုပ်ကိုင်လေသမျှကို ခွန်အားပေးတော်မူနိုင်ကြောင်း သူတို့အား နားလည်စေနိုင်ပေမည်။ (ဟေရှာယ ၄၀:၂၉၊ ၃၀; ဟေဗြဲ ၆:၁၀-၁၂) ၁၉၈၉၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၆ ပါ “စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့” ဆောင်းပါးရှိ အချက်အလက်များကို တင်ပြပြောဆိုလျှင် အကျိုးရှိကောင်းရှိပေမည်။
(၄) ဒဏ်ရာရသောသိုးများကဲ့သို့ပင် ဆိုးရွားသောအကျင့်ဟု ယူမှတ်သည့်အပြုအမူကြောင့် ခရစ်ယာန်အချို့သည် စိတ်ထိခိုက်နာကြည်းနေပေမည်။ မည်သို့ဆိုစေကာမူ သူတစ်ပါးကို ကျွန်ုပ်တို့ခွင့်လွှတ်လျှင် ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။ (ကောလောသဲ ၃:၁၂-၁၄; ၁ ပေတရု ၄:၈) ညီအစ်ကို သို့မဟုတ် ညီအစ်မအချို့မှာမူ မတရားသဖြင့်ဆုံးမပဲ့ပြင်ခြင်းခံခဲ့ရသည်ဟုခံစားခဲ့ရပေမည်။ သို့ရာတွင် ကျွန်ုပ်တို့အားလုံး ဝိညာဏသြဝါဒနှင့် ပဲ့ပြင်မှုမှ အကျိုးရရှိနိုင်၍ ယေဟောဝါကိုချစ်သောသူများကို ကိုယ်တော်ပဲ့ပြင်တော်မူကြောင်း သိရှိရခြင်းသည် ဝမ်းသာစရာဖြစ်သည်။ (ဟေဗြဲ ၁၂:၄-၁၁) မိမိ၌ အရည်အချင်းရှိသည်ထင်လျက်ပင် လုပ်ငန်းတော်အခွင့်အရေးများမရခဲ့သဖြင့် စိတ်နာကြည်းပြီး အသင်းတော်နှင့်အဆက်ဖြတ်ခဲ့သူများလည်း ရှိပါသည်။ သို့သော် ယေဟောဝါအဖွဲ့အစည်းမှ ဝေးကွာနေမည်ဆိုလျှင် ကယ်တင်ခြင်းနှင့် စစ်မှန်သောရွှင်လန်းမှု ရရှိနိုင်စရာနေရာ မရှိတော့ပါ။ (ယောဟန် ၆:၆၆-၆၉ နှိုင်းယှဉ်။) ယင်းနှင့်စပ်လျဉ်း၍ အကူအညီဖြစ်မည့်အကြောင်းအရာများကို ၁၉၈၈၊ ဩဂုတ် ၁၅ ရက်ထုတ် [အင်္ဂလိပ်] ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၀ ပါ “ကျွန်ုပ်တို့၏ခရစ်ယာန်စည်းလုံးမှုကို တည်ရှိစေခြင်း” ဆောင်းပါးတွင် တွေ့ရှိနိုင်ပါမည်။
(၅) သိုးများကို သားရဲများရန်မှ ကာကွယ်ပေးရမည်။ နှိုင်းယှဉ်ချက်အနေနှင့် မယုံကြည်သူ ဆွေမျိုး သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များ၏ အတိုက်အခံနှင့် ခြိမ်းခြောက်မှုကို အချို့ခံနေရပေမည်။ ဘုရားသခင့်လုပ်ငန်းတော်တွင် သူတို့လုပ်ဆောင်မှုလျော့သွားရန်၊ သို့မဟုတ် ခရစ်ယာန်ဓမ္မအမှု၌ ပါဝင်ခြင်းကို ရပ်စဲလိုက်ရန် အတင်းအကျပ်ဖိအားပေးခံရသည့်အခါ သူတို့သမာဓိရှိဖို့ အခက်အခဲကြုံနေမည်။ သို့ရာတွင် အတိုက်အခံပြုခြင်းသည် မဆန်း၊ ယေရှုခရစ်၏ တပည့်စစ်ဖြစ်ခြင်း သက်သေသာဓကတစ်ခုပင်ဖြစ်ကြောင်း သဘောပေါက်ရန် ကူညီပေးမည်ဆိုလျှင် ခွန်အားပြည့်တင်းလာပေမည်။ (မဿဲ ၅:၁၁၊ ၁၂; ၁၀:၃၂-၃၉; ၂၄:၉; ၂ တိမောသေ ၃:၁၂) သူတို့သစ္စာရှိမည်ဆိုလျှင် ယေဟောဝါ၏စွန့်ပယ်ခြင်းကို ဘယ်သောအခါမျှမခံရဘဲ ခံနိုင်ရည်ရှိခြင်းကြောင့် ဆုကျေးဇူးခံစားရမည်အကြောင်း တင်ပြပြောဆိုပါက အကျိုးရှိပေမည်။ (၂ ကောရိန္သု ၄:၇-၉; ယာကုပ် ၁:၂-၄၊ ၁၂; ၁ ပေတရု ၅:၈-၁၀) ၁၉၈၃၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၉ ပါ “နှိပ်စက်ညှဉ်းပန်းမှုကြားတွင် ဝမ်းမြောက်ရွှင်လန်းစွာ ခံရပ်ခြင်း” ဆောင်းပါးတွင် ထပ်ဆင့်အားပေးနိုင်သည့်အချက်များပါရှိသည်။
သိုးထိန်းများ—သင့်တာဝန်များကို ဖြည့်စွက်
ဘုရားသခင့်သိုးတော်စု၏ လိုအပ်ရာ မြောက်မြားစွာရှိသည်။ လျောက်ပတ်သော ဂရုစိုက်ကြည့်ရှု စောင့်ရှောက်ပေးခြင်းသည် မဖြစ်မနေလုပ်ရမည့်အလုပ်ဖြစ်သည်။ ထိုကြောင့် ခရစ်ယာန်သိုးထိန်းများသည် ကရုဏာသက်ရမည်၊ အမှန်တကယ်စိုးရိမ်ကြောင့်ကြစိတ်ရှိ၍ အကူအညီပေးလိုစိတ် ရှိရမည်။ စိတ်ရှည်ခြင်းနှင့် ထိုးထွင်းသိမြင်သောသဘောရှိခြင်းသည် အရေးကြီးပါသည်။ အချို့သူများကို ဆုံးမသြဝါဒပေးရန်လိုမည်မှန်သော်လည်း အခြားသူတို့ကိုမူ အားပေးတည်ဆောက်ပါက အကျိုးပြုနိုင်သည်။ အချို့အခြေအနေများတွင် အနည်းငယ်လည်ပတ်သွားလာပေးရုံဖြင့် လုံလောက်မည်ဖြစ်သော်လည်း အခြားသူများနှင့်မူ မှန်မှန်ကျမ်းစာသင်အံမှုပြုပေးရန် လိုပေမည်။ သို့သော် ကိစ္စရပ်တိုင်းတွင် အဓိကရည်မှန်းချက်ကား ဝိညာဉ်ရေးအရ တည်ဆောက်မှုဖြစ်သော လမ်းပြမှုပေးခြင်း၊ သို့မဟုတ် မေတ္တာပါပါ ဆုံးမပေးခြင်းအားဖြင့် ထိုသူအား ကျမ်းစာလေ့လာခြင်းအကျင့်ကောင်းများရှိစေရန်၊ အသင်းတော်အစည်းအဝေးများကို မှန်မှန်ပြန်တက်လာရန်၊ ခရစ်ယာန်ဓမ္မအမှုတွင် တက်ကြွလှုပ်ရှားစွာ ပါဝင်ချင်စိတ် တစ်ဖန်ရှိလာရန် လှုံ့ဆော်ပေးခြင်းဖြစ်သည်။ ဤမည်ကား ယုံကြည်သူချင်းတို့အား ကူညီပေးနိုင်သည့် အဓိကနည်းလမ်းများဖြစ်၍ ယေဟောဝါ၏ဝိညာဉ်တော် လွတ်လပ်စွာစီးဆင်းလာစေသည့်လမ်းကို ဖွင့်ပေးရန် ကူညီပေးခြင်းဖြစ်သတည်း။
ဤသို့ထောက်မကူညီပေးသောသိုးထိန်းများသည် ဘုရားသခင့်သိုးတော်စုအကျိုးအလို့ငှာ အကျိုးကျေးဇူးအရှိဆုံးအလုပ်ကို လုပ်ကိုင်ပေးကြပါသည်။ (၁၉၈၆၊ နိုဝင်ဘာ ၁၅၊ စာမျက်နှာ ၂၀-၂၄ နှင့် ဒီဇင်ဘာ ၁၊ စာမျက်နှာ ၇၊ ၈ ကင်းမျှော်စင် ကိုရှု။) ဝိညာဏသိုးထိန်းများပြုလေသမျှကို သိုးတော်စု အလွန်တန်ဖိုးထားလေးမြတ်ပါသည်။ ဤကဲ့သို့သောအကူအညီမျိုးကို လက်ခံရရှိပြီးနောက် အိမ်ထောင်ဦးစီးတစ်ဦးက ‘အလင်းတရား၌ ၂၂ နှစ်ရှိပြီးနောက်တွင် ရုပ်ဝါဒနောက် လိုက်ပါသွားပြီး လောကထဲ ကျွန်တော်တို့ပြန်ရောက်သွားခဲ့သည်။ အစည်းအဝေးများကို တက်လိုစိတ် မကြာခဏပေါ်ပေါက်လာခဲ့သော်လည်း မတက်ဖြစ်ခဲ့ပါ။ စာတန့်စနစ်ထဲလည်း ကျွန်တော်တို့ အံမဝင်သည့်အတွက် အဆက်ပြတ်ပြီးတစ်သီးတခြားဖြစ်နေကြပါသည်။ ထိုကြောင့် စိတ်ချောက်ချားပြီး စိတ်ဓာတ်အလွန်ကျခဲ့ပါသည်။ အားပေးစကားများ ကြားလိုခဲ့သည်။ သို့နှင့် အကြီးအကဲတစ်ယောက်သည် ကျွန်တော်တို့အိမ်သို့ အလည်လာပြီး ကျမ်းစာသင်အံမှုပြန်စပေးရန် စီစဉ်သည့်အခါ ချက်ချင်းလက်ခံခဲ့ပါသည်။ ယခုဆိုလျှင် ကျွန်တော်တို့အားလုံး ယေဟောဝါ၏လုံခြုံသည့်အဖွဲ့အစည်းအတွင်း ပြန်ရောက်နေကြပြီ။ ကျွန်တော်၏ ပျော်ရွှင်မှုကို မဖော်ပြနိုင်သည်တိုင် ဖြစ်နေပါသည်’ ဟုပြောပြခဲ့သည်။
ကျွန်ုပ်တို့၏လမ်းလွဲနေသော၊ သို့မဟုတ် စိတ်ဓာတ်ကျနေသော ညီအစ်ကိုညီအစ်မများ ဝိညာဉ်ရေးဘက် ပြန်အားရှိလာပြီး တက်ကြွလှုပ်ရှားလာသည့်အခါ ဝမ်းသာအားရစရာအကြောင်း များစွာရှိပါသည်။ (လုကာ ၁၅:၄-၇) “သိုးခြံ၌သိုးများကဲ့သို့” စည်းလုံးနေကြသောအခါ ယေဟောဝါ၏လူမျိုးတော်နှင့်ဆိုင်သောရည်ရွယ်ချက်သည် ပြည့်စုံလာပါသည်။ (မိက္ခာ ၂:၁၂) ဤလုံခြုံမှုရှိခိုလုံရာအရပ်တွင် ကောင်းသောသိုးထိန်း၊ ယေရှုခရစ်အကူအညီဖြင့် ‘သူတို့စိတ်နှလုံးသည် သက်သာခြင်းကိုရ’ ကြပါသည်။ (မဿဲ ၁၁:၂၈-၃၀) ကမ္ဘာချီစည်းလုံးမှုရှိ သိုးတော်စုသည် လမ်းပြညွှန်ကြားမှု၊ စိတ်သက်သာမှုနှင့် ကာကွယ်စောင့်ရှောက်မှုရရှိသည့်အပြင် ဝိညာဏအစာရေစာကို အလျှံပယ် သုံးဆောင်နေရသည်။
ယနေ့ ဤသိုးထိန်းခြင်းလုပ်ငန်းအားဖြင့် “ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကို ရှာမည်။ . . . သူတို့ကွဲပြားသောအရပ်ရပ်တို့က ငါနှုတ်ဆောင်မည်။ . . . ကောင်းသောကျက်စားရာအရပ်၌ ကျွေးမွေးမည်။ . . . ပျောက်သောသိုးကို ငါရှာမည်။ . . . အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို မစမည်” ဟူသောရှေးခေတ်ကတိတော်နှင့်ညီညွတ်သော မေတ္တာပါလုပ်ငန်းကို ယေဟောဝါဆောင်ရွက်နေတော်မူသည်။ (ယေဇကျေလ ၃၄:၁၁-၁၆) ယေဟောဝါသည် ကျွန်ုပ်တို့၏သိုးထိန်းဖြစ်ကြောင်း သိရှိထားခြင်းမှ အလွန်စိတ်သက်သာမှုရရှိနိုင်ပါသည်တကား!—ဆာလံ ၂၃:၁-၄။
ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည်ဘုရားသခင့်သိုးတော်စုကိုထိန်းကျောင်းခြင်းဆိုင်ရာ မြင့်မြတ်သောပြင်ဆင်ချက်များကြောင့် “ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သာလျှင် အခွင့်ပေးတော်မူ၏” ဟူ၍ပြောဆိုခဲ့သော ဒါဝိဒ်နှင့် သဘောတူညီပါလိမ့်မည်။ (ဆာလံ ၄:၈) မှန်ပါသည်။ ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်၏မေတ္တာပါသောဂရုစိုက်မှုကြောင့် လုံခြုံမှုရှိသည်ဟု ခံစားရပြီး ခရစ်ယာန်အကြီးအကဲများသည် သိုးများကို ကရုဏာသက်စွာ ထိန်းကျောင်းပေးသည့်အတွက် ကျေးဇူးတင်ကြပါသည်။
[Picture Credit Line on page 20, 21]
Potter’s Complete Bible Encyclopedia