လူ့လမ်းပြမှု ချွတ်ချော်ခဲ့ပြီလော
အရာခပ်သိမ်းကို မည်သူ ဖန်ဆင်းသနည်း။ “ဘုရားသခင်” ဟု သင်ဖြေဆိုပါက သမ္မာကျမ်းစာ၏ ဘုရားသခင်၊ ဖန်ဆင်းရှင်ကို ယုံကြည်သူ သန်းပေါင်းများစွာနှင့် အသင် သဘောချင်းတိုက်ဆိုင်ပေမည်။
သို့သော်လည်း ဘုရားသခင်ကို ယုံကြည်သူ မြောက်မြားစွာတို့သည် လူ့ပြဿနာကို ဖြေရှင်းပေးရာတွင် ကိုယ်တော်ထိရောက်စွာပါဝင်ကြောင်း လက်ခံရ ခက်နေကြသည်။ လူသားအတွက် ကယ်ဆယ်ရေးအစီအစဉ်ကို ဘုရားသခင် ပြုလုပ်ဆောင်ရွက်နေတော်မူကြောင်း ယူမှတ်ခြင်းသည် ယုတ္တိတန်ပါသလော။ ယင်းသို့ဖြစ်နေကြောင်း မြောက်မြားစွာသောသူတို့သည် ယုံနိုင်ဖွယ် သာဓက မတွေ့ရှိကြချေ။
ဘုရားသခင်ကို ဥပေက္ခာပြုကာ လူတို့သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြဿနာဖြေရှင်းနည်းများ ရှာဖွေခဲ့သည်မှာ နှစ်ပရိစ္ဆေဒပေါင်းများစွာရှိချေပြီ။ သို့သော် လူတို့သည် ပြဿနာဖြေရှင်းနည်းများကို တွေ့ရှိကြပြီလော။ သို့မဟုတ် ပြဿနာပိုကြီးမားလာပြီး ဖြေရှင်းရ ပိုမိုခဲယဉ်းလာနေပါသလော။ ယနေ့ ကမ္ဘာ့အရေးတကြီးပြဿနာများကို လူသား မည်သို့ကိုင်တွယ်ဖြေရှင်းနေသနည်း။
ကျွမ်းကျင်သူတစ်ဦးက ဤသို့ဆိုသည်– “စက်မှုတော်လှန်ရေး ဖြစ်ပေါ်စဉ်ကတည်းက ဖွံ့ဖြိုးသောနိုင်ငံများသည် ခေါင်းပုံဖြတ်ကာ ကမ္ဘာ့သယံဇာတပစ္စည်းများကို အလွန်အကျွံထုတ်လုပ်သုံးစွဲခြင်းက ကမ္ဘာ့ဝန်းကျင်ကို ပျက်စီးယိုယွင်းစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးနည်းစေကြလေပြီ။”
လူသည် မြေကြီးကို ဆက်ဖျက်ဆီးနေဆဲပင်။ အာဂျင်တီးနား သတင်းစာ ကလာရင်က ဤသို့ဝေဖန်သည်– “ဤရာစု၏ ဒုတိယနှစ်ဝက်ပိုင်းတွင် စီးပွားရေး လောဘကြီးမှု၊ သတိကင်းမဲ့မှု၊ ဥပေက္ခာပြုမှုတို့ကြောင့် လူသေကျေပျက်စီးမှုများသော သဘာဝဘေးဒဏ်များကို ဖြစ်ပျက်စေရုံမက များသောအားဖြင့် ဝန်းကျင်ကိုပါ အတိုင်းအတာမခန့်မှန်းနိုင်သည့်တိုင် ဆုတ်ယုတ်ပျက်စီးစေခဲ့ပြီ။”
ဆင်းရဲတွင်းကျခြင်းသည် မျက်မှောက်လူ့ဘောင်တွင် အမြဲရှိနေမည့်ဟန်တူသည်။ ကမ္ဘာ့ ချမ်းသာကြွယ်ဝသောနိုင်ငံများဟုခေါ်ကြသည့်နိုင်ငံများပင်လျှင် ဆင်းရဲချို့တဲ့မှုဝန်၏ ဖိအားကြောင့် လက်မြှောက်အရှုံးပေးနေကြသည်။ ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၏ ဂလို့ဘ်နှင့်စာပို့သတင်းစာက “ကနေဒါနိုင်ငံသား သုံးပုံတစ်ပုံသည် အလုပ်လုပ်ကိုင်နေစဉ် ဆင်းရဲချို့တဲ့ရလိမ့်မည်” ဟုခန့်မှန်းထားသည်။ “ဆင်းရဲချို့တဲ့ရသည့် အဓိကအကြောင်းတစ်ခုမှာ မိသားစုပြိုကွဲမှုဖြစ်ပြီး နှစ်အနည်းငယ်အတွင်း ယင်းသည် တိုးများလာသည်” ဟု ထိုသတင်းစာက ဆက်တင်ပြသည်။
ပျက်စီးယိုယွင်းနေသော လူ့အဖွဲ့အစည်း၏ အခြားလက္ခဏာတစ်ခုမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ဖြစ်သည်။ ယင်းအတွက် လူတို့ဘာလုပ်ပေးနိုင်မည်နည်း။ အနည်းအကျဉ်းသာပြုလုပ်ပေးနိုင်ကြောင်း ထင်ရှားနေပါသည်။ သန်းပေါင်းများစွာသောသူတို့သည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကာယ၊ ဉာဏနှင့် စာရိတ္တ ယိုယွင်းသည်ထက် ယိုယွင်းနေဆဲရှိသည်။ ယင်းပြဿနာသည် ထိန်းမနိုင်၊ သိမ်းမရ ပျံ့နှံ့နေပြီ။
သိပ္ပံပညာရှင်များလည်း ရောဂါစစ်ဆင်ရေးဘက် အရှုံးပေးနေရပုံရှိသည်။ မှန်သည်၊ ခေတ်မီ နည်းပညာရပ်သည် တိုက်ပွဲများစွာကိုနိုင်ခဲ့ပြီ။ သို့သော်လည်း သိပ္ပံနည်းစနစ်အချို့ကိုယ်နှိုက်က ဆေးပြီးသောအန္တရာယ်ရှိ ပိုးမွှားအသစ်များကို ပြန်ဖြစ်ပေါ်လာစေသည်။
နေရာအနှံ့ လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို လူ့အုပ်ချုပ်ရေးများ မတားဆီးနိုင်ပါ။ ဥပမာ၊ ကျွန်အရောင်းအဝယ်စနစ်ကို တားဆီးရန် သဘောတူညီချက်များ၊ ဥပဒေများ ရှိလျက်ပင် ကမ္ဘာတစ်ဝန်းတွင် ကျွန်ခံနေရသူ သန်းတစ်ရာကျော်ရှိသည်ဟု ခန့်မှန်းရသည်။
သို့သော် လူ့လမ်းပြညွှန်ကြားမှုသည် အဘယ်ကြောင့် ချွတ်ချော်နေရသနည်း။ ဤအကြောင်းများကို သုံးသပ်ကြည့်ပါ။ လူ့လမ်းပြမှုသည် လူတို့—အကြီးအကျယ် မစုံလင်သူတို့—ထံမှဖြစ်သည်။ ဘဝအတွေ့အကြုံ နည်းပြီး အချို့သော ယဉ်ကျေးမှု၊ သို့မဟုတ် ဝန်းကျင်အခြေအနေကြောင့် အများအားဖြင့် အမြင်ကျဉ်းမြောင်းကြသည်။ အသိပညာဘက်တွင်လည်း အကန့်အသတ်သာရှိသောကြောင့် သူတို့ပေးလေသမျှ လမ်းပြညွှန်ကြားမှု၌ ယင်းချွတ်ယွင်းချက်များ ထင်ရှားနေပါသည်။ တမန်တော်ပေါလု ပြောသည့်အတိုင်းပင် “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။”—ရောမ ၃:၂၃။
အမှန်အားဖြင့်ဆိုလျှင် လောကီသားအများစု ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများမှာ ဘုရားသခင့် လမ်းပြညွှန်ကြားမှုကို တိုက်ရိုက်နည်းဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းဖြင့် သော်လည်းကောင်း ဥပေက္ခာပြုခြင်းကြောင့်သာဖြစ်သည်။ သို့သော် ထိုသို့သောလမ်းပြညွှန်ကြားမှုကို အဘယ်နေရာတွင် တွေ့ရှိနိုင်မည်နည်း။ ယနေ့ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သို့ လမ်းပြညွှန်ကြားတော်မူသနည်း။ နောက်ဆက်တွဲဆောင်းပါးက ဖြေဆိုပေးပါလိမ့်မည်။