မွေးနေ့ပွဲများကျင်းပခြင်းက သေခြင်းအကျိုးဆက်ပေါ်စေခဲ့
မွေးနေ့ပွဲကျင်းပခြင်းကို ယနေ့ လူအများက ဘေးကင်းသောထုံးစံမျှဖြစ်သည်ဟု ယူမှတ်ကြသည်။ သို့သော် သမ္မာကျမ်းစာက ဤဓလေ့ကို အပြုသဘောဖြင့် မဖော်ပြထားပါ။ တစ်ခုအနေနှင့်ဆိုလျှင် ဘုရားသခင်၏ မည်သည့်သစ္စာရှိကျေးကျွန်မျှ မွေးနေ့ပွဲများကျင်းပခဲ့သည်ဟု ကျမ်းစာတွင် တင်ပြထားချက်မရှိချေ။
သမ္မာကျမ်းစာတွင် မွေးနေ့ပွဲနှစ်ခုကိုသာ ဖော်ပြထား၍ ယင်းတို့သည် ဘုရားသခင့်ရန်သူများဖြစ်သော မင်းစိုးရာဇာများက ပွဲကျင်းပခြင်းဖြစ်သည်။ ထိုပွဲတစ်ခုစီကို ကျင်းပစဉ် လူ့အသက်သတ်ခြင်းကိစ္စ ဖြစ်ပျက်ခဲ့သည်။ သို့ဖြစ်၍ ပွဲခံချိန်တွင် ရောက်ရှိလာသူ ဧည့်သည်များသည် ဘုရင့်စိတ်တော်နှင့်မတွေ့သူတစ်ဦး အသတ်ခံရခြင်းကို နှစ်ထောင်းအားရရှုစားနိုင်ကြသည်။ ပထမတစ်ကြိမ်တွင် အီဂျစ်ဘုရင် ဖာရောသည် စားတော်ဝန်ကို ကြိုးဆွဲ၍ အဆုံးစီရင်ခဲ့သည်။ (ကမ္ဘာဦး ၄၀:၂၊ ၃၊ ၂၀၊ ၂၂) အီဂျစ်ဘုရင်သည် မိမိ၏ကျွန်ကို အမျက်ထွက်၍ ပွဲခံစဉ် ထိုသို့ပြုမူခဲ့သည်။ ဒုတိယအကြိမ်တွင် ဂါလိလဲနယ်၏ စာရိတ္တယိုယွင်းသောမင်း ဟေရုဒ်သည် မိမိ၏စိတ်တော်နှင့်တွေ့သော ကချေသည်၏ အလိုအတိုင်း နှစ်ခြင်းဆရာယောဟန်ကို ခေါင်းဖြတ်ခဲ့သည်။ တကယ်အော့နှလုံးနာစရာ မြင်ကွင်းများပါတကား!—မဿဲ ၁၄:၆-၁၁။
သို့တိုင် သမ္မာကျမ်းစာက အလွန်ထူးခြားသော မွေးနေ့ပွဲနှစ်ခုအကြောင်းကို အာရုံပြုစေခဲ့သည်မဟုတ်လော။ တကယ်ဆိုလျှင် ထိုသို့မဟုတ်ပေ။ ဤအဖြစ်အပျက်များသည် ထူးခြားချက်များမဟုတ်ကြောင်း ရှေးခေတ်ဂျူးသမိုင်းဆရာ ဂျိုစီဖပ်စ်က ဖော်ပြပါသည်။ ပျော်ပွဲရွှင်ပွဲအနေနှင့် မွေးနေ့ပွဲတွင် လူ့အသက်သတ်သောအလေ့အထရှိကြောင်း အခြားအဖြစ်အပျက်များကို သူမှတ်တမ်းတင်ထားသည်။
ဥပမာ၊ ဂျူး ၁,၀၀၀,၀၀၀ သေကျေပျက်စီးပြီး သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခံရသော မသေဘဲကျန်ခဲ့သူ ၉၇,၀၀၀ ရှိခဲ့ချိန် စီ.အီး. ၇၀ တွင် ယေရုရှလင်မြို့ ပျက်စီးပြီးနောက် မွေးနေ့ပွဲအချို့ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။ ရောမမြို့သို့သွားသော ခရီးစဉ်တွင် ရောမဗိုလ်ချုပ် တိတုသည် ဂျူးသုံ့ပန်းတို့ကို အနီးအနားရှိ ကဲသရိမြို့ ပင်လယ်ဆိပ်ကမ်းသို့ ခေါ်ဆောင်သွားသည်။
ဂျိုစီဖပ်စ် ဤသို့ရေးသားသည်– “တိတုသည် ကဲသရိမြို့တွင် ရှိခဲ့စဉ် သူ၏အစ်ကို ဒိုမီရှန်၏မွေးနေ့ကို ခမ်းနားထည်ဝါစွာ ပွဲကျင်းပ၍ သုံ့ပန်း ၂,၅၀၀ ကျော်ကို သားရဲများနှင့်မီးစာများအဖြစ် ကစားပွဲများတွင်သတ်ပစ်လေသည်။ ထို့နောက် ဖိနိတ်ပြည်နယ်ရှိ ရောမကိုလိုနီဖြစ်သော ဘဲရီတပ်စ် [ဘေရွတ်] မြို့သို့ပြောင်းရွှေ့သွားပြီး အခမ်းအနားအကြီးအကျယ် မွမ်းမံ၍ သုံ့ပန်းများစွာကို ထပ်မံသတ်ဖြတ်ခြင်းအားဖြင့် သူ့ဖခင်၏မွေးနေ့ပွဲကို ကျင်းပပါသည်။”—ဂျိုစီဖတ်စ်– အဓိကအရေးအသားများတွင် ပေါလ် အဲလ်. မာအာ ပြန်ဆိုသည့် ဂျူးစစ်ပွဲ၊ အတွဲ ၇၊ ၃၇။
အင်ပီရီယယ်လ် ကျမ်းစာ–အဘိဓာန်က ဤသို့ဋီကာဖွင့်ထားခြင်းသည် အံ့ဩစရာမဟုတ်ပေ– “နောက်ပိုင်း ဟေဗြဲများသည် မွေးနေ့ပွဲများကျင်းပခြင်းကို ရုပ်ပုံကိုးကွယ်မှုအဝင်ဖြစ်သည်ဟု ယူမှတ်ကြလေသည်။ ဤအချိန်တွင် ပြုလေ့ပြုထရှိသည့် ထုံးစံဓလေ့များက သူတို့၏ရှုမြင်ပုံကို အကြီးအကျယ်ထောက်ခံပါလိမ့်မည်။”
သမ္မာကျမ်းစာတွင် ဤမျှမနှစ်မြို့စွာ ဖော်ပြထားသည့် ရောမလူမျိုးတို့ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းစွာ ပွဲကျင်းပသည့် ထုံးစံတစ်ခုတွင် သစ္စာရှိ ပထမရာစုခရစ်ယာန်များသည် ပါဝင်လိုခဲ့ကြမည်မဟုတ်ပေ။ မွေးနေ့ပွဲများအကြောင်းကို ကျွန်ုပ်တို့အား ဆုံးမသြဝါဒပေးဖို့ရန် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်ကို ယနေ့ စိတ်ရင်းမှန်သောခရစ်ယာန်များ သိကြသည်။ (ရောမ ၁၅:၄) ဤကဲ့သို့ပွဲနေ့ကျင်းပခြင်းသည် တစ်ဦးတစ်ယောက်ကို အလွန်အမွှမ်းတင်ခြင်းဖြစ်သောကြောင့် မွေးနေ့ပွဲများ ကျင်းပခြင်းကို သူတို့ရှောင်ကြဉ်ကြသည်။ ထိုထက်ကား မွေးနေ့များကျင်းပခြင်းအကြောင်း မနှစ်မြို့စွာသမ္မာကျမ်းစာဖော်ပြသည့်အတွက် ယေဟောဝါ၏ကျေးကျွန်များသည် ပညာရှိစွာဖြင့် ယင်းကို ထောက်ထားဆင်ခြင်ကြည့်ကြသည်။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကဲသရိမြို့ရှိ အားကစားကွင်း