ကြောက်စိတ်က ကမ္ဘာကို အဘယ်ကြောင့် ချုပ်ကိုင်ထားသနည်း
မည်သူ ကြောက်ကြောက်နှင့် နေလိုသနည်း။ သာမန်လူတစ်ဦးသည် မိမိအသက်ကိုဖြစ်စေ၊ မိမိဥစ္စာကိုဖြစ်စေ ဆုံးရှုံးနစ်နာစေမှုမရှိ လုံခြုံစွာ နေလိုသည်။ သို့ဖြစ်သောကြောင့် ရာဇဝတ်မှုမြားမြောင်သော အရပ်ဒေသများမှ လူတို့ ရွှေ့ပြောင်းသွားတတ်ကြသည်။ သို့နှင့်ပင် ကြောက်ရွံ့စရာအကြောင်းများ နေရာတကာတွင် ရှိနေပါသည်။
နျူကလီးယား လက်နက်များနှင့် ဓာတ်ပေါင်းဖို မတော်တဆဖြစ်မှု အန္တရာယ်ကြောင့် လူ့လောက ပျက်သုဉ်းလိမ့်မည်ကို စိုးရိမ်နေကြသည်။ အဓမ္မမှုအလွန်အမင်းတိုးပွား များပြားလာသောကြောင့် ကြောက်လန့်နေကြရသည်။ အေအိုင်ဒီအက်စ်ရောဂါသည် ဤရာစုနှစ်၏သေစေသည့် အဆိုးရွားဆုံးကူးစက်ရောဂါ ဖြစ်လိမ့်မည်ကို စိုးရိမ်သူ များစွာရှိနေသည်။ ဝန်းကျင်ပျက်စီးမှုသည် စိုးရိမ်ထိတ်လန့်စရာ အခြားအကြောင်းတစ်ရပ်ဖြစ်သည်။ ဤကြောက်လန့်စရာများသည် အထူးအဓိပ္ပာယ်ရှိပါသလော။ ဤသို့သော စိုးရိမ်ထိတ်လန့်မှုများမရှိသော ကမ္ဘာပေါ် တစ်ချိန်ချိန်နေထိုင်နိုင်မည်ဟု မျှော်လင့်နိုင်သလော။
ကမ္ဘာချီစိုးရိမ်မှုသည် အထူးအဓိပ္ပာယ်ရှိ
ကျမ်းစာတွင် ကြိုတင်ဟောထားသောကြောင့် ယနေ့ စိုးရိမ်ထိတ်လန့်မှု အနှံ့အပြားရှိနေခြင်းသည် အထူးအဓိပ္ပာယ်ရှိသည်။ နောက်ဆုံးနေ့ရက်များနှင့်ပတ်သက်သော ယေရှုခရစ်၏ပရောဖက်ပြုချက်တွင် ကြောက်စိတ်ပေါ်စေမည့် အခြေအနေများကို ကိုယ်တော်ဖော်ပြတော်မူသည်။ ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။” “မတရားသောအမှုတို့သည် များပြား” လိမ့်မည်ဟူ၍လည်း ယေရှုမိန့်မြွက်တော်မူခဲ့သည်။ ၁၉၁၄ ခုနှစ်ကတည်းက သူမတူသောစစ်ပွဲများ၊ ငတ်မွတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း နှင့် မတရားမှုများခြင်းတို့ကြောင့် အကြီးအကျယ်ကြောက်ရွံ့မှုနှင့် သေကျေပျက်စီးမှု များရခြင်းဖြစ်သည်။—မဿဲ ၂၄:၇-၁၄။
လူ့စိတ်ထားကြောင့်ပင် ယနေ့ ကြောက်စိတ်တိုးပွားများပြားနေရသည်။ ၂ တိမောသေ ၃:၁-၄ တွင် တမန်တော်ပေါလု၏ ပရောဖက်ပြုချက်ဆိုင်ရာစကားများကို ကျွန်ုပ်တို့ဖတ်ရှုရသည်– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုယ်ကို ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။” ဤနောက်ဆုံးကာလတွင် ကျွန်ုပ်တို့သည် ထိုသို့သောသူများ ဝန်းရံခံနေရသည့်အတွက် ဤမျှကြောက်လန့်နေရခြင်းသည့် အံ့ဩစရာမဟုတ်တော့ချေ!
ဤလောက မျှော်လင့်နိုင်သည့်အရာ
ဤကာလကို နောဧလက်ထက်လောက၏ နောက်ဆုံးနေ့ရက်များနှင့် ယေရှုနှိုင်းယှဉ်တော်မူခဲ့သည်။ ထိုအချိန်က ကြောက်စိတ်ကြီးမားခဲ့မည်။ အကြောင်းမှာ ကျမ်းစာသမိုင်းက ဤသို့ဖော်ပြသည်– “ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။” သို့ဖြစ်သောကြောင့် “ဘုရားသခင်သည် နောဧအား မိန့်တော်မူသည်ကား– ‘သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။’” (ကမ္ဘာဦး ၆:၁၁၊ ၁၃) ထိုဆိုးသွမ်းသောလောကသည် အဓမ္မအမှုနှင့် ပြည့်စုံလွန်းသဖြင့် ကမ္ဘာချီရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးတော်မူခဲ့သည်။ သို့ရာတွင် ချစ်ခြင်းမေတ္တာတော်ကြောင့် ဖြောင့်မတ်သောနောဧနှင့် သူ၏မိသားစုကို ယေဟောဝါဘုရားသခင် အသက်ချမ်းသာပေးတော်မူခဲ့သည်။—၂ ပေတရု ၂:၅။
ထို့ကြောင့် လက်ရှိအဓမ္မအမှုပြည့်လျှံနေသောလောကကြီးသည် မည်သို့ဖြစ်ဖို့ရန် မျှော်လင့်နိုင်မည်နည်း။ အမှန်မှာ သူတစ်ပါးအကျိုးကို ဥပေက္ခာပြုပြီး အဓမ္မအမှုပြုခြင်းကို ဘုရားသခင် ရွံမုန်းတော်မူသည်။ ဆာလံဆရာ၏ ဤစကားများက ယင်းကို ထင်ရှားစေသည်– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ၏။” (ဆာလံ ၁၁:၅) နောဧခေတ်က အဓမ္မအမှုများသော လောကကို ယေဟောဝါ အဆုံးတိုင်စေတော်မူခဲ့သည်။ သို့ဖြစ်သောကြောင့် ကြောက်စိတ်ပေါ်စေသည့် အဓမ္မအမှုများသော ဤလောကကိုလည်း ဘုရားသခင် အဆုံးတိုင်စေလိမ့်မည်ဟု ကျွန်ုပ်တို့မမျှော်လင့်သင့်ပေလော။
ခရစ်တော်ရောက်ရှိနေခြင်းနှင့် လက်ရှိဆိုးသွမ်းသောလောကအတွက် သင့်ရောက်မည့်ဘေးအကြောင်းကို ဖော်ပြရန် တမန်တော်ပေတရုသည် ဝိညာဉ်တော်မှုတ်သွင်းခံခဲ့ရသည်။ သူက ဤသို့ရေးသားခဲ့သည်– “နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍ ‘သခင်ဘုရား ကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” ထို့နောက် လူ့လောကကို အစိုးရသော မစုံလင်သည့်စနစ်ကိုတင်စားသော “မိုးကောင်းကင်” နှင့် မဖြောင့်မတ်သော လူ့ဘောင်ကိုတင်စားသည့် “မြေကြီး” ဟူသောစကားလုံးများကို ပေတရု ဤသို့အသုံးပြုခဲ့သည်။ “ရှေးကာလ၌ မိုးကောင်းကင်ကိုလည်းကောင်း၊ ရေထဲက ထွက်၍ ရေဖြင့်တည်သော မြေကြီးကိုလည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့် [နောဧခေတ်၌] ဖြစ်ဖူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။ ယခုရှိသော မိုးကောင်းကင်နှင့် မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်ကပါဌ်တော်အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။”—၂ ပေတရု ၃:၃-၇။
ထပ်တူသဘောမျိုးဖြင့် ပေါလုက ခရစ်တော်နှင့် ကိုယ်တော်၏ အစွမ်းတန်ခိုးရှိ ကောင်းကင်တမန်များသည် “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့ သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူမည်” ဟုညွှန်ပြခဲ့သည်။ (၂ သက်သာလောနိတ် ၁:၆-၉) သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်က လူမျိုးတို့ကို စုဝေးစေပြီး “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်” သည့်အခါ ယေဟောဝါသည် “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” လိမ့်မည်ဟု အာမခံချက်ပေးထားသည်။—ဗျာဒိတ် ၁၁:၁၈; ၁၆:၁၄-၁၆။
ကြောက်စရာမဟုတ်ဘဲ ရွှင်လန်းအားရစရာအချိန်
ဤလောကနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ ကြိုတင်ဟောထားသည့်စကားကြောင့် ကြောက်လန့်နေမည့်အစား ဖြောင့်မတ်သောသူများ၌ ရွှင်လန်းအားရစရာအကြောင်းရှိသည်။ ယေဟောဝါသည် ဤဆိုးသွမ်းသောလောကကို မကြာမီ အဆုံးတိုင်စေမည်ဖြစ်သော်လည်း ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူများအကျိုးအလို့ငှာ ထိုသို့ပြုတော်မူမည်ဖြစ်သည်။ လက်ရှိအစီအစဉ်စနစ်ကို ဘုရားသခင် အဆုံးစီရင်ပြီးနောက် အဘယ်အမှု ဖြစ်ပျက်မည်နည်း။ တပည့်တော်များအား ယေရှုသွန်သင်ပေးတော်မူခဲ့သည့် ဆုတောင်းချက်အတိုင်း ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်လက်အောက်ရှိ အစီစဉ်သစ်တစ်ခု ဖြစ်ပေါ်မည်တည်း! ကိုယ်တော်က ဤသို့မိန့်မှာတော်မူသည်– “ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ– ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။’” (မဿဲ ၆:၉၊ ၁၀) ကမ္ဘာပေါ် ဘုရားသခင့်အလိုတော် ပြည့်စုံသည့်အခါ အဘယ်အပြောင်းအလဲများ တွေ့နိုင်စရာအကြောင်း ရှိသနည်း။
ထိုအခါ စစ်နှင့်ယင်း၏ ကြောက်မက်ဖွယ်ရာများ ရှိတော့မည်မဟုတ်ပါ။ ဆာလံ ၄၆:၉ ကဤသို့ဆိုသည်– “လေးကိုချိုးလျက် လှံကို အပိုင်းပိုင်းဖြတ်လျက်၊ ရထားကို မီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကို [ယေဟောဝါဘုရားသခင်] ငြိမ်းစေတော်မူ၏။” ထိုအခါ လူတို့သည် “ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှ မရှိရ။”—မိက္ခာ ၄:၄။
သေစေတတ်သောရောဂါများ ရှိတော့မည်မဟုတ်သောကြောင့် ကြောက်စရာမလို၊ ငြိမ်းချမ်းစွာနေထိုင်ကြမည်။ မြင့်မြတ်သောကတိတော်က ဤသို့ဖြစ်သည်– “မြို့သားကလည်း– ‘ငါနာသည်’ ဟုမဆိုရ။” (ဟေရှာယ ၃၃:၂၄) ရွှင်လန်းအားရစရာ အကြောင်းပါတကား!
ရာဇဝတ်မှုနှင့် အဓမ္မအမှုကြောင့် ကြောက်စိတ်ရှိရခြင်းသည်လည်း လွန်လေပြီးသောအရာများတွင် ပါဝင်လိမ့်မည်။ ဆာလံ ၃၇:၁၀၊ ၁၁ ကဤသို့ကတိပြုသည်– “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”
မျက်မှောက်ခေတ် ထိတ်လန့်စရာများတွင် စစ်မှန်သောငြိမ်းချမ်းသာယာမှုနှင့် လုံခြုံမှုကို မည်သို့အစားထိုးမည်နည်း။ ဖြောင့်မတ်သောအစိုးရတစ်ခု—ဘုရားသခင့်နိုင်ငံတော်—အားဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့အချိန်ကာလနှင့်ပတ်သက်၍ ဒံယေလ ၂:၄၅ ကဤသို့ဆိုသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” ယေဟောဝါ ခန့်အပ်ထားတော်မူသောဘုရင် ယေရှုခရစ်သည် ‘ရန်သူအပေါင်းတို့ကို သူ၏ခြေဖဝါးတော်အောက်၌ ဘုရားသခင် ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။’ (၁ ကောရိန္သု ၁၅:၂၅) ယေရှု၏ အနှစ်တစ်ထောင်အုပ်စိုးရာကာလအတွင်း ရွှင်လန်းအားရသောလူသားများ ထာဝစဉ်နေထိုင်မည့် ပရဒိသုကမ္ဘာမြေကြီးဆိုင်ရာ ဘုရားသခင်၏ အစကနဦးရည်ရွယ်ချက် ပြည့်စုံတော်မူလိမ့်မည်။—လုကာ ၂၃:၄၃; ဗျာဒိတ် ၂၀:၆; ၂၁:၁-၅။
ထိုပရဒိသုကမ္ဘာပေါ်တွင် အကျိုးရှိသောကြောက်စိတ်တစ်မျိုးတည်းသာ ရှိလိမ့်မည်။ ယင်းကား “ထာဝရဘုရားကို ကြောက်ရွံ့သောသဘော” ဖြစ်သည်။ (သု. ၁:၇) အမှန်မှာ၊ ယခုပင်လျှင် ဤကြောက်ရွံ့သောသဘောရှိသင့်သည်။ အကြောင်းမူကား ယင်းသဘောထားသည် အလွန်ကြည်ညိုလေးမြတ်ခြင်းနှင့်တကွ ဘုရားသခင်၏ချစ်သနားခြင်းကရုဏာတော်နှင့် ကောင်းမြတ်ခြင်းကို တန်ဖိုးထားသောကြောင့် ကိုယ်တော်၏စိတ်တော် ထိခိုက်မည်ကို ကြောက်ရွံ့စိတ်နှင့် ဒွန်တွဲနေပါသည်။ ဤကြောက်ရွံ့သောသဘောရှိနိုင်ရန် ယေဟောဝါကို လုံးလုံးလျားလျား ယုံကြည်အားထားပြီး ကိုယ်တော်ကို သစ္စာရှိရှိ နာခံမှုပြဖို့လိုသည်။—ဆာလံ ၂:၁၁; ၁၁၅:၁၁။
ထိတ်လန့်စိုးရိမ်ဖွယ်ရာအဖြစ်အပျက်များက နောက်ဆုံးနေ့ရက်များပင်ဖြစ်ကြောင်း သတ်မှတ်နေသည်။ သို့ရာတွင် ဘုရားသခင်ကိုချစ်မြတ်နိုးသောသဘော ဖော်ပြကြမည်ဆိုလျှင် ကြောက်ရွံ့နေမည့်အစား ရွှင်လန်းဝမ်းမြောက်နိုင်ကြမည်။ ဤလောကကို ဘုရားသခင် အဆုံးစီရင်မည့်အချိန် နီးပြီဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်များက ဖော်ပြပါသည်။ ၎င်းကို ယေဟောဝါဘုရားသခင် ကတိထားတော်မူသည့် ဖြောင့်မတ်ခြင်းတရားတည်နေရာ ကမ္ဘာသစ်ဖြင့်အစားထိုးမည်။ (၂ ပေတရု ၃:၁၃) ဘုရားသခင့်နိုင်ငံတော်အစိုးရအောက်တွင် အကျိုးမပြုသောကြောက်ရွံ့ခြင်း ကင်းမဲ့သည့်ကမ္ဘာ အမှန်တကယ်တည်လုနီးပြီ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
တစ်စောင်တည်း၏ အစွမ်းတန်ခိုး
တိုမာရှ်အမည်ရှိ ပိုလန်နိုင်ငံသား လူငယ်တစ်ဦးသည် ဥပဒေနှင့်မလွတ်ကင်းသောအမှုတစ်ခုကို ပြုမိ၍ တိုင်းတစ်ပါးသို့ ရှောင်တိမ်းသွားခဲ့သည်။ ကားကြုံစီးပြီး ဥရောပတိုက်ကို ခြောက်လကြာ ဖြတ်သန်းသွားလာခဲ့စဉ် တဲရှင်ထိုးအိပ်ရင်း ရရှိသမျှအလုပ်အကိုင်များကို ဝင်လုပ်ကိုင်ခဲ့သည်။ ထိုအတောအတွင်း သူသည် ဤမေးခွန်းကို အမြဲစဉ်းစားမိသည်– ဘဝ၏ ရည်ရွယ်ချက်ကားအဘယ်နည်း။
တိုမာရှ်၏မေးခွန်းကို ပိုလန်စကားဖြင့်ထုတ်ဝေသော ကင်းမျှော်စင်တစ်စောင်က သူ့အား ဖြေဆိုခဲ့သည်။ ၎င်းကို အကြိမ်ကြိမ်ဖတ်ရှုခဲ့ရာ မိမိတွေ့လိုသော အမှန်တရားသည် ဤမဂ္ဂဇင်း၌ရှိနေကြောင်း သူသိမြင်လာသည်။ ထိုအခါတိုမာရှ်သည် ဂျာမနီနိုင်ငံ၊ ဇဲလ်တာ့စ်/တောနပ်စ်ရှိ ကင်းမျှော်စင်ဌာနခွဲရုံးထံသို့ မိုင် ၁၂၀ ကားကြုံစီး သွားလေသည်။ တစ်ခုသော တနင်္လာနေ့ညနေတွင် သူရောက်ရှိ၍ မိမိ၏ကင်းမျှော်စင်မဂ္ဂဇင်းကို ပြပြီး ဤသို့ဆိုသည်– “ဒီမဂ္ဂဇင်းထဲမှာပါတဲ့အကြောင်း ကျွန်တော့်ကို တစ်ယောက်ယောက်ရှင်းပြစေချင်တယ်။ ကျွန်တော် ဘာလုပ်ဖို့ လိုသလဲ။”
ထိုညနေချိန်တွင် ယေဟောဝါသက်သေနှစ်ဦးသည် ကျမ်းစာကို အခြေခံပြီး တိုမာရှ်အား ဘဝ၏ရည်ရွယ်ချက်ကို ရှင်းပြပါသည်။ တတ်သိလိုစိတ် ပြင်းပြစွာဖြင့် တိုမာရှ်သည် ဌာနခွဲရုံးသို့ ယင်းအပတ်အတွင်း နေ့တိုင်းပြန်သွား၍ ကျမ်းစာနှင့်တကွ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကို လေ့လာခဲ့သည်။
ပိုလန်နိုင်ငံသို့ပြန်သွားမည်ဆိုလျှင် အခက်အခဲကြုံရမည်ကို တိုမာရှ်သိရှိလျက်ပင် ပြန်သွားရန် စိတ်ဆုံးဖြတ်လေသည်။ သို့ဖြစ်၍ ဇဲလ်တာ့စ် ဌာနခွဲရုံးသို့ စရောက်ခဲ့သည့်နောက် လေးရက်အကြာ သောကြာနေ့တွင် နေရင်းတိုင်းပြည်သို့ တိုမာရှ်ပြန်ထွက်ခွာသွားသည်။ ပိုလန်နိုင်ငံတွင် ယေဟောဝါသက်သေများနှင့် ချက်ချင်းကျမ်းစာလေ့လာလေသည်။ အလျင်အမြန်တိုးတက်လာ၍ တိုမာရှ်သိရှိသမျှကို သူတစ်ပါးအား ဇွဲလုံ့လရှိရှိ ဟောပြောလေတော့သည်။ ဇဲလ်တာ့စ်သို့ စရောက်ခဲ့သည့်နောက် လေးလအကြာ ၁၉၉၃ အောက်တိုဘာလတွင် ယေဟောဝါသက်သေတစ်ဦးအဖြစ် သူနှစ်ခြင်းယူခဲ့သည်။
ကင်းမျှော်စင်တစ်စောင်တည်းက ဤလူငယ်အား ဘဝ၏ရည်ရွယ်ချက်ကို ဆည်းပူးလေ့လာရန်ကူညီပေးခဲ့သည်!
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှုခရစ်အစိုးရသော ဘုရားသခင့်နိုင်ငံတော်အစိုးရအောက်တွင် ကြောက်စိတ်က ကမ္ဘာကို နောက်တစ်ဖန်ချုပ်ကိုင်လိမ့်မည်မဟုတ်တော့