ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၇/၁၅ စာ. ၂၈-၃၀
  • ဂျူးပြက္ခဒိန်သည် မည်မျှတိကျမှန်ကန်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျူးပြက္ခဒိန်သည် မည်မျှတိကျမှန်ကန်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစပြုချိန်ကို သတ်မှတ်ခြင်း
  • “ဖန်ဆင်းခြင်း ခေတ်သက္ကရာဇ်”
  • ခုနှစ်သက္ကရာဇ်စဉ်အတွက် အခြေခံ
  • ထုံးတမ်းစဉ်လာနှင့် အနက်ဖွင့်ဆိုချက်များ
  • ဘာသာတရားနှင့်ဆိုင်သော ကျန်ကြွင်းရာ
  • သက္ကရာဇ်နေ့စွဲများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဒံယေလရဲ့ကြိုတင်ဟောကြားချက်မှာ မေရှိယပေါ်ထွန်းခြင်းအကြောင်း ကြိုဟောထားပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၇/၁၅ စာ. ၂၈-၃၀

ဂျူးပြက္ခဒိန်သည် မည်မျှတိကျမှန်ကန်သနည်း

ဂျူးပြက္ခဒိန်အရ ၁၉၉၃၊ စက်တင်ဘာ ၁၆၊ ကြာသပတေးနေ့သည်ရော့ရှ်ဟာရှာနာပွဲနေ့ဖြစ်သည်။ ထုံးတမ်းစဉ်လာအရဆိုလျှင် ထိုအခါ နှစ်သစ်ကူးကြောင်း ကြွေးကြော်ရန် ရှိဖာ သို့မဟုတ် သိုးချိုတံပိုးခရာကို မှုတ်လေ့ရှိကြသည်။ ထိုနှစ်သက္ကရာဇ်သည် ၅၇၅၄ (ဂျူးပြက္ခဒိန်) ဖြစ်၍ ၁၉၉၃၊ စက်တင်ဘာ ၁၆ မှ ၁၉၉၄၊ စက်တင်ဘာ ၅ အထိဖြစ်သည်။

ယခု လက်ရှိသုံးစွဲနေသော အနောက်တိုင်း သို့မဟုတ် ဂရီဂေါ်ရီယန်ပြက္ခဒိန်အရ အချိန်ကိုတွက်ချက်ပုံနှင့် ဂျူးတွက်ပုံတွင် နှစ်ပေါင်း ၃,၇၆၀ ကွာခြားနေကြောင်း ချက်ချင်းသတိပြုနိုင်သည်။ အဘယ်ကြောင့် ဤသို့ကွာခြားရသနည်း။ ဂျူးပြက္ခဒိန်သည် မည်မျှတိကျမှန်ကန်သနည်း။

အစပြုချိန်ကို သတ်မှတ်ခြင်း

အချိန်ကိုရေတွက်သည့် အဘယ်နည်းစနစ်မဆို၌ စတင်ချိန် သို့မဟုတ် အညွှန်း အတိအကျရှိရမည်။ ဥပမာ၊ ခရစ်ယာန်ဘောင်သည် ခုနှစ်သက္ကရာဇ်ကို ယေရှုခရစ် မွေးဖွားသည်ဟုယူမှတ်ချိန်မှ စတင်ရေတွက်သည်။ ထိုနောက်ပိုင်းမှ ခုနှစ်သက္ကရာဇ်များကို ခရစ်ယာန်ခေတ်သက္ကရာဇ်အတွင်းဟု ဆိုလေတော့သည်။ ယင်းကို “ငါတို့သခင်၏နှစ်အတွင်း” ဟူသည့်အဓိပ္ပာယ်ရှိသော လက်တင်စကား အန်နိုဒိုမီနီ၊ အေ.ဒီ. ဖြင့်အမှတ်အသားပြလေ့ရှိသည်။ ထိုခေတ်ကာလမတိုင်မီက ခုနှစ်များကို “ခရစ်မတိုင်မီ”၊ ဘီ.စီ. ဟုမှတ်သားကြသည်။aထိုနည်းထပ်တူ တရုတ်လူမျိုး၏ရိုးရာအရ သူတို့သည် ဒဏ္ဍာရီမှ ဝှမ်ဒီး၊ လူဝါဧကရာဇ်မင်း စတင်စိုးမိုးချိန်ဖြစ်သည့် ဘီ.စီ.အီး. ၂၆၉၃ မှ အချိန်ကိုတွက်ချက်ကြသည်။ သို့ဖြစ်၍ ၁၉၉၄၊ ဖေဖေါ်ဝါရီ ၁၀ သည် တရုတ်လူမျိုး၏ လနှင့်ဆိုင်သော ၄၆၉၂ ခုနှစ်စတင်ခဲ့ချိန်ဖြစ်သည်။ သို့သော် ဂျူးပြက္ခဒိန်ကော။

ဂျူးနှင့်ဆိုင်သောစွယ်စုံကျမ်းက ဤသို့ဆိုသည်– “အဖြစ်အပျက်တစ်ခု၏ ရက်စွဲသတ်မှတ်ပုံနှင့်ပတ်သက်၍ ဂျူးလူမျိုးများတွင် လက်ရှိသုံးစွဲနေသောနည်းကား ကမ္ဘာကိုဖန်ဆင်းချိန်ကတည်းက ကုန်လွန်ခဲ့သောနှစ်ပေါင်းကို ဖော်ပြရန်ဖြစ်သည်။” ဂျူးတို့က ဖန်ဆင်းခြင်းခေတ်ကာလဟုသိရှိထားသည့် ဤနည်းစနစ်ကို စီ.အီး. ကိုးရာစုနှစ်ခန့်က အများသုံးစွဲလာခဲ့သည်။ သို့ဖြစ်၍ ဂျူးပြက္ခဒိန်တွင် နှစ်သက္ကရာဇ်များရှေ့တွင် အေ.အမ်. ဟူသည့်အမှတ်အသား ပါလေ့ရှိသည်။ ယင်းက အန်နိုမွန်ဒီကိုဆိုလို၍ “ကမ္ဘာကိုဖန်ဆင်းချိန်မှ” ဟုအဓိပ္ပာယ်ရှိသည့် အဲဗ် ခရီအဲတီယောန် မွန်ဒီ၏အတိုကောက်ဖြစ်သည်။ လက်ရှိနှစ်သည် အေ.အမ်. ၅၇၅၄ ဖြစ်ရာ အချိန်တွက်ချက်သည့် ဤနည်းစနစ်အရဆိုလျှင် “ကမ္ဘာကိုဖန်ဆင်းခြင်း” သည် လွန်ခဲ့သော ၅,၇၅၃ နှစ်ကျော်ကာလကဖြစ်သည်ဟု ယူမှတ်ကြသည်။ ယင်းကို မည်သို့သတ်မှတ်ကြောင်း လေ့လာကြည့်ကြစို့။

“ဖန်ဆင်းခြင်း ခေတ်သက္ကရာဇ်”

ဂျူးစွယ်စုံကျမ်း (၁၉၇၁) က ဤသို့ရှင်းပြသည်– “ရဟူဒီဆရာများ၏ တွက်ချက်နည်းများအရ ‘ဖန်ဆင်းခြင်းခေတ်ကာလ’ သည် ဘီ.စီ.အီး. ၃၇၆၂ နှင့် ၃၇၅၈ အတွင်း တစ်နှစ်နှစ်၏ ဆောင်းဦးချိန်တွင် စတင်ပါသည်။ သို့ရာတွင် စီ.အီး. ၁၂ ရာစုမှစ၍ ‘ဖန်ဆင်းခြင်းခေတ်ကာလ’ သည် ဘီ.စီ.အီး. ၃၇၆၁ ခုနှစ် (အတိအကျပြောရလျှင် ထိုနှစ် အောက်တိုဘာ ၇ ရက်နေ့) တွင်စတင်သည်ဟု ခံယူထားကြသည်။ ဤတွက်ချက်နည်းကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် သက္ကရာဇ်စဉ်နှင့် သမ္မာကျမ်းစာကိုမှတ်တမ်းတင်ပြီးနောက် အစောပိုင်းခေတ်က ဂျူးစာပေများပါ အတွက်အချက်များ၏ခေတ်ပြိုင် သက္ကရာဇ်စဉ်ပေါ်တွင် အခြေပြုထားသည်။”

“ကမ္ဘာကိုဖန်ဆင်းခြင်း” မှစတင်၍ ခုနှစ်သက္ကရာဇ်သတ်မှတ်ခြင်းစနစ်ကို သမ္မာကျမ်းစာမှတ်တမ်းနှင့်ပတ်၍ ရဟူဒီဆရာများ၏ အနက်ဖွင့်ဆိုချက်များအပေါ် အဓိကအခြေပြုထားသည်။ ကမ္ဘာနှင့် ကမ္ဘာပေါ်ရှိသမျှအရာတို့သည် ပကတိ ၂၄ နာရီရှိနေ့ရက် ခြောက်ရက်အတွင်း ဖန်ဆင်းခဲ့သည်ဟု သူတို့၏ယူဆချက်ကြောင့် ရဟူဒီဆရာများနှင့် ခရစ်ယာန်ဘောင်ပညာရှင်များကပါ ပထမလူအာဒံကို ကမ္ဘာဖန်ဆင်းသည့်နှစ်တွင်ပင် ဖန်ဆင်းသည်ဟု ယူမှတ်ကြသည်။ သို့ရာတွင် ဤယူဆချက်သည် လုံးဝမမှန်ပါ။

ကမ္ဘာဦးကျမ်း၏ ပထမအခန်းက ဤသို့အစပျိုးသည်– “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” ထိုနောက် ခြောက် “ရက်” အတွင်း ဆက်တိုက်၍ ကမ္ဘာမြေကြီးပေါ် လူနေထိုင်နိုင်ရန် ၎င်းကို “အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်” ရာမှ ဘုရားသခင်သည် အဆင့်ဆင့်ပြုပြင်ပြောင်းလဲစေခဲ့ကြောင်း ဖော်ပြထားသည်။ (ကမ္ဘာဦး ၁:၁၊ ၂) ဤအခြေအနေနှစ်မျိုးစပ်ကြား နှစ်ပေါင်းသန်းချီ၍ ကြာရှည်နိုင်သည်။ ထို့ပြင် ဖန်ဆင်းရှင်၏ စီရင်ချက်များသည် ထိုသို့သောကန့်သတ်ချက်များနှင့် ကန့်သတ်ရဘိသကဲ့သို့ ဖန်ဆင်းခြင်းနေ့ရက်များသည် ၂၄ နာရီကာလပိုင်းများမဟုတ်ပါ။ ဤကျမ်းပိုဒ်၏ ရှေ့နောက်စကားကိုကြည့်သော် “နေ့ရက်” တစ်ရက်သည် ၂၄ နာရီထက်မက ရှည်လျားနိုင်ကြောင်း ဖန်ဆင်းရာကာလအပေါင်းကို “နေ့” ဟုခေါ်ဝေါ်သမုတ်သည့် ကမ္ဘာဦး ၂:၄ ကတင်ပြပါသည်။ ပထမဖန်ဆင်းခြင်းရက်နှင့် အာဒံအားဖန်ဆင်းခဲ့သော ခြောက်ရက်နေ့အကြားတွင် နှစ်ပေါင်းထောင်ချီကွာခဲ့သည်။ ပကတိကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းချိန်တွင်ပင် အာဒံကိုဖန်ဆင်းသည်ဟု ဆိုခြင်းသည် သမ္မာကျမ်းစာနှင့်သော်လည်းကောင်း၊ သိပ္ပံပညာနှင့်သော်လည်းကောင်း မကိုက်ညီပါ။ သို့တိုင် “ဖန်ဆင်းခြင်းခေတ်ကာလ” သည် ဘီ.စီ.အီး. ၃၇၆၁ ခုနှစ်တွင်စတင်သည်ဟု မည်သို့ဆုံးဖြတ်ကြပါသနည်း။

ခုနှစ်သက္ကရာဇ်စဉ်အတွက် အခြေခံ

ယခုလေ့လာသုံးသပ်နေသော တွက်ချက်နည်းများပေါ် အခြေခံထားသည့် ဂျူးစာပေအများအပြား မရှိတော့သည့်အတွက် ဝမ်းနည်းစရာဖြစ်သည်။ ကျန်ရှိသည်ကား စေဒါအိုလာမ် (ကမ္ဘာ၏အစီအစဉ်) ဟုအစဦးဆုံးအမည်တွင်ခဲ့သော သက္ကရာဇ်စဉ်ပြုစုချက်တစ်ခုဖြစ်သည်။ ယင်းကို စီ.အီး. ဒုတိယရာစုနှစ်က တဲမုဒ်ကျမ်းတတ် ယိုစာ ဘင် ဟာလာ့ဖ်တာ၏လက်ရာဖြစ်သည်ဟု မှတ်ယူထားကြသည်။ ဤပြုစုရေးသားချက် (နောက်ပိုင်းတွင် စေဒါအိုလာမ်ဇူတာဟုအမည်ရှိသော အလယ်ပိုင်းခေတ်ရာဇဝင်မှတ်တမ်းတစ်ခုနှင့် ကွဲပြားခြားနားစေရန် ယင်းကို စေဒါအိုလာမ်ရာဗာဟုခေါ်တွင်လေသည်) က အာဒံ၏အချိန်မှစ၍ မေရှိယအတုအယောင် ဘားရ်ခေါ့ဘား၏ ဦးဆောင်မှုအောက် ရောမနိုင်ငံကို ဂျူးများတော်လှန်ပုန်ကန်ခဲ့ချိန် စီ.အီး. ဒုတိယရာစုအထိ သက္ကရာဇ်စဉ်သမိုင်းကို ဖော်ပြပါသည်။ ဤကဲ့သို့သော ရေးသားပြုစုသည့် အချက်အလက်တို့ကို မည်သို့စုဆောင်းရရှိခဲ့သနည်း။

ယိုစာ ဘင် ဟာလာ့ဖ်တာသည် သမ္မာကျမ်းစာမှတ်တမ်းကို အတတ်နိုင်ဆုံးနီးကပ်စွာလိုက်ခဲ့သော်လည်း ရက်စွဲအတိအကျမသိနိုင်သည့် အပိုဒ်တို့တွင် ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်များကို ထည့်သွင်းခဲ့သည်။ “ကြိမ်ဖန်များစွာပင် . . . ရှေးထုံးစဉ်လာအရ ရက်စွဲများသတ်မှတ်ကာ ထည့်သွင်းခဲ့ရုံမက မိမိ၏အရင်ရှိ ရဟူဒီဆရာများနှင့် တစ်ခေတ်တည်းသားတို့၏အဆိုနှင့် ဟာလာကော့တ် [မိရိုးဖလာယုံကြည်ချက်] များကိုပါ ထည့်သွင်းခဲ့သည်” ဟုဂျူးနှင့်ဆိုင်သောစွယ်စုံကျမ်းကဆိုသည်။ အခြားသူတို့၏ဝေဖန်ချက်တွင် ဤထက်ရင့်သီးသည်။ ဂျူးနှင့်ဆိုင်သောအသိပညာစာအုပ်က ဤသို့အတည့်အလင်းဆိုသည်– “ဖန်ဆင်းခြင်းခေတ်ကာလမှ သူစတင်ရေတွက်ခဲ့၍ ယင်းနှင့်အညီ ပထမလူအာဒံအချိန်မှ မဟာအဲလက်ဇန္ဒားအချိန်အထိ ဖြစ်ပျက်ခဲ့သော ဂျူးလူမျိုးဆိုင်ရာ အဖြစ်အပျက်အသီးသီးကို သာဓကအတည့်အလင်းမရှိဘဲ ရက်စွဲသတ်မှတ်ခဲ့သည်။” သို့သော် ဤကဲ့သို့အနက်ဖွင့်ဆိုခြင်း၊ ထည့်သွင်းခြင်းတို့က ဂျူးလူမျိုးသက္ကရာဇ်စဉ်၏ တိကျမှန်ကန်မှုကို မည်သို့ထိခိုက်သနည်း။ ကြည့်ကြစို့လေ။

ထုံးတမ်းစဉ်လာနှင့် အနက်ဖွင့်ဆိုချက်များ

ရဟူဒီဆရာများ၏ ရိုးရာအတိုင်း ယေရုရှလင်မြို့ရှိ ဒုတိယဗိမာန်တော်သည် စုစုပေါင်းနှစ်ပေါင်း ၄၂၀ တည်ရှိခဲ့သည်ဟု ယိုစာ ဘင် ဟာလာ့ဖ်တာကတွက်ချက်ထားသည်။ ယင်းကို ဒံယေလပရောဖက်ပြုခဲ့သော “သီတင်းခုနစ်ဆယ်” သို့မဟုတ် နှစ်ပေါင်း ၄၉၀ ကိုရဟူဒီဆရာများ၏ အနက်ဖွင့်ဆိုချက်ပေါ်အခြေခံသည်။ (ဒံယေလ ၉:၂၄) ဤအချိန်ကာလပိုင်းသည် ပထမနှင့် ဒုတိယဗိမာန်တော်များပျက်စီးခဲ့ချိန်၏ စပ်ကြားကာလဖြစ်သည်ဟု ဆိုသည်။ ဗာဗုလုန်နိုင်ငံတွင် နှစ်ပေါင်း ၇၀ ပြည်နှင်ခံရခြင်းကိုနုတ်ယူပြီး ဒုတိယဗိမာန်တော်သည် နှစ်ပေါင်း ၄၂၀ တည်ရှိခဲ့သည်ဟု ယိုစာ ဘင် ဟာလာ့ဖ်တာ ထင်မြင်ယူဆလိုက်သည်။

သို့သော် ဤအနက်ဖွင့်ဆိုချက်က ကြီးမားသောအခက်အခဲရှိစေသည်။ ဗာဗုလုန်နိုင်ငံ ကျရှုံးသည့်နှစ် (ဘီ.စီ.အီး. ၅၃၉) နှင့် ဒုတိယဗိမာန်တော် ပျက်စီးသောနှစ် (စီ.အီး. ၇၀) တို့သည် သမိုင်းဝင်ရက်စွဲများဖြစ်သည်။ သို့ဖြစ်၍ ဒုတိယဗိမာန်တော် တည်ရှိရာကာလသည် နှစ်ပေါင်း ၄၂၀ ဖြစ်မည့်အစား နှစ်ပေါင်း ၆၀၅ နှစ်ဖြစ်ရမည်။ ဤကာလသည် နှစ်ပေါင်း ၄၂၀ ကြာသည်ဟု ကန့်သတ်ခြင်းအားဖြင့် ဂျူးလူမျိုး၏ သက္ကရာဇ်စဉ်တွင် နှစ်ပေါင်း ၁၈၅ နှစ်လိုလျက်နေသည်။

ဒံယေလ၏ပရောဖက်ပြုချက်က ယေရုရှလင်မြို့ရှိ ဗိမာန်တော်သည် ကာလမည်မျှတာရှည် တည်ရှိမည်အကြောင်းနှင့် မပတ်သက်ပါ။ ယင်းအစား မေရှိယပေါ်ထွန်းမည့်အချိန်ကို ကြိုတင်ဟောနေခြင်းဖြစ်သည်။ “ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည့်နေ့မှစ၍ ခရစ်တော်သခင်၏လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်း ကြာလိမ့်မည်” ဟုပရောဖက်ပြုချက်က အတည့်အလင်းဖော်ပြပါသည်။ (ဒံယေလ ၉:၂၅၊ ၂၆) ဂျူးများပြည်နှင်ခံရခြင်းမှ ပြန်ရောက်လာသည့် ဒုတိယနှစ် (ဘီ.စီ.အီး. ၅၃၆) တွင် ဗိမာန်တော်၏အုတ်မြစ်ကို ချခဲ့သည်မှန်သော်လည်း ယေရုရှလင်မြို့ကို ပြန်တည်ဆောက်ရမည်ဟူသော “အမိန့်တော်” သည် “အာတဇေရဇ်မင်းကြီးနန်းစံနှစ်ဆယ်” နှစ်မြောက်အချိန်တွင်သာ ထွက်ခဲ့သည်။ (နေဟမိ ၂:၁-၈) တိကျမှန်ကန်သောလောကီသမိုင်းက ထိုနှစ်သည် ဘီ.စီ.အီး. ၄၅၅ ခုနှစ်ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ရှေ့ဆက်၍ “သီတင်းပတ်” ၆၉ သို့မဟုတ် နှစ်ပေါင်း ၄၈၃ နှစ်ရေတွက်ခဲ့လျှင် စီ.အီး. ၂၉ ဟူ၍ အဖြေရသည်။ ထိုအချိန်က ယေရှုနှစ်ခြင်းခံစဉ် မေရှိယအဖြစ် ပေါ်ထွန်းချိန်ဖြစ်သည်။b

ဂျူးလူမျိုး၏ သက္ကရာဇ်စဉ်ကို အကြီးအကျယ်မှားယွင်းစေသည့် ရဟူဒီဆရာများ၏ အခြားအနက်ဖွင့်ဆိုချက်တစ်ခုသည် အာဗြဟံမွေးဖွားချိန်နှင့်ဆိုင်သည်။ ကမ္ဘာဦး ၁၁:၁၀-၂၆ တွင်မှတ်တမ်းတင်ထားသည့် မျိုးစဉ်မျိုးဆက်များ၏နှစ်ပေါင်းကို ရဟူဒီဆရာများထည့်ပေါင်းပြီး ရေလွှမ်းမိုးချိန်မှ အာဗြဟံ (အာဗြံ) မွေးဖွားချိန်အထိ ကြာသည့်ကာလမှာ ၂၉၂ နှစ်ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ သို့ရာတွင် အငယ် ၂၆ ကိုရဟူဒီဆရာများ အနက်ဖွင့်ဆိုပုံက ပြဿနာပေါ်စေပါသည်။ ထိုတွင် ဤသို့ဆိုသည်– “တေရသည် အသက်ခုနစ်ဆယ်ရှိသော် သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကို မြင်လေ၏။” ယင်းကျမ်းချက်အရ အာဗြံမွေးဖွားချိန်တွင် တေရသည် အသက်ခုနစ်ဆယ်ရှိသည်ဟု ဂျူးတို့၏ထုံးတမ်းစဉ်လာကဆိုသည်။ သို့တိုင် အာဗြဟံကိုမွေးဖွားချိန်တွင် တေရသည် အသက်ခုနစ်ဆယ်ရှိသည်ဟု ယင်းအခန်းငယ်က အတည့်အလင်းမဆိုပါ။ ၎င်းအစား အသက် ၇၀ ရှိပြီးနောက်မှ သားသုံးဦးရသောဖခင်ဖြစ်လာသည်ဟူ၍သာ ဆိုထားခြင်းဖြစ်သည်။

အာဗြဟံမွေးဖွားချိန်တွင် တေရ၏အသက် အတည့်အကျသိရှိရန် ကျမ်းစာမှတ်တမ်းတွင် ဆက်လက်ဖတ်ရှုကြည့်ဖို့သာလိုပါသည်။ ကမ္ဘာဦး ၁၁:၃၂–၁၂:၄ မှကျွန်ုပ်တို့သိရှိရသည်မှာ အသက် ၂၀၅ နှစ်အရွယ်တွင် တေရကွယ်လွန်ပြီးနောက် အာဗြဟံနှင့်သူ၏မိသားစုသည် ယေဟောဝါမိန့်မှာချက်အရ ခါရန်မြို့မှ ထွက်ခွာခဲ့ကြောင်းဖြစ်သည်။ ထိုအချိန်တွင် အာဗြဟံသည် ၇၅ နှစ်ရှိသည်။ သို့ဖြစ်သောကြောင့် အာဗြဟံမွေးဖွားခဲ့ချိန်တွင် တေရသည် အသက် ၇၀ မဟုတ်ဘဲ ၁၃၀ ရှိနေသည်။ ထို့ကြောင့် ရေလွှမ်းမိုးချိန်မှ အာဗြဟံ မွေးဖွားချိန်အထိ ကြားကာလမှာ နှစ်ပေါင်း ၂၉၂ နှစ်မဟုတ်ဘဲ ၃၅၂ နှစ်ဖြစ်သည်။ ဤတွင် ဂျူးလူမျိုး၏သက္ကရာဇ်စဉ်သည် နှစ်ပေါင်း ၆၀ မျှတိုင်မှားယွင်းနေပါသည်။

ဘာသာတရားနှင့်ဆိုင်သော ကျန်ကြွင်းရာ

စေဒါအိုလာမ်ရာဗာနှင့် တဲလ်မုဒ်ဆိုင်ရာ အခြားသက္ကရာဇ်စဉ်ပြုစုချက်များရှိ ဤကဲ့သို့သောအမှားအယွင်းနှင့် မညီညွတ်မှုများကြောင့် ဂျူးကျမ်းပညာရှင်များကြား အရှက်တကွဲဖြစ်စေခဲ့ရုံမက အတော်အတန်ဆွေးနွေးနှီးနှောစရာလည်း ဖြစ်ခဲ့ပါသည်။ ဤသက္ကရာဇ်စဉ်ဇယားကို သမိုင်းဝင်အချက်အလက်များနှင့် ကိုက်ညီစေရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အောင်မြင်မှုအပြည့်အဝ မရရှိခဲ့သေးချေ။ အဘယ်ကြောင့်နည်း။ “သူတို့စိတ်ဝင်စားရာသည် ပညာသဘောတရားဆိုင်ရာထက် ဘာသာတရားဆိုင်ရာပိုများသည်” ဟုဂျူးစွယ်စုံကျမ်းကမှတ်ချက်ချသည်။ “အထူးသဖြင့် သင်းခွဲသည့်ဂိုဏ်းဂဏများရှိနေသဖြင့် မည်သို့ပင်ဖြစ်စေ ထုံးတမ်းစဉ်လာကို စွဲကိုင်ရမည်ဖြစ်သည်။” သူတို့၏ထုံးတမ်းစဉ်လာများက အရှုပ်တော်ပုံကို ပပျောက်စေမည့်အစား ဂျူးကျမ်းပညာရှင်အချို့သည် သမ္မာကျမ်းစာမှတ်တမ်းများကို ကြိုးစားအပြစ်ရှာကြသည်။ အခြားသူများကြပြန်လျှင် ဗာဗုလုန်၊ အီဂျစ် နှင့် ဟိန္ဒူဒဏ္ဍာရီများ၊ ထုံးတမ်းစဉ်လာများမှ ထောက်ခံချက်များတွေ့ရှိရန် ကြိုးစားခဲ့ကြသည်။

ယင်းကြောင့် သမိုင်းဆရာများက “ဖန်ဆင်းခြင်းခေတ်ကာလ” ကို စိတ်ချနိုင်လောက်သော သက္ကရာဇ်စဉ်အဖြစ် မယူမှတ်ကြတော့ပေ။ ယင်းကိုခုခံပြောဆိုသူ ဂျူးကျမ်းပညာရှင်အနည်းငယ်သာရှိမည်ဖြစ်ကာ ယုံကြည်လက်ခံထိုက်သော ကိုးကားပြုစုချက်များအဖြစ် ယူမှတ်ထားသည့် ဂျူးစွယ်စုံကျမ်း နှင့် ဂျူးနှင့်ဆိုင်သောစွယ်စုံကျမ်းတို့ကပင် များသောအားဖြင့် ယင်းကို အပြုသဘောအမြင်မရှိချေ။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ယေဟောဝါဘုရားသခင် ဖွင့်လှစ်ဖော်ပြထားသော ပရောဖက်ပြုချက်ဆိုင်ရာ သက္ကရာဇ်စဉ်ဇယားအရ ကမ္ဘာကိုဖန်ဆင်းချိန်မှစတင်၍ အချိန်ကိုတွက်ချက်သော ရိုးရာဆိုင်ရာဂျူးများ၏နည်းစနစ်သည် တိကျမှန်ကန်သည်ဟု မယူမှတ်နိုင်ပါ။

[အောက်ခြေမှတ်ချက်များ]

a ယေရှုခရစ်သည် ဘီ.စီ. ၂ ခုနှစ်တွင် မွေးဖွားတော်မူကြောင်း သမ္မာကျမ်းစာဆိုင်ရာနှင့် သမိုင်းဆိုင်ရာသာဓကများက ဖော်ပြပါသည်။ ထိုကြောင့် အတိအကျဖော်ပြနိုင်ရန် စီ.အီး. (ခေတ်သက္ကရာဇ်) နှင့် ဘီ.စီ.အီး. (ခေတ်သက္ကရာဇ်မတိုင်မီ) ဟူသောသတ်မှတ်ချက်များကို များသောအားဖြင့် အသုံးပြုလိုကြပါသည်။ ကင်းမျှော်စင်အသင်း၏ စာအုပ်စာတမ်းများတွင် ဤနည်းအတိုင်းပင် နှစ်သက္ကရာဇ်တို့ကို ဖော်ပြလေ့ရှိသည်။

b အသေးစိတ်အချက်အလက်များအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းထုတ်ဝေထားသည့် ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း (လိပ်)၊ အတွဲ ၂၊ စာမျက်နှာ ၆၁၄-၁၆၊ ၉၀၀-၉၀၂ သို့မဟုတ် ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု၊ သင်ခန်းစာ အခန်း ၃၊ အပိုဒ် ၁၈; က၉၂ ၁၀/၁ စ. ၁၁၊ အပိုဒ် ၈-၁၁ ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ