“သူတို့သည် သူ၏စကားသံကို ကျွမ်း” ၏
“ယေဟောဝါသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။” ယင်းသည် ဆာလံ ၂၃ (ကဘ) ၏နိဒါန်းဖြစ်သည်။ ဤသို့ဆိုသော ဟေရှာယ၏ ပရောဖက်ပြုချက်တွင်လည်း သမ္မာကျမ်းစာက ယေဟောဝါဘုရားသခင်ကို သိုးထိန်းတစ်ဦးနှင့် နှိုင်းယှဉ်ထားသည်– “မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော်မူမည်။”—ဟေရှာယ ၄၀:၁၁။
ဤနည်းထပ်တူပင် ယေရှုခရစ်တော်ကို သိုးထိန်းတစ်ဦးနှင့် နှိုင်းယှဉ်ထားသည်။ ကိုယ်တော်က ဤသို့ဆိုသည်– “ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလို့ငှာ မိမိအသက်ကို စွန့်တတ်၏။” (ယောဟန် ၁၀:၁၁) “သူ [သိုးထိန်း၏] စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ထုတ်ဆောင်တတ်၏” ဟုယေရှုမိန့်တော်မူသည်။ ထပ်ဆင့်၍လည်း “သိုးများသည် သူ [သိုးထိန်း] ၏စကားသံကိုကျွမ်းသောကြောင့် လိုက်တတ်ကြ၏။ မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့် မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်” ဟုမိန့်တော်မူ၏။—ယောဟန် ၁၀:၂-၅။
အထက်ပါကျမ်းချက်များတွင် ဖော်ပြထားသောစံနမူနာတော်အတိုင်း ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့သည် ပြုမူဆောင်ရွက်တော်မူခဲ့ပြီ။ သူတို့သည် မိမိတို့၏ ပုံဆောင်ရာသိုးတို့ကို တယုတယရှိ၍ မေတ္တာရှိရှိပြုစုကြည့်ရှုတော်မူကြသည်။ ယင်းကြောင့် သိုးကဲ့သို့သောသူတို့က မြတ်နိုးခံရသည်၊ လုံခြုံမှုရှိသည်၊ စောင့်ရှောက်ကာကွယ်ခံရသည်ဟု ခံစားကြရ၏။
ဤဆက်ဆံမှုမျိုးကို ပကတိသိုးတို့နှင့် သူတို့သိုးထိန်း၏ ဆက်ဆံမှုနှင့် လျောက်ပတ်ဆီလျော်စွာ နှိုင်းယှဉ်ထားသည်။ လွန်ခဲ့သော ၁၈၃၁ ခုနှစ်က ဂျောန်ဟာတ်လေသည် ယင်းနှင့်စပ်လျဉ်း၍ သူ၏သုတေသနပြုချက်များကို ရေးသားဖော်ပြခဲ့သည်။ ဂရိနိုင်ငံတွင် သိုးထိန်းများသည် မိမိတို့၏သိုးများအား နာမည်မှည့်ထားလေ့ရှိကြောင်း သူသတိပြုခဲ့သည်။ နာမည်ဖြင့်ခေါ်ခံရသည့်အခါ သိုးတို့သည် သိုးထိန်း၏အသံကို တုံ့ပြန်လေ့ရှိကြသည်။ နောက် ၅၁ နှစ်အကြာ၊ ၁၈၈၂ ခုနှစ်တွင် ဂျေ. အယ်လ်. ပေါ်တာသည် ထပ်တူဖော်ပြချက်တို့ကို တင်ပြသည်။ သိုးထိန်းများ အသံပြုလိုက်သော “စူးရှထူးခြားသောအသံ” နောက်သို့ သိုးများနာခံလျက် လိုက်သွားလေ့ရှိသည်ကို သူကိုယ်တိုင် တွေ့မြင်ခဲ့သည်။ ထိုနှစ်တွင်ပင် ဝီလျံ အမ်. တမ်စင်က သိုးများအား သိုးထိန်းအသံကိုမှတ်မိပြီး သူ့နောက်လိုက်ကြရန် လေ့ကျင့်သွန်သင်ပေးနိုင်ကြောင်း မိမိပြုခဲ့သောစမ်းသပ်ချက်များကို ရေးသားဖော်ပြခဲ့သည်။
သိုးထိန်းနှင့် သူတို့၏သိုးများစပ်ကြား ဤထူးခြားသောဆက်ဆံမှုရှိကြောင်းကို များမကြာမီနှစ်များအတွင်း သတိပြုမိခဲ့ပြီလော။ သတိပြုခဲ့ပြီ။ ၁၉၉၃ စက်တင်ဘာ လထုတ် နယ်ရှင်နယ်လ် ဂျီအိုဂရဲဖစ်တွင် စွန့်စားလုပ်ဆောင်သူ ဩစတြေးလျနိုင်ငံသား ရာဗင် ဒေးဗစ်စင်က အိန္ဒိယအနောက်မြောက်ဘက်မှ ရာဗာရီသိုးထိန်းသမားများအကြောင်း အောက်ပါအတိုင်း ရေးသားခဲ့သည်– “သီချင်းတစ်ပုဒ်ကိုအခြေပြုသော သိုးထိန်းတစ်ဦးစီ၌ အနည်းအကျဉ်းစီ ကွဲပြားသောအသံပြုချက်များရှိသည်။ ထွက်ခွာစေသည့် နံနက်အသံပြုချက်များ၊ ရေသောက်ဖို့ ချောင်းသို့ပို့ဆောင်ပေးသည့် အသံဗလံ အစရှိသည့် အသံအမျိုးမျိုးရှိသည်။ တစ်ဦးစီအနေနှင့် မိမိသိုးကို မိမိသိသကဲ့သို့ သိုးတို့ကလည်း မိမိတို့သခင်ကို သိကြသည်။ နံနက်ချိန်တွင် သိုးစုသည် ကိုယ်ဆိုင်ရာသခင်နောက်သို့ သိုးအုပ်ကြီးထဲမှ ထွက်၍ လိုက်ပါသွားလေ့ရှိသည်။”
အဆိုပါခရီးသည်လေးဦး၏ ဖော်ပြချက်များအတိုင်း ယေရှုလည်း အမှန်သတိပြုတွေ့ရှိတော်မူခဲ့သည်။ ကိုယ်တော်တိုင်၏ သတိပြုချက်များကလည်း အသံတော်ကိုကျွမ်းသောသိုးဆိုင်ရာ ပုံဥပမာကို ပိုမိုအဓိပ္ပာယ်ရှိစေသည်။ အသင်သည် ယေရှု၏သိုးအဝင် ဖြစ်ပါသလော။ ကိုယ်တော်၏အသံကို အသင် ကျွမ်းပါသလော။ ၎င်းကို နားထောင်သလော။ ကိုယ်တော်၏သွန်သင်ချက်များသည် သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုပြီး ကိုယ်တော်၏မိန့်မှာချက်များကို လိုက်လျှောက်နာခံမည်၊ ယေဟောဝါအား ကိုယ်တော်ဝတ်ပြုသည်နည်းတူ ဝတ်ပြုကိုးကွယ်မည်ဆိုလျှင် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်၏ ချစ်ခြင်းမေတ္တာဖြင့် ယုယကြင်နာစွာပြုသော ထိန်းကျောင်းခြင်းကို အသင်ခံစားရပါလိမ့်မည်။—ယောဟန် ၁၅:၁၀။