ကမ္ဘာကို ကြောက်စိတ် ချုပ်ကိုင်နေ
ဖေဖော်ဝါရီ ၂၆၊ ၁၉၉၃ တွင် အလွန်ကြီးမားသော မော်တော်ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ နယူးယောက်မြို့၏ အထပ် ၁၁၀ ရှိကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနအဆောက်အအုံကြီး သိမ့်သိမ့်တုန်သွားသည်။ သို့ဖြစ်၍ ဓာတ်လှေခါးများတွင် လုပ်သားပေါင်း ထောင်နှင့်ချီ ပိတ်မိနေ၏။ သို့မဟုတ် မီးခိုးပြည့်လွှမ်းနေသော လှေခါးများဖြင့် ပြေးဆင်းခဲ့ကြရသည်။ ယနေ့ အဓမ္မမှုမြားမြောင်သော ဤလောကတွင် အနှံ့အပြားဖြစ်နေသည့် ကြောက်စိတ်ကို သူတို့ခံစားခဲ့ကြရှာသည်။
နိုင်ငံများစွာရှိလူများသည် ဗုံးပေါက်ကွဲမည့်ဘေးကြောင့် ထိတ်လန့်နေရပြီဖြစ်ရာ အိုင်ယာလန်နှင့် လက်ဘနွန် နိုင်ငံများတွင် ယင်းအဖြစ်အပျက်သည် သာမန်ကိစ္စပင်ဖြစ်ချေပြီ။ ကြည့်ပါလေ၊ တစ်နေ့တည်းတွင်—မတ် ၁၂၊ ၁၉၉၃—အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၌ ဗုံး ၁၃ လုံးပေါက်ကွဲခဲ့ရာ လူ ၂၀၀ ခန့်သေဆုံးခဲ့သည်! လေ့လာသူတစ်ဦးက ဤသို့ဆိုသည်– “ဘုံဘေမြို့တစ်မြို့လုံး ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။” နယူးစ်ဝိခ်မဂ္ဂဇင်းအရ “သာမန်ကိစ္စမျှ” ဖြစ်နေသည့် ကားဗုံးထောင်မှုသည် “သာ၍ပင်ထိတ်လန့်ချောက်ချားစရာဖြစ်နေပေသည်။”
နျူကလီးယား ထိတ်လန့်စရာများရှိနေဆဲ
နျူကလီးယား ဓာတ်ပေါင်းဖိုများအား ဗုံးဖောက်ခွဲပစ်မှာကို စိုးရိမ်ထိတ်လန့်နေကြသည်။ နျူကလီးယား ဓာတ်အားပေးရုံတစ်ခုအတွင်း ဝင်ရောက်စီးနင်းမှုသည် မတန်တဆပျက်စီးဆုံးရှုံးထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်စရာအကြောင်းရှိသည်။ ဤသို့စိုးရိမ်ရခြင်းမှာ အမေရိကန်နိုင်ငံရှိ သုံးမိုင်ကျွန်း နျူကလီးယား ဓာတ်အားပေးရုံတစ်ခု၏ လုံခြုံရေးဂိတ်အတွင်းသို့ ကားဖြတ်မောင်းဝင်ဖောက်ခွဲပစ်ရန်ကြိုးစားခဲ့သူတစ်ဦး ရှိခဲ့ဖူး၍ဖြစ်သည်။
အကြမ်းဖက်ဝါဒီများနှင့် အာဏာရူးရူးသော အုပ်စိုးရှင်များသည် နျူကလီးယားလက်နက်များ ရယူထားမည်ကို စိုးရိမ်ကြသူ များစွာရှိသည်။ အလုပ်လက်မဲ့ဖြစ်နေသော ဆိုဗီယက် နျူကလီးယား သိပ္ပံပညာရှင် ထောင်ပေါင်းများစွာတို့သည် ကြေးစားသိပ္ပံပညာရှင်များ ဖြစ်သွားကြမည်ကို အချို့စိုးရိမ်ကြသည်။ ထို့အပြင် စတာ့ စာချုပ်နှင့် အခြားသောသဘောတူညီချက်များက စစ်ဆင်ရေး နျူကလီးယား လက်နက်များကို အကြီးအကျယ် လျှော့ပေါ့လိုက်ရမည်ဟုဆိုသော်လည်း ထိုသို့သောသဘောတူညီချက်များ၏ပဋိညာဉ်အတိုင်း ဖြစ်ပျက်လာရန် နှစ်ပေါင်းများစွာ လိုလိမ့်ဦးမည်။ ဤအချိန်အတောအတွင်း ရုတ်တရက်တက်လာသော တစ်ယူသန်သူတစ်ဦးက ထိုလက်နက်များကို အလွဲသုံးစားပြုမိမည်ကို လူတို့စိုးရိမ်ထိတ်လန့်နေရပေမည်။
အဓမ္မမှုသည် ကြောက်စိတ် တိုးပွားစေ
နေရာအနှံ့အပြား ရာဇဝတ်မှု တိုးပွားလာခြင်းကြောင့် လူတို့သည် အိမ်တွင်းအိမ်ပြင်၌ စိုးရိမ်ကြောက်ရွံ့နေကြသည်။ ၁၉၉၀ တွင် အမေရိကန် ၂၃,၂၀၀ ခန့် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ဥပမာ၊ ရှီကာဂိုမြို့တွင် ဘိန်းဖြူကိုကင်းသုံးစွဲမှု တိုးများလာခြင်းကြောင့် တစ်နှစ်အတွင်း လူသတ်မှု ၇၀၀ ခန့်ထိဖြစ်ပွားခဲ့သည်။ အချို့မြို့ကြီးပြကြီးများရှိ အရပ်ဒေသအနည်းငယ်သည် စစ်တလင်းပြင်ဖြစ်နေရာ ညှပ်ပူးညှပ်ပိတ်ပစ်ခတ်မှုကြားတွင် ကလေးများပါအပါအဝင် လမ်းသွားလမ်းလာသူတို့ အသတ်ခံနေရရှာသည်။ မဂ္ဂဇင်းတစ်စောင်က ဤသို့ဆိုသည်– “အဓမ္မမှုသည် မြို့ငယ်များတွင်ပင် အရှိန်အဟုန် တိုးတက်မြင့်မားလာပြီ။ . . . [အမေရိကန်နိုင်ငံ] တစ်လျှောက် ရပ်ကွက်တိုင်းတွင် မူးယစ်ဆေးဝါးနှင့် လမ်းသူရဲများ ပြည့်နှက်နေရာ မည်သူမျှဘေးမကင်းပါ။ နှစ်စဉ်နှစ်တိုင်း အမေရိကန်အိမ်ထောင်စု လေးခုမှတစ်ခုသည် ရက်စက်ကြမ်းကြုတ်မှုတစ်မျိုးမျိုး သို့မဟုတ် ခိုးမှုခံနေရသည်။—ယူ. အက်စ်. သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာ၊ အောက်တိုဘာ ၇၊ ၁၉၉၁။
ဗလက္ကာရပြုခံရမည်ကို အမျိုးသမီးများ ကြောက်လန့်ကြသည်။ ပြင်သစ်နိုင်ငံတွင် ၁၉၈၅ မှ ၁၉၉၀ အတွင်း ဗလက္ကာရပြုမှု ၆၂ ရာခိုင်နှုန်း တိုးများလာသည်။ ကနေဒါနိုင်ငံတွင် ခြောက်နှစ်အတွင်း လိင်ဆိုင်ရာကျူးလွန်မှု ၂၇,၀၀၀ အထိ နှစ်ဆတိုးလာသည်။ ခုနစ်မိနစ်တိုင်း အမျိုးသမီးတစ်ဦးသည် လိင်ဆိုင်ရာကျူးလွန်မှုခံနေရကြောင်း ဂျာမနီနိုင်ငံမှ သတင်းရသည်။
ကလေးများလည်း သူတို့၏လုံခြုံမှုအတွက် စိုးရိမ်ထိတ်လန့်နေသည်။ အမေရိကန်နိုင်ငံတွင် “လေးငါးတန်းသားများပင် လက်နက်ဆောင်ထားကြသည်။ ဆရာဆရာမများနှင့် ပညာရေးအမှုထမ်းများသည် တုန်လှုပ်ကြောက်လန့်လျက်ရှိကြသည်” ဟုနယူးစ်ဝိခ်မဂ္ဂဇင်းက ဆိုသည်။ အခြေအနေဆိုးရွားလွန်းသဖြင့် ကျောင်း၏လေးပုံတစ်ပုံတွင် သတ္တုရှာဖွေရေးကိရိယာများတပ်ဆင်ထားရန် ခရိုင်ပညာရေးမှူးရုံးက အမိန့်ထုတ်ထားသော်လည်း ပြတင်းပေါက်များမှ သေနတ်များကို လက်ဆင့်ကမ်းသွင်းသူ လူငယ်များစွာရှိသည်။
အေအိုင်ဒီအက်စ်ရောဂါကို ကြောက်ရွံ့နေ
အေအိုင်ဒီအက်စ်ရောဂါစွဲကပ်မည်ကို ကြောက်သူအရေအတွက် တိုးများလာပြီ။ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် ရောဂါသည် ၂၃၀,၀၀၀ မကရှိပြီ။ ၁၅- မှ ၂၄-နှစ်အရွယ်ရှိသူတို့တွင် အသက်သေရသည့် ဆဌမမြောက်အကြောင်းရင်းသည် အေအိုင်ဒီအက်စ်ရောဂါဖြစ်ချေပြီ။ “အနာဂတ်တွင် ရောဂါပိုမိုပျံ့နှံ့လိမ့်ဦးမည်ဟု ကြောက်ရွံ့စရာအကြောင်းရှိသည်” ဟူ၍နယူးစ်ဝိခ်မဂ္ဂဇင်းက ဆိုသည်။
ကပွဲ၊ ဇာတ်သဘင်၊ ရုပ်ရှင်၊ တေးဂီတ၊ ဖက်ရှင်၊ ရုပ်မြင်သံကြား၊ အနုပညာအစရှိသည့်လောကတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် ကွယ်လွန်သူအရေအတွက်သည် ပိုများနေပါသည်။ သတင်းစာပညာ၊ အနုပညာနှင့် အပန်းဖြေလောကမှ အသက် ၂၅ နှင့် ၄၄ နှစ်ကြားရှိ သေဆုံးခဲ့သူ ပါရီမြို့သား ၆၀ ရာခိုင်နှုန်းတို့သည် အေအိုင်ဒီအက်စ်ရောဂါကြောင့်ဖြစ်ကြောင်း သတင်းတစ်ရပ်ကဆိုသည်။ ကမ္ဘာတစ်ဝန်း အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ ၈ သန်းမှ ၁၀ သန်းအထိ ရှိနေပြီဖြစ်ကြောင်း ဒဘလျူအိပ်ချ်အို (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှမှတ်တမ်းရသည်။ ဒဘလျူအိပ်ချ်အို ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာ မိုက်ကဲလ် မာစင်က ဤသို့ဆိုသည်– “အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု၏ ကောက်ခံရရှိသောစာရင်းက ကမ္ဘာတစ်ဝန်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလျင်အမြန်ဆိုးရွားလာနေကြောင်း ယခုသိသာထင်ရှားနေပြီ။”
ဝန်းကျင်ဆိုင်ရာနှင့် အခြားစိုးရိမ်စရာများလည်း ရှိသည်ကားအမှန်။ သို့သော်လည်း ကမ္ဘာကို ကြောက်စိတ် လွှမ်းမိုးနေကြောင်း ထင်ရှားစေရန် အထက်ပါဖော်ပြချက်များဖြင့်ပင် လုံလောက်ပေပြီ။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အထူးတလည် သိရှိနားလည်စရာ တစ်ခုခုရှိနေပါသလော။ ကြောက်စိတ်လွတ်ကင်းမည့်အချိန်ကို တစ်ချိန်ချိန် မျှော်လင့်နိုင်သလော။
[Picture Credit Line on page 2]
Cover photos: Left: Tom Haley/Sipa Press; Bottom: Malanca/Sipa Press
[Picture Credit Line on page 3]
Bob Strong/Sipa Press