ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၂/၁ စာ. ၄-၁၀
  • သဘာဝဘေးဒဏ်များ ဘုရားသခင်ကြောင့်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝဘေးဒဏ်များ ဘုရားသခင်ကြောင့်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သဘာဝဘေးဒဏ်” ကား အဘယ်နည်း
  • တရားခံကား မည်သူနည်း
  • ဖြေရှင်းနည်းများကား အဘယ်နည်း
  • ရင်ဆိုင်ကြရဦးမည့် ဘုရားသခင့်စီရင်ချက်များ
  • သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သဘာဝဘေးဒဏ်များ သင့်သည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သဘာဝဘေးဒဏ်များ ခေတ်ကာလ၏ နိမိတ်လက္ခဏာလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၂/၁ စာ. ၄-၁၀

သဘာဝဘေးဒဏ်များ ဘုရားသခင်ကြောင့်လော

“ဘုရားသခင်၊ ကျွန်ုပ်တို့ကို ဘယ်လိုလုပ်လိုက်တာလဲ။”

၁၉၈၅၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကိုလံဘီယာနိုင်ငံ၊ နှင်းဖုံးလွှမ်းသည့် နီဗာဒို ဒဲလ် ရူအဲက်စ်တောင်ပေါက်ကွဲမှုကြောင့် ပျက်စီးယိုယွင်းမှုကို မြင်ခဲ့သော ဘေးဒဏ်ခံရသူတစ်ဦး ထိုသို့ဆိုပါသည်။ ပေါက်ကွဲမှုကြောင့် လျှောစီးထွက်ခဲ့သော ရွှံ့နွံသည် အာမီရိုမြို့တစ်မြို့လုံးကို ဖုံးလွှမ်းနစ်မြုပ်စေခဲ့၍ တစ်ညတွင်းပင် လူ ၂၀,၀၀၀ ကျော်သေဆုံးခဲ့သည်။

ယင်းကြောင့် ကပ်ဘေးကိုကျော်သူတစ်ဦးအနေဖြင့် ထိုသို့တုံ့ပြန်ခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ထိတ်လန့်ဖွယ်သဘာဝစွမ်းအင်တို့ကို ကြုံကြိုက်ရစဉ် မည်သို့မျှမတတ်နိုင်သည့်အတွက် ဤကဲ့သို့သော ဘေးဒဏ်များကို ဘုရားသခင်ပြုတော်မူသည်ဟု ရှေးပဝေသဏီကာလကတည်းက လူတို့ယူမှတ်ခဲ့ကြသည်။ သမိုင်းဦးကလူတို့သည် သူတို့၏ ပင်လယ်၊ ကောင်းကင်၊ မြေကြီး၊ တောင်၊ မီးတောင်နှင့် အန္တရာယ်ပြု အခြားစွမ်းအင် နတ်ဘုရားများ၏ဒေါသကို ပြေအောင် လူကိုပင်မက အခြားပူဇော်ပသမှုများကိုပါ ပြုခဲ့ကြပြီ။ ယနေ့ပင်လျှင် ဘေးဒဏ်ကြီးမားသော သဘာဝဖြစ်စဉ်တစ်ခုကို ကံကြမ္မာအဖြစ်သော်လည်းကောင်း၊ ဘုရားသခင့် စီရင်ချက်အဖြစ်သော်လည်းကောင်း ယူမှတ်လက်ခံကြသူများ ရှိပါသည်။

ကမ္ဘာတစ်ဝန်း ဒုက္ခဝေဒနာနှင့် ဆုံးရှုံးမှု များပြားစေသည့် ဘေးဒဏ်များသည် ဘုရားသခင်ကြောင့် အမှန်ဖြစ်ခဲ့ရခြင်းလော။ ကိုယ်တော့်အား အပြစ်ဖို့မည်လော။ အဖြေရှာရန် ဤကဲ့သို့သောဘေးဒဏ်များတွင် အဘယ်အရာများပါဝင်ကြောင်း အသေအချာလေ့လာကြည့်ရန် လိုအပ်ပါသည်။ အမှန်မှာ သိနှင့်ရာများကို ပြန်စစ်ဆေးသုံးသပ်ကြည့်ရန် လိုပါသည်။

“သဘာဝဘေးဒဏ်” ကား အဘယ်နည်း

တရုတ်ပြည်၊ တန်ရှန်နယ်တွင် မြေငလျင်ဖြစ်ခဲ့စဉ်က တရုတ်ပြည်မှ တရားဝင်ထုတ်ပြန်ချက်အရ လူ ၂၄၂,၀၀၀ သေဆုံးခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ‘တောင်ဖလော်ရီဒါနှင့် လူဝီစီယားနားအရပ်များတွင် အင်ဒရူးမုန်တိုင်း တိုက်ခိုက်ခဲ့စဉ် ပျက်စီးယိုယွင်းမှု ဒေါ်လာသန်းကုဋေချီခဲ့သဖြင့် ယင်းသဘာဝဘေးဒဏ်များသည် ကမ္ဘာ့သတင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ သို့သော် ထိုမြေငလျင်သည် တန်ရှန်နယ်၏ အနောက်မြောက်ဘက် မိုင် ၇၀၀ ခန့်အကွာရှိ လူသူမနေသည့် ဂိုဘီသဲကန္တာရတွင်၊ သို့မဟုတ် မုန်တိုင်းသည် အခြားလမ်းကြောင်းကိုယူခဲ့ပြီး ကုန်းမြေကို လုံးလုံးမထိ သမုဒ္ဒရာတွင်သာ အားပျော့သွားခဲ့မည်ဆိုလျှင်ကော။ ယင်းတို့ကို ယခု မှတ်မိတော့မည်မဟုတ်တော့ပါ။

ထိုကြောင့် သဘာဝဘေးဒဏ်များအကြောင်း ပြောဆိုသည့်အခါ ထူးခြားထင်ရှားသော သဘာဝစွမ်းအင်များအကြောင်း ပြောဆိုရုံမျှမဟုတ်ပါ။ နှစ်စဉ်နှစ်တိုင်း မြေငလျင်အကြီးအငယ် ထောင်ချီ၊ ဆိုင်ကလုန်း၊ ဟာရီကိန်း၊ တိုင်ဖွန်းလေမုန်တိုင်း မြောက်မြားစွာ ဖြစ်လေ့ဖြစ်ထရှိပြီးမှတ်တမ်းမှတ်ရာအတွက်လောက်သာဖြစ်သည်။ သို့ရာတွင် ယင်းအဖြစ်အပျက်တို့သည် သက်ရှိသက်မဲ့တို့ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေ၍ သာမန်ဘဝပုံစံကို ပြောင်းလဲစေသည့်အခါ ဘေးဒဏ်များဖြစ်လာပါသည်။

သတိပြုသင့်သည့် အချက်တစ်ခုမှာ အပျက်အစီးနှင့် ဆုံးရှုံးနစ်နာမှုတို့သည် သဘာဝစွမ်းအင်တို့နှင့် အချိုးမကျသည်ကား များပါသည်။ အကြီးမားဆုံး ဘေးဒဏ်မှာ အပြင်းထန်ဆုံး သဘာဝစွမ်းအင်ကြောင့် ဖြစ်ချင်မှ ဖြစ်မည်။ ဥပမာ၊ ၁၉၇၁ ခုနှစ်တွင် ရစ်ချ်တာစကေး ၆.၆ ရှိမြေငလျင်သည် အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်၊ စန် ဖနန်ဒိုမြို့တွင်ဖြစ်ပျက်စဉ်က လူ ၆၅ ဦးသေဆုံးခဲ့သည်။ တစ်နှစ်အကြာတွင် နီကာရာဂွာနိုင်ငံ၊ မာနဂွာမြို့တွင် ၆.၂ အတိုင်းအတာရှိငလျင်ဖြစ်ခဲ့ရာ လူ ၅,၀၀၀ သေဆုံးခဲ့သည်။

သို့ဖြစ်သောကြောင့် သဘာဝဘေးဒဏ်များကြောင့် အပျက်အယွင်းတိုးများလာခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့မေးမြန်းရမည်ကား၊ သဘာဝအင်အားစုများသည် ပိုပြင်းထန်လာပါသလော။ သို့မဟုတ် ယင်းပြဿနာကို လူတို့ဘက်မှ တိုးပွားစေခဲ့ခြင်းလော။

တရားခံကား မည်သူနည်း

ကမ္ဘာပေါ်ရှိ သဘာဝစွမ်းအားများအပါအဝင် အရာခပ်သိမ်းတို့၏ ကြီးမြတ်တော်မူသောဖန်ဆင်းရှင်သည် ယေဟောဝါဘုရားသခင်ဖြစ်တော်မူကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ (ကမ္ဘာဦး ၁:၁; နေဟမိ ၉:၆; ဟေဗြဲ ၃:၄; ဗျာဒိတ် ၄:၁၁) ယင်းကြောင့် လေညင်းတိုက်တိုင်း၊ မိုးပွားကျတိုင်း ယင်းကို ဘုရားသခင်စီရင်၍ဖြစ်သည်ဟု မဆိုလိုပါ။ သို့အစား ကမ္ဘာမြေကြီးနှင့် ယင်း၏ဝန်းကျင်အတွက် နိယာမအချို့ကို ကိုယ်တော်သတ်မှတ်ထားတော်မူပြီကို ဆိုလိုနေခြင်းဖြစ်သည်။ ဥပမာ၊ ကမ္ဘာပေါ် အသက်ရှင်နိုင်ရန် အခြေခံတရားသုံးခု—နေ့စဉ် နေဝင်နေထွက်ခြင်း၊ မပြောင်းမလဲသည့် လေ၏လမ်းကြောင်းနှင့် ရေသံသရာ—အကြောင်းကို ဒေသနာ ၁:၅-၇ တွင်ဖတ်ရှုရပါသည်။ ယင်းကို လူသားများ သတိပြုသည်ဖြစ်စေမပြုသည်ဖြစ်စေ ကမ္ဘာ့ရာသီဥတု၊ ဘူမိဗေဒ၊ ဂေဟဗေဒ အစရှိသည်တို့နှင့်ပတ်သက်သည့် ဤသဘာဝနိယာမများနှင့် အခြားထပ်တူယန္တရားများသည် နှစ်ပေါင်းထောင်ချီ ရှိနှင့်ခဲ့ပြီဖြစ်သည်။ အမှန်မှာ ဒေသနာကျမ်းရေးသူသည် မပြောင်းမလဲ ဖြစ်မြဲဖြစ်စဉ်ရှိနေသည့် ဖန်ဆင်းခြင်းဆိုင်ရာလမ်းစဉ်များနှင့် သက်ရှိတို့၏ မတည်မြဲ၍ တစ်ခဏမျှဖြစ်သည့်အခြေအနေကို အာရုံပြုစေပါသည်။

ယေဟောဝါသည် သဘာဝစွမ်းအင်၏ ဖန်ဆင်းရှင်ဖြစ်ရုံသာမက ယင်းတို့ကို ချုပ်ထိန်းနိုင်စွမ်း ကိုယ်တော်တွင် ရှိတော်မူသည်။ ယေဟောဝါ၏ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်စေရန် ယင်းစွမ်းအင်များကို ကိုယ်တော်ချုပ်ကိုင်စီရင်တော်မူခဲ့ကြောင်း ကျမ်းစာတစ်အုပ်လုံးတွင် ဖတ်ရှုရပေသည်။ ယင်းတို့တွင် မောရှေခေတ်၌ ပင်လယ်နီကို နှစ်ခြမ်းခွဲခြင်း၊ ယောရှုခေတ်၌ နေနှင့်လကို ရပ်တန့်ခဲ့သည့် မှတ်တမ်းတင်ချက်များ ပါဝင်ပါသည်။ (ထွက်မြောက်ရာ ၁၄:၂၁-၂၈; ယောရှု ၁၀:၁၂၊ ၁၃) ဘုရားသခင့်သားတော်နှင့် ကတိထားရာ မေရှိယသခင် ယေရှုခရစ်တော်သည်လည်း ဂါလိလဲအိုင်တွင် မုန်တိုင်းကို ငြိမ်စေခဲ့ချိန်ကကဲ့သို့ သဘာဝစွမ်းအင်တို့ကို ထိန်းချုပ်နိုင်ကြောင်း တန်ခိုးပြတော်မူခဲ့သည်။ (မာကု ၄:၃၇-၃၉) ဤကဲ့သို့သောမှတ်တမ်းများက ယေဟောဝါဘုရားသခင်နှင့် သားတော်ယေရှုခရစ်သည် ကမ္ဘာသားတို့နှင့်ဆိုင်သောအရာခပ်သိမ်းကို အပြည့်အဝအနိုင်ယူ ထိန်းသိမ်းနိုင်ကြောင်း စိတ်ချစေပါသည်။—၂ ရာဇဝင်ချုပ် ၂၀:၆; ယေရမိ ၃၂:၁၇; မဿဲ ၁၉:၂၆။

သို့ဖြစ်၍ များမကြာမီက ဖြစ်ပျက်ခဲ့သော သဘာဝဘေးဒဏ်များကြောင့် တိုးများလာသည့်အကြီးအကျယ်ပျက်စီးမှုကို ဘုရားသခင်စီရင်တော်မူသည်ဟု ဆိုနိုင်ပါမည်လော။ ယင်းမေးခွန်းကိုဖြေဆိုရန် မထိန်းချုပ်နိုင်သည်တိုင် သဘာဝစွမ်းအင်များသည် ရုတ်တရက်ထူးခြားစွာ ပိုမိုကြမ်းတမ်းလာကြောင်း သက်သေသာဓကများ ရှိမရှိ ဦးစွာသုံးသပ်ကြည့်ရမည်။

ယင်းနှင့်စပ်လျဉ်း၍၊ သဘာဝဘေးဒဏ်များ—ဘုရားသခင့်စီရင်ချက် သို့မဟုတ် လူ့စီရင်ချက်များလော စာအုပ်က မည်သို့ဆိုထားကြောင်း သတိပြုပါ– “မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းများနှင့်ဆက်စပ်သည့် ရာသီဥတုဖြစ်စဉ်သဘောသည် ပြောင်းလဲလာကြောင်း အဘယ်သာဓကမျှမရှိချေ။ မြေငလျင်များ၊ မီးတောင်များနှင့် တစူနာမီ (ငလျင်လှိုင်းများ) နှင့်ဆက်စပ်သည့် ကမ္ဘာမြေကြီး၏လှုပ်ရှားမှုတို့သည် ပိုမိုပြင်းထန်လာသည်ဟူ၍ မည်သည့်ဘူမိဗေဒပညာရှင်မျှ မပြောဆိုပါ။” ထပ်တူပင် ကမ္ဘာ့အသိမ့် စာအုပ်ကဤသို့သတိပြုစေသည်– “ဘူမိဖြစ်စဉ် အကြီးအငယ်မြောက်မြားစွာ ဖြစ်ပျက်ခဲ့ကြောင်း တိုက်ကြီးတိုင်းရှိ ကျောက်တို့တွင် မှတ်တမ်းတင်ချက် ရှိထား၍ ယင်းတို့သာ ယနေ့ဖြစ်ပျက်မည်ဆိုလျှင်—အနာဂတ်တွင် ထိုသို့ ကြိမ်ဖန်များစွာဖြစ်ရလိမ့်မည်အကြောင်း သိပ္ပံနည်းအရ သေချာ၏—ထိုအဖြစ်အပျက်အခုတိုင်းသည် လူသားအတွက် ဘေးအန္တရာယ်ကြီးမားမည်ဖြစ်သည်။” တစ်နည်းအားဖြင့်ဆိုရလျှင် ကမ္ဘာမြေကြီးနှင့် ယင်း၏အင်အားကြီးမားသော စွမ်းအင်များသည် ရာစုခေတ်တစ်လျှောက် အနည်းနှင့်အများ တည်ငြိမ်ခဲ့ဟန်တူကြောင်း ဖြစ်သည်။ သို့ဖြစ်၍ စာရင်းဇယားအချို့အရ ဘူမိဆိုင်ရာ၊ သို့မဟုတ် အခြားလှုပ်ရှားမှုများ တစ်မျိုးတစ်မည်တိုးများလာသည်ဟုတင်ပြပြမပြပြ မကြာမီကာလအတွင်း ကမ္ဘာမြေကြီးသည် မထိန်းမချုပ်နိုင်သည်အထိ အရှိန်အဟုန်ပြင်းထန်မလာခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်လျှင် ကျွန်ုပ်တို့ဖတ်ရှုနေကြရသည့် သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ကြိမ် တိုးများလာရုံမက အပျက်အယွင်းပိုများလာခြင်းက အဘယ်ကြောင့်နည်း။ သဘာဝစွမ်းအင်များကြောင့်မဟုတ်လျှင် အပြစ်ဖို့စရာမှာ လူသားပင် ဖြစ်ချေပြီ။ လူ့လုပ်ရပ်တို့ကြောင့် ကျွန်ုပ်တို့၏ဝန်းကျင်တွင် သဘာဝဘေးဒဏ် များလာစရာ၊ ဖြစ်ပျက်ဖို့အကြောင်းလည်း ပိုလွယ်ကူလာစေကြောင်း အာဏာပိုင်များက အသိအမှတ်ပြုခဲ့ပေပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစာရေစာ ပိုမိုလိုအပ်နေခြင်းကြောင့် လယ်သမားများသည် ရှိရင်းလယ်မြေတွင် စိုက်ပျိုးသင့်သည်ထက် ပိုမိုစိုက်ပျိုးကြ၏။ သို့မဟုတ် အရေးပါသစ်တောများကို ခုတ်ထွင်ရှင်းလင်းပြီး မြေရိုင်းကို ပြန်လည်ထုတ်ဖော်ရန် ကြိုးစားကြ၏။ ယင်းက မြေဆီလွှာတိုက်စားခြင်းဖြစ်စေပါသည်။ တိုးများနေသည့် လူဦးရေကလည်း အန္တရာယ်ရှိသော အရပ်ဒေသများတွင် ဖြစ်ကတတ်ဆန်းဆောက်လုပ်နေထိုင်သည့် မြို့ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်များကို အလျင်အမြန်တိုးချဲ့ကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် ကာလီဖိုးနီးယားပြည်နယ် စန် အန္ဒြီယပ်စ်မြေလွှာပြတ်လွှဲကြောင်းတစ်လျှောက် နေထိုင်သူ သန်းပေါင်းများစွာတို့သည် ပြတ်သားစွာ သတိပေးထားလျက်ပင် အန္တရာယ်စက်ကွင်းမှ ထွက်ခွာမသွားကြပါ။ ဤကဲ့သို့သောအခြေအနေများတွင်၊ ထူးခြားသောအဖြစ်အပျက်—မုန်တိုင်း၊ ရေလွှမ်းမိုးဘေး သို့မဟုတ် မြေငလျင်—တစ်ခုဖြစ်သည့်အခါ ပျက်စီးခြင်းဘေးသည် “သဘာဝ” အရဖြစ်သည်ဟု အမှန်တကယ် ပြောနိုင်ပါမည်လော။

တင်ပြရမည့်ဥပမာတစ်ခုမှာ အာဖရိက ဆာဟဲလ်အရပ်၌ မိုးခေါင်ခြင်းဖြစ်သည်။ မိုးခေါင်ခြင်းမည်သည် ငတ်မွတ်ဘေး၊ ငတ်ပြတ်မှုနှင့် သေခြင်းကိုဖြစ်ပေါ်စေသည့် မိုးမရွာ ရေရှားခြင်းဖြစ်သည်ဟု အများအားဖြင့် ယူမှတ်ကြပါသည်။ သို့သော် ထိုအရပ်ဒေသတွင် ငတ်မွတ်ဘေး နှင့် အစာရေစာရှားပါးမှု နှံ့ပြားရခြင်းသည် ရေရှား၍သာဖြစ်ပါသလော။ ဝရုန်းသုံးကားပြေးလွှား သဘာဝ စာအုပ်က– “ကြာရှည်မိုးခေါင်ခြင်းထက် ကုန်းနှင့်ရေမှ သယံဇာတပစ္စည်းများကို ကြာမြင့်စွာ အလွဲသုံးစွဲခဲ့ခြင်းကြောင့်သာ ယနေ့ ငတ်မွတ်ဘေး မပြတ်စဲနိုင်ခြင်းဖြစ်ကြောင်း သိပ္ပံနှင့်ကယ်ဆယ်ရေးအဖွဲ့များ၏ သုတေသနပြုချက်က တင်ပြနေပါသည်။ . . . ဆာဟဲလ်ကန္တာရ ကျယ်ပြန့်လာနေခြင်းသည် များသောအားဖြင့် လူ့တီထွင်မှုပင်ဖြစ်သည်” ဟုဆိုပါသည်။ တောင်အာဖရိက နေတဲလ် သက်သေ သတင်းစာက– “ငတ်မွတ်ခြင်းသည် အစာရေစာရှားပါးခြင်းမဟုတ်ဘဲ စားနပ်ရိက္ခာ ရရှိနိုင်သည့်နည်းလမ်း မရှိခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဆင်းရဲချို့ငဲ့ရခြင်း ဖြစ်သည်” ဟုအဆိုပြုသည်။

အခြားဘေးအန္တရာယ်များကြောင့် ဖြစ်ပွားနေသည့် ပျက်စီးခြင်းဘေးအကြောင်းလည်း ဤသို့ပင် ပြောဆိုနိုင်ပါသည်။ နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘာ့ချမ်းသာကြွယ်ဝသောနိုင်ငံများထက် ဆင်းရဲသောနိုင်ငံများတွင် သဘာဝဘေးဒဏ်များကြောင့် သေကျေပျက်စီးသူ အရေအတွက် လွန်ကဲကြောင်း တွေ့ရှိရသည်။ ဥပမာ၊ ၁၉၆၀ မှ ၁၉၈၁ ခုအတွင်း သုတေသနပြုချက်တစ်ခုအရ ဂျပန်နိုင်ငံတွင် ၄၃ ကြိမ်ငလျင်လှုပ်၍ အခြားဘေးဒဏ်များ ဖြစ်ပျက်ခဲ့ရာ လူပေါင်း ၂,၇၀၀ အသက်စတေးခဲ့သဖြင့် ဘေးဒဏ်တစ်ခုလျှင် ပျမ်းမျှသေကျေနှုန်း ၆၃ ဦးရှိကြောင်း သိရပါသည်။ ထပ်တူကာလအတွင်း ပီရူးနိုင်ငံတွင် ဘေးဒဏ်တစ်ခုလျှင် သေကျေပျက်စီးသူ ၂,၉၀၀ ယောက်နှုန်းဖြင့် ဘေးဒဏ် ၃၁ ခုတွင် လူပေါင်း ၉၁,၀၀၀ ယောက်သေဆုံးခဲ့ကြောင်းတည်း။ ဤမျှ အဘယ်ကြောင့် ကွာခြားရပါသနည်း။ သဘာဝစွမ်းအင်ကြောင့် ဘေးသင့်ခဲ့ခြင်းဖြစ်မည်မှန်သော်လည်း သေကျေပျက်စီးမှုနှုန်း ဤမျှကွာခြားရခြင်းမှာ လူ့လုပ်ရပ်များ—လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး—ကတရားခံဖြစ်ပေသည်။

ဖြေရှင်းနည်းများကား အဘယ်နည်း

သဘာဝဘေးဒဏ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နည်းမျိုးစုံကို သိပ္ပံပညာရှင်၊ ပါရဂူများ ကြာမြင့်စွာ ကြိုးစားခဲ့ကြပြီ။ မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှုတို့ မည်သို့မည်ပုံဖြစ်ပေါ်လာရခြင်းကို သဘောပေါက်နားလည်ရန် မြေလွှာအတွင်းကျကျ စူးစမ်းလေ့လာခဲ့ပေပြီ။ အာကာသဂြိုဟ်တုများဖြင့် ဆိုင်ကလုန်းနှင့် ဟာရီကိန်းလမ်းကြောင်းများကို လိုက်လံရှာဖွေရန်လည်းကောင်း၊ ရေလွှမ်းမိုးဘေးနှင့် မိုးခေါင်ခြင်းကို ကြိုတင်ဟောပြောနိုင်ရန်လည်းကောင်း ရာသီဥတုပုံစံများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ ဤသုတေသနပြုချက်တို့ဖြင့် သဘာဝစွမ်းအင်များ၏ ထိခိုက်နစ်နာမှု လျော့နည်းစေနိုင်မည့်နည်းများကို သိရှိနားလည်ရန် မျှော်လင့်ကြသည်။

ဤကဲ့သို့သောကြိုးပမ်းမှုများမှ အကျိုးကျေးဇူး ခံစားခဲ့ရပြီလော။ ဤစရိတ်စကကြီးမားသော အဆင့်မြင့်စက်မှုပညာနှင့်စပ်လျဉ်း၍ ချိန်ခါကြည့်အဖွဲ့အစည်းတစ်ခုက– “ယင်းတို့သည် သူ့နေရာနှင့်သူ အရေးပါပါသည်။ သို့သော် ယင်းအတွက် ငွေအင်အားနှင့် ကြိုးပမ်းမှု အဆမတန်ကုန်ခန်းမည်ဆိုလျှင်—ဘေးဒဏ်များကို ပိုမိုဆိုးရွားစေသည်တိုင် ဘေးသင့်သူများရင်ဆိုင်ရမည့် အန္တရာယ်ကို လျစ်လျူရှုထားသည်အထိ ယင်းတို့ကို အသုံးပြုမည်ဆိုလျှင်—ယင်းတို့သည် အကျိုးရှိသည်ထက် ဒုက္ခပိုရောက်စေပါသည်။” ဥပမာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မြစ်ဝကျွန်းပေါ် ကမ်းခြေဒေသတွင် ရေအမြဲကြီးတတ်၍ ဒီလှိုင်းတက်လေ့ရှိကြောင်း သိထားခြင်းက ဘင်္ဂလားဒေ့ရှ်လူမျိုး သန်းပေါင်းများစွာအား ထိုနေရာဒေသ၌သာ ဆက်နေထိုင်ကြရန် မတားဆီးပေးပါ။ ယင်းကြောင့် ထပ်ခါတလဲဖြစ်သည့်ဘေးဒဏ်များတွင် ထောင်ပေါင်းများစွာ သေကျေပျက်စီးရခြင်းဖြစ်သည်။

စက်မှုပညာရပ်သည် အကန့်အသတ်မျှသာ အကျိုးပြုကြောင်း ထင်ရှားနေပါသည်။ လိုအပ်နေသည့် အခြားအရာတစ်ခုမှာ အန္တရာယ်ရှိသည့်အရပ်ဒေသများတွင် ဆက်နေထိုင်ရခြင်း သို့မဟုတ် ဝန်းကျင်ကို ပျက်စီးစေသည့်နည်းဖြင့် နေထိုင်ရခြင်းမှတစ်ပါး အခြားရွေးချယ်စရာလမ်းမရှိစေသည့် ဖိစီးမှုများကို လျော့နည်းစေနိုင်စွမ်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သဘာဝအင်အားစုများကြောင့်ပျက်စီး ယိုယွင်းမှုတို့ကို လျော့ပါးစေရန် ကျွန်ုပ်တို့၏လူမှုရေး၊ စီးပွားရေးတို့ကို လုံးလုံးပြုပြင်ပြောင်းလဲဖို့ရန် လိုအပ်လိမ့်မည်။ ယင်းတာဝန်ကို မည်သူထမ်းဆောင်နိုင်မည်နည်း။ သဘာဝဘေးဒဏ်များကို ဖြစ်ပေါ်စေသော အင်အားစုတို့ကို ထိန်းချုပ်နိုင်သောအရှင်သာ ဖြစ်ပါလိမ့်မည်။

ရင်ဆိုင်ကြရဦးမည့် ဘုရားသခင့်စီရင်ချက်များ

ယေဟောဝါဘုရားသခင်သည် လက္ခဏာများကိုသာ ရှင်းပစ်မည်မဟုတ်ဘဲ လူ့ဆင်းရဲဒုက္ခ၏ အရင်းအမြစ်ကို တူးဖော်မှောက်လှန်ပစ်ပါလိမ့်မည်။ “အကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” သော လောဘရမ္မက်ကြီး၊ ဖိစီးနှိပ်ကွပ်တတ်သည့် သားရဲ၊ စီးပွားရေးနှင့် ဘာသာရေးစနစ်များကို အဆုံးစီရင်ပါလိမ့်မည်။ (ဒေသနာ ၈:၉) ကမ္ဘာပေါ်မှ ဆိုးသွမ်းမှုနှင့် ဒုက္ခဆင်းရဲခြင်းကို သုတ်သင်ရှင်းလင်းပြီးနောက် ငြိမ်းချမ်းသာယာ၊ ဖြောင့်မတ်သောကမ္ဘာ့ပရဒိသုကို ဘုရားသခင် ပြန်လည်တည်ထောင်မည့်အချိန်အခါနှင့်ပတ်သက်သည့် ပရောဖက်ပြုချက် မြောက်မြားစွာတို့ကို သမ္မာကျမ်းစာဖတ်ရှုလေလာ့သူတိုင်း သတိမပြုမိဘဲ မနေပါ။—ဆာလံ ၃၇:၉-၁၁၊ ၂၉; ဟေရှာယ ၁၃:၉; ၆၅:၁၇၊ ၂၀-၂၅; ယေရမိ ၂၅:၃၁-၃၃; ၂ ပေတရု ၃:၇; ဗျာဒိတ် ၁၁:၁၈။

တစ်နည်းအားဖြင့်ဆိုလျှင် “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟုတပည့်တော်များအား ယေရှုခရစ်တော် သွန်သင်ပေးတော်မူခဲ့သည်အတိုင်းပင်ဖြစ်သည်။ (မဿဲ ၆:၁၀) ပရောဖက်ဒံယေလ ကြိုတင်ဟောထားသကဲ့သို့ပင် မေရှိယနိုင်ငံတော်သည် မစုံလင်သောလူ့အုပ်ချုပ်မှုကို သုတ်သင်ရှင်းလင်းပစ်ပြီး ယင်းတို့အစား အုပ်စိုးတော်မူမည်။ “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံကို ထိုမင်းများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်တော်မူမည်။ ထိုနိုင်ငံသည်လည်း အခြားအဘယ်လူမျိုး၏လက်သို့မျှမရောက်ဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၅။

ယနေ့ လူမျိုးတို့ မတတ်နိုင်သော အဘယ်အရာကို ဘုရားသခင့်နိုင်ငံတော် ဆောင်ရွက်တော်မူမည်နည်း။ စိတ်ကြည်နူးအားရစရာ ကြိုတင်မြင်ကွင်းတစ်ခုကို သမ္မာကျမ်းစာ ဖော်ပြပါသည်။ ဤစာမျက်နှာတို့တွင်ဖော်ပြထားသည့် ငတ်ပြတ်မှုနှင့် ဆင်းရဲနွမ်းလျခြင်းကဲ့သို့သောအခြေအနေများအစား “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။” ထို့ပြင် “တောသစ်ပင်သည် အသီးကိုသီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကို ပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။” (ဆာလံ ၇၂:၁၆; ယေဇကျေလ ၃၄:၂၇) သဘာဝဝန်းကျင်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ ဆိုသည်ကား– “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ . . . အကြောင်းမူကား၊ တော၌ စမ်းရေထွက်၍ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။ တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ခြောက်သောမြေသည် စမ်းရေတွင်း ဖြစ်လိမ့်မည်။” (ဟေရှာယ ၃၅:၁၊ ၆၊ ၇) ထို့ပြင် စစ်များရှိတော့မည်မဟုတ်။—ဆာလံ ၄၆:၉။

ထိုအမှုကို ယေဟောဝါဘုရားသခင် မည်သို့ဖြည့်စွက်တော်မူမည့်အကြောင်း၊ သဘာဝစွမ်းအင်တို့သည် ဘေးမပြုတော့ဘဲ မည်သို့ဖြစ်လာမည့်အကြောင်း သမ္မာကျမ်းစာမဖော်ပြပါ။ သို့ရာတွင် ဖြောင့်မတ်သောအစိုးရအောက် နေထိုင်မည့်သူများသည် “အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်” ကားသေချာနေပါသည်။—ဟေရှာယ ၆၅:၂၃။

ဘုရားသခင့်နိုင်ငံတော်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ တည်ထောင်ခဲ့ကြောင်း ဤမဂ္ဂဇင်းနှင့် ကင်းမျှော်စင်အသင်းထုတ်ဝေသည့် အခြားစာပေများတွင် ယေဟောဝါသက်သေများ ကြိမ်ဖန်များစွာ ဖော်ပြထားပါသည်။ ဘုရားသခင့်နိုင်ငံတော် ညွှန်ကြားမှုအောက် ကမ္ဘာချီသက်သေခံခြင်းလုပ်ငန်းကို နှစ်ပေါင်း ၈၀ နီးပါး ဆောင်ရွက်ခဲ့ပြီဖြစ်၍ ကတိတော်တည်ရာ “ကောင်းကင်အသစ်နှင့် မြေကြီးအသစ်” ၏အဝင်ဝသို့ ကျွန်ုပ်တို့ ယနေ့ ရောက်ရှိနေကြပြီ။ လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်ကာလအတွင်း လူသားအပေါင်း ခံစားခဲ့ရသော သဘာဝဘေးဒဏ်များမှမက ဒုက္ခဝေဒနာရှိရှိသမျှ၏ ဆိုးကျိုးများအောက်မှ လွတ်မြောက်ရတော့မည်။ ထိုအချိန်အခါနှင့်ပတ်သက်၍ “ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟုအမှန်တကယ်ပင် ပြောဆိုနိုင်တော့မည်။—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၄

သို့သော် ယခုကော။ လက်ရှိအခြေအနေများ သို့မဟုတ် အခြားအကြောင်းများကြောင့် ဒုက္ခရောက်နေရသူများအကျိုးကို ဘုရားသခင် ဆောင်ရွက်ပေးနေတော်ပြီလော။ အမှန်ဆောင်ရွက်နေတော်မူသည်။ သို့သော် လူအများထင်သည့်နည်းလမ်းအတိုင်းတော့မဟုတ်ချေ။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

သဘာဝဘေးဒဏ်များ ဝန်းကျင်၌ ဖြစ်ပေါ်လာစေရန် လူ့လုပ်ရပ်များက ပိုလွယ်ကူစေခဲ့ပြီ

[Credit Lines]

Laif/Sipa Press

Chamussy/Sipa Press

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

Wesley Bocxe/Sipa Press

Jose Nicolas/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ