အပြစ်တင်ခွင့်ကင်းစွာ ကျင့်ကြံပြုမူသောကြောင့် သူတို့ ဆုကျေးဇူးခံစားရ
ယေဟောဝါသည် ကိုယ်တော်၏သစ္စာရှိကျေးကျွန်များအပေါ် ကောင်းချီးသွန်းလောင်း၍ ဆုကျေးဇူးပေးတော်မူသည်။ ဘုရားသခင်၏ရည်ရွယ်တော်မူချက်များ ပြီးပြည့်စုံလင်လာခြင်းကို တွေ့ရှိရန် အတန်ကြာစောင့်ဆိုင်းရပေမည်။ သို့သော် ကောင်းချီးခံစားရသည့်အခါ အလွန်အားရနှစ်ခြိုက်စရာပါတကား!
ယင်းကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်အချိန်က အာရုန်အမျိုးအနွယ်ဖြစ်ကြသော ဂျူးယဇ်ပုရောဟိတ်ဇာခရိနှင့် သူ၏ဇနီး ဧလိရှဗက်တို့၏အဖြစ်အပျက်က ကောင်းစွာဖော်ပြသည်။ ဣသရေလသားများသည် သစ္စာရှိစွာအမှုဆောင်ကြမည်ဆိုလျှင် သူတို့အား တိုးပွားများပြားစေမည်ဟု ဘုရားသခင့်ကတိတော်ရှိသည်။ သားသမီးတို့သည် ဆုကျေးဇူးဖြစ်သည်ဟု ကိုယ်တော်မိန့်မြွက်ထားတော်မူသည်။ (ဝတ်ပြုရာ ၂၆:၉; ဆာလံ ၁၂၇:၃) သို့ရာတွင် ဇာခရိနှင့်ဧလိရှဗက်တို့သည် သားသမီးမရှိသော အသက်အရွယ်ကြီးရင့်သူများဖြစ်ကြသည်။—လုကာ ၁:၁-၇။
ဇာခရိနှင့်ဧလိရှဗက်တို့သည် “ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီရှိကြ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (လုကာ ၁:၆) ဘုရားသခင်ကို သူတို့အလွန်ချစ်သောကြောင့် ဖြောင့်မတ်စွာကျင့်ကြံ၍ ပညတ်တော်ကို စောင့်ခြင်းအရာသည် သူတို့အတွက် ဝန်မဖြစ်ခဲ့ပါ။—၁ ယောဟန် ၅:၃။
မမျှော်လင့်ဘဲရသော ကောင်းချီးများ
ဘီ.စီ.အီး. ၃ ၏ဆောင်းနှောင်း သို့မဟုတ် နွေဦးပေါက်ချိန်သို့ ပြန်သွားကြစို့။ ယုဒပြည်နယ်တွင် ဟေရုဒ်မင်းကြီး အုပ်ချုပ်နေသည်။ တစ်နေ့တွင် လူအပေါင်းတို့သည် သန့်ရှင်းရာအခန်း၏အပြင်၌စုပေါင်း၍ ဆုတောင်းလျက်နေကြစဉ် ယဇ်ပုရောဟိတ်ဇာခရိသည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်၏ သန့်ရှင်းရာအခန်းအတွင်းသို့ဝင်၍ နံ့သာပေါင်းကို ရွှေယဇ်ပလ္လင်ပေါ် မီးရှို့နေသည်။ နေ့စဉ်လုပ်ငန်းဆောင်တာတို့တွင် ဂုဏ်အသရေအရှိဆုံးအလုပ်ဟု ယူမှတ်ကြသည့် နံ့သာပေါင်းမီးရှို့ခြင်းအမှုကို ယဇ်ပူဇော်ပြီးနောက်ပြုလေ့ရှိသည်။ ယဇ်ပုရောဟိတ်၏အသက်တာတွင် ဤအခွင့်အရေးကို တစ်ကြိမ်သာ ရကောင်းရပေမည်။
ဇာခရိသည် မိမိ၏မျက်စိကို မိမိမယုံနိုင်သည်တိုင် ဖြစ်နေသည်။ ယေဟောဝါ၏ကောင်းကင်တမန်သည် နံ့သာပေါင်းယဇ်ပလ္လင်၏လက်ယာဘက်၌ ရပ်နေသည်တကား! သက်ကျားအိုယဇ်ပုရောဟိတ်သည် စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်လာလေသည်။ သို့သော် ကောင်းကင်တမန်က ဤသို့ဆိုသည်– “ဇာခရိ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။” မှန်ပါသည်၊ ဧလိရှဗက်နှင့်ဇာခရိတို့ လှိုက်လှိုက်လှဲလှဲ တောင်းဆိုသော ဆုတောင်းချက်များကို ယေဟောဝါ နားညောင်းတော်မူပြီ။—လုကာ ၁:၈-၁၃။
ကောင်းကင်တမန်က ဤသို့ထပ်ဆင့်တော်မူသည်– “သင်သည် ဝမ်းသာရွှင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကို ဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။” ယောဟန်သည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသော အသက်ထက်ဆုံး နာဇရိလူဖြစ်ရလိမ့်မည်။ ကောင်းကင်တမန်က ဤသို့ဆက်ပြောသည်– “ဣသရေလအမျိုးသားအများတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့် ထာဝရဘုရားအဖို့အလို့ငှာ ပြင်ဆင်သောလူမျိုးဖြစ်စေခြင်းငှာလည်းကောင်း သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့် ပြည့်စုံလျက် ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်။”—လုကာ ၁:၁၄-၁၇။
ဇာခရိကလည်း ဤသို့မေးလေသည်– “ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူအိုဖြစ်ပါ၏။ အကျွန်ုပ်မယားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီ။” ကောင်းကင်တမန်က ဤသို့ဖြေဆိုသည်– “ငါသည် ဘုရားသခင့်အထံတော်၌ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။ သင်သည် ငါ့စကားကို မယုံသောကြောင့် ဤအကြောင်းအရာ မဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား အချိန်တန်လျှင် ပြည့်စုံလိမ့်မည်။” ဗိမာန်တော်အတွင်းမှ ဇာခရိထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍ ဗျာဒိတ်ရူပါရုံကိုမြင်ပြီဟု လူတို့ရိပ်မိကြ၏။ သူသည် လက်ဟန်အမူအရာဖြင့် အချက်ပြပြီး မိမိ၏ဆိုလိုရာများကို သိစေလေသည်။ အမှုဆောင်ရာကာလကုန်သောအခါ မိမိအိမ်သို့ သူပြန်သွား၏။—လုကာ ၁:၁၈-၂၃။
ဝမ်းသာရွှင်မြူးရသည့်အကြောင်း
ကတိရှိသည့်အတိုင်း မကြာမီပင် ဧလိရှဗက်သည် ဝမ်းသာရွှင်မြူးနိုင်လေသည်။ သူမသည် ပဋိသန္ဓေစွဲ၍ မြုံသည့်အတွက် ကဲ့ရဲ့ခြင်းအကြောင်း ပယ်ရှင်းလေသည်။ သူမနှင့် အမျိုးတော်စပ်သောမာရိလည်း ဝမ်းသာရွှင်လန်းခွင့်ရသည်။ အကြောင်းမှာ ထိုကောင်းကင်တမန်ဂါဗြေလက သူမအားလည်း ဤသို့ဆိုသည်– “သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။ ထိုသားကား ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။” မာရိသည် “ထာဝရဘုရား၏ကျွန်မ” အဖြစ်ဆောင်ရွက်ရန် လိုလိုလားလားရှိ၏။—လုကာ ၁:၂၄-၃၈။
ယုဒတောင်တန်းဒေသရှိ မြို့တွင်နေသော ဇာခရိနှင့်ဧလိရှဗက်တို့အိမ်သို့ မာရိအလျင်အမြန်သွားသည်။ မာရိ၏ နှုတ်ဆက်စကားသံများကို ဧလိရှဗက်ဝမ်းထဲ၌သူငယ်ကြားသည်နှင့် ခုန်၏။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်လျက် ဧလိရှဗက်သည် အသံကျယ်ဖြင့် ဤသို့ဆိုသည်– “သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏! သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏! အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင် အကျွန်ုပ်ဝမ်းထဲ၌သူငယ်သည် ရွှင်မြူးသောစိတ်နှင့် ခုန်၏။ ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်။” မာရိကလည်း ဝမ်းသာလုံးဆို့ဖြင့် တုံ့ပြန်၏။ ထိုနောက် ဧလိရှဗက်နှင့် သုံးလခန့် သူမနေထိုင်ခဲ့သည်။—လုကာ ၁:၃၉-၅၆။
ယောဟန်ကိုမွေးဖွားလေသည်
လစေ့သောအခါ သက်ကြီးသူဧလိရှဗက်နှင့်ဇာခရိတို့၏ သားယောက်ျားကလေး ဖွားမြင်လေသည်။ ရှစ်ရက်မြောက်နေ့၌ သူငယ်ကို အရေဖျားလှီးပေးကြသည်။ ဆွေမျိုးများက ကလေးကို ဇာခရိဟူ၍ အမည်ပေးစေလိုကြသည်။ သို့သော် ဧလိရှဗက်က ဤသို့ဆိုသည်– “ထိုသို့မမှည့်ရ။ ယောဟန်အမည်ဖြင့် မှည့်ရမည်။” စကားအနေဆဲရှိသူ ခင်ပွန်းက သဘောတူပါသလော။ သင်ပုန်းပေါ်တွင် သူက ဤသို့ရေးလေသည်– “သူ၏အမည်ကား ယောဟန်။” ထိုခဏချင်းတွင် ဇာခရိသည် လျှာလွတ်၍ နှုတ်ဖွင့်ပြီး စကားပြောဆိုကာ ယေဟောဝါကိုချီးမွမ်းလေသည်။—လုကာ ၁:၅၇-၆၆။
ထိုတွင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်လျက် ယဇ်ပုရောဟိတ်သည် ဝမ်းသာအားရစွာ ပရောဖက်ပြုလေ၏။ အာဗြဟံနှင့်ဖွဲ့သော လူမျိုးအပေါင်းတို့အတွက် ကောင်းကြီးမင်္ဂလာနှင့်ပတ်သက်သော အမျိုးအနွယ်ဆိုင်ရာ ပဋိညာဉ်နှင့်အညီ ကတိတော်ရှိသည့် ကယ်လွှတ်ရှင်—‘ဒါဝိဒ်အမျိုးထဲ၌ ကယ်လွှတ်ခြင်းဦးချို’—ပေါ်ထွန်းနေဘိသကဲ့သို့ သူပြောဆိုလေသည်။ (ကမ္ဘာဦး ၂၂:၁၅-၁၈) မေရှိယ၏ရှေ့ပြေးအနေနှင့် ဇာခရိ၏ အံ့ဖွယ်နည်းဖြင့် ဖွားမြင်ခဲ့သောသားသည် ‘ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကို လူတို့အားဖော်ပြခြင်းငှာ ယေဟောဝါရှေ့တော်၌ သွားလိမ့်မည်’ ဖြစ်သည်။ ယောဟန်သည်လည်း ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံလေ၏။—လုကာ ၁:၆၇-၈၀။
ကြွယ်ဝစွာဆုကျေးဇူးခံစားရ
ဇာခရိနှင့်ဧလိရှဗက်တို့သည် ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းကို တင်ပြခဲ့သော ပုံသက်သေကောင်းသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို သူတို့စောင့်ဆိုင်းနေရသော်လည်း ယေဟောဝါအမှုတော်ကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့သည်။ သူတို့ခံစားရသော အကြီးမြတ်ဆုံးကောင်းချီးများကို ဇရာအိုပိုင်းရောက်ချိန်၌သာ ခံစားခဲ့ကြရသည်။
သို့တိုင် ဧလိရှဗက်နှင့်ဇာခရိတို့ ခံစားရသောကောင်းချီးများသည် ကြီးမားလှသည်တကား! ဘုရားသခင့်ဝိညာဉ်တော်ဖြင့် ပြည့်လျက် သူတို့နှစ်ဦးစလုံး ပရောဖက်ပြုခဲ့ကြသည်။ မေရှိယ၏ရှေ့ပြေး၊ နှစ်ခြင်းပေးသူယောဟန်ကို သွန်သင်ဆုံးမရသော မိဘများဖြစ်ခွင့်ရပါသည်။ ထို့ပြင် ဖြောင့်မတ်သူများအဖြစ် သူတို့အား ဘုရားသခင် ယူမှတ်တော်မူခဲ့သည်။ ထိုနည်းတူစွာ ဘုရားတရားနှင့်ညီသော လမ်းစဉ်ကို ယနေ့လိုက်လျှောက်သူတို့သည် ဘုရားသခင့်မျက်မှောက်တော်တွင် ဖြောင့်မတ်သောအနေအထားရှိပြီး ယေဟောဝါ၏ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့် ဆုကျေးဇူးများစွာ ခံစားရကြလိမ့်မည်။