ရေခဲနှင့်မီးနိုင်ငံတွင် ခံနိုင်ရည်ရှိစွာဖြင့် ဟောပြောခြင်း
မြာက်အမေရိကနှင့် ဥရောပတိုက်အကြားဗဟိုခန့် မြောက်အတ္တလန်တိတ်အရပ်တွင် အိုက်စလန်နိုင်ငံတည်ရှိသည်။ အာတိတ်စက်ဝိုင်းအောက်တွင်ပင် တည်ရှိသော်ငြားလည်း ဂါလ်ဖ်ရေပူကြောင်း၏ အနွေးဓာတ်သက်ရောက်မှုကြောင့် ယင်း၏ရာသီဥတုသည် ထင်သည်ထက် သမပါသည်။ ဥရောပတိုက်တွင် အကြီးမားဆုံးရေခဲပြင်ရှိသည့်အပြင် ကမ္ဘာပေါ်တွင် မီးတောင်ရှင်အများဆုံးရှိရာဒေသဖြစ်သောကြောင့် အိုက်စလန်နိုင်ငံကို “ရေခဲနှင့်မီးနိုင်ငံ” ဟုခေါ်ထားခြင်းဖြစ်သည်။ ယင်း၏ ရေပူစမ်းများနှင့် စောလ်ဖာတရာခေါ် အပူငွေ့နှင့် ဆာလဖျူရတ်ဓာတ်ငွေ့လွှတ်သော မီးတောင်အရပ်ဒေသများကြောင့် ကျော်ကြားပါသည်။
ဥရောပတိုက်တွင် ဒုတိယအကြီးဆုံးဖြစ်သည့် ဤကျွန်းပေါ်နေထိုင်သူ ၂၆၀,၀၀၀ တို့သည် ဤအရပ်၌ နှစ်ပေါင်း ၁,၁၀၀ ကျော်က အခြေချခဲ့သော ဗိုက်ကင်းပင်လယ်ဓားပြများမှ ဆင်းသက်လာသူများဖြစ်ကြသည်။ အိုက်စလန်စကားသည် ဗိုက်ကင်းခေတ်ကအသုံးပြုခဲ့သည့် မူဟောင်းနော့စ်ခေါ် စကင်ဒီနေဗီယားဘာသာစကားပင် ဖြစ်သည်။ အိုက်စလန်လူမျိုးတို့သည် ၁၃ ရာစုနှစ်တွင် အများအားဖြင့် ရေးသားခဲ့သော ရှေးသူရဲကောင်းပုံပြင်များကို ဖတ်လေ့ရှိသည့်အတွက် ယင်းဘာသာစကားသည် အပြောင်းအလဲမရှိလှချေ။
၁၆ ရာစုတိုင်လေသော် သမ္မာကျမ်းစာကို အိုက်စလန်ဘာသာစကားသို့ စတင်ဘာသာပြန်ဆိုပါသည်။ ၁၅၄၀ ခုနှစ်တွင် “ဓမ္မသစ်ကျမ်း၊” ၁၅၈၄ ခုနှစ်တွင် ကျမ်းစာတစ်အုပ်လုံးထွက်လာပါသည်။ ၉၀ ရာခိုင်နှုန်းကျော်သောသူတို့သည် နိုင်ငံတော်ဘာသာဖြစ်သည့် ဧဝံဂေလိ လူသရင်အသင်းဝင်များဖြစ်ကြသည်။ သမ္မာကျမ်းစာကို အိမ်တိုင်းနီးပါးတွင် တွေ့ရမည်ဖြစ်သော်လည်း ယင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည်ဟူ၍ အနည်းငယ်သောသူတို့သာ ယုံကြည်လက်ခံသည်။ အိုက်စလန်လူမျိုးသည် ဘာသာရေးအမြင်ကျယ်၍ အများအားဖြင့်ဆိုလျှင် လွတ်လပ်စွာတွေးခေါ်သူများဖြစ်ကြသည်။
အိုက်စလန်နိုင်ငံသို့ သတင်းကောင်းရောက်ရှိ
အိုက်စလန်လူမျိုးမှ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ပထမဦးဆုံးကြားနာရသူများသည် ထိုစဉ်က ကနေဒါနိုင်ငံတွင် နေထိုင်နေကြပါသည်။ သူတို့အနက်တစ်ဦးသည် ဂျော့ဂ်ျ ဖယိုလ်နာ လင်ဒါလ်ဖြစ်သည်။ သူ့မိဘများမှာ အိုက်စလန်နိုင်ငံမှဖြစ်၍ အိုက်စလန်ဘာသာစကားကို သူပြောဆိုပါသည်။ ယေဟောဝါဘုရားသခင်ထံ မိမိအသက်တာကို ဆက်ကပ်အပ်နှံပြီး များမကြာမီပင် အချိန်ပြည့်သတင်းကောင်းဟောပြောသူ ဖြစ်လာပါသည်။ သူသည် အသက် ၄၀ အရွယ်၊ ၁၉၂၉ ခုနှစ်တွင် ထိုရေခဲနှင့်မီးနိုင်ငံတွင်နေထိုင်သူများထံသို့ သတင်းကောင်းသယ်ဆောင်သွားပါသည်။
တစ်ဦးတည်းထမ်းဆောင်ရသည့် အလွန်ကြီးမားသောတာဝန်ပါတကား! အိုက်စလန်နိုင်ငံသည် မြောက်မှတောင်သို့ မိုင် ၂၀၀ ခန့်ရှိ၍ အရှေ့မှအနောက်သို့ဆိုလျှင် မိုင် ၃၀၀ ခန့်ရှိသည်။ ရေလက်ကြားများအပါအဝင် ကမ်းခြေဒေသသည် မိုင် ၄,၀၀၀ ခန့်ရှည်လျားပါသည်။ ထိုစဉ်က လမ်းများမဖောက်ထား၍ ကားမရှိသလောက်ဖြစ်သည်။ ခေတ်မီနည်းဖြင့် သွားလာ၍မရပါ။ သို့ဖြစ်၍ပင် ညီအစ်ကိုလင်ဒါလ်သည် တစ်ကျွန်းလုံးပေါ် ဆယ်နှစ်အတွင်း သတင်းကောင်းရောက်စေလျက် စာအုပ်စာတမ်းထောင်ပေါင်းများစွာကို ဝေငှနိုင်ခဲ့သည်။ ကမ်းခြေတစ်လျှောက် သင်္ဘောဖြင့် ခရီးသွားလာခဲ့၍ ကုန်းတွင်းပိုင်းရှိ ခြံများသို့လည်ပတ်ချိန်၌ မြင်းနှစ်ကောင်ကို အသုံးပြုခဲ့သည်။ တစ်ကောင်ကို သူစီး၍ အခြားတစ်ကောင်ပေါ် စာအုပ်စာတမ်းများနှင့် သူ၏ပစ္စည်းပစ္စယများကို တင်ခဲ့ပါသည်။
အိုက်စလန်နိုင်ငံတွင် ညီအစ်ကိုလင်ဒါလ်သည် ၁၈ နှစ်နီးပါးတိုင်အောင် တစ်ဦးတည်းသောသက်သေခံဖြစ်ခဲ့ပါသည်။ သူကြိုးစားပမ်းစားလုပ်ကိုင်ခဲ့သော်လည်း ထိုအချိန်အတောအတွင်း ဘုရားသခင့်နိုင်ငံတော်ဘက် ရပ်တည်ခဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၏ ပထမကျောင်းဆင်းသူများသည် ၁၉၄၇၊ မတ် ၂၅ ရက်နေ့တွင် ရောက်လာသောအခါ ကြာမြင့်စွာ တစ်ဦးတည်းနေခဲ့ရသည့် သူ၏အခြေအနေ ပြီးဆုံးသွားပါသည်။ ရိတ်သိမ်းခြင်းအတွက် လုပ်သားများပေးပါရန် သူ၏ဆုတောင်းချက်များကို ယေဟောဝါနောက်ဆုံး ဖြေဆိုပေးသည့်အတွက် သူမည်မျှရွှင်လန်းခဲ့မည်ကို စဉ်းစားကြည့်နိုင်ပါသည်။ (မဿဲ ၉:၃၇၊ ၃၈) ၁၉၅၃ ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ညီအစ်ကိုလင်ဒါလ် ပြန်မသွားမချင်း အိုက်စလန်နိုင်ငံတွင် သူ၏လုပ်ငန်းကို ဆက်ဆောင်ရွက်ခဲ့သည်။
ရိတ်သိမ်းခြင်းအတွက် လုပ်သားများတိုးလာ
၁၉၄၇ ခုနှစ်တွင် သာသနာပြုများအဖြစ် ရောက်လာသူများမှာ ဒိန်းမတ် ညီအစ်ကိုနှစ်ဦးဖြစ်သည်။ နောက်နှစ်နှစ်အကြာတွင် သာသနာပြုများ ထပ်မံရောက်ရှိလာသည်။ အိုက်စလန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သော မိတ်ဆွေအချို့နှင့်အတူ ဟောပြောခြင်းလုပ်ငန်းကို သူတို့ ဆက်လုပ်ကိုင်ကြရာတွင် စာပေစာတမ်း ထောင်ချီဝေငှနိုင်ခဲ့ကြသည်။ အိုက်စလန်နိုင်ငံသား အများစုသည် စာဖတ်ဝါသနာရှိသူများဖြစ်ကြသော်လည်း သတင်းကောင်းကိုလက်ခံသူများမူကား မများပါ။ စိုက်ပျိုး၍ ရေလောင်းခြင်းလုပ်ငန်းကို ၂၇ နှစ်တိုင်လုပ်ကိုင်ပြီးနောက်မှ စိတ်ရှည်သော ညီအစ်ကိုများသည် သူတို့ကြိုးပမ်းမှု၏အသီးကို စတင်တွေ့မြင်လာကြသည်။ ၁၉၅၆ ခုနှစ်တွင် လူသစ်ခုနစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်ဘက် ရပ်တည်လာကြပြီး ယေဟောဝါထံ သူတို့အသက်တာကို အပ်နှံခဲ့ကြသည်။
လွန်ခဲ့သောဆယ်နှစ်အတွင်း ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူအရေတွက်သည် နှစ်ဆထက်မက တိုးများလာပါပြီ။ ယခု အသင်းတော်ပေါင်း ခုနစ်ခုနှင့် သီးခြားအုပ်စု တစ်ခုတွင် ပေါင်းသင်းနေသည့် သတင်းကောင်းကြွေးကြော်သူ ၂၈၀ ရှိပြီ။ ဤအသင်းတော်များထံလည်ပတ်ခြင်းငှာ ကျွန်းပေါ် ခရီးထွက်ကြစို့လေ။
မြို့တော်ဝန်းကျင်
ထိုနှစ်ပေါင်းများစွာ ခံနိုင်ရည်တင်ပြခဲ့သော ညီအစ်ကိုညီအစ်မများသည် ကြွယ်ဝစွာ ကောင်းချီးခံစားခဲ့ကြရပြီ။ မြို့တော်ရက်ယာဗစ်တွင် ယခု တိုးတက်နေသောအသင်းတော်နှစ်ခု ရှိနေပြီ။ ၁၉၇၅ ခုနှစ်တွင် အပ်နှံခဲ့သော ဌာနခွဲရုံးတွင်းရှိ အလွန်တင့်တယ်သော နိုင်ငံတော်ခန်းမ၌ သူတို့စည်းဝေးကြပါသည်။
ဖရက်သ်ရီခ်နှင့်အေဒါတို့သည် ၁၉၅၆ ခုနှစ်ကနှစ်ခြင်းခံခဲ့သူ ခုနစ်ဦးအဝင်ဖြစ်သည်။ “သာသနာပြုများနေထိုင်ခဲ့သည့် ထပ်ခိုးအခန်းငယ်တစ်ခုတွင် ကျွန်တော်တို့ အစည်းအဝေးလုပ်ခဲ့သည်ကို မှတ်မိသေးသည်” ဟုဖရက်သ်ရီခ်ပြောပြသည်။ “ထိုင်ခုံ ၁၂ လုံးအတွက်နေရာသာ ရှိသည်။ သို့သော် တစ်ခါတစ်ရံ လာနေကြလူဦးရေထက် များလာမည်ဆိုလျှင် အခြားအခန်းငယ်တစ်ခု၏တံခါးကို ဖွင့်လိုက်ပါသည်။ ယနေ့ နိုင်ငံတော်ခန်းမအပြည့် အသင်းတော်နှစ်ခုနှင့် အခြားကြီးခြားခဲ့ပါသည်။”
ပထမဆုံးစည်းဝေးပွဲကြီးများကျင်းပစဉ်က ဖရက်သ်ရီခ်သည် အစားအသောက်ဌာန၏ တာဝန်ခံဖြစ်သည်။ “အများအားဖြင့် ကျွန်တော်တစ်ယောက်တည်း ချက်ပြုတ်လုပ်ကိုင်သည့်အပြင် အစီအစဉ်တွင် သုံးလေးကြိမ် နေ့စဉ်ပါလေ့ရှိသည်။ မီးဖိုတွင် ချက်ပြုတ်သည့်အခါ ရှေ့ဖုံးခါးစီးကိုဝတ်ဆင်ထားပါသည်။ ဟောပြောချက်ပေးရန် ကျွန်တော့်အလှည့်ကျသည့်အခါ ကုတ်အင်္ကျီဝတ်ပြီး ခန်းမထဲ အဆောတလျင်သွားခဲ့ရသည်။ ကျွန်တော့်ရှေ့ဖုံးခါးစီးကိုချွတ်ပစ်ရန် ကျွန်တော့်အား ညီအစ်ကိုများ အကြိမ်ကြိမ်သတိပေးခဲ့ရပါသည်။ ယခုဆိုလျှင် စည်းဝေးပွဲကြီးများကို တက်ရောက်သူ ၄၀၀ မှ ၅၀၀ အထိရှိနေပြီ။ စည်းဝေးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သူ အကြီးအကဲကောင်း များစွာလည်းရှိပြီ။ အစားအသောက်ဌာနတွင်လည်း ဝိုင်းဝန်းကူညီပေးသူ မြောက်မြားစွာ ရှိနေပါသည်။”
ရက်ယာဗစ်မြို့နှင့်အနီးဆုံးအသင်းတော်သည် အနောက်ဘက်သို့ မိုင် ၃၀ ရှိ ကရက်ဗလာဗစ်အသင်းတော်ဖြစ်သည်။ ချော်ရည်ကွင်းများကို ဖြတ်သွားရပါသည်။ အိုက်စလန်နိုင်ငံ၏ဆယ်ရာခိုင်နှုန်းသည် ချော်ရည်ဖုံးအုပ်နေသည်။ ဤကွင်းများတွင် ဦးဆုံးထွက်သည့်အပင်များမှာ ရေညှိရေမှော်ပင်အမျိုးမျိုးဖြစ်သည်။ သို့သော် ချော်ရည်ကွင်းအဟောင်းများတွင်မူ ဘယ်ရီ အရိုင်းပင်များနှင့် အခြားအပင်ငယ်များကို တွေ့ရှိနိုင်ပါသည်။
ကရက်ဗလာဗစ်အသင်းတော်တွင် ကြေညာသူ ၁၉ ယောက်ရှိပြီး ယင်းကို ၁၉၆၅ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ အနီးအနားတွင် နိုင်ငံတကာလေဆိပ်နှင့် အမေရိကန်စစ်စခန်းလည်း ရှိပါသည်။ ထိုအခြေစိုက်စခန်းတွင် သက်သေခံများသည် တစ်ခါမျှ တစ်အိမ်မှတစ်အိမ်သွားခွင့်မရခဲ့သော်လည်း ထိုတွင် ကျမ်းစာသင်အံမှုပေါင်းများစွာ ကျင်းပနိုင်ခဲ့၍ သမ္မာတရားကိုလက်ခံခဲ့သူ အတော်အတန်ရှိခဲ့ပါသည်။
နောက်အသင်းတော်တစ်ခုသည် မြို့တော်ရက်ယာဗစ်၏အရှေ့ဘက် ၃၅ မိုင်ရှိ စဲလ်ဖော့စ်မြို့တွင်ဖြစ်သည်။ ဤတွင် အိုက်စလန်နိုင်ငံ၏ အကြီးဆုံးနို့ထွက်ပစ္စည်းထုတ်လုပ်သည့်ရုံအပါအဝင် နွားနှင့်သိုးမွေးမြူရေးခြံများကို တွေ့ရှိရပါသည်။ ဤမြို့သို့အသွား ရှုခင်းသာချိုင့်ဝှမ်းတွင်ရှိ ကဗာရာကသီးမြို့ငယ်လေးကို ဖြတ်သွားကြရသည်။ အဝေးမှလှမ်းကြည့်လိုက်သည့်အခါ ချိုင့်ဝှမ်းတစ်လျှောက်ရှိ ရေပူစမ်းများမှ ရေခိုးရေငွေ့ကို သတိပြုမိကြမည်။ ဤအရပ်ဒေသသည် တစ်နိုင်ငံလုံးတွင် အကျယ်ဝန်းဆုံးအပူပေးဒေသဖြစ်သည်။ ဤစွမ်းအင်ကိုအသုံးပြုနိုင်ရန် ဖန်လုံအိမ်များစွာဆောက်လုပ်ထား၍ ခရမ်းချဉ်သီး၊ သခွားသီးနှင့် ပန်းမျိုးစုံ စိုက်ပျိုးကြပါသည်။
ဤအရပ်ဒေသသည် သေးငယ်သော်လည်း ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၉ ဦးရှိ တက်ကြွသည့်အသင်းတော်တစ်ခုရှိပါသည်။ စိခ်အူရ်သူရ်နှင့်ဂရူသရွန် စဗာဗာတို့သည် ၁၉၈၈ ခုနှစ်တွင် ဤအသင်းတော်ကလေး တည်ထောင်ခါစအချိန်ခန့်က ယင်းကိုထောက်ပံ့ကူညီပေးရန် မြို့တော်ရက်ယာဗစ်မှ ပြောင်းလာခဲ့သည်။ စိခ်အူရ်သူရ်သည် ဤနေရာရှိ တစ်ဦးတည်းသောအကြီးအကဲဖြစ်သည်။ သူသည် လွန်ခဲ့သောဆယ်နှစ်ခန့်က ယေဟောဝါသက်သေတစ်ဦးဖြစ်မလာမီ နာမည်ကျော်တေးဂီတသမားတစ်ဦးအနေနှင့် တီးဝိုင်းအသီးသီးတွင် ဗုံတီးခဲ့သည်။ ယနေ့ ပြတင်းပေါက်သန့်ရှင်းရေးသမားအဖြစ် အသက်မွေးဝမ်းကျောင်းရှာသည့်အပြင် ဂီတလည်း သင်ပေးပါသည်။ ဖျော်ဖြေသူအဖြစ် သူ၏ဘဝပုံစံကြောင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သောက်ကြူးခြင်းနှင့် အိမ်ထောင်ပြိုကွဲမှုအစရှိသည့် ပြဿနာများစွာ ကြုံခဲ့ရသည်။ ယခုမူ ဘဝမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ယေဟောဝါအမှုတော်ဆောင်ရသည့်အတွက် မည်မျှရောင့်ရဲတင်းတိမ်ပါသည်တကား!
အရှေ့ပိုင်းသို့
စဲလ်ဖော့စ်မြို့မှတစ်ဆင့် မိုင် ၄၂၀ ခရီးကို ကျဉ်းမြောင်းကြမ်းတမ်းသောကျောက်စရစ်လမ်းပေါ် ကားဖြင့်စထွက်ပြန်သည်။ အရှေ့ဘက်ကမ်း၊ ရေသားဖရော်သောရ်မြို့ရှိ နောက်အသင်းတော်သို့ သွားကြမည်ဖြစ်သည်။ ခရီးစထွက်ပြီးနောက် နာရီဝက်အကြာတွင် အိုက်စလန်နိုင်ငံရှိ ဟက်ခ်လာခေါ် အကျော်ကြားဆုံးမီးတောင်ကို မြင်ကြရသည်။ ဤရာစုနှစ်အတွင်း ယင်းသည် လေးကြိမ်ပေါက်ကွဲခဲ့ပြီ။
၁၉၇၃ ခုနှစ်၌ ဗက်စမန်နအေယာ (ဝက်စမင် ကျွန်းစု) တွင်ထူးခြားစွာ မီးတောင်ပေါက်ကွဲခဲ့သည်။ ထိုစဉ်က နာရီပိုင်းအတွင်း စုစုပေါင်းလူဦးရေ ၅,၃၀၀ ခန့်ကို ပြည်မသို့ ကယ်ဆယ်ပေးလိုက်နိုင်ခဲ့သည်။ ယင်းမြို့တော်ကို ပြန်တည်ထောင်ပြီးနောက် ထိုတွင်နေထိုင်ခဲ့သူ အများစုသည် တဖြည်းဖြည်းပြန်လာနေကြပါသည်။ ယခု ဤမြို့ငယ်တွင် သက်သေခံနှစ်ဦးလာရောက်နေထိုင်၍ သတင်းကောင်းဟောပြောနေပါသည်။ နောက်ထပ်နှစ်နာရီခန့် ကားဖြင့်ဆက်သွားသည့်အခါ စတုရန်းမိုင် ၃,၂၀၀ ရှိအိုက်စလန်နိုင်ငံ၏ အကြီးမားဆုံး ရေခဲပြင်၊ ထည်ဝါခန့်ညားသောဗတ်နာယကွတ်တဲလ်၏ အံ့သြငေးမောဖွယ်မြင်ကွင်းကို တွေ့လိုက်ရသည်။ လမ်းခရီးတစ်လျှောက်လည်း ရင်သပ်ရှုမောဖွယ်ရေတံခွန်များ၊ မြစ်ချောင်းများကို ဖြတ်ကျော်ခဲ့ကြရသည်။
ဆယ်နာရီအကြာတွင် ခရီးဆုံးသို့ ရောက်ကြလေသည်။ အိုက်စလန်နိုင်ငံတွင် နောက်ဆုံးတည်ထောင်ခဲ့သော ကြေညာသူ ၁၂ ယောက်ရှိ ရေသားဖရော်သောရ်အသင်းတော်ထံ ရောက်လာကြသည်။ ၁၉၈၈ ခုနှစ်အကုန်ပိုင်းတွင် သာသနာပြုအိမ်မရှိမီတိုင်အောင် ဤအရပ်၌ သက်သေခံများ မရှိခဲ့ပါ။ ၁၉၆၃ ခုနှစ်ကတည်းက အိုက်စလန်နိုင်ငံတွင် အမှုဆောင်ခဲ့သော ဆွီဒင်နိုင်ငံမှ သာသနာပြုမောင်နှံစုံ ချဲလ်နှင့်အီရစ်တို့သည် ဤတောပိုင်းဒေသရှိ လူ ၁၅,၀၀၀ အားဟောပြောရန် တာဝန်ခန့်အပ်ခံရပါသည်။ ဤသူများစွာတို့သည် မိုင် ၃၀၀ ခန့် ကမ်းခြေတစ်လျှောက်ရှိ တံငါရွာကလေးများတွင် နေထိုင်ကြပါသည်။
ချဲလ်ပြန်ပြောပြသည်: “အိုက်စလန်နိုင်ငံ ဤဒေသတွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးတော်မူကြောင်း ထင်ရှားပါသည်။ ၁၉၉၃၊ ဇန်နဝါရီ ၁ ရက်နေ့တွင် အသင်းတော်တည်ထောင်ခဲ့၍ ကောင်းစွာတိုးတက်နေသူအသီးသီးနှင့် ကျမ်းစာသင်အံမှု ကောင်းကောင်းကျင်းပနေကြပါသည်။ လမ်းပန်းဆက်သွယ်ရေးအစီအစဉ်သည် ညီအစ်ကိုလင်ဒါလ် မြင်းစီးပြီးသွားခဲ့သည့်အချိန်နှင့်စာလျှင် ထူးခြားလာပြီဖြစ်သော်လည်း မှောင်မိုက်သောဆောင်းရာသီလများအတွင်း ရေခဲသောလမ်းများပေါ် တောင်တန်းဒေသတွင် တောင်တက်ဂျစ်ကားနှင့်ပင် မောင်းနှင်ရန် မလွယ်ကူလှပါ။ တစ်ခါက ရေခဲသောလမ်းတစ်လမ်းပေါ်မှ ချိုင့်ထဲသို့ ကျွန်တော်တို့ကား နှစ်ပတ်သုံးပတ် လိမ့်ကျခဲ့ဖူးသည်။ အနာတရမဖြစ်ဘဲ လွတ်မြောက်လာသည့်အတွက် ကျွန်တော်တို့ မည်မျှဝမ်းမြောက်ကြသည်တကား!”
အိုက်စလန်နိုင်ငံတွင် အနှစ် ၃၀ နေထိုင်ပြီးနောက် အီရစ်က “လွန်ခဲ့သောနှစ်များအတွင်း အခြားနိုင်ငံများမှ လာရောက်ကူညီပေးသူ များစွာရှိခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ပြန်သွားခဲ့ကြရသော်လည်း မျိုးကြဲခြင်းနှင့်ရေလောင်းခြင်းလုပ်ငန်းတွင် သူတို့အကြီးအကျယ် အမှန်ပါဝင်ခဲ့ပါသည်။ ကျွန်မတို့ အခုထိ ဤတွင် နေထိုင်ခွင့်ရသည့်အတွက် ဝမ်းသာပါသည်။ အဘယ်ကြောင့်ဆိုသော် ရိတ်သိမ်းခံရသူများ တဖွဲဖွဲဝင်လာနေသည်ကို တွေ့မြင်ခွင့်ရရှိနေပါသည်။ ဤတွင်လည်း ယေဟောဝါ၏လုပ်ငန်းတော်ကို ကိုယ်တော်အဆောတလျင် တိုးတက်နေစေသည်” ဟုပြောပါသည်။
လူသစ်များသည် သူတို့၏လုပ်ဖော်ဆောင်ဖက်များအား သက်သေခံကြသည့်အတွက် အများအပြားတိုးတက်နေပါသည်။ အာ့တ်လီသည် သာသနာပြုများထံမှ သမ္မာတရားတတ်သိလာပြီး သူ၏အလုပ်ခွင် ဆောက်လုပ်ရေးကုမ္ပဏီတွင် စတင်ဟောပြောလေသည်။ သူ၏လုပ်ဖော်ဆောင်ဖက်နှစ်ဦးသည် ယခု ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်နေပြီ။ တစ်ဦးသည် ၁၉၉၂ နိုဝင်ဘာလတွင် ဇနီးဖြစ်သူနှင့်အတူ နှစ်ခြင်းယူခဲ့ပါသည်။ တတိယလုပ်ဖော်ဆောင်ဖက်တစ်ဦးမူကား သက်သေခံများနှင့် ကျမ်းစာလေ့လာဆဲရှိသည်။
မြောက်ဘက်လမ်းခရီးစဉ်အတိုင်း သွားခြင်း
ရေသားဖရော်သောရ်မြို့မှထွက်ခွာ၍ အနောက်ဘက်တာစူသွားကြပြန်သည်။ နောက်အသင်းတော်မှာ မိုင် ၁၉၀ ဝေးသော အာခ်အရေရီမြို့တွင် ဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်အစောပိုင်းတွင် အချိန်ပြည့် အထူးဟောပြောသူများ ထိုအရပ်၌ တာဝန်ကျခဲ့ပါသည်။ အစကတည်းက ဓမ္မဆရာအချို့၏ တိုက်ခံဆန့်ကျင်ဘက်ပြုမှုကို သူတို့ရင်ဆိုင်ခဲ့ကြရသည်။ ဒေသခံသတင်းစာတွင် ယေဟောဝါသက်သေများကို သတိပြုကြရန် မြို့သူမြို့သားတို့အား သတိပေးနှိုးဆော်သည့်ဆောင်းပါးများ ရေးထည့်ကြသည်။ မြို့သူမြို့သားအများစုသည် နတ်ဝိဇ္ဇာအတတ်ပညာကိုလည်း လိုက်စားကြပါသည်။ သို့သော် ရှေ့ဆောင်နှင့်သာသနာပြုအသီးသီး၏ ခံနိုင်ရည်နှင့်စိတ်ရှည်မှုကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူ ၃၅ ဦးရှိ တက်ကြွပြီး ချစ်ခင်ဖွယ် အသင်းတော်ကလေးတစ်ခုရှိနေ၍ကျေးဇူးတင်မိပါသည်။
ဤနေရာတွင် အကြီးအကဲတစ်ဦးဖြစ်သူ ဖရီသရိခ်သည် တံငါသည်ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ခရိုင်စည်းဝေးပွဲကြီးကို တက်ခဲ့ပြီးနောက် မိမိလေ့လာနေသည့်အရာသည် သမ္မာတရားဖြစ်ကြောင်း သူစိတ်ချယုံကြည်လေသည်။ သို့ဖြစ်၍ အာခ်အရေရီမြို့သို့ပြန်ရောက်သည်နှင့် သူ၏အိမ်သူအိမ်သားများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် လုပ်ဖော်ဆောင်ဖက်တို့အား သက်သေခံမည်ဟု စိတ်ဆုံးဖြတ်ပါသည်။ အသင်းတော်ရေးရာအတွက် အချိန်ပိုရှိနိုင်ရန် တံငါလုပ်ငန်းကို စွန့်လွှတ်ဖို့ ဖရီသရိခ် စီစဉ်ပါသည်။ ယခု မိမိသည် ယေဟောဝါသက်သေတစ်ဦးဖြစ်လာရန်အတွက် သူ၏ရည်းစား ဟဲလ်ဂါနှင့်လည်း ထိမ်းမြားခြင်းပြုမချင်း အတူတူမနေနိုင်တော့ကြောင်း ပြောပြလိုက်သည်။ ‘မယုံကြည်သူကို ထိမ်းမြား’ မည်မဟုတ်သောကြောင့် ဖရီသရိခ်သည် သူမအား ကျမ်းစာလေ့လာစေလိုသည်။ (၁ ကောရိန္သု ၇:၃၉) ကျမ်းစာကို ဟဲလ်ဂါစလေ့လာသည့်အတွက် သူအံ့သြမိသည်။ ၁၉၈၃၊ ဖေဖော်ဝါရီလတွင် သူတို့ထိမ်းမြားပြီးနောက် များမကြာမီ နှစ်ခြင်းယူခဲ့ကြသည်။ အချိန်တန်လေသော် ဖရီသရိခ်၏မိခင်နှင့်ညီအစ်မဖြစ်သူပါ သမ္မာတရားကို လက်ခံခဲ့ကြသည်။
နောက်ဆုံး တောင်တန်းသုံးခုနှင့် လှပသောချိုင့်ဝှမ်းများစွာကို ဖြတ်ကျော်ပြီးနောက်မှ အာခ်အရေရီမြို့မှ မိုင် ၂၂၀ ဝေးသော အာခ်ရာနက်စ်မြို့သို့ ရောက်လာသည်။ ဤတွင် ကတ္တရာလမ်းရှိသည့်အတွက် လမ်းခရီးတစ်လျှောက် ဖြတ်လာခဲ့သည့် ကြမ်းတမ်း၍ ကျဉ်းမြောင်းသောကျောက်စရစ်လမ်းများနှင့် နှိုင်းယှဉ်ရလျှင် ပိုအဆင်ပြေပါသည်။ အာခ်ရာနက်စ်မြို့တွင် အိုက်စလန်နိုင်ငံ၏ အငယ်ဆုံးအသင်းတော်—ကြေညာသူငါးဦး၊ နှစ်ဦးမှာ အကြီးအကဲ—ရှိသည်။ မာကေဒေါနိဖိတ်ခေါ်ချက်ကိုလက်ခံ၍ မြို့တော်ရက်ယာဗစ်ရှိ အသင်းသားများသည့် အသင်းတော်တစ်ခုမှ အကူအညီပိုလိုအပ်နေသည့်အရပ်၌ အမှုတော်ထမ်းဆောင်ခြင်းငှာ ရွှေ့ပြောင်းလာသည့် အိမ်ထောင်နှစ်ခုဖြစ်သည်။ (တမန်တော် ၁၆:၉၊ ၁၀) ယခု နှစ်နှစ်မကအချိန်ကာလအတွင်း ဤရပ်ကွက်တွင် စိတ်ရှည်လက်ရှည်ဖြင့် သတင်းကောင်းဟောပြောနေကြရာ ယေဟောဝါရှင်သည် ကြီးပွားတိုးတက်စေမည်ဟု သူတို့စိတ်ချယုံကြည်နေပါသည်။—၁ ကောရိန္သု ၃:၆။
တိုးတက်ရေးအတွက် တောက်ပသောအလားအလာ
ဘူမိအပူရှိန်စွမ်းအင်နှင့် မီးအားလွှတ်ပေးခြင်းအားဖြင့် ဖန်လုံအိမ်များကို အပူပေးကာ အိုက်စလန်နိုင်ငံရှိ လယ်သမားများသည် အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားအပင်အမျိုးမျိုးကို စိုက်ပျိုးနိုင်ခဲ့ကြပြီ။ ထိုနည်းတူစွာ ဝိညာဏသမ္မာတရား၊ ဖြည်းညင်းစွာ ဖျောင်းဖျပေးခြင်း၏ နွေးထွေးမှုနှင့် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရသည့်ကောင်းချီးဖြင့် အိုက်စလန်နိုင်ငံလယ်ကွင်းတွင် အကြီးအကျယ် တိုးတက်ကြီးပွားနေပါသည်။
ဤနှစ်တွင် ခရစ်တော်၏သေခြင်းသတိရအောက်မေ့ပွဲကို ၅၄၂ ယောက်တက်ခဲ့၍ ယခု အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၂၀၀ နီးပါး ကျင်းပနေဆဲရှိသည်။ ထို့ပြင် မခန့်အပ်သည့်ရပ်ကွက်များ၌ သွားရောက်အမှုဆောင်ရွက်ရန် အားပေးစကားများကို အပြုသဘောရှိရှိ တုံ့ပြန်ခြင်းကြောင့် ဤကြီးမားသောကျွန်းရှိ သိုးကဲ့သို့သောသူအပေါင်း ကောင်းသောသိုးထိန်း ယေရှုခရစ်တော်၏အသံကို ကြားနာကြလိမ့်မည်ဟု စိတ်ချစေပါသည်။ (ယောဟန် ၁၀:၁၄-၁၆) လွန်ခဲ့သော ၆၄ နှစ်အတွင်း ရေခဲနှင့်မီးနိုင်ငံတွင် စိတ်ရှည်စွာဖြင့် ခံနိုင်ရည်ရှိရှိ သတင်းကောင်းဟောပြောကြသော သစ္စာရှိစွာ ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများအတွက် ဝမ်းမြောက်ရွှင်လန်းဖွယ်ရလဒ်ပါတကား!
[စာမျက်နှာ ၂၄ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အာခ်အရေရီ
ရေသားဖရော်သောရ်
ဗတ်နာယကွတ်တဲလ်
အာခ်ရာနက်စ်
ဂီစာ
ရက်ယာဗစ်
ကရက်ဗလာဗစ်
စဲလ်ဖော့စ်
ဟက်ခ်လာ
ဗက်စမန်နအေယာ
[Credit Line]
Based on map by Jean-Pierre Biard