ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၁/၁၅ စာ. ၁၇-၂၂
  • ရဲစွမ်းသတ္တိရှိလေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရဲစွမ်းသတ္တိရှိလေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော်ကိုတုပရန်ရဲစွမ်းသတ္တိ
  • ဆက်လက်ဟောပြောနေနိုင်ရန်ရဲစွမ်းသတ္တိ
  • ယေဟောဝါဘက်ရပ်တည်ရန်ရဲစွမ်းသတ္တိ
  • ကွဲပြားသည့်မိသားစုအတွင်းရဲစွမ်းသတ္တိ
  • ‘ကိုယ့်အသက်ကိုရင်း’ ဝံ့သည့်ရဲစွမ်းသတ္တိ
  • ရဲစွမ်းသတ္တိသည် ရွှင်လန်းမှုကိုဖြစ်စေ
  • ရဲစွမ်းသတ္တိရှိမြဲရှိလေ
  • သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ‘အားယူ၍ရဲရင့်ခြင်းရှိကြလော့!’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သတ္တိရှိပါ—ယေဟောဝါ သင်နဲ့အတူရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၁/၁၅ စာ. ၁၇-၂၂

ရဲစွမ်းသတ္တိရှိလေ!

“ရဲစွမ်းသတ္တိရှိလျက် ‘ယေဟောဝါသည် ငါ့ကိုကူညီသူ’ ဟုပြောလော့။”—ဟေဗြဲ ၁၃:၆၊ ကဘ။

၁ စီ.အီး. ပထမရာစုက ဘုရားသခင်၏သမ္မာတရားကိုလေ့လာခဲ့ကြသူများသည် မည်သည့်ရဲရင့်ခြင်းကို တင်ပြခဲ့ကြသနည်း။

ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ ပထမရာစုကဖြစ်သည်။ ကြာရှည်စွာစောင့်မျှော်ခဲ့ရသည့်မေရှိယ ရောက်လာခဲ့ပြီ။ သူသည် မိမိတပည့်တော်များကို ကောင်းစွာသွန်သင်ပေးခဲ့ပြီး အရေးကြီးသည့်ဟောပြောခြင်းလုပ်ငန်းကို စတင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူများကြားနာရန်အချိန်ဖြစ်သည်။ သို့နှင့် သမ္မာတရားကိုသိရှိခဲ့ရသည့်ယောက်ျားမိန်းမတို့သည် ထိုအံ့ချီးဖွယ်သတင်းကို ရဲရင့်စွာကြေညာခဲ့ကြသည်။—မဿဲ ၂၈:၁၉၊ ၂၀။

၂။ ယနေ့ယေဟောဝါသက်သေများသည် အဘယ်ကြောင့်ရဲစွမ်းသတ္တိလိုအပ်သနည်း။

၂ ထိုအချိန်က ဘုရားနိုင်ငံတော်မတည်ထောင်သေးပါ။ သို့သော် ဘုရင်အဖြစ်ခန့်ထားခံရသည့်ယေရှုခရစ်သည် အနာဂတ်တွင် နိုင်ငံတော်တန်ခိုးဖြင့် မိမိ၏မျက်မြင်မရရောက်ရှိနေခြင်းအကြောင်းကို ကြိုတင်ပရောဖက်ပြုခဲ့သည်။ ယင်းကို တစ်ခါမျှမဖြစ်ဖူးသည့် စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါ၊ မြေငလျင်နှင့် ကမ္ဘာချီသတင်းကောင်းဟောပြောခြင်းများအားဖြင့် အမှတ်သညာပြုသည်။ (မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၁၀၊ ၁၁) ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ယင်းအခြေအနေများနှင့် တွေ့ ကြုံရသည့်ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်နိုင်ရန် ရဲစွမ်းသတ္တိလိုအပ်သည်။ သို့ဖြစ်၍ စီ.အီး. ပထမရာစုက ရဲစွမ်းသတ္တိရှိသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူများ၏မှတ်တမ်းကို ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းက အကျိုးဖြစ်ထွန်းစေမည်။

ခရစ်တော်ကိုတုပရန်ရဲစွမ်းသတ္တိ

၃။ မည်သူသည် ရဲစွမ်းသတ္တိဆိုင်ရာအကောင်းဆုံးပုံသက်သေကိုပေးခဲ့ပြီး သူနှင့်ပတ်သက်၍ ဟေဗြဲ ၁၂:၁-၃ တွင် မည်သို့ပြောထားသနည်း။

၃ ခရစ်တော်ယေရှုသည် ရဲစွမ်းသတ္တိနှင့်ပတ်သက်၍ အကောင်းဆုံးပုံသက်သေကိုပေးထားသည်။ ခရစ်ယာန်ခေတ်မတိုင်မီက ‘များစွာသော’ ယေဟောဝါသက်သေများကို ရည်ညွှန်းပြီးနောက် တမန်တော်ပေါလုသည် ဤသို့ပြောခြင်းဖြင့် ယေရှုကိုအာရုံစိုက်စေသည်– “ထို့ကြောင့် ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့ ၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာတော်ဘက်၌ထိုင်နေတော်မူ၏။ အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက်ကြီးစွာသောဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။”—ဟေဗြဲ ၁၂:၁-၃။

၄။ စာတန်၏စုံစမ်းခြင်းခံရစဉ် ယေရှုသည် ရဲစွမ်းသတ္တိကိုမည်သို့တင်ပြခဲ့သနည်း။

၄ နှစ်ခြင်းခံပြီး တောထဲတွင် ရက်ပေါင်း ၄၀ စဉ်းစားတွေးတောခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းပြုပြီးနောက် ယေရှုသည် စာတန်ကို ရဲရင့်စွာဆန့်ကျင်ခဲ့သည်။ ကျောက်ခဲကိုမုန့်ဖြစ်အောင်ပြောင်းလဲရန် မာရ်နတ်၏စုံစမ်းခံရသောအခါ ယေရှုငြင်းဆန်ခဲ့သည်။ အကြောင်းမှာ ကိုယ့်အလိုဆန္ဒကိုဖြည့်စွက်ရန်အတွက် အံ့ဖွယ်အမှုပြုခြင်းသည် မှားသောကြောင့်ဖြစ်သည်။ ယေရှုက “လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်၊ ကျမ်းစာလာသည်” ဟုပြန်ပြောခဲ့သည်။ ကိုယ်တော်အား ဗိမာန်တော်တံတိုင်းပေါ်မှခုန်ချရန် စာတန်စိန်ခေါ်သောအခါ ယေရှုငြင်းဆန်ခဲ့သည်။ အကြောင်းမှာ ကိုယ့်ကိုယ်ကိုသတ်သေမည့်အဖြစ်မှ မိမိကိုကယ်တင်ရန် ဘုရားသခင်အားစုံစမ်းသည့်အပြစ်ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ယေရှုက “သင်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို သင်သည်အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်” ဟုပြန်ပြောခဲ့သည်။ မိမိအားတစ်ကြိမ်တည်း “ညွတ်ပျပ်ကိုးကွယ်” ရုံနှင့် လောကီတိုင်းနိုင်ငံရှိသမျှကိုပေးမည်ဟု ကိုယ်တော်အား စာတန်ကမ်းလှမ်းခဲ့သော်လည်း အယူဖောက်ပြန်၍ လူသားသည် စမ်းသပ်မှုအောက်တွင် ဘုရားသခင်အားသစ္စာရှိမည်မဟုတ်ဟူသော စာတန်၏ကဲ့ရဲ့ပြစ်တင်စကားကို ယေရှုမထောက်ခံခဲ့ပါ။ ထို့ကြောင့် ယေရှုဤသို့ကြေညာခဲ့သည်– “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့! သင်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်၊ ကျမ်းစာလာသည်။” ထိုအခါ စုံစမ်းသူသည် “အခန့်သင့်သည့်နောက်အချိန်တစ်ချိန်အထိ အထံတော်မှထွက်သွား” ခဲ့သည်။—မဿဲ ၄:၁-၁၁; လုကာ ၄:၁၃၊ ကဘ။

၅။ စုံစမ်းခြင်းကိုကျွန်ုပ်တို့ခံရပ်နိုင်ရန် မည်သည့်အရာကအကူအညီပေးနိုင်သနည်း။

၅ ယေရှုသည် ယေဟောဝါကိုလက်အောက်ခံပြီး စာတန်ကိုဆန့်ကျင်ခဲ့သည်။ ကျွန်ုပ်တို့လည်း ထို့နည်းတူ ‘ဘုရားသခင့်လက်အောက်ခံပြီး မာရ်နတ်ကိုဆန့်ကျင်လျှင် ကျွန်ုပ်တို့ထံမှသူထွက်ပြေးသွားလိမ့်မည်။’ (ယာကုပ် ၄:၇၊ ကဘ) ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ အပြစ်ရှိသည့်လုပ်ရပ်တစ်ခုကိုလုပ်ရန် သွေးဆောင်ခံရသည့်အချိန်တွင် ကျမ်းစာကိုကျင့်သုံးခြင်းအပြင် ယင်းတို့ကိုပင်ကိုးကားလျှင် စုံစမ်းသွေးဆောင်ခြင်းကို ရဲရဲရင့်ရင့်ခံရပ်နိုင်မည်။ ခိုးမှုကျူးလွန်ရန်စုံစမ်းခံရချိန်၌ “သူ့ ဥစ္စာကိုမခိုးရ” ဟူသောဘုရားသခင့်ပညတ်ကို ပြန်ရွတ်ဆိုပါက ထိုစုံစမ်းခြင်းထဲသို့ ကျွန်ုပ်တို့ကျဆင်းနိုင်ပါမည်လော။ ခရစ်ယာန်နှစ်ဦးမှ တစ်ဦးသည် “သူ့မယားကိုမပြစ်မှားနှင့်” ဟူသည့်စကားကို ရဲရဲရင့်ရင့်ပြန်လည်ကိုးကားပြောပါက သူတို့နှစ်ဦးသည်လိင်စာရိတ္တယိုယွင်းမှုသို့ ကျဆင်းနိုင်စရာအကြောင်းရှိပါမည်လော။—ရောမ ၁၃:၈-၁၀; ထွက်မြောက်ရာ ၂၀:၁၄၊ ၁၅။

၆။ ယေရှုသည် ရဲစွမ်းသတ္တိရှိသောလောကကိုအောင်နိုင်သူ မည်သို့ဖြစ်သနည်း။

၆ ခရစ်ယာန်များသည် ဤလောက၏မုန်းတီးခြင်းကိုခံရသည်ဖြစ်ရာ ယင်း၏စိတ်သဘောနှင့် အပြစ်လုပ်ရပ်များကို ကျွန်ုပ်တို့ရှောင်နိုင်သည်။ မိမိ၏နောက်တော်လိုက်များအား ယေရှုဤသို့ပြောခဲ့သည်– “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်ဤလောကကိုအောင်ပြီ။” (ယောဟန် ၁၆:၃၃) ယေရှုသည် လောကနှင့်တူခြင်းအားဖြင့် ယင်းကိုအောင်နိုင်ခြင်းမဟုတ်ပါ။ ကိုယ်တော်၏ အောင်နိုင်သူအဖြစ်ပုံသက်သေနှင့် သမာဓိစောင့်သိသည့်လမ်းစဉ်၏အကျိုးရလဒ်တို့က ဤလောကနှင့်သီးခြားဖြစ်နေရန်နှင့် ယင်း၏ညစ်ညမ်းမှုကိုမခံရရန် ကျွန်ုပ်တို့အားရဲစွမ်းသတ္တိဖြည့်စွမ်းပေးနိုင်သည်။—ယောဟန် ၁၇:၁၆။

ဆက်လက်ဟောပြောနေနိုင်ရန်ရဲစွမ်းသတ္တိ

၇၊ ၈။ ညှဉ်းပန်းနှိပ်စက်မှုကြားမှ ကျွန်ုပ်တို့ဆက်လက်ဟောပြောနေနိုင်ရန် မည်သည့်အရာကအကူအညီပေးမည်နည်း။

၇ ယေရှုနှင့်တပည့်တော်များသည် ညှဉ်းပန်းနှိပ်စက်မှုများကြားမှ ဆက်လက်ဟောပြောနိုင်ရန် ရဲစွမ်းသတ္တိအတွက် ဘုရားသခင်ကိုမှီခိုအားထားခဲ့ကြသည်။ ခရစ်တော်သည် နှိပ်စက်ညှဉ်းပန်းမှုများကြားမှ မိမိ၏ဓမ္မအမှုကို ရဲရဲရင့်ရင့်ကျေပွန်စေခဲ့ပြီး စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့နောက်ပိုင်းတွင် သူ၏နှိပ်စက်ညှဉ်းပန်းခံတပည့်တော်များအား ဂျူးဘာသာရေးခေါင်းဆောင်များက ရပ်ဆိုင်းအောင်ကြိုးစားသည့်ကြားမှ သတင်းကောင်းကိုဆက်လက်ကြေညာခဲ့ကြသည်။ (တမန်တော် ၄:၁၈-၂၀; ၅:၂၉) တပည့်တော်များဤသို့ဆုတောင်းခဲ့သည်– “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ယခုအခါ သူတို့၏ခြိမ်းခြောက်ခြင်းကိုမှတ်တော်မူပါ။ . . . ကိုယ်တော်၏ကျွန်တို့သည် နှုတ်ကပါဌ်တရားတော်ကို ရဲရင့်စွာဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါ။” သို့နှင့် ဘာဖြစ်ခဲ့သနည်း။ “ထိုသို့ဆုတောင်းပတ္ထနာပြုပြီးမှ စုဝေးသောအရပ်သည်တုန်လှုပ်၍ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ရဲရင့်စွာဟောပြောကြ၏” ဟု မှတ်တမ်းကဖော်ပြ၏။—တမန်တော် ၄:၂၄-၃၁။

၈ ယနေ့လူအများစုသည် သတင်းကောင်းကိုလက်မခံကြသည့်အတွက် သူတို့အားဆက်၍ဟောပြောနေနိုင်ရန် ရဲရင့်ခြင်းလိုအပ်လေ့ရှိသည်။ အထူးသဖြင့် နှိပ်စက်ညှဉ်းပန်းခံရစဉ်၊ ယေဟောဝါ၏ကျေးကျွန်များသည် စေ့ငစွာသက်သေခံနိုင်ရန် ဘုရားပေးရဲစွမ်းသတ္တိလိုအပ်သည်။ (တမန်တော် ၂:၄၀; ၂၀:၂၄) ဘုရားသခင့်နိုင်ငံတော်သတင်းကို ရဲရဲတောက်ကြေညာသူပေါလုက ငယ်ရွယ်ပြီး အတွေ့အကြုံနည်းသော လုပ်ဖော်ဆောင်ဖက်တစ်ဦးအား ဤသို့ပြောခဲ့သည်– “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။ ထို့ကြောင့် ငါတို့သခင်ဘုရား၏သက်သေကိုလည်းကောင်း၊ ထိုသခင်ကြောင့်အကျဉ်းခံရသောငါ့ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိနှင့်။ ဘုရားသခင်ပေးတော်မူသောတန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့်ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။” (၂ တိမောသေ ၁:၇၊ ၈) ရဲစွမ်းသတ္တိအတွက်ကျွန်ုပ်တို့ဆုတောင်းလျှင် ဆက်လက်ဟောပြောနေနိုင်ပြီး နှိပ်စက်ညှဉ်းပန်းခြင်းကပင် ဘုရားနိုင်ငံတော်ကြွေးကြော်သူဖြစ်ရသည့်ရွှင်လန်းမှုကို မလုယူနိုင်ပါ။—မဿဲ ၅:၁၀-၁၂။

ယေဟောဝါဘက်ရပ်တည်ရန်ရဲစွမ်းသတ္တိ

၉၊ ၁၀။ (က) ပထမရာစုဂျူးများနှင့် တစ်ပါးအမျိုးသားများသည် ခရစ်တော်၏နှစ်ခြင်းခံနောက်တော်လိုက်များဖြစ်လာရန် ဘာလုပ်ခဲ့ကြသနည်း။ (ခ) ခရစ်ယာန်တစ်ဦးဖြစ်လာရန် အဘယ်ကြောင့်ရဲစွမ်းသတ္တိရှိခဲ့ရသနည်း။

၉ ပထမရာစုဂျူးများနှင့်တစ်ပါးအမျိုးသားများစွာတို့သည် ခရစ်တော်၏နှစ်ခြင်းခံတပည့်တော်များဖြစ်လာကြရန် ကျမ်းစာနှင့်မညီညွတ်သည့်ထုံးတမ်းစဉ်လာများကို ရဲစွမ်းသတ္တိရှိရှိစွန့်ပစ်ခဲ့ကြသည်။ စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့နောက်ပိုင်းမကြာမီတွင် “တပည့်တော်တို့သည် အလွန်ပွားများ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကိုနားထောင်ကြ၏။” (တမန်တော် ၆:၇) ထိုဂျူးတို့သည် ဘာသာရေးအနှောင်အဖွဲ့များကို ဖြတ်တောက်ပစ်ရန် ရဲစွမ်းသတ္တိရှိကြပြီး ယေရှုကို မေရှိယအဖြစ်လက်ခံခဲ့ကြသည်။

၁၀ စီ.အီး. ၃၆ ခုနှစ်မှစ၍ တစ်ပါးအမျိုးသားများစွာတို့သည် ယုံကြည်သူများဖြစ်လာကြသည်။ ကော်နေလိ၊ သူ့မိသားစုနှင့် အခြားသောတစ်ပါးအမျိုးသားများသည် သတင်းကောင်းကိုကြားသောအခါ ချက်ချင်းတုံ့ပြန်ခဲ့ကြပြီး သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကာ ‘သခင်ခရစ်တော်၏နာမ၌ နှစ်ခြင်းကိုခံ’ ခဲ့ကြသည်။ (တမန်တော် ၁၀:၁-၄၈) ဖိလိပ္ပိမြို့တွင် တစ်ပါးအမျိုးသားထောင်မှူးတစ်ယောက်နှင့် သူ့မိသားစုတို့သည် ခရစ်ယာန်ယုံကြည်ချက်ကို လျင်မြန်စွာတလိုတလားလက်ခံခဲ့ပြီး ‘သူနှင့်သူ့အိမ်သားတို့သည် ချက်ချင်းနှစ်ခြင်းခံ’ ခဲ့ကြသည်။ (တမန်တော် ၁၆:၂၅-၃၄) ထိုသို့ခြေလှမ်းလှမ်းရန် ရဲစွမ်းသတ္တိလိုအပ်သည်။ အကြောင်းမှာ ခရစ်ယာန်များသည် ညှဉ်းပန်းခံရသည့်၊ လူကြိုက်မများသည့် လူနည်းစုဖြစ်ခဲ့ကြသောကြောင့်ဖြစ်သည်။ သူတို့ရှိမြဲရှိနေကြသည်။ သို့သော် သင်သည် ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်းမပြုရသေးဘဲ ယေဟောဝါသက်သေတစ်ဦးအနေနှင့် နှစ်ခြင်းမခံရသေးပါက ဤရဲရင့်သည့်ခြေလှမ်းကိုလှမ်းရန် သင့်အတွက်အခါသင့်မဟုတ်ပေလော။

ကွဲပြားသည့်မိသားစုအတွင်းရဲစွမ်းသတ္တိ

၁၁။ ဥနိတ်နှင့်တိမောသေတို့သည် ရဲစွမ်းသတ္တိဆိုင်ရာ မည်သည့်ပုံသက်သေကောင်းကိုတင်ပြခဲ့ကြသနည်း။

၁၁ ဥနိတ်နှင့် သူမ၏သားဖြစ်သူတိမောသေတို့သည် ဘာသာရေးအရကွဲပြားသောမိသားစုအတွင်းတွင် ရဲရင့်သည့်ယုံကြည်ခြင်းရှိကြောင်း ပုံသက်သေကောင်းထားခဲ့ကြသည်။ ဥနိတ်သည် တိတ္ထိခင်ပွန်းရှိသော်လည်း သားဖြစ်သူနို့စို့အရွယ်ကတည်းက “ဓမ္မကျမ်းစာ” ကိုသွန်သင်ပေးခဲ့သည်။ (၂ တိမောသေ ၃:၁၄-၁၇) ခရစ်ယာန်ဖြစ်လာရာတွင် သူမသည် ‘ဖောက်ပြန်မှုလုံးဝမပါသည့်ယုံကြည်ခြင်း’ ကိုတင်ပြခဲ့သည်။ (၂ တိမောသေ ၁:၅၊ ကဘ) မယုံကြည်သူခင်ပွန်း၏ဦးစီးခြင်းကို လေးစားမှုတင်ပြလျက်နှင့် တိမောသေအား ခရစ်ယာန်အယူဝါဒများကို တစ်ဆင့်ပြန်သင်ကြားပေးရန်ရဲစွမ်းသတ္တိလည်း သူမတွင်ရှိခဲ့သည်။ ကောင်းစွာသွန်သင်ခံထားရသည့်သားဖြစ်သူသည် သာသနာပြုခရီးစဉ်တွင် တမန်တော်ပေါလုနှင့်အတူလိုက်ပါရန် ရွေးချယ်ခံရသောအခါ သူမ၏ယုံကြည်ခြင်းနှင့်ရဲစွမ်းသတ္တိတို့မှာ အမှန်ပင်ဆုချခံခဲရသည်။ ယင်းသည် အလားတူအခြေအနေတွင် ကိုယ်တိုင်တွေ့ကြုံနေရသော ခရစ်ယာန်မိဘများအတွက် မည်မျှအားရှိဖွယ်ပါတကား!

၁၂။ တိမောသေသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်လာပြီး ယခုအခါ မည်သူများသည် သူနှင့်တူကြောင်းသက်သေထူကြသနည်း။

၁၂ တိမောသေသည် ဘာသာရေးအရကွဲပြားသည့်မိသားစုတွင် နေရသော်လည်း ခရစ်ယာန်အယူဝါဒကို ရဲရဲရင့်ရင့်လက်ခံယုံကြည်ခဲ့ပြီး ပေါလုဤသို့ပြောရလောက်သည့် ဝိညာဏလူတစ်ဦးဖြစ်လာခဲ့သည်– “သင်တို့ [ဖိလိပ္ပိမြို့သားများ] အကြောင်းအရာများကိုငါသိ၍ စိတ်သက်သာခြင်းငှာ တိမောသေကို သင်တို့ရှိရာသို့ များမကြာစေလွှတ်မည်အကြောင်း သခင်ယေရှုခရစ်၌ငါမှီဝဲခြင်းရှိ၏။ အကြောင်းမူကား ထိုသူသည် သင်တို့အကျိုးကိုကြည့်ရှုချင်သောစေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသောသူတစ်ယောက်မျှ ငါတို့၌မရှိ။ . . . သားသည် အဘနှင့်အတူဆောင်ရွက်သကဲ့သို့ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကိုသင်တို့သိကြ၏။” (ဖိလိပ္ပိ ၂:၁၉-၂၂) ယနေ့ ဘာသာရေးအရကွဲပြားနေသောအိမ်ထောင်ရှိ ယောက်ျားကလေး၊ မိန်းကလေးများစွာတို့သည် စစ်မှန်သောခရစ်ယာန်ဘာသာကို ရဲရဲဝံ့ဝံ့လိုလိုလားလားလက်ခံနေကြသည်။ တိမောသေကဲ့သို့ သူတို့သည် မိမိတို့ကိုယ်ကိုသက်သေပြကြပြီး ယေဟောဝါ၏အဖွဲ့အစည်းအဝင်ဖြစ်ကြခြင်းအတွက် ကျွန်ုပ်တို့မည်မျှဝမ်းမြောက်ကြပါသည်တကား!

‘ကိုယ့်အသက်ကိုရင်း’ ဝံ့သည့်ရဲစွမ်းသတ္တိ

၁၃။ အာကုလနှင့်ပြစ်ကိလတို့သည် မည်သည့်နည်းအားဖြင့် ရဲစွမ်းသတ္တိတင်ပြခဲ့ကြသနည်း။

၁၃ အာကုလနှင့် သူ၏ဇနီးပြစ်ကိလ (ပြစ်က) တို့သည် ယုံကြည်သူချင်းတို့အတွက် ရဲစွမ်းသတ္တိရှိရှိ ‘မိမိတို့အသက်ကိုရင်း’ ခြင်းတွင် ပုံသက်သေထားခဲ့ကြသည်။ သူတို့၏အိမ်တွင် ပေါလုကိုဧည့်ခံခဲ့ပြီး သူနှင့်အတူတဲရှင်ချုပ်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ကာ ကောရိန္သုမြို့၌အသင်းတော်သစ်တည်ထောင်ခြင်းတွင် သူ့ကိုကူညီခဲ့သည်။ (တမန်တော် ၁၈:၁-၄) ၁၅ နှစ်တာ သူတို့၏ရင်းနှီးခင်မင်သည့်ကာလအတွင်း မဖော်ပြထားသည့်နည်းတစ်နည်းဖြင့် ပေါလုအတွက် သူတို့၏အသက်ကိုရင်းထားပေးခဲ့ကြသည်။ သူတို့ရောမတွင်ရှိစဉ် ဤတွင်ရှိခရစ်ယာန်များကို ပေါလုဤသို့စာရေးလိုက်သည်– “ငါနှင့်အတူယေရှုခရစ်၏အမှုတော်ကိုဆောင်ရွက်သောသူ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကိုချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။”—ရောမ ၁၆:၃၊ ၄။

၁၄။ ပေါလုအတွက် မိမိတို့အသက်ကိုရင်းထားပေးခြင်းအားဖြင့် အာကုလနှင့်ပြစ်ကိလတို့သည် မည်သည့်“ပညတ်” နှင့်အညီလုပ်ဆောင်ခြင်းဖြစ်သနည်း။

၁၄ ပေါလုအတွက် မိမိတို့အသက်ကိုရင်းထားခြင်းအားဖြင့် အာကုလနှင့်ပြစ်ကိလတို့သည် ယေရှုပြောသည့်အတိုင်းလုပ်ဆောင်ရာရောက်သည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည်သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။” (ယောဟန် ၁၃:၃၄) ယင်းပညတ်သည် မိမိကိုယ်ကိုချစ်သကဲ့သို့ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရန်ဟူသော မောရှေပညတ်တောင်းဆိုချက်ထက် သာလွန်ခြင်းအားဖြင့် “အသစ်” ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၁၈) ယေရှုပြုခဲ့သကဲ့သို့ အခြားသူများအတွက် မိမိအသက်ကိုပေးရသည်အထိ ကိုယ်ကျိုးစွန့်မေတ္တာရှိရန် ယင်းကတောင်းဆိုသည်။ စီ.အီး. ဒုတိယနှင့်တတိယရာစုနှစ်များအတွင်းအသက်ရှင်ခဲ့သော စာရေးဆရာတာတူလျန်က ခရစ်ယာန်များနှင့်ပတ်သက်၍ လောကသားများပြောသည့်စကားကိုကိုးကားပြီး သူဤသို့ရေးသားခဲ့သည်– “သူတို့သည် ‘ကြည့်စမ်းပါဦး၊ သူတို့တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်လိုက်ကြသလဲ . . . တစ်ယောက်အတွက်တစ်ယောက်သေဖို့တောင် ဝန်မလေးကြဘူးနော်’ ဟုပြောကြသည်။” (ထုချေခြင်း၊ အခန်း ၃၉၊ ၇) အထူးသဖြင့် နှိပ်စက်ညှဉ်းပန်းမှုများကြားတွင် ကျွန်ုပ်တို့၏ယုံကြည်သူချင်းတို့သည် ရန်သူလက်ထဲ၌ သားရဲပမာရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် သေခြင်းကိုရင်မဆိုင်ရလေအောင် ကျွန်ုပ်တို့၏အသက်ကို ရဲရဲဝံ့ဝံ့ရင်းထားပေးခြင်းအားဖြင့် ညီအစ်ကိုချင်းမေတ္တာကိုတင်ပြရန် တာဝန်ယူနိုင်ကြပါစေ။—၁ ယောဟန် ၃:၁၆။

ရဲစွမ်းသတ္တိသည် ရွှင်လန်းမှုကိုဖြစ်စေ

၁၅၊ ၁၆။ တမန်တော်အခန်းကြီး ၁၆ တွင်ဖော်ပြထားသည့်အတိုင်း ရဲစွမ်းသတ္တိနှင့်ရွှင်လန်းမှုသည် မည်သို့ဆက်စပ်မှုရှိနိုင်သနည်း။

၁၅ စုံစမ်းခြင်းများအောက်တွင် ရဲစွမ်းသတ္တိတင်ပြခြင်းသည် ရွှင်လန်းမှုကိုဖြစ်စေကြောင်း ပေါလုနှင့်သိလတို့က သက်သေထူခဲ့ကြသည်။ ဖိလိပ္ပိမြို့နယ်ရှိတရားသူကြီးများ၏အမိန့်ဖြင့် သူတို့သည် လူများရှေ့တွင် ရိုက်နှက်ခြင်းခံရပြီး ထောင်ထဲတွင်လှောင်ထားခြင်းခံခဲ့ကြရသည်။ သို့သော်သူတို့သည် ကြောက်ကြောက်ရွံ့ ရွံ့ ဖြင့်လက်မှိုင်ချမနေကြပါ။ စုံစမ်းခံရသည့်အခြေအနေများကြားမှ သူတို့အား သစ္စာရှိခရစ်ယာန်များဖြစ်စေသည့် ဘုရားပေးရဲစွမ်းသတ္တိနှင့်ရွှင်လန်းမှုကို သူတို့ဆက်လက်ရရှိခဲ့ကြသည်။

၁၆ သန်းခေါင်အချိန်လောက်တွင် ပေါလုနှင့်သိလတို့သည် ဆုတောင်းပြီး သီချင်းအားဖြင့်ဘုရားသခင်ကိုချီးမွမ်းနေကြသည်။ ရုတ်တရက် မြေငလျင်တစ်ခုသည် ထောင်ကိုလှုပ်ခါပြီး သူတို့အချုပ်အနှောင်မှလွတ်ကာ ထောင်တံခါးများလည်းပွင့်သွားသည်။ ကြောက်ရွံ့ထိတ်လန့်နေသည့်ထောင်မှူးနှင့်သူ့မိသားစုသည် ရဲရင့်စွာသက်သေခံခြင်းကိုကြားနာရပြီးနောက် ယေဟောဝါ၏ကျေးကျွန်များအဖြစ် နှစ်ခြင်းခံခဲ့ကြသည်။ သူကိုယ်တိုင်က “ဘုရားသခင်ကိုယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။” (တမန်တော် ၁၆:၁၆-၃၄) ပေါလုနှင့်သိလတို့ မည်မျှရွှင်လန်းလိုက်မည်ဖြစ်ခြင်း! ဤအဖြစ်အပျက်နှင့် ရဲစွမ်းသတ္တိဆိုင်ရာ အခြားသောကျမ်းစာပုံသက်သေများကို ဆင်ခြင်သုံးသပ်ခြင်းက ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့ရဲစွမ်းသတ္တိမည်သို့ဆက်ရှိနိုင်မည်နည်း။

ရဲစွမ်းသတ္တိရှိမြဲရှိလေ

၁၇။ ဆာလံ ၂၇ တွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါကိုမျှော်လင့်ခြင်းသည် ရဲစွမ်းသတ္တိနှင့် မည်သို့ပတ်သက်နေသနည်း။

၁၇ ယေဟောဝါကိုမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ရဲစွမ်းသတ္တိရှိမြဲရှိရန် အကူအညီပေးမည်။ ဒါဝိဒ်ဤသို့သီဆိုခဲ့သည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျှော်လင့်လော့။ အားယူ၍ရဲရင့်သောစိတ်နှလုံးရှိလော့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျှော်လင့်လျက်နေလော့။” (ဆာလံ ၂၇:၁၄) ဒါဝိဒ်သည် မိမိဘဝတွင် “ရဲတိုက်” သဖွယ် ယေဟောဝါကို အားကိုးအားထားပြုခဲ့ကြောင်း ဆာလံ ၂၇ ကပြသည်။ (အခန်းငယ် ၁) အတိတ်က မိမိရန်သူများအား ယေဟောဝါမည်သို့ဆက်ဆံသည်ကို မြင်တွေ့ ခြင်းက ဒါဝိဒ်အားရဲစွမ်းသတ္တိရှိစေသည်။ (အခန်းငယ် ၂၊ ၃) ယေဟောဝါ၏ဝတ်ပြုရေးအချက်အချာနေရာကို လေးမြတ်တန်ဖိုးထားခြင်းသည်လည်း အခြားအကြောင်းတစ်ခုဖြစ်သည်။ (အခန်းငယ် ၄) ယေဟောဝါ၏ အကူအညီ၊ ကာကွယ်မှုနှင့် ကယ်လွတ်မှုများကို ယုံစားခြင်းကလည်း ဒါဝိဒ်၏ရဲစွမ်းသတ္တိကိုတည်ဆောက်ပေးသည်။ (အခန်းငယ် ၅-၁၀) ယေဟောဝါ၏ ဖြောင့်မတ်သောလမ်းစဉ်မူများအတိုင်း ဆက်လက်သွန်သင်မှုခံယူနေခြင်းသည်လည်း အကူအညီဖြစ်သည်။ (အခန်းငယ် ၁၁) ရန်သူလက်မှလွတ်မြောက်ရန် စိတ်ချစွာဆုတောင်းခြင်းနှင့်အတူ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတို့က ဒါဝိဒ်အား ရဲစွမ်းသတ္တိရှိရန်အကူအညီပေးခဲ့သည်။ (အခန်းငယ် ၁၂-၁၄) ကျွန်ုပ်တို့သည် ‘ယေဟောဝါကိုမျှော်လင့်’ ကြောင်းတင်ပြသည့်အနေနှင့် အလားတူနည်းလမ်းများအတိုင်း ရဲစွမ်းသတ္တိကိုတည်ဆောက်နိုင်သည်။

၁၈။ (က) ယေဟောဝါကိုဝတ်ပြုသူချင်းတို့နှင့် မှန်မှန်ပေါင်းသင်းခြင်းက ရဲစွမ်းသတ္တိတွင် ဆက်တည်နေနိုင်ရန် ကျွန်ုပ်တို့ကို အကူအညီဖြစ်စေနိုင်ကြောင်း မည်သည့်အချက်ကဖော်ပြသနည်း။ (ခ) ရဲစွမ်းသတ္တိကိုတည်ဆောက်ရာတွင် ခရစ်ယာန်အစည်းအဝေးများသည် မည်သည့်အခန်းကဏ္ဍမှပါဝင်သနည်း။

၁၈ ယေဟောဝါအားဝတ်ပြုသူချင်းတို့နှင့် မှန်မှန်ပေါင်းသင်းခြင်းက ကျွန်ုပ်တို့ရဲစွမ်းသတ္တိရှိမြဲရှိရန် ကူညီပေးနိုင်သည်။ ပေါလုသည် ကဲသာထံအယူခံဝင်ပြီး ရောမသို့ခရီးသွားနေစဉ်က ယုံကြည်သူချင်းတို့သည် သူ့ကိုအပ္ပိဈေးနှင့်သုံးဇရပ်တို့တွင် လာ၍တွေ့ဆုံကြ၏။ “ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ စိတ်အားတိုးတက်လေ၏” ဟု မှတ်တမ်းကဆို၏။ (တမန်တော် ၂၈:၁၅၊ သမ္မာ) ကျွန်ုပ်တို့သည် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ခြင်းအားဖြင့် “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော် [အားပေး၊ ကဘ] ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့” ဟူသောပေါလု၏သြဝါဒကို လိုက်နာနေရာရောက်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) တစ်ယောက်နှင့်တစ်ယောက်အားပေးရန်ဟူသည် အဘယ်နည်း။ အားပေးရန်ဟူသည် “ရဲစွမ်းသတ္တိ၊ တက်ကြွထက်သန်မှု သို့မဟုတ် မျှော်လင့်ချက်တို့ဖြင့် လှုပ်ရှားသက်ဝင်ရန်” ဟူ၍ အဓိပ္ပာယ်ရှိသည်။ (ဝက်ဘ်စတား၏ နဝမ ကောလိပ်အဘိဓာန်သစ်) ကျွန်ုပ်တို့သည် ရဲစွမ်းသတ္တိနှင့်တကွ အခြားခရစ်ယာန်များအား သက်ဝင်လှုပ်ရှားအောင် လုပ်ပေးနိုင်စရာများစွာရှိပြီး သူတို့၏အားပေးမှုများသည်လည်း အလားတူအရည်အချင်းဖြင့် ကျွန်ုပ်တို့အားတည်ဆောက်မှုဖြစ်စေနိုင်သည်။

၁၉။ ကျမ်းစာနှင့်ခရစ်ယာန်စာပေများသည် ကျွန်ုပ်တို့ရဲစွမ်းသတ္တိဆက်ရှိနေနိုင်ခြင်းနှင့် မည်သို့ပတ်သက်မှုရှိသနည်း။

၁၉ ရဲစွမ်းသတ္တိရှိမြဲရှိရန် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်လေ့လာပြီး ယင်း၏သြဝါဒများကို ကျွန်ုပ်တို့၏အသက်တာတွင် လက်တွေ့ကျင့်သုံးရမည်။ (တရားဟောရာ ၃၁:၉-၁၂; ယောရှု ၁:၈) ကျွန်ုပ်တို့၏ပုံမှန်လေ့လာမှုတွင် ကျမ်းစာပေါ်အခြေပြုထားသည့် ခရစ်ယာန်စာပေများပါဝင်သင့်သည်။ အကြောင်းမှာ ထိုတွင်ပေးထားသော ခိုင်လုံခြေမြစ်သည့်သြဝါဒများသည် ဘုရားပေးရဲစွမ်းသတ္တိနှင့်တကွ ယုံကြည်ခြင်းစမ်းသပ်မှုများကို ရင်ဆိုင်နိုင်ရန် အကူအညီပေးနိုင်သောကြောင့်ဖြစ်သည်။ အခြေအနေအမျိုးမျိုးအောက်တွင် ယေဟောဝါ၏ကျေးကျွန်များသည် မည်သို့ရဲစွမ်းသတ္တိရှိခဲ့ကြကြောင်းကို ကျမ်းစာမှတ်တမ်းများတွင် ကျွန်ုပ်တို့တွေ့ခဲ့ကြရပြီးဖြစ်သည်။ ထိုအကြောင်းအရာများသည် ယခုကျွန်ုပ်တို့အား မည်သို့အကူအညီဖြစ်စေသည်ကို မသိဘဲဖြစ်ကောင်းဖြစ်နေစေကာမူ ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် တန်ခိုးပါပြီး ယင်းမှလေ့လာသိရှိရသည့်အရာများသည် ကျွန်ုပ်တို့အား အစဉ်သဖြင့်အကျိုးဖြစ်ထွန်းစေနိုင်သည်။ (ဟေဗြဲ ၄:၁၂) ဥပမာ၊ လူကိုကြောက်ရွံ့ ခြင်းသည် ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်ခြင်းကို ထိခိုက်စပြုလာပါက ဘုရားတရားမဲ့သူများအား ဘုရားသခင်၏သတင်းကိုဖြန့်ချိရန် ဧနောက်မည်သို့ရဲစွမ်းသတ္တိရခဲ့ကြောင်း ကျွန်ုပ်တို့ပြန်သတိရနိုင်သည်။—ယုဒ ၁၄၊ ၁၅။

၂၀။ ကျွန်ုပ်တို့သည် ယေဟောဝါကျေးကျွန်များအနေနှင့် ရဲစွမ်းသတ္တိရှိခြင်း၌ဆက်လက်တည်နေနိုင်ရန် ဆုတောင်းခြင်းသည် အရေးကြီးသည်ဟုအဘယ်ကြောင့်ပြောနိုင်သနည်း။

၂၀ ယေဟောဝါ၏ကျေးကျွန်များအဖြစ် ရဲစွမ်းသတ္တိရှိမြဲရှိနေနိုင်ရန် ကျွန်ုပ်တို့သည် ဆုတောင်းခြင်းတွင် စွဲမြဲကြရမည်။ (ရောမ ၁၂:၁၂) ယေရှုသည် မိမိတွေ့ရသည့်စမ်းသပ်မှုများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ရခြင်းမှာ “သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြုသဖြင့် ကြောက်ရွံ့ရာအမှု၌ချမ်းသာရ” ခဲ့ခြင်းကြောင့်ဖြစ်သည်။ (ဟေဗြဲ ၅:၇) ဆုတောင်းလျက် ဘုရားသခင်နှင့်နီးကပ်စွာနေခြင်းအားဖြင့် ရှင်ပြန်ထမြောက်ခြင်းမရှိသော “ဒုတိယသေခြင်း” ကိုရင်ဆိုင်ရရန်သတ်မှတ်ခံရသည့် လောကရှိကြောက်တတ်သူများနှင့် ကျွန်ုပ်တို့ကွာခြားကြမည်။ (ဗျာဒိတ် ၂၁:၈) ဘုရားသခင်၏ကာကွယ်မှုနှင့် ကိုယ်တော်ပေးမည့်ကမ္ဘာသစ်အသက်တာသည် မိမိ၏ရဲစွမ်းသတ္တိရှိကျေးကျွန်များအတွက်ဖြစ်သည်။

၂၁။ ယေဟောဝါ၏သစ္စာရှိသက်သေများသည် အဘယ်ကြောင့်ရဲစွမ်းသတ္တိရှိနိုင်ကြသနည်း။

၂၁ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် နတ်ဆိုးနှင့်လူသားရန်သူများကို ကြောက်ရန်မလိုပါ။ အကြောင်းမှာ ဘုရားသခင်၏ကူညီထောက်ပံ့မှုနှင့် လောကကိုအောင်နိုင်သူအဖြစ် ယေရှု၏ရဲစွမ်းသတ္တိရှိပုံသက်သေကို ကျွန်ုပ်တို့ရထားသောကြောင့်ဖြစ်သည်။ ယေဟောဝါ၏လူများနှင့် ဝိညာဉ်ရေးတည်ဆောက်မှုဖြစ်စေသည့် ပေါင်းသင်းခြင်းသည်လည်း ကျွန်ုပ်တို့ရဲစွမ်းသတ္တိရှိရန် အကူအညီဖြစ်စေသည်။ ကျမ်းစာနှင့် ခရစ်ယာန်စာပေများကပေးသော လမ်းညွှန်မှုများနှင့်သြဝါဒများအားဖြင့်လည်း ကျွန်ုပ်တို့၏ရဲစွမ်းသတ္တိကို တည်ဆောက်နိုင်သည်။ ထို့အပြင် အတိတ်ကဘုရားသခင့်ကျေးကျွန်များအကြောင်း ကျမ်းစာမှတ်တမ်းများက ကိုယ်တော့်နည်းလမ်းတော်များအတိုင်း ရဲစွမ်းသတ္တိဖြင့်လျှောက်လှမ်းရန် အကူအညီဖြစ်စေသည်။ ထို့ကြောင့် ဤခဲယဉ်းသည့်ဆုံးခန်းကာလအချိန်တွင် မြင့်မြတ်သောလုပ်ငန်းတော်၌ ရဲရင့်စွာရှေ့သို့တက်လှမ်းသွားကြပါစို့။ မှန်ပါသည်၊ ယေဟောဝါ၏လူအားလုံး ရဲစွမ်းသတ္တိရှိကြပါလေ!

သင်မည်သို့ဖြေကြားမည်နည်း

◻ ယေရှု၏ပုံသက်သေသည် ကျွန်ုပ်တို့အား မည်သို့ရဲစွမ်းသတ္တိရှိစေနိုင်သနည်း။

◻ ယေရှုနှင့်သူ၏တပည့်တော်များ ဆက်လက်ဟောပြောနေနိုင်ရန်ရဲစွမ်းသတ္တိကို မည်သည့်အရာကဖြစ်စေသနည်း။

◻ ဂျူးနှင့်တစ်ပါးအမျိုးသားများသည် ယေဟောဝါနှင့်အတူသွားလာရန် အဘယ်ကြောင့်ရဲစွမ်းသတ္တိလိုအပ်သနည်း။

◻ ဥနိတ်နှင့်တိမောသေတို့သည် ရဲစွမ်းသတ္တိဆိုင်ရာမည်သည့်ပုံသက်သေကိုပေးသနည်း။

◻ ညှဉ်းပန်းနှိပ်စက်မှုအောက်၌ပင် ရဲစွမ်းသတ္တိသည် ရွှင်လန်းမှုကိုဖြစ်စေနိုင်ကြောင်း အဘယ်သာဓကရှိသနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့သည် ကျမ်းစာကိုသုံး၍ကိုးကားလျှင် ယေရှုကဲ့သို့ ကျွန်ုပ်တို့ စုံစမ်းခြင်းကိုခံရပ်နိုင်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ