စာရှုသူများထံမှ မေးခွန်းလွှာ
ရောမ ၉:၃ တွင်တမန်တော်ပေါလုက “ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက် ငါသည် ကိုယ်တိုင် ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကိုခံချင်လောက်အောင် စိတ်ရှိ၏” ဟုရေးသားထားသည်။ ဂျူးအမျိုးသားချင်းတို့အား ကယ်တင်ရန် မိမိအသက်ကို ပူဇော်မည်ဟု သူဆိုလိုနေပါသလော။
ချစ်ခြင်းမေတ္တာဆိုင်ရာ အမြင့်မြတ်အထူးခြားဆုံးသောပုံသက်သေကို ယေရှုချမှတ်တော်မူခဲ့သည်။ အပြစ်ရှိလူသားများအတွက် ကိုယ်တော်သည် မိမိအသက်ကိုပေးရန် အသင့်ရှိခဲ့သည်။ ကိုယ်တော်ဓမ္မအမှုဆောင်ရွက်စဉ် နိုင်ငံသားချင်း—ဂျူး—တို့အတွက် သူအနစ်နာခံခဲ့ခြင်းအားဖြင့် ကိုယ်တော်၏ရွေးဖိုးပူဇော်သက္ကာအကျိုးကို အများဆုံးခံစားရစေခြင်းငှာ ဖြစ်သတည်း။ (မာကု ၆:၃၀-၃၄) ကယ်တင်ခြင်းသတင်းကို လူတို့ ဥပေက္ခာပြုခြင်း၊ အတိုက်အခံပြုခြင်းတို့ကြောင့် ဂျူးအမျိုးသားများအပေါ် ယေရှုထားသည့် မေတ္တာပါစိုးရိမ်မကင်းဖြစ်မှုသည် လျော့နည်းမသွားခဲ့ပါ။ (မဿဲ ၂၃:၃၇) ‘ခြေတော်ရာကို ကျွန်ုပ်တို့ရှောက်လိုက်စေခြင်းငှာ ကိုယ်တော်သည် ပုံသက်သေကို ထားတော်မူခဲ့ပြီ။’—၁ ပေတရု ၂:၂၁။
ယေရှု၏ ချစ်ခြင်းမေတ္တာပုံသက်သေကို မစုံလင်သောလူသားများ လိုက်လျှောက်နိုင်ပါသလော။ လိုက်လျှောက်နိုင်ပါသည်။ ဥပမာအနေနှင့် ကျွန်ုပ်တို့တမန်တော်ပေါလုကိုကြည့်နိုင်ပါသည်။ ဂျူးလူမျိုးအချင်းချင်းအတွက် အလွန်စိုးရိမ်မကင်းဖြစ်သောကြောင့် သူတို့ကိုချစ်သဖြင့်လည်း သူတို့အကျိုးအလို့ငှာ သူကိုယ်တိုင် “ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကိုခံချင်လောက်အောင် စိတ်ရှိ၏” ဟုပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုတွင် ပေါလုသည် မိမိဆိုလိုချက်ကို လေးနက်စေရန် သို့မဟုတ် ပုံကြီးချဲ့ပြောဆိုသည့်ပုံစံကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထပ်တူပုံကြီးချဲ့ပုံစံမျိုးဖြင့်ပင် ယေရှုလည်း မဿဲ ၅:၁၈ တွင် ကိုယ်တော်က “ကောင်းကင်နှင့်မြေကြီး မပျက်စီးမီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့မရောက်မီ မပျက်စီးရ” ဟုမိန့်တော်မူခဲ့သည်။ ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်လိမ့်မည်မဟုတ်ကြောင်း ယေရှုသိတော်မူသည်။ ပေါလုလည်း ကျိန်ခြင်းခံမည်မဟုတ်ပါ။ ဂျူးရှိရှိသမျှလည်း ခရစ်ယာန်ဘာသာတရားကို လက်ခံကြလိမ့်မည်မဟုတ်ချေ။ သို့သော် ပေါလုဆိုလိုနေသည်ကား ယေရှုခရစ်တော်မှတစ်ဆင့် ဘုရားသခင်၏ ကယ်တင်ခြင်းအစီအစဉ်ကို ဂျူးအပေါင်းတို့သည် လက်ခံကြမည်အကြောင်း သူကိုယ်တိုင် အတတ်နိုင်ဆုံးအကူအညီပေးလိုကြောင်း ဖြစ်သည်။ ထိုကြောင့် ခရစ်ယာန်ချင်းတို့အား တမန်တော်က “ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူကျင့်ကြလော့” ဟုတိုက်တွန်းနိုင်ခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။—၁ ကောရိန္သု ၁၁:၁။
ယနေ့၊ ခရစ်ယာန်များသည် ယေရှုနှင့်ပေါလုတို့၌ရှိခဲ့သည်နည်းတူ မယုံကြည်သူများအတွက် စိုးရိမ်ကြောင့်ကြမှုရှိသင့်သည်။ ကျွန်ုပ်တို့သက်သေခံရသောရပ်ကွက်ရှိလူတို့၏ စိတ်ဝင်စားမှုမရှိခြင်း သို့မဟုတ် အတိုက်အခံပြုကြခြင်းတို့က ကိုယ်နှင့်စပ်ဆိုင်သူများအပေါ် ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကို လျော့နည်းသွားစေရန်၊ သူတို့အား ကယ်တင်ခြင်းလမ်းစဉ်ကို သိရှိစေရန် ကူညီပေးလိုသည့် ကျွန်ုပ်တို့၏ဇွဲလုံ့လကို လျော့နည်းသွားစေရန် ကျွန်ုပ်တို့ဘယ်တော့မျှခွင့်မပြုသင့်ချေ။—မဿဲ ၂၂:၃၉။