မြင့်မြတ်သောသွန်သင်ခြင်းကို အားရရွှင်လန်းဖွယ် စည်းဝေးပွဲကြီးများက မြှင့်တင်ပေး
ယနေ့၊ လောကတစ်ခွင် အကြောင်းသတင်း ထူးကဲစွာရရှိနေသည်။ ရုပ်မြင်သံကြားနှင့်ရေဒီယို၊ စာအုပ်စာတမ်းနှင့် ကွန်ပျူတာများမှတစ်ဆင့် အကြောင်းစုံကို အကန့်အသတ်မရှိ ဆည်းပူးလေ့လာနိုင်ပါသည်။ သို့ဖြစ်၍ပင် လူတို့သည် ဖျားနာပြီး သေဆုံးနေကြရသည်။ ရာဇဝတ်မှု၊ ငတ်ပြတ်မှုနှင့် ဆင်းရဲနွမ်းပါးခြင်းကို ကမ္ဘာတစ်လွှားတွေ့ရှိနေရ၍ စိတ်ဓာတ်ပျက်ပြားနေရသူ ပို၍ပင်များနေပါသည်။ ဆည်းပူးနိုင်စရာ အသိပညာပြည့်ဝစုံလင်လျက်ပင် ကိစ္စအဝဝကို မဖြေရှင်းပေးနိုင်ဘဲ ဖြစ်နေပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား လူသားသည် ဘုရားသခင့်ဉာဏ်ပညာကို ကျောခိုင်းနေကြသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ယေဟောဝါသက်သေများ၏ မကြာသေးမီက စည်းဝေးပွဲကြီး အဓိကခေါင်းစဉ်အဖြစ် “မြင့်မြတ်သောသွန်သင်ခြင်း” ကိုရွေးချယ်ခဲ့ခြင်းသည် အလွန်လျောက်ပတ်ပေသည်! ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာရှိ သွန်သင်ခြင်းသာလျှင် အသက်ကယ်ဆယ်ရေးအတွက် စစ်မှန်သောတန်ဖိုးရှိကြောင်းကို တက်ရောက်သူများအား စည်းဝေးပွဲအစီအစဉ်က သတိပေးပါသည်။
ပထမဦးဆုံးစည်းဝေးပွဲကြီးသည် ယူ.အက်စ်.အေ. နယူးယောက်ပြည်နယ်၊ ယူနီယံဒေးလ်မြို့တွင် ဇွန် ၃ ရက်ကြာသပတေးနေ့၌ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ အစီအစဉ်ကို တစ်နိုင်ငံပြီးတစ်နိုင်ငံ မြို့ကြီးများအသီးသီးတွင် ကျင်းပခဲ့ရာ အာဖရိကနှင့် တောင်အမေရိကတိုက်များတွင် ပြီးဆုံးခဲ့ပါသည်။
ပထမနေ့ မွန်းလွဲပိုင်း
မြင့်မြတ်သောသွန်သင်ခြင်းဆိုင်ရာ ရှုထောင့်တစ်မျိုးမျိုးကို အလေးအနက်ပေါ်လွင်စေသည့် အဓိကအချက်တစ်ခုကို နေ့စဉ်နေ့တိုင်း တင်ပြခဲ့ပါသည်။ ဥပမာ၊ ပထမနေ့ရက် အစီအစဉ်သည် “ဘုရားသခင်ထံမှ သွန်သင်ချက်ကို သိမှတ်ခြင်း” အဓိကခေါင်းစဉ်ကို အခြေခံခဲ့ပါသည်။ (ယောဟန် ၇:၁၇) ဤအကြောင်းကို ထိုနေ့အတွင်း တဖြည်းဖြည်းရှင်းလင်းတင်ပြသွားပါသည်။
သီချင်းနှင့်ဆုတောင်းခြင်းပြီးနောက် စည်းဝေးပွဲသဘာပတိသည် “မြင့်မြတ်သောသွန်သင်ခြင်းသည် ကျွန်ုပ်တို့အား အတူတကွရောက်ရှိစေ” ဟောပြောချက်ဖြင့် အစီအစဉ်ကို စတင်ခဲ့သည်။ ယေဟောဝါ၏လမ်းခရီးကိုသင်ယူကာ ကိုယ်တော်၏ခြေတော်ရာအတိုင်းလိုက်ကြခြင်းအားဖြင့် ယေဟောဝါ၏လူမျိုးသည် စည်းလုံးညီညွတ်ကြောင်း သူဖော်ပြပါသည်။ (မိက္ခာ ၄:၁-၅) မြင့်မြတ်သောသွန်သင်ခြင်းက သူတို့၏စည်းလုံးမှုကို ခိုင်ခံ့မြဲမြံစေသည်။ တက်ရောက်လာသူများသည် သူတို့၏ စည်းလုံးသောပေါင်းသင်းမှု၌ ဝမ်းမြောက်ရွှင်လန်းကြရန် အားပေးတိုက်တွန်းခံခဲ့ရသည်။—ဆာလံ ၁၃၃:၁-၃။
မွန်းလွဲပိုင်းအချိန် ခဏအကြာတွင် “ယေဟောဝါနည်းလမ်းတော်များကို ကျွန်ုပ်တို့အား သွန်သင်ပေးသည့် အစည်းအဝေးများ” ခေါင်းစဉ်ရှိ အခန်းဆက်ဟောပြောချက်အားဖြင့် မှန်မှန်ကျင်းပသော အသင်းတော်အစည်းအဝေးများအကြောင်း ဆွေးနွေးခဲ့ပါသည်။ အတူတကွစည်းဝေးကြချိန်တွင် ယေဟောဝါကို ကျွန်ုပ်တို့ဂုဏ်တင်ချီးမြှင့်ကြသဖြင့် ကိုယ်တော်၏ကောင်းချီးကို ခံစားကြရကြောင်း ပထမဆုံးဟောပြောသူက တက်ရောက်လာသူများအား သတိပေးခဲ့သည်။ နောက်ဆက်ဟောပြောသူက စည်းဝေးပွဲများ၌ပါဝင်ဖို့လိုကြောင်းကို အလေးအနက်တင်ပြပြောဆိုသည်။ ထိုသို့ပြုမူရာတွင် လူအများရှေ့ ယေဟောဝါကို ချီးမွမ်းထောမနာပြုကြသည်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖော်ပြသည်၊ သူတစ်ပါး၏ယုံကြည်ခြင်းကိုလည်း ခိုင်ခံ့မြဲမြံစေကြပါသည်။ အစည်းအဝေးတွင် ကြားနာရသမျှကို ကျင့်သုံးဖို့လိုကြောင်း အခန်းဆက်ဟောပြောချက်၏ တတိယဟောပြောသူက ပြောဆိုတင်ပြခဲ့သည်။ “နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကို ကျင့်သောသူဖြစ်ကြ” ရမည်။—ယာကုပ် ၁:၂၂။
ထို့နောက် ယေဟောဝါအား ချီးမွမ်းကျူးဧခြင်းအကြောင်း ဆွေးနွေးတင်ပြပါသည်။ နှလုံးလှိုက်လှဲစွာသီဆိုခြင်းကား ကျွန်ုပ်တို့ဝတ်ပြုရေး၏ အရေးကြီးကဏ္ဍတစ်ခုဖြစ်သည်။ ဤဟောပြောချက်ပြီးနောက် အဓိကဟောပြောချက်၊ “မြင့်မြတ်သောသွန်သင်ခြင်း အောင်ပွဲခံ” ကိုကြားနာခဲ့ရသည်။ ထူးကဲစွာကောင်းမွန်သော အဓိကခေါင်းစဉ်ပါတကား! “ရရှိနိုင်သော အကောင်းဆုံးသွန်သင်ခြင်း၏ မူလအမြစ်သည် ယေဟောဝါဖြစ်တော်မူသည်” ဟုဟောပြောသူ တင်ပြသည်။ ထို့နောက် အံ့ဖွယ်ကောင်းသော လူ့ဦးနှောက်အကြောင်း အနည်းအကျဉ်းဆွေးနွေးတင်ပြပြီးနောက် သူကဤသို့ပြောသည်– “ကျွန်ုပ်တို့၏စဉ်းစားဉာဏ်စွမ်းတို့ကို မြင့်မြတ်သောသွန်သင်ခြင်းရရှိရန်အတွက် အဓိကအသုံးပြုသင့်သည်။ ယင်းသို့ပြုမှသာလျှင် စစ်မှန်သောဉာဏ်ပညာ ရရှိလိမ့်မည်။” မှန်လှလေခြင်း!
ဒုတိယနေ့နံနက်ပိုင်း
“ကျွန်ုပ်တို့ကယ်တင်ရှင် ဘုရားသခင်၏ သွန်သင်ချက်ကို ဆက်၍ တန်ဆာဆင်” အကြောင်းကား စည်းဝေးပွဲဒုတိယနေ့၏ အဓိကခေါင်းစဉ်ဖြစ်သည်။ (တိတု ၂:၁၀) “မြင့်မြတ်သောသွန်သင်ခြင်းသည် နတ်ဆိုးတို့၏သွန်သင်ချက်များနှင့်ဆန့်ကျင်” ဟူသည့်ဟောပြောချက်တွင် ဤမူပေါ်လွင်လာပါသည်။ မှန်ပါသည်။ နတ်ဆိုးတို့လည်း သူတို့၏သွန်သင်ချက်များရှိသည်။ (၁ တိမောသေ ၄:၁) ဟောပြောသူရှင်းပြသည့်အတိုင်း မှောက်မှားသောသွန်သင်ချက်များနှင့် မာရ်နတ်၏ ကလိန်ဉာဏ်ကို ဖော်ထုတ်ခြင်းအားဖြင့် စာတန်၏ “ဉာဏ်ပညာ” ကိုမြင့်မြတ်သောသွန်သင်ခြင်းက အောင်ပွဲခံသည်။ ယင်းကြောင့် စိတ်နှလုံးဖြောင့်မှန်သူ ၄,၅၀၀,၀၀၀ ခန့်တို့သည် စာတန်၏မှောင်မိုက်တွင် ကျွန်သပေါက်များ မဖြစ်ကြတော့ချေ။—ယောဟန် ၈:၃၂။
သို့ဖြစ်၍ပင် စာတန်ကို အမြဲငြင်းဆန်တိုက်လှန်နေကြရမည်။ ယင်းအချက်ကို “လောကဝိညာဉ်ကို သင်တွန်းလှန်နေသလော” ဟောပြောချက်က အလေးအနက်ပေါ်လွင်စေသည်။ လောက၏ဝိညာဉ်သည် သေစေတတ်သည်။ ယုတ်ညံ့သောစာရိတ္တယိုယွင်းမှု၊ အာဏာပိုင်ကို ဆန့်ကျင်ဖီဆန်ခြင်းနှင့် စည်းစိမ်ဥစ္စာ တပ်မက်ခြင်းကို မြှောက်ထိုးပင့်ကော်ပြုသည်။ ခရစ်ယာန်တစ်ဦးသည် မိမိကိုယ်ကို အမြဲစစ်ဆေးသုံးသပ်နေရပါမည်။ မိမိကြည့်ရှု၊ နားထောင်၊ ဖတ်ရွတ်ရာများသည် မြင့်မားသောစံချိန်များ အတိုင်းလော။ အားတက်သရောဖြင့် ဟောပြောသူသည် ဤသို့ဆိုသည်– “ညီအစ်ကိုညီအစ်မများနှင့် အသင်လူငယ်များ ဤကိစ္စတွင် သင်တို့၏ကြိုးပမ်းမှု ရှိရှိသမျှကို ချီးကျူးပါသည်။”—၁ ယောဟန် ၂:၁၅-၁၇။
လောက၏ဝိညာဉ်ကို ငြင်းဆန်ရန် ခဲယဉ်းစေသည့်အချက်တစ်ချက်ရှိသည်။ ယင်းကား အဘယ်နည်း။ ကျွန်ုပ်တို့အားလုံး မစုံလင်ကြပါ။ မှန်ပါသည်။ ကျွန်ုပ်တို့အပြစ်များအတွက် ယေရှုအသေခံခဲ့ပြီဖြစ်သော်လည်း ပြစ်မှားချင်စိတ်ကို ဆက်လက်တိုက်လှန်နေရဆဲရှိသည်။ ယင်းအချက်ကို “အားနည်းသောအသွေးအသားအပေါ် အပြစ်၏ချုပ်ကိုင်မှုကို တိုက်လှန်ခြင်း” ဟောပြောချက်တွင် ဆွေးနွေးတင်ပြခဲ့သည်။ လူသစ်ကို ယူတင်ဝတ်ဆောင်၍ ပြစ်မှားချင်စိတ်ကို အလိုလိုက်စေသည့် မည်သည့်အရာကိုမဆို ရှောင်ကြဉ်မည်ဆိုလျှင် အပြစ်ကို အောင်မြင်စွာတွန်းလှန်နိုင်ကြောင်း ဟောပြောသူက ဖော်ပြသည်။
နောက်ဟောပြောချက်၏ခေါင်းစဉ်မှာ “ကျန်းခံ့သည့်သွန်သင်ခြင်းကို သင့်ဘဝလမ်းစဉ် ဖြစ်စေပါ” ဖြစ်သည်။ အချို့သူများသည် မိမိ၏ကျန်းမာရေးအတွက် အလွန်စိုးရိမ်ပူပန် စိတ်စွဲလမ်းတတ်ကြသည်။ သို့သော် အမှန်မှာ ဝိညာဏကျန်းမာမှုသည် ပိုမိုအရေးကြီးပါသည်။ ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏တာဝန်များကို အလေးအနက်သဘောထားရန်လိုကြောင်း ဟောပြောသူက ဖော်ပြသည်။ အထူးသဖြင့် ခရစ်ယာန်အမျိုးသမီးများကို သူအားပေးခဲ့သည်။ သူဤသို့ပြောခဲ့သည်– “ဓမ္မအမှုတွင် မျှတသောဇွဲလုံ့လရှိရုံမက ကိုယ်ရေးကိုယ်တာတာဝန်အသီးအသီးကိုလည်း ကျေပွန်စွာထမ်းဆောင်နေသည့် အသက်ကြီးသူညီအစ်မများနှင့် ငယ်ရွယ်သောညီအစ်မများကို အထူးတန်ဖိုးထားပါသည်။” မှန်သည်။ လောကနှင့် ကျွန်ုပ်တို့အား သီးခြားကွဲပြားစေသည့် ကျန်းခံ့သောသွန်သင်ခြင်းအတွက် ယေဟောဝါကိုကျေးဇူးတင်ကြပါသည်။
နံနက်ပိုင်းအစီအစဉ်ကို “မြင့်မြတ်သောသွန်သင်ခြင်းသည် ဘဝ၏ရည်ရွယ်ချက်ကို ဖော်ပြ” ဟောပြောချက်နှင့် နိဂုံးချုပ်ခဲ့ပါသည်။ ဟောပြောသူကပြောခဲ့သည်– “‘ဘဝ၏ရည်ရွယ်ချက်ကား အဘယ်နည်း’ ဟုလူတိုင်းနီးပါး အနှေးနှင့်အမြန် စဉ်းစားတတ်ကြသည်။” ထိုမေးခွန်း၏အဖြေမှန်ကို သမ္မာကျမ်းစာသာလျှင်ပေးသည်ဟု ပိုင်နိုင်သောအခြေအတင်များဖြင့် သူသက်သေထူခဲ့ပါသည်။ ထို့နောက် ဘုရားသခင့်အံ့ချီးဖွယ်ကတိတော်များက ဘဝမှာ ရည်ရွယ်ချက်ရှိကြောင်း ထိရောက်စွာပေါ်လွင်စေသည်ဟု ဟောပြောသူ ဖော်ပြပါသည်။ ‘ဒီအကြောင်းကို ရပ်ကွက်မှာရှိတဲ့လူတွေ ကြားဖို့လိုအပ်တယ်’ ဟုပရိသတ်တွင် စဉ်းစားနေမည့်သူများရှိမည်။ အုပ်ချုပ်ရေးအဖွဲ့ကလည်း သဘောတူသည်။ သို့ဖြစ်၍ ဘဝ၏ရည်ရွယ်ချက်ကား အဘယ်နည်းဘရိုရှာအသစ်ကို ယင်းဟောပြောချက်အဆုံးတွင် ထုတ်ဝေခဲ့သည်။ အားလုံး နှစ်ခြိုက်ခဲ့ကြသည်! နေ့လည်အနားယူချိန်တွင် ဤစာစောင်အသစ်ကို ရှုစားခွင့်ရရှိခဲ့ကြပါသည်။
ဒုတိယနေ့မွန်းလွဲပိုင်း
မွန်းလွဲပိုင်း ပထမဟောပြောချက်၏ နှစ်သိမ့်မှုပေးသောခေါင်းစဉ်မှာ “သင့်စိုးရိမ်ပူပန်မှုအားလုံးကို ယေဟောဝါထံ တင်ထားပါ” ဖြစ်သည်။ စိုးရိမ်စရာအကြောင်း များစွာရှိသည်; သို့ဖြစ်၍ပင် ကျွန်ုပ်တို့၏စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြဟု ဘုရားသခင့်နှုတ်ကပါဌ်တော်က မှာကြားသည်။ (၁ ပေတရု ၅:၆၊ ၇) မှန်ပါသည်။ ပြဿနာအချို့သည် တာရှည်သည်မှာမှန်ပါသည်။ ယင်းနှင့်စပ်လျဉ်း၍ ဟောပြောသူက ဤသို့တိုက်တွန်းခဲ့သည် ‘စိတ်ရှည်ပါ။ ယေဟောဝါကို စောင့်မျှော်ပါ။ သမ္မာကျမ်းစာ၏လမ်းညွှန်မှုကိုလိုက်ခြင်းသည် အမြဲတမ်း အကောင်းဆုံးဖြစ်သည်ကို စွဲမြဲစွာယုံကြည်စိတ်ချပါ။ ယေဟောဝါအပေါ် စိတ်နှလုံးစွဲလမ်းနေမည်ဆိုလျှင် အဘယ်သူမျှ ကြံ၍မမီနိုင်သော “ဘုရားသခင်၏ငြိမ်သက်ခြင်း” ရှိပါလိမ့်မည်။’—ဖိလိပ္ပိ ၄:၆၊ ၇။
မြင့်မြတ်သောသွန်သင်ခြင်းသည် မိသားစုဘဝနှင့်သက်ဆိုင်ကြောင်း နောက်ဟောပြောချက်လေးခုက တင်ပြပါသည်။ “အိမ်ထောင်မင်္ဂလာကို တည်မြဲသည့် အနှောင်အဖွဲ့ ဖြစ်စေပါ” ဟူသည့် ပထမဟောပြောချက်က လောကီသားအများ ယူမှတ်ကြသကဲ့သို့ ယေဟောဝါ၏မျက်မှောက်တော်တွင် အိမ်ထောင်ရေးသည် စွန့်ပစ်နိုင်သည့်အရာမဟုတ်ကြောင်း တက်ရောက်လာသူတို့အား သတိပေးပါသည်။ သို့ရာတွင် အိမ်ထောင်မင်္ဂလာကို အောင်မြင်စေရန် ယေဟောဝါ၏လမ်းပြညွှန်ကြားမှုကို လိုက်နာဖို့လိုပါသည်။ ကျွန်ုပ်တို့ကို ကိုယ်တော်ဖန်ဆင်းထားတော်မူသည်။ ထို့ကြောင့် ကိုယ်တော်၏မှုတ်သွင်းခံ နှုတ်ကပါဌ်တော်တွင် အိမ်ထောင်ရေးအတွက် အသုံးပြုနိုင်သော အကောင်းဆုံးသြဝါဒစကားများ ပါရှိသည်။
“သင့်မိသားစုကယ်တင်ခြင်းအတွက် ကြိုးစားလုပ်ဆောင်လော့” ဟောပြောချက်တွင် ဤခဲယဉ်းသောကာလအတွင်း မိသားစုတာဝန်ကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သော စိန်ခေါ်ချက်များကို ဆွေးနွေးပါသည်။ (၂ တိမောသေ ၃:၁) မိဘများသည် သားသမီးများအား ရုပ်ပိုင်းကျန်းမာခြင်း၊ အမူအကျင့်ကောင်းခြင်း၊ လုပ်ကိုင်ဆောင်ရွက်ရမည့်ပုံနှင့် သူတစ်ပါးအပေါ် စိတ်စေတနာရှိ၍ ရက်ရောရမည့်ပုံတို့ကို သွန်သင်ပေးပါသည်။ ထိုထက်ကား ယေဟောဝါ၏သစ္စာရှိကျေးကျွန်များဖြစ်ရန် သူတို့၏သားသမီးတို့အားသွန်သင်ပေးရပါမည်။—သု. ၂၂:၆။
“မိဘတို့၊ သင်တို့သားသမီးများသည် အထူးဂရုစိုက်မှုလိုအပ်” ဆွေးနွေးခန်းတွင် ဟောပြောသူသည် တက်ရောက်လာသူများအား သားသမီးများ၏ အားနည်းချက်များကို တွေ့မြင်တတ်ပြီး တစ်ကြိမ်တည်းတွင် ချီးမွမ်းပြောဆိုပေးရန်လိုကြောင်း သတိပေးခဲ့သည်။ မရိုးသားမှု၊ ရုပ်ဝါဒဆန်မှု သို့မဟုတ် အတ္တဆန်သည့်သဘောများကို မိဘများ အထူးဂရုပြုရမည်။
အထူးသဖြင့် ငယ်ရွယ်သော တက်ရောက်လာသူတို့သည် “လူငယ်များ—မည်သူ့သွန်သင်ချက်များကို သင်တို့ လိုက်လျှောက်နေကြသနည်း” အကြောင်းကို ဂရုစိုက်နားထောင်ခဲ့ကြသည်။ ယနေ့ ခရစ်ယာန်လူငယ်များအတွက် မလွယ်ကူပါ။ လောကနှင့်လိုက်လျောညီထွေပြုမူရန်ကား လွယ်ကူပါသည်၊ သို့သော် ယင်းသို့ပြုခြင်းသည် သေခြင်းသို့ပို့ဆောင်၏။ မြင့်မြတ်သောသွန်သင်ခြင်းကို လူငယ်တစ်ဦး လိုက်နာကျင့်သုံးဖို့ရွေးချယ်ရန် သတ္တိရှိဖို့လိုသည်မှန်သော်လည်း ယင်းလမ်းစဉ်သည် ယခုပင် ကောင်းချီးများစွာရရှိစေ၍ အနာဂတ်တွင် ထာဝရအသက်ရရှိစေသည်။—၁ တိမောသေ ၄:၈။
မိမိတို့ဖန်ဆင်းရှင်ကို ယခုသတိရသောလူငယ်များ ပြဇာတ်နှင့် ဒုတိယနေ့အစီအစဉ်သည် နိဂုံးချုပ်ခဲ့သည်။ ယင်း၏နိဒါန်းတွင် ဘုရားသခင်၏အဖွဲ့အစည်းရှိ လူငယ်များအား ဒါရိုက်တာက “ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်ခန့်အပ်ထားသော ကောင်းကင်ဘုရင် ခရစ်တော်ယေရှု၏အမှုတော်ကို သစ္စာရှိစွာထမ်းဆောင်ကြသော သီအိုကရက်တစ်တပ်မဟာ” ဟုခေါ်ဆိုခဲ့သည်။ ထပ်ဆင့်၍ “ကျွန်ုပ်တို့၏လူငယ်များသည် ကောင်းမှုကို အမှန်ပင်ပြီးမြောက်ဆောင်ရွက်နေကြသည်” ဟုဆိုပါသေးသည်။ မိဘသည် ကလေးကို ကောင်းစွာလေ့ကျင့်သွန်သင်ပေးမည်ဆိုလျှင် သူငယ်ကြီးပြင်းလာ၍ မိမိဘာသာ ယေဟောဝါအမှုတော်ကို ထမ်းဆောင်ချိန်တွင် ဤကလေးအတွက် အကျိုးများစွာပြုမည်အကြောင်း ပြဇာတ်က ကွက်ကွက်ကွင်းကွင်းပေါ်လွင်စေသည်။
တတိယနေ့ နံနက်ပိုင်း
တတိယနေ့၏အဓိကအချက်မှာ “သွား၍ လူမျိုးတကာကို သွန်သင်လော့” ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) တက်ရောက်လာသူများသည် ဟောပြောခြင်းလုပ်ငန်းအတွက် အခန့်သင့်သွန်သင်ချက်များရလိမ့်မည်ဟု မျှော်လင့်ခဲ့ကြ၍ ထိုသြဝါဒကို ရရှိခဲ့ပါသည်။ “ဟောပြောခြင်းနှင့် သွန်သင်ခြင်းဆိုင်ရာ ကျွန်ုပ်တို့၏တာဝန်ကို ရွှင်လန်းစွာ ကျေပွန်စေခြင်း” အခန်းဆက်ဟောပြောချက်က သက်သေခံခြင်းလုပ်ငန်းတွင် အဆက်မပြတ်ပါဝင်မည်ဟူသော သူတို့၏ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေပါသည်။ ပထမဟောပြောချက်က ပထမအကြိမ်ရောက်သွားချိန်၊ ဒုတိယက ပြန်လည်ပတ်မှုများနှင့် တတိယက ကျမ်းစာသင်အံမှုများအကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ကမ္ဘာတစ်လွှားတွင်ရှိသော သာသနာပြုများသည် အိမ်ပြန်ပြီး သူတို့၏မိသားစုများ၊ မိတ်ဆွေများနှင့်အတူ အစည်းအဝေးကြီးတက်ရောက်ရန်ခေါ်ဖိတ်ခံခဲ့ရသည်။ အချို့နေရာများတွင် သာသနာပြုများသည် စည်းဝေးပွဲအစီအစဉ်၏ ဤအပိုင်းတွင် ပါဝင်ခဲ့ကြသည်။ တာဝန်ရထားသောရပ်ကွက်များတွင် သူတို့၏အောင်မြင်မှုများအကြောင်း ကြားနာခဲ့ရခြင်းသည် အလွန်အားရစရာဖြစ်ခဲ့သည်။ ယင်းနောက် “သတင်းကောင်းဖြင့် လူတိုင်းထံသို့ ရောက်ရှိခြင်း” အကြောင်းက အလွတ်သဘောသက်သေခံခြင်း၏ အကျိုးကို သုံးသပ်တင်ပြပါသည်။
နံနက်ပိုင်းအစီအစဉ်သည် ယေဟောဝါသက်သေများ၏ စည်းဝေးပွဲကြီးများတွင် အထူးစောင့်မျှော်လေ့ရှိသော နှစ်ခြင်းဟောပြောချက်ဖြင့်နိဂုံးချုပ်ပါသည်။ စည်းဝေးပွဲကြီးတိုင်းတွင်ပင် လူစုလူဝေးရှေ့တွင် ဆက်ကပ်အပ်နှံခါစ လူသစ်များသည် အုပ်စုလိုက် မတ်တပ်ရပ်ကာ သူတို့အားမေးမြန်းသည့်မေးခွန်းနှစ်ခုကို ဟုတ်ကဲ့ဟူ၍ စိတ်ချလက်ချဖြေဆိုခဲ့ကြပါသည်။ ထိုနောက် လူအများရှေ့တွင် သူတို့နှစ်ခြင်းယူခဲ့ကြသည်။ မြင့်မြတ်သောသွန်သင်ခြင်းသည် ကြီးမားစွာအကျိုးပြုခဲ့ကြောင်း သာဓကပြနေခြင်းပါတကား!
တတိယနေ့ မွန်းလွဲပိုင်း
မွန်းလွဲပိုင်းအစီအစဉ်သည် နက်နဲသော ကျမ်းစာဆိုင်ရာအကြောင်းများကို ဆွေးနွေးခြင်းဖြင့် စတင်ခဲ့ပါသည်။ ယေဟောဝါသက်သေများသည် မဿဲ အခန်းကြီး ၂၄ နှင့် လုကာ အခန်းကြီး ၂၁ ပါစကားများကို အကျွမ်းတဝင်ဖြစ်ကြသည်။ ဤကျမ်းပိုဒ်များနှင့်ပတ်သက်၍ ပြောဆိုစရာ အသစ်အဆန်းများမရှိတော့ဟု အချို့ယူမှတ်ထားကြပါသလော။ အလွန်မှားလှလေခြင်း! “ကိုယ်တော်ရောက်ရှိခြင်း၏ နိမိတ်လက္ခဏာကား အဘယ်နည်း” နှင့် “ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်မည်ကို ကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟောပြောချက်တို့က တက်ရောက်လာသူများအား ယင်းအခန်းကြီးနှစ်ခု၏ အပိုင်းအချို့ကို အလွန်စိတ်ဝင်စားဖွယ်ကောင်းစွာ ဆွေးနွေးတင်ပြ၍ အခန်းငယ်အချို့၏ နောက်ဆုံးရှင်းပြချက်များကို ပေါ်လွင်စေပါသည်။ အစီအစဉ်ပြီးနောက် တင်ပြချက်များကို တက်ရောက်လာသူများ နားလည်မလည် တက်ကြွစွာနှီးနှောဆွေးနွေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ကင်းမျှော်စင်တွင် ယင်းအကြောင်းပါလာသည့်အခါ မေးခွန်းမြောက်မြားစွာ၏အဖြေကိုရပါလိမ့်မည်။
“သင့်ကျမ်းစာမေးခွန်းများကို သွန်သင်မှုပေးသည့်အဖြေများ” ဟောပြောချက်တွင် ကျမ်းစာသင်အံမှုအကြောင်း ဆက်ဆွေးနွေးခဲ့သည်။ ထို့နောက် အခြားအကြောင်းတစ်ခုကို အစီအစဉ်က လွှဲ၍တင်ပြလေသည်။ ၁၉၉၃ ခုနှစ်သည် ဂိလဒ် ကင်းမျှော်စင်ကျမ်းစာကျောင်း၏ ၅၀ ကြိမ်မြောက်နှစ်ပတ်လည်နှစ်ဖြစ်သည်။ “ဂိလဒ်သာသနာပြုသင်တန်း၏ အနှစ်ငါးဆယ် ခရီးနှင့်လှုပ်ရှားမှု” ဟောပြောချက်က ထိုကာလအတွင်း အဘယ်အမှုများဖြစ်မြောက်ခဲ့ကြောင်း တက်ရောက်လာသူတို့အား ဖော်ပြပါသည်။ “ကမ္ဘာချီလယ်ကွင်းတွင် ပြီးမြောက်နေသော ဧဝံဂေလိလုပ်ငန်း” ဟောပြောချက်ကိုပေးစဉ် သာသနာပြုများ ရောက်ရှိနေပါက ပရိသတ်ရှေ့ သူတို့၏တွေ့ကြုံမှုများကို တင်ပြပြောဆိုရန် ဖိတ်ခေါ်ခံခဲ့ရပါသည်။ သာသနာပြုများ၏ တင်ပြချက်ကိုကြားနာခဲ့ကြရခြင်းသည်လည်း အလွန်အားရစရာဖြစ်ခဲ့သတည်း!
ဆက်လက်ဟောပြောသည့် “ယေဟောဝါသက်သေများ သတိနှင့်စောင့်နေကြရသည့်အကြောင်း” ကလည်း သမိုင်းနှင့်ပတ်သက်သည့် အခြားတင်ပြချက်တစ်ခုဖြစ်သည်။ ခရစ်ယာန်များသည် စီ.အီး.ပထမရာစုမှစ၍ ယနေ့တိုင်အောင် နိုးကြားလျက်ရှိကြောင်း ယင်းကဖော်ပြသည်။ ဤဟောပြောချက်က အခြားဝမ်းသာစရာအကြောင်းတစ်ခုကို လမ်းခင်းပေးပါသည်။ နောက်ဆက်ဟောပြောသည့် “နိုင်ငံတော်ကြွေးကြော်သူများ ကမ္ဘာအနှံ့လှုပ်ရှားတက်ကြွနေကြ” အကြောင်း၏အစောပိုင်းတွင် ဟောပြောသူသည် (ဒေသခံဘာသာစကားဖြင့် ထုတ်ဝေထားနှင့်ပြီးလျှင်) စာအုပ်တစ်အုပ်ကိုထောင်ပြ၍ ဤသို့ပြောသည်– “ယနေ့ ဤအချိန်တွင် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများခေါင်းစဉ်ရှိ ဤစာအုပ်အသစ်ကို ထုတ်ဝေကြေညာခွင့်ရသည့်အတွက် အထူးဝမ်းသာအားရပါသည်။” ယင်းစာအုပ်သည် ယေဟောဝါသက်သေများ၏ မျက်မှောက်ခေတ်သမိုင်းကို အသေးစိတ်ဖော်ပြပါသည်။ ဤစာအုပ်သည် ခံနိုင်ရည်ရှိခြင်း၊ သန္နိဋ္ဌာန်ချခြင်း၊ အောင်မြင်ခြင်းဆိုင်ရာ အားရရွှင်လန်းစရာအကြောင်းကိုဖော်ပြထား၍ ယေဟောဝါ၏ကျေးကျွန်များအပေါ် ကိုယ်တော့်ဝိညာဉ်တော်ရှိနေကြောင်း ထင်ရှားစေသည့်သက်သေသာဓကပင်ဖြစ်သည်။
စတုတ္ထနေ့နံနက်ပိုင်း
စည်းဝေးပွဲကြီး၏ နောက်ဆုံးနေ့ရက်တိုင်လေပြီ။ ထိုနေ့ရက်အတွက် အဓိကအချက်ဖြစ်သည့် “ကျွန်ုပ်တို့ကိုယ်ကို မြင့်မြတ်သောသွန်သင်ချက်ဖြင့် အကျိုးရှိစေခြင်း” စည်းဝေးပွဲအစီအစဉ်သည် ကောင်းမွန်စွာနိဂုံးချုပ်လိမ့်မည်ဟု သိရှိစေသည်။ (ဟေရှာယ ၄၈:၁၇) နံနက်ချိန်တွင် တက်ရောက်လာသူများသည် ထိမိပိုင်နိုင်သော အခန်းဆက်ဟောပြောချက်သုံးခုကို အာရုံပြုစွဲမှတ်ခဲ့ကြရသည်။ “ယေရမိ၏မှုတ်သွင်းခံ သတိပေးသတင်း—ရှေးအချိန်နှင့် ယခုအချိန်အတွက်” ခေါင်းစဉ်ရှိသည့် အခန်းဆက်ဟောပြောချက်က ယေရမိကျမ်း အခန်းကြီး ၂၃၊ ၂၄၊ ၂၅ ၏အခန်းငယ်တစ်ခုချင်းစီကို ဆွေးနွေးတင်ပြသွားပါသည်။ ဤအခန်းကြီးများတွင် အလွန်ခိုင်မာသောသတင်း ပါရှိပါသည်တကား! ဘုရားသခင်မှုတ်သွင်းခြင်းခံရ၍ ယေရမိပွင့်လင်းစွာ တင်ပြပြောဆိုခဲ့သော သတိပေးချက်များကြောင့် သူ့ခေတ်က သစ္စာမဲ့ဣသရေလလူမျိုးအား တုန်လှုပ်ချောက်ချားခဲ့စေပါလိမ့်မည်။ ဤသတိပေးချက်များပြည့်စုံသွားခဲ့ချိန်၌ ကမ္ဘာတစ်ခုလုံးတွင် ပို၍ပင်တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ယနေ့ အခြေအနေသည် ထူးခြားပါသလော။ မထူးခြားပါ။ ယေဟောဝါသက်သေများသည် ဘုရားသခင့်တရားစီရင်ချက်များကို သတ္တိရှိရှိပြောဟောနေကြပါသည်။ နောက်ဆုံးတွင် ဤအစီအစဉ်စနစ်တစ်ခုလုံးသည် ယေဟောဝါ၏တရားစီရင်ခြင်းကို တွေ့ကြုံကြရမည်ဖြစ်ပြီး စာတန်၏လောကအတွက် လုံးလုံးလျားလျား ပျက်စီးဖို့အကြောင်းသာ ရှိတော့သည်။
တနင်္ဂနွေနံနက်ပိုင်းအစီအစဉ်သည် ဒုတိယပြဇာတ် အလွဲမယူကြနှင့်၊ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ အကြောင်းနှင့် နိဂုံးချုပ်ခဲ့သည်။ ညစ်ညမ်းယုတ်ညံ့သော ဗွီဒီယိုဇာတ်လမ်းများနှင့်တေးသံများမှမက ခရစ်ယာန်ချင်းတို့ကို စိတ်ဝမ်းကွဲပြားစေလိုသည့်စိတ်ဓာတ်၏သြဇာကိုမခံဘဲ မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် မည်သို့ကာကွယ်မှုရရှိနိုင်ကြောင်း ပြဇာတ်က ကွင်းကွင်းကွက်ကွက်ဖော်ပြပါသည်။ အဆုံးပိုင်းတွင် ဇာတ်ဆောင်တစ်ဦး၏ ဤစဉ်းစားစရာကောင်းသောစကားများကို သဘာပတိ ကိုးကားပြောဆိုပါသည်– “ကျွန်တော်တို့ဟာ လောကီသြဇာလွှမ်းမိုးမှု မပြီးကြပါဘူး။ ကျွန်တော်တို့ မတွန်းလှန်ဘူးဆိုရင် လောကဟာ ကျွန်တော်တို့ရဲ့စဉ်းစားတွေးခေါ်ပုံကို မသိမသာဖျက်ဆီးပစ်လိုက်နိုင်တယ်။ ကျွန်တော်တို့သစ္စာစောင့်မလား၊ မစောင့်ဘူးလားဆိုတာက ကျွန်တော်တို့ကြဲနေတဲ့အရာအပေါ် အများကြီးမူတည်တယ်။” မှန်လှလေခြင်း!
နောက်ဆုံးမွန်းလွဲပိုင်း
“ကျွန်ုပ်တို့၏ခဲယဉ်းသောကာလအတွက် ထောက်ကူသောသွန်သင်ခြင်း” ခေါင်းစဉ်ရှိ လူထုဟောပြောချက်ကိုပေးရန် ဟောပြောသူသည် ဟောပြောစင်ရှေ့လျှောက်သွားစဉ် စည်းဝေးပွဲပြီးခါနီးဖြစ်နေသည်။ ရှင်းလင်းပြတ်သား ယုတ္တိရှိသောနည်းဖြင့် ယနေ့ ကျွန်ုပ်တို့ကြုံတွေ့နေရသော အဓိကပြဿနာများကို ဖော်ပြပြီးနောက် မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် ကျွန်ုပ်တို့ပျော်ရွှင်မှုရရှိနိုင်မည့် နည်းလမ်းအချို့ကို ဖော်ပြပေးပါသည်။ ကျမ်းစာသွန်သင်ချက်ကို ယခုလိုက်နာကြလျှင် ယေဟောဝါ၏ကမ္ဘာသစ်တွင် ထာဝစဉ်လိုက်နာနိုင်ကြမည်ဖြစ်ကြောင်း ဟောပြောသူက ပြောပြပါသည်။
ပတ်စဉ်ကင်းမျှော်စင်သင်တန်းကို အကျဉ်းချုပ်တင်ပြပြီးနောက် နောက်ဆုံးဟောပြောချက်ပေးရန်အချိန် တန်လေပြီဖြစ်သည်။ လေးရက်အစီအစဉ်၏ အထူးပေါ်လွင်ချက်များကို ဟောပြောသူသည် ခပ်မြန်မြန်တင်ပြသွားပြီး စာပေစာတမ်းအသစ်များကို တက်ရောက်လာသူများအား သတိရစေသည်။ သမ္မာကျမ်းစာ—ဖြစ်ရပ်မှန်နှင့် ပရောဖက်ပြုချက်ဆိုင်ရာစာအုပ်အမည်ရှိ ဗွီဒီယိုခွေ၏ဒုတိယခွေကို မကြာမီထုတ်ဝေပေးတော့မည်ဖြစ်ကြောင်း ကြေညာပါသည်။ အမှန်မှာ သမ္မာကျမ်းစာ—လူသား၏ ရှေးအကျဆုံး မျက်မှောက်ခေတ်စာအုပ် ဗွီဒီယိုခွေကို အင်္ဂလိပ်ဘာသာဖြင့် ရနိုင်ပြီဖြစ်သည်။ အရေးအခင်းဖြစ်နေသည့် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံအစရှိသည့်နေရာများမှ စိတ်ထိခိုက်စရာသတင်းများကို ဖတ်ပြသေးသည်။ နိဂုံးတွင် ဟောပြောသူသည် ဒေသနာ ၁၂:၁၃ ပါစကားကို ဖတ်ပြခဲ့သည်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကိုစောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”
အလွန်ကောင်းသော သတိပေးချက်ပါတကား! ကျွန်ုပ်တို့၏ကြီးမြတ်တော်မူသော သွန်သင်သူ ယေဟောဝါအား လူသားအပေါင်း ချီးမွမ်းကြ၍ မြင့်မြတ်သောသွန်သင်ခြင်းကို လိုက်နာမည့်အချိန်အခါအတွက် အသက်ရှင်ကြစို့လေ။
[စာမျက်နှာ ၂၄၊ ၂၅ ပါ လေးထောင့်ကွက်]
မော်စကိုနှင့် ကီယက်ဗ်မြို့များတွင်ကျင်းပခဲ့သော “မြင့်မြတ်သောသွန်သင်ခြင်း” စည်းဝေးပွဲကြီးများကြောင့် အကြီးအကျယ်ရွှင်လန်းအားရခဲ့
[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံ]
၁။ နှစ်ခြင်းယူခြင်းအားဖြင့် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းကို များစွာသောသူတို့ တင်ပြခဲ့
၂။ အသက် ၁၀၀ ရှိတက်ရောက်လာသူတစ်ဦး စာအုပ်အသစ်ကိုရသဖြင့် အလွန်ဝမ်းသာအားရနေ
၃၊ ၄။ စဉ်းစားစရာအကြောင်းဖြစ်သည့် ပြဇာတ်များကို အလွန်တန်ဖိုးထားခဲ့ကြ
၅။ စည်းဝေးပွဲများတွင် လူတွေ့ခေါ်မေးခံရသော သာသနာပြုများသည် မြင့်မြတ်သောသွန်သင်ခြင်း၏အကျိုးကျေးဇူးများကို ပေါ်လွင်စေခဲ့