တောမီးကိုသင်စပျိုးဖူးသလော
သင်က လုံးဝမစဘူးပါ ဟု ပြောပေမည်။ နေပါဦး! သင်စဖူးပေမည်။ တပည့်တော်ယာကုပ်၏စကားများကို နားထောင်ကြည့်ပါ–“လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက်များစွာသောထင်းကို အနည်းငယ်သောမီးသည်ညှိနိုင်သည်ကို ကြည့်ပါလော့!”—ယာကုပ် ၃:၅။
လျှာသည် စကားပြောခြင်း၏အရေးကြီးသောအင်္ဂါတစ်ခုဖြစ်သော်လည်း ယင်းသည် မည်သို့အလွဲသုံးခံရသနည်း! လူတို့သည် လိမ်လည်ရန်နှင့် ကဲ့ရဲ့ရှုတ်ချရန် လျှာကိုအသုံးပြုကြသည်။ ယင်းလျှာဖြင့် အခြားသူများအား ကြမ်းတမ်းစွာပြစ်တင်ဝေဖန်ခြင်း၊ အသရေဖျက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းတို့ကို ပြုကြသည်။ ပုန်ကန်ရန်လှုံ့ဆော်သူများက လျှာကိုအသုံးပြုပြီး တော်လှန်ပုန်ကန်မှုကိုလှုံ့ဆော်ကြသည်။ အဒေါ့ဖ် ဟစ်တလာသည် လူတစ်မျိုးကို စစ်အတွက်စုရုံးပြင်ဆင်ရန် မိမိ၏လျှာကိုအသုံးပြုခဲ့သည်—အမှန်ပင် ‘တောမီး’ ပါတကား!
ကောင်းသောဦးတည်ချက်ရှိသူများပင် ‘တောမီး’ ကို အနည်းအကျဉ်းဖြစ်စေနိုင်သည်။ တစ်ခုခုကိုသင်ပြောလိုက်ပြီးမှ မပြောလိုက်ရင်ကောင်းသားဟု ချက်ချင်းသင့်ဆန္ဒ၌ဖြစ်ဖူးသလော။ သို့ဆိုလျှင် ယာကုပ်က “လျှာကိုကား အဘယ်လူမျှမအောင်နိုင်” ဟုပြောရာတွင် ဘာကိုဆိုလိုကြောင်းသင်နားလည်ပေမည်။—ယာကုပ် ၃:၈။
သို့တစေ ကျွန်ုပ်တို့၏လျှာကို ကောင်းကျိုးအတွက်အသုံးပြုရန် ကြိုးစား နိုင်သည်။ ဆာလံဆရာကဲ့သို့ ကျွန်ုပ်တို့အခိုင်အမာပြောနိုင်သည်–“ငါသည် စကားဖြင့်မျှမပြစ်မှားမည်အကြောင်း ကိုယ့်အကျင့်ကိုသတိပြုမည်။” (ဆာလံ ၃၉:၁) သူတစ်ပါးကို ကြမ်းတမ်းစွာပြစ်တင်ဝေဖန်မည့်အစား သူတို့ကိုတည်ဆောက်ရန် ကြိုးစားနိုင်သည်။ ကဲ့ရဲ့ရှုတ်ချမည့်အစား သူတို့ကိုအကောင်းပြောဆိုနိုင်သည်။ လိမ်လည်လှည့်ဖြားမှုကိုပြောဆိုမည့်အစား အမှန်ကိုပြောပြီးသွန်သင်ပေးနိုင်သည်။ ကောင်းသောနှလုံး၏လှုံ့ဆော်မှုခံရသောအခါ လျှာသည် အလွန်သက်သာမှုရစေသည့်စကားများကို ပြောဆိုတတ်သည်။ ယေရှုသည် လူများအား ကယ်တင်ခြင်းအကြောင်းသွန်သင်ပေးရန် အံ့ဖွယ်နည်းဖြင့် မိမိ၏လျှာကိုအသုံးပြုခဲ့သည်။
“လျှာသည် အသက်သေခြင်းနှင့်ရှင်ခြင်းကို အစိုးရ” သည်အမှန်။ (သု. ၁၈:၂၁) သင့်လျှာသည် သေစေတတ်သလော၊ အသက်ရှင်စေတတ်သလော။ ယင်းသည် ‘တောမီး’ ကိုပျိုးပေးသလော၊ ငြိမ်းစေသလော။ ဘုရားသခင်ထံ ဆာလံဆရာဤသို့ဆုတောင်းခဲ့သည်–“အလုံးစုံသောပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကိုသီချင်းဆိုရပါမည်။” (ဆာလံ ၁၁၉:၁၇၂) ဆာလံဆရာ၏သဘောထားမျိုးမွေးမြူပါက ကျွန်ုပ်တို့လည်း မိမိတို့၏လျှာကို ကောင်းကျိုးအတွက်အသုံးပြုကြမည်။
[Picture Credit Line on page 32]