ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
သူ၏ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်အတိုင်း လိုက်လျှောက်
“အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်ပါ၏။ အကျွန်ုပ်ကို ရွေးနုတ်၍ ကယ်မသနားတော်မူပါ” ဟုဣသရေလရှင်ဘုရင် ဒါဝိဒ်ပြောခြင်းဖြင့် ယေဟောဝါ၏အကူအညီအတွက် သူဆုတောင်းခဲ့သည်။ (ဆာလံ ၂၆:၁၁) မိမိသမာဓိကို စောင့်ထိန်းခဲ့သောကြောင့် ဘုရားသခင့်မျက်နှာသာ သူရခဲ့သည်။ ကောင်းကင်ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်တော်မူသောကြောင့် ယေရှုကိုလည်း ယေဟောဝါ ကောင်းချီးပေးတော်မူသည်။ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်အတိုင်း လိုက်လျှောက်၍ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်မည်ဟု စိတ်ဆုံးဖြတ်ခဲ့သော ကိုလံဘီယာနိုင်ငံရှိ လူငယ်တစ်ဦးကိုလည်း ကောင်းချီးပေးတော်မူသည်။ ဤလူငယ် ပြောပြသည်–
“ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာစဉ်က ကျွန်တော်သည် ကက်သလစ်ကျောင်းတွင်ကျောင်းသားတစ်ဦးဖြစ်ပါသည်။ သို့သော် မားစ်ပွဲတက်သောအခါ ကျွန်တော့်သြတ္တပ္ပစိတ်က ကျွန်တော့်ကိုအနှောင့်အယှက်ပေးခဲ့ပါသည်။ သို့ဖြစ်၍ (ဓမ္မဆရာဖြစ်သူ) ကျောင်းအုပ်၊ လမ်းညွှန်အကြံပေးသူနှင့် အတန်းခေါင်းဆောင်တို့ထံသွား၍ မားစ်ပွဲမတက်ဘဲနေခွင့် တောင်းဆိုခဲ့သည်။ ခွင့်ပြုချက်ရခဲ့သော်လည်း အချို့က ယင်းကိုတက်ရန် ကျွန်တော့်အား အတင်းအကျပ်တိုက်တွန်းကြသည်။ ယေဟောဝါသက်သေတစ်ဦးအဖြစ် ကျွန်တော်နှစ်ခြင်းယူပြီးသည့်နောက် ဖိအားပိုများလာသည်။ ကျောင်းထုတ်ခံရမည်ဆိုလျှင် အိမ်မှအဝေးသို့ပို့ပစ်မည်ဟု ကျွန်တော့်အဖေက ခြိမ်းခြောက်သည်။ ကျွန်တော့်အား အဖေက တက္ကသိုလ်ပညာရစေလိုပြီး ပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုသူတစ်ဦး ဖြစ်စေလိုခဲ့သည်။
“ကက်သလစ်ဆိုင်ရာဝတ္တရားများကို လိုက်နာရန်ပျက်ကွက်သူ မည်သူမဆိုအား ကျောင်းအုပ်က ထပ်တလဲလဲ သတိပေးသည်။ ထိုနှစ်အတွက် မားစ်ပွဲကို ပထမအကြိမ်ကျင်းပချိန်ရောက်လာသောအခါ ပွဲပြီးသည့်အထိ ကျွန်တော်ပုန်းနေပါသည်။ ထိုနောက်ဆရာ (ဓမ္မဆရာ) ကိုကျောင်းနှင့်ယေဟောဝါသက်သေများဘရိုရှာတစ်စောင်ကို ပေးပြီး ယေဟောဝါသက်သေတစ်ဦးအနေနှင့် ကျွန်တော်မားစ်ပွဲမတက်နိုင်ကြောင်း ရှင်းပြပါသည်။ သူက ဤသို့ပြောသည်– ‘မင်း တခြားကျောင်းတစ်ကျောင်း ရှာမှဖြစ်တော့မယ်။’ ကျောင်းထုတ်ခံရမည်ဆိုလျှင် ကျွန်တော့်ကို အဖေက အိမ်မှ နှင်ထုတ်လိမ့်မည်ကိုလည်း ကျွန်တော်သိထားပါသည်။ သို့သော်ငြားလည်း ယေဟောဝါထံ ဆုတောင်းပြီး ကျောင်းနေဖက်တို့အား စေ့ငသေချာစွာ ဆက်၍သက်သေခံခဲ့ပါသည်။
“ကျောင်းပိတ်ချိန်ရောက်လာလေသည်။ ထို့နောက် ကျောင်းပြန်ဖွင့်သည့်အခါ မားစ်ပွဲခံချိန်လည်း တစ်ဖန်ပြန်ရောက်လာသည်။ ကျောင်းအုပ်နှင့် အခြားဓမ္မဆရာများသည် ဝတ်ကျောင်းရှေ့တွင် အပြစ်ဝန်ခံချက်များကို ကြားနာရန် အသင့်ရောက်ရှိနေကြသည်။ ကျွန်တော်လည်း ကြောက်စိတ်ကြောင့် အရှုံးပေးလုဆဲဆဲရှိသည်။ အထဲဝင်ပြီး ထိုင်လိုက်သော်လည်း ကျွန်တော့်သြတ္တပ္ပစိတ်က ကျွန်တော့်ကိုနှောင့်ယှက်နေသည်။ သီချင်းစဆိုကြသည့်အခါ ‘ငါဒီမှာ ဘာလုပ်နေတာလဲ။ ငါ့ဘုရားဟာ ယေဟောဝါပဲ။ လူကြောက်ဖြစ်ပြီး ကိုယ်တော်ကို ရောင်းစားသူ ငါမဖြစ်နိုင်ဘူး။ ငါ ကိုယ်တော်ကို သစ္စာမဖောက်နိုင်ဘူး။ ဘုရားသခင် ငါ့ကို စွန့်ပစ်ထားမှာမဟုတ်ပါဘူး’ ဟုစဉ်းစားမိသည်။ သတ္တိရှိရန် ကျွန်တော်ဆုတောင်းလိုက်သည်။ ထိုနောက် ဝတ်ကျောင်းမှထွက်ပြီး အပြစ်ဝန်ခံသူများနှင့်အတူ ရပ်နေလိုက်သည်။ ကျောင်းအုပ်ထံသို့ရောက်သောအခါ သူ့အား ဤသို့ပြောလိုက်သည်– “ဆရာ၊ ကျွန်တော်အပြစ်ဝန်ခံဖို့ လာတာမဟုတ်ပါဘူး။’ သူကလည်း ဤသို့ဆိုသည်– ‘ငါထင်လိုက်သားပဲ။’ ကျွန်တော့်သြတ္တပ္ပစိတ်က မားစ်ပွဲမှာ ပါဝင်ခွင့်မပြုသည့်အတွက် ပေးသည့်အပြစ်ကိုခံပါမည်ဟု သူ့အားပြောလိုက်သည်။ သမ္မာကျမ်းစာမှ တတ်သိသင်ယူထားသည့်အရာများကို ဆန့်ကျင်၍မလုပ်နိုင်ပါ။
“ကျွန်တော့်အား သူစူးစိုက်ကြည့်ပြီး ပြုံး၍ ဤသို့ဆိုသည်– ‘မင်းကိုချီးကျူးတယ်။ မင်းတို့သက်သေခံတွေအားလုံး ချီးကျူးထိုက်တယ်။ မင်းတို့အတွက်ဆိုရင် ဘုရားသခင်ဟာ အဓိကပဲ။ ဘာပဲဖြစ်ဖြစ် ဘုရားပညတ်ကိုလိုက်နာကြဖို့ အသင့်ရှိတယ်။ ဆက်ကြိုးစား။ မင်းတော်တယ်။ အားလုံး မင်းလိုမျိုးဖြစ်စေချင်တယ်။ ဒီလိုဇွဲမျိုး၊ ဘုရားသခင်အတွက် ဒီလိုမေတ္တာမျိုး ရှိစေချင်တယ်။ ဒီနေ့ကစပြီး ငါတို့ဘာသာရေးနဲ့ဆိုင်တဲ့ ဝတ်ပြုရေးတွေမှာ မပါဝင်ဘဲ နေနိုင်တယ်။’ ကျွန်တော် မည်မျှဝမ်းသာခဲ့သည်တကား! ကျွန်တော့်ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်ကို နာခံရန် ဆုံးဖြတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးတော်မူခဲ့သည်။
“နောက်နေ့တွင် ကျောင်းအုပ်က ကျောင်းသားတို့အား ဤသို့ဆိုသည်– ‘တခြားဘာသာတွေ ငါတို့ရှေ့ရောက်ကုန်ပြီ။ ငါတို့ဟာ သူတို့လိုဇွဲ၊ သူတို့လို ဘုရားသခင်ကို တကယ်ချစ်ပြီး အရာခပ်သိမ်းထက် ဘုရားကိုဝတ်ပြုချင်စိတ် ဘာကြောင့်မရှိကြတာလဲ။ ငါတို့နှလုံးထဲမှာ အဲ့ဒါရှိဖို့လိုတယ်။’
“နောက်ဆုံး ထိုဓမ္မဆရာသည် ရောမမြို့သို့ ပြောင်းရွှေ့သွားပြီးနောက် သူ့နေရာဆက်ခံသော ဓမ္မဆရာအသစ်သည် ကျွန်တော်မပါဝင်သည့်ကိစ္စကို အရေးမယူခဲ့ပါ။ ကျွန်တော့်အဖေလည်း အိမ်မှထွက်သွားခဲ့ရာ ကျောင်းပြီးသည့်အခါ အချိန်ပြည့်ဓမ္မအမှုဆောင်ရန် ကျွန်တော်ပန်းတိုင်ထားသည့်အတိုင်း လွတ်လွတ်လပ်လပ်ပြုလုပ်နိုင်ခွင့် ရရှိခဲ့ပါသည်။”
သူ၏ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်ကို လိုက်လျှောက်ခဲ့သော ဤလူငယ်အား ယေဟောဝါကောင်းချီးပေးတော်မူခဲ့သည်။ ကိုယ်တော်၏အလိုတော်ရှာဖွေသူအားလုံးအား ထပ်တူကောင်းချီးမျိုးကို ပေးတော်မူပါလိမ့်မည်။—သု. ၃:၅၊ ၆။