နျူကလီးယားခြိမ်းခြောက်မှု—နောက်ဆုံးတွင်ဇာတ်သိမ်းမည်လော
“ကမ္ဘာ့ငြိမ်းချမ်းရေးသည် ဒုတိယကမ္ဘာစစ်မှစ၍ ယခုအချိန်သည် ပို၍ဖြစ်နိုင်ဖွယ်ရှိသည်။” ၁၉၈၀ ပြည့်လွန်နှစ်များအကုန်ပိုင်းလောက်က သတင်းထောက်တစ်ဦး၏ ဤအပြုသဘောဆောင်သည့် အကဲဖြတ်ဝေဖန်သုံးသပ်ချက်သည် အဓိပ္ပာယ်ပါသော လက်နက်ဖျက်သိမ်းရေးသဘောတူညီချက်နှင့် မမျှော်လင့်သည့် နိုင်ငံရေးဆူပူအုံကြွမှုက အဆုံးတွင် စစ်အေးတိုက်ပွဲကို နိဂုံးချုပ်ပေးလိုက်သည်ဟူသော အချက်အပေါ် အခြေပြုသည်။ သို့သော် ယခင်အင်အားကြီးနိုင်ငံများ၏ ပေါ်လွင်ထင်ရှားလှသည့်ပြိုင်ဆိုင်မှုကြောင့်ဖြစ်သော နျူကလီးယားခြိမ်းခြောက်မှုသည် အဆုံးသတ်ပြီလော။ အဓွန့်ရှည်သည့် ငြိမ်းချမ်းရေးနှင့်လုံခြုံမှုသည် အမှန်ပင် လက်တစ်ကမ်းအလိုတွင် ရောက်နေသလော။
ပြန့်ပွားခြင်း၏ဘေးအန္တရာယ်များ
စစ်အေးတိုက်ပွဲအတွင်း ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် အပြိုင်အင်အားရှိရေးကို အားထားစဉ်အချိန်က အင်အားကြီးနိုင်ငံများသည် ငြိမ်းချမ်းသည့်အကျိုးရလဒ်များ ရရှိရန်ရည်ရွယ်ချက်ဖြင့် နျူကလီးယားနည်းပညာတိုးတက်ဖွံ့ဖြိုးရေးကို ခွင့်ပြုကြသော်လည်း နျူကလီးယားလက်နက်ထုတ်လုပ်မှုအတွက် ယင်းကိုအသုံးချခြင်းကိုမူ ကန့်သတ်ထားရန် သဘောတူညီကြသည်။ ၁၉၇၀ ပြည့်နှစ်တွင် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် အကျိုးသက်ရောက်ခဲ့သည်; နောက်ပိုင်းတွင် နိုင်ငံပေါင်း ၁၄၀ အထိ သဘောတူလက်ခံလာကြသည်။ သို့သော် အာဂျင်တီးနား၊ ဘရာဇီး၊ အိန္ဒိယနှင့် အစ္စရေးတို့ကဲ့သို့သော နျူကလီးယားလက်နက်ထုတ်လုပ်နိုင်သည့် အလားအလာရှိသောနိုင်ငံများကမူ ယခုအချိန်အထိ လက်မှတ်ရေးထိုးရန် ငြင်းဆန်ကြသည်။
သို့သော် ၁၉၈၅ ခုနှစ်တွင် အလားအလာရှိနိုင်ငံတစ်ခုဖြစ်သည့် မြောက်ကိုရီးယားက လက်မှတ်ရေးထိုးလိုက်သည်။ ထိုကြောင့် ၁၉၉၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် စာချုပ်အဖွဲ့မှ မိမိနုတ်ထွက်လိုက်ကြောင်း ကြေညာလိုက်သောအခါ ကမ္ဘာက ယောက်ယက်ခတ်သွားသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။ ဂျာမန်သတင်းမဂ္ဂဇင်း ဒေရ်ရှပီးဂဲလ်က ဤသို့ရှင်းပြသည်– “နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်အဖွဲ့မှ နုတ်ထွက်ခြင်းကို သတိပေးခြင်းသည် ရှေ့ပြေးဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်စေသည်– အာရှတွင် အစပြုလိုက်သော နျူကလီးယားလက်နက်ပြိုင်ဆိုင်ခြင်း၏ ခြိမ်းခြောက်မှုသည် အင်အားကြီးနိုင်ငံများအကြား အနုမြူဗုံးပြိုင်ဆိုင်မှုထက်ပင် ပို၍အန္တရာယ်ရှိလာနိုင်သည်။”
အမျိုးသားရေးဝါဒက နိုင်ငံသစ်များကို အံ့မခန်းဖွယ်နှုန်းဖြင့် ပေါ်ပေါက်စေသည်နှင့်အမျှ နျူကလီးယားပိုင်ဆိုင်သည့်နိုင်ငံများလည်း တိုးပွားလာဖွယ်ရှိသည်။ (လေးထောင့်ကွက်ကိုရှု) သတင်းစာဆရာ ချားလ်ဇ်ကရောက်ဟဲမားက ဤသို့သတိပေးသည်– “ဆိုဗီယက်၏ခြိမ်းခြောက်မှုအဆုံးတိုင်ခြင်းသည် နျူကလီးယားအန္တရာယ်အဆုံးတိုင်ခြင်းကို မဆိုလိုပါ။ အန္တရာယ်အစစ်အမှန်ကား နျူကလီးယားလက်နက်ပြန့်ပွားခြင်းဖြစ်ပြီး ပြန့်ပွားခြင်းသည် ယခုပင်စတင်နေပြီဖြစ်သည်။”
ဗုံးများရောင်းရန်
နျူကလီးယားပိုင်ဆိုင်ရန် အလားအလာရှိသောနိုင်ငံများသည် ယင်းလက်နက်များကြောင့်ရရှိမည့် အမည်နှင့်အာဏာကို ရလိုစိတ်ပြင်းထန်ကြသည်။ နိုင်ငံတစ်နိုင်ငံဆိုလျှင် ကာဇက်စတန်နိုင်ငံမှ အနည်းဆုံး နျူကလီးယားထိပ်ဖူးနှစ်ခုကို ဝယ်ယူထားပြီးဖြစ်သည်ဟုဆိုသည်။ ယခင်ဆိုဗီယက်ပြည်ထောင်စုဖြစ်သည့် ဤနိုင်ငံသည် နျူကလီးယားထိပ်ဖူးများကို “ပျောက်ဆုံး” စာရင်းထဲတွင် တရားဝင်ထည့်ထားသည်။
၁၉၉၂၊ အောက်တိုဘာလက ဂျာမနီနိုင်ငံ ဖရန့်ခ်ဖတ်မြို့တွင် မြို့၏ရေပေးစနစ်တစ်ခုလုံးကို အဆိပ်အတောက်ဖြစ်စေနိုင်သော ရေဒီယိုသတ္တိကြွနှုန်းမြင့်မားသည့် စီဇီယံဒြပ်စင်ခုနစ်အောင်စတွေ့ရှိမှုဖြင့် လူများစွာတို့အဖမ်းခံရကြသည်။ နောက်တစ်ပတ်ကြာသောအခါ မြူးနစ်မြို့တွင် မှောင်ခိုကုန်သည်ခုနစ်ဦးကို ယူရေနီယံဒြပ်စင် ၄.၉ ပေါင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ နှစ်ပတ်အတွင်း လက်ဝါးကြီးအုပ်နျူကလီးယားမှောင်ခိုဂိုဏ်းနှစ်ဂိုဏ်းကို ဖော်ထုတ်ဖမ်းမိခြင်းက ရဲအရာရှိများအား အထိတ်တလန့်ဖြစ်စေခဲ့သည်။ အကြောင်းမှာ ယမန်နှစ်တစ်နှစ်လုံးလုံး ကမ္ဘာတစ်ခွင်လုံးတွင်မှ ယင်းကဲ့သို့သောအမှုငါးမှုသာ ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။
ဤသူများက ရောင်းချရန်ကြံစည်သူများမှာ အကြမ်းဖက်အုပ်စုများကိုလော၊ တိုင်းနိုင်ငံတို့၏အစိုးရများကိုလောဟူမူ မသိရချေ။ မည်သို့ဆိုစေ နျူကလီးယားအကြမ်းဖက်မှု ဖြစ်နိုင်သည့်အလားအလာကမူ တိုးပွားလျက်ရှိသည်။ ဥရောပနျူကလီးယားလက်နက်ပြန့်ပွားမှုသတင်းပေးဌာနမှ ဒေါက်တာဒေးဗစ်လော်ရီက အန္တရာယ်ကို ဤသို့ရှင်းပြသည်– “အကြမ်းဖက်သူတစ်ဦးလုပ်ရမည်မှာ မြင့်မားစွာသြဇာဖြည့်ထားသည့် ယူရေနီယံနမူနာတစ်ခုကို စစ်ဆေးကြည့်ရှုရန်အတွက် နာမည်ကြီးအာဏာပိုင်တစ်ခုထံသို့ ပို့ပေးပြီး ကျွန်ုပ်တို့၌ ဤရွေ့ဤမျှသောယူရေနီယံရှိသည်၊ ဤသည်ကား သက်သေဖြစ်သည်ဟုပြောပြခြင်းဖြစ်သည်။ ယင်းသည် ပြန်ပေးဆွဲသူများက တန်ဆာခံများ၏နားရွက်ကို ဖြတ်၍ပေးပို့ခြင်းနှင့်တူသည်။”
ငြိမ်းချမ်းရေး “ချိန်ကိုက်ဗုံးများ” နှင့် “မရဏထောင်ချောက်များ”
၁၉၉၂ ခုနှစ်အစက နျူကလီးယားဓာတ်ပေါင်းဖို ၄၂၀ တို့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးခြင်းဖြင့် ငြိမ်းချမ်းရေးအကျိုးသယ်ပိုးနေကြသည်; အခြား ၇၆ ခုမှာ တည်ဆောက်ဆဲဖြစ်သည်။ သို့သော် နောက်နှစ်အနည်းငယ်ကြာသောအခါ ဓာတ်ပေါင်းဖိုတွင် မတော်တဆဖြစ်မှုများက အဖျားအနာတိုးပွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် ချို့တဲ့မှုဖြင့်မွေးဖွားခြင်းမှတ်တမ်းများကို ပေါ်ပေါက်စေသည်။ မှတ်တမ်းတစ်ခု၏အဆိုအရ ၁၉၆၇ ခုနှစ်က ဆိုဗီယက်နိုင်ငံရှိ ပလူတိုနီယံစက်ရုံတစ်ခု၌ဖြစ်ပွားသော မတော်တဆမှုများက ချာနိုဘိုင်းလ်ဘေးဆိုးကြီးတွင် ဖြစ်ပေါ်ခဲ့သော ရေဒီယိုသတ္တိကြွမှုထက် သုံးဆပို၍ ယိုစိမ့်မှုကိုဖြစ်စေသည်။
မှန်ပါသည်၊ ၁၉၈၆ ခု၊ ဧပြီလက ယူကရိန်းပြည်နယ်၊ ချာနိုဘိုင်းလ်မြို့တွင်ဖြစ်ခဲ့သော နောက်အဖြစ်အပျက်သည် လူများ၏အာရုံစူးစိုက်မှုခံခဲ့ရပြီး ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက ချာနိုဘိုင်းလ်စက်ရုံတွင် နျူကလီးယားဆိုင်ရာ လက်ထောက်အင်ဂျင်နီယာချုပ်ဖြစ်သူ ဂရီဂေါ်ယီမက်ဒ်ဗဲဒက်ဖ်က ရှင်းပြသည်မှာ လေထုထဲသို့ တစ်ဟုန်ထိုးပျံ့နှံ့ထွက်သွားသော “အဆမတန်များပြားလွန်းသည့် သက်တမ်းရှည်ကြာသော ရေဒီယိုထုတ်လွှတ်ခြင်း” သည် “ဟီရိုရှီးမားပေါ်တွင်ချခဲ့သည့်ဗုံး၏ ဆယ်ဆရှိသော ရေရှည်အကျိုးသက်ရောက်မှုအတိုင်းအတာနှင့် ညီမျှသည်။”
မက်ဒ်ဗဲဒက်ဖ်က သူရေးသော ချယ်နိုဘလ်စကာယာခရော်နီကာ အမည်ရှိစာအုပ်တွင် ၁၉၈၀ ပြည့်လွန်နှစ်များအလယ်လောက်က ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် ဖြစ်ပျက်ခဲ့သော အန္တရာယ်ကြီးမားသည့် နျူကလီးယားဓာတ်ပေါင်းဖိုမတော်တဆမှု ၁၁ ခုနှင့် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပျက်သော နောက်ထပ်မတော်တဆမှု ၁၂ ခုတို့ကို စာရင်းသွင်းဖော်ပြထားသည်။ နောက်ထပ်ဖော်ပြသည့် မတော်တဆမှုများတွင် ၁၉၇၉ ခုနှစ်က သုံးမိုင်ကျွန်းတွင်ဖြစ်ပျက်ခဲ့သော ထိတ်လန့်ဖွယ်ကိစ္စလည်း အပါအဝင်ဖြစ်သည်။ ထိုအဖြစ်အပျက်များနှင့်ပတ်သက်၍ သူဤသို့မှတ်ချက်ချသည်– “ယင်းက နျူကလီးယားစွမ်းအင်၏ ထင်ပေါ်ကျော်ကြားမှုကို ပထမဆုံးအကြိမ် အပြင်းအထန်ထိပါးထိုးနှက်ခြင်းဖြစ်ပြီး နျူကလီးယားဓာတ်အားပေးစက်ရုံများ လုံခြုံမှုနှင့်ပတ်သက်သည့် လွဲမှားသောထင်မြင်ယူဆမှုများကို လူများစွာတို့၏စိတ်ထဲမှ ဖယ်ထုတ်ပစ်သည်—သို့သော် လူအားလုံးတို့၏စိတ်ထဲမှမဟုတ်ချေ။”
ယင်းက မရှုမလှဖြစ်ရခြင်းများ အဘယ်ကြောင့်ဖြစ်မြဲဖြစ်နေရကြောင်းကို ဖော်ပြသည်။ ၁၉၉၂ ခုနှစ်အတွင်းက ရုရှားနိုင်ငံတွင် ယင်းသို့ဖြစ်ပျက်မှုများ ၂၀ ရာခိုင်နှုန်းနီးပါး တိုးပွားလာသည်။ ယင်းအဖြစ်အပျက်များအနက် တစ်ခုမှာ ထိုနှစ်၏မတ်လတွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ရှိ စော်စနော်ဗီဘော်ရာဓာတ်အားပေးစက်ရုံ၌ ဖြစ်ပျက်သော အဖြစ်အပျက်နောက်ပိုင်းတွင် ဓာတ်ရောင်ခြည်ဖြာထွက်မှုအတိုင်းအတာသည် အင်္ဂလန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ၅၀ ရာခိုင်နှုန်း၊ အက်စ်တိုးနီးယားနှင့် ဖင်လန်နိုင်ငံတောင်ပိုင်းတို့တွင် အများဆုံးလက်ခံနိုင်သည့်အတိုင်းအတာထက် နှစ်ဆအထိ တိုးပွားလာနေသည်။ နျူးကာစလ်တက္ကသိုလ်မှ ပါမောက္ခဂျွန်အာ့ခါ့တ် ဤသို့ဝန်ခံသည်– “စော်စနော်ဗီဘော်ရာကြောင့် အတိုင်းအတာကြီးမားလာတယ်ဆိုတာကို ကျွန်တော်သက်သေမပြနိုင်ဘူး။ ဒါပေမဲ့ စော်စနော်ဗီဘော်ရာကြောင့်မဟုတ်ရင် ဘယ်ဟာကြောင့်ဟုတ်ဦးမှာလဲ။”
အချို့အာဏာပိုင်များက ချာနိုဘိုင်းလ်ရှိ ဓာတ်ပေါင်းဖိုများ၏ တည်ဆောက်ပုံသည် ဟာကွက်ရှိပြီး ယင်းတို့လည်ပတ်ရာတွင် အလွန်ပင်အန္တရာယ်ကြီးမားကြောင်းအခိုင်အမာပြောဆိုကြသည်။ မည်သို့ဆိုစေ ကြီးမားသည့်လျှပ်စစ်ဓာတ်အားလိုအပ်မှုကို ဖြည့်စွက်ရာတွင် အကူအညီဖြစ်စေရန် ယင်းဓာတ်ပေါင်းဖိုတစ်ဒါဇင်ကျော်ကို အသုံးပြုနေဆဲဖြစ်သည်။ အထွက်စွမ်းအားကို တိုးမြှင့်ပေးရန်အတွက် လုံခြုံမှုဖြစ်စေသည့် အလွန်အရေးပါသောစနစ်များကို ပိတ်ပစ်သည်ဟု ဓာတ်ပေါင်းဖိုကို ကိုင်တွယ်မောင်းနှင်သူအချို့ စွပ်စွဲခံရကြသည့်အထိဖြစ်သည်။ ယင်း၏လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်းကို နျူကလီးယားစက်ရုံဖြင့်ထုတ်လုပ်သည့် ပြင်သစ်ကဲ့သို့သောနိုင်ငံမျိုးတို့ကို ဤကဲ့သို့သောသတင်းများက ထိတ်လန့်စေသည်။ နောက် “ချာနိုဘိုင်းလ်” အဖြစ်မျိုးထပ်ဖြစ်ပါက ပြင်သစ်နိုင်ငံ၏စက်ရုံများစွာတို့သည် အမြဲတမ်းပိတ်ပစ်ရန် အတင်းအကျပ်ပြုခံရဖွယ်ရှိသည်။
“လုံခြုံမှုရှိသည့်” ဓာတ်ပေါင်းဖိုများပင်လျှင် နှစ်များကြာလာသောအခါ လုံခြုံမှုမရှိတော့ကြောင်း ပေါ်လွင်လာသည်။ ၁၉၉၃ ခုနှစ်ဦးပိုင်းက လုပ်ထုံးလုပ်နည်းအတိုင်းလုံခြုံမှုစစ်ဆေးရာတွင် ဘရွန်စ်ဘွတ်တလ်ရှိ ဂျာမနီနိုင်ငံ၏သက်တမ်းအကြာဆုံးဓာတ်ပေါင်းဖိုတွင် သံမဏိပိုက်လိုင်းများထဲ၌ ကွဲအက်မှုတစ်ရာကျော်ကို တွေ့ရှိခဲ့သည်။ ပြင်သစ်နှင့်ဆွစ်ဇာလန်နိုင်ငံများရှိ ဓာတ်ပေါင်းဖိုများတွင်လည်း အလားတူကွဲအက်မှုများကို တွေ့ရှိရသည်။ ဂျပန်နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ရုံတွင် ၁၉၉၁ ခုနှစ်က ပထမဆုံးအကြိမ် အန္တရာယ်ဖြစ်သည့်မတော်တဆမှုဖြစ်ခဲ့ရာ သက်တမ်းသည် ဖြစ်နိုင်သည့်အကြောင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းအချက်က သက်တမ်းဆယ်နှစ်ကျော်ပြီဖြစ်သော ယင်း၏စီးပွားရေးလုပ်ငန်းသုံးဓာတ်ပေါင်းဖို သုံးပုံနှစ်ပုံခန့်ရှိ ယူနိုက်တက်စတိတ်အား ရှေ့ပြေးနိမိတ်ပြခြင်းဖြစ်သည်။
နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆမှုသည် မည်သည့်အချိန်တွင်မဆို၊ နေရာဒေသမရွေးဖြစ်နိုင်သည်။ ဓာတ်ပေါင်းဖိုများလေလေ၊ ထိတ်လန့်စရာပိုကောင်းလေလေဖြစ်သည်; ဓာတ်ပေါင်းဖိုသက်တမ်းကြာလေလေ အန္တရာယ်ပိုကြီးမားလေလေဖြစ်သည်။ ထို့ကြောင့် သတင်းစာတစ်စောင်က ယင်းတို့အား ခလုတ်ပြုတ်နေသောချိန်ကိုက်ဗုံးနှင့် ရေဒီယိုသတ္တိကြွမရဏထောင်ချောက်များဟု အမည်ပေးထားခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။
အမှိုက်များကို မည်သည့်နေရာတွင် သူတို့စွန့်ပစ်သင့်သနည်း
မကြာသေးမီက ဖရဲ့န်ချ်အဲ့လ်ပ်ရှိ ပျော်ပွဲစားထွက်ရန်ကောင်းသည့်မြစ်ကမ်းဒေသကို စည်းရိုးများကာပြီး ရဲများစောင့်ကြပ်နေသည်ကို လူများမြင်၍ အံ့အားသင့်ကြသည်။ သည်ယူရိုပီယန် သတင်းစာက ဤသို့ရှင်းပြသည်– “လွန်ခဲ့သည့်နှစ်လက ဒေသခံအမျိုးသမီးတစ်ဦး ဘရီလီယံဒြပ်စင်အဆိပ်သင့်မှုကြောင့် သေဆုံးပြီးနောက်ပိုင်း ပျော်ပွဲစားထွက်သည့်နေရာသည် ယင်း၏ပတ်ဝန်းကျင်ထက် ရေဒီယိုသတ္တိကြွမှုအဆ ၁၀၀ ပိုများကြောင်း လုပ်ထုံးလုပ်နည်းအတိုင်းစစ်ဆေးမှုများပြုလုပ်ခြင်းက ဖော်ပြသည်။”
နည်းအမျိုးမျိုးဖြင့် ထုတ်လုပ်ရယူနိုင်သော ထူးခြားစွာပေါ့ပါးသည့်သတ္တုဖြစ်သော ဘရီလီယံကို လေယာဉ်စက်ပစ္စည်းထုတ်လုပ်ရေးတွင်လည်းကောင်း၊ ယင်းကို ရောင်ခြည်ပြခြင်းအားဖြင့် နျူကလီးယား ဓာတ်အားပေးစက်ရုံများတွင်လည်းကောင်း အသုံးပြုနိုင်သည်။ ခိုင်လုံသည့် အထောက်အထားများအရ ဘရီလီယံထုတ်လုပ်သောစက်ရုံတစ်ရုံ သည် ရောင်ခြည်ပြဖြစ်စဉ်မှ အန္တရာယ်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများကို ပျော်ပွဲစားထွက်သည့်နေရာ သို့မဟုတ် ယင်း၏အနီးတစ်ဝိုက်တွင် စွန့်ပစ်ခဲ့သည်။ “ဘရီလီယံဖုန်မှုန့်သည် ရောင်ခြည်ပြမခံရသောအခါ၌ပင်လျှင် အန္တရာယ်အဖြစ်စေဆုံးသော စက်ရုံထုတ်စွန့်ပစ်ပစ္စည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်” ဟု သည်ယူရိုပီယန် သတင်းစာက ရှင်းပြသည်။
ထို့အတူ ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းအတွင်း ဆိုဗီယက်က နျူကလီးယားစမ်းသပ်ရေးစခန်းအဖြစ် အသုံးပြုသော နိုဗာယာဇမ်မလီးယားကျွန်း၏ ကမ်းခြေတွင် နှစ်ပေါင်း ၃၀ ကျော်တစ်လျှောက်လုံး ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းထည့်သည့် သေတ္တာကြီးပေါင်း ၁၇,၀၀၀ ခန့်တို့ ရေထဲသို့စွန့်ပစ်ခံရကြောင်း အစီရင်ခံချက်များအရ သိရှိရသည်။ တစ်ဖန် နျူကလီးယားရေငုပ်သင်္ဘောများ၏ ရေဒီယိုသတ္တိကြွသည့် အစိတ်အပိုင်းများနှင့် အနည်းဆုံး နျူကလီးယားဓာတ်ပေါင်းဖို ၁၂ ခုတို့၏ အစိတ်အပိုင်းများသည် ဤအဆင်ပြေသောအမှိုက်ပုံးထဲသို့ ထည့်ခြင်းခံခဲ့ရသည်။
ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲလျက်ဖြစ်စေ နျူကလီးယားညစ်ညမ်းမှုသည် အန္တရာယ်ဖြစ်စေနိုင်သည်။ ၁၉၈၉ ခုနှစ်က နော်ဝေးကမ်းရိုးတန်းတွင် နှစ်မြုပ်ခဲ့သော ရေငုပ်သင်္ဘောတစ်စင်းနှင့်ပတ်သက်၍ တိုင်းမ် က ဤသို့သတိပေးသည်– “သင်္ဘောပျက်တွင် ကင်ဆာရောဂါဖြစ်စေနိုင်သော စီဇီယံအသွင်ကွဲတစ်ခုဖြစ်သည့် စီဇီယံ-၁၃၇ များ ယိုစိမ့်ထွက်နေသည်။ ယခုအထိ ယိုစိမ့်မှုအတိုင်းအတာသည် ရေသတ္တဝါများ၏အသက် သို့မဟုတ် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်လောက်အောင် မကြီးမားသေးကြောင်း ယူမှတ်ခံရသည်။ သို့သော် ကော်မ်စမောလျက်တ်စ် တွင် အမှုန်တစ်ခုတည်းကပင် လူကိုသေစေနိုင်လောက်အောင် အဆိပ်အတောက်ဖြစ်နိုင်မှု မြင့်မားလွန်းလှသည့် သက်တမ်းဝက် ၂၄,၀၀၀ နှစ်ရှိပလူတိုနီယံ ၁၃ ကီလိုဂရမ်ပါဝင်သော နျူကလီးယားတော်ပီဒိုနှစ်လုံး လည်းပါသည်။ ရုရှားအမျိုးသားကျွမ်းကျင်သူများက ပလူတိုနီယံသည် ရေထဲတွင် ပျံ့နှံ့သွားပြီး ၁၉၉၄ ခုနှစ်လောက်မှစ၍ အလွန်ကျယ်ပြန့်သည့်အတိုင်းအတာဖြင့် သမုဒ္ဒရာရေပြင်ကို ညစ်ညမ်းစေနိုင်သည်ဟု သတိပေးခဲ့သည်။”
ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများကို ထားသိုခြင်းကိစ္စသည် ပြင်သစ်နှင့်ရုရှားနိုင်ငံတို့အတွက်သာ ပြဿနာဖြစ်သည်မဟုတ်ပါ။ ယူနိုက်တက်စတိတ်သည် “ရေဒီယိုသတ္တိကြွအမှိုက်များ တောင်ပုံယာပုံရှိနေပြီး ယင်းတို့ကို အတည်တကျထားသိုရန် နေရာမရှိချေ” ဟု တိုင်းမ် ကအစီရင်ခံသည်။ “ကိုင်တွယ်စီမံမှုလွဲမှားပါက ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်းနှင့် ပတ်ဝန်းကျင်ကို ဘေးဖြစ်စေခြင်း အန္တရာယ်များ” ဖြင့် စည်တစ်သန်းရှိသော သေစေနိုင်သည့်ပစ္စည်းများသည် အမြဲတည်ရှိသွားမည့် ယာယီသိုလှောင်ရေးစခန်းများတွင် ရှိနေကြသည်။
ဤအန္တရာယ်ကို ပုံဖော်ပြရမည်ဆိုလျှင် ဆိုက်ဘေးရီးယားပြည်နယ်၊ တော့မ်စ်ခ်မြို့မှ ယခင်လက်နက်ထုတ်လုပ်ရေးဌာနရှိ နျူကလီးယားစွန့်ပစ်ပစ္စည်းထည့်သည့် စည်ကြီးတစ်ခုသည် ၁၉၉၃ ခု၊ ဧပြီလတွင် ပေါက်ကွဲခဲ့ရာ ဒုတိယချာနိုဘိုင်းလ်မတော်တဆမှုအသွင် ထိတ်လန့်ဖွယ်အရိပ်နိမိတ်ကို ဖြစ်ပေါ်စေသည်။
ရှင်းနေသည်ကား နျူကလီးယားခြိမ်းခြောက်မှု နိဂုံးချုပ်မည်ဟူသော အဆိုအပေါ် အခြေပြုထားသည့် ငြိမ်းချမ်းရေးနှင့်လုံခြုံမှုရမည်ဟူသော ကြွေးကြော်သံများသည် အခြေအမြစ်မခိုင်လုံပါ။ သို့ဖြစ်စေကာမူ ငြိမ်းချမ်းရေးနှင့်လုံခြုံမှုကား နီးနေပေပြီ။ ကျွန်ုပ်တို့မည်သို့သိရသနည်း။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
နျူကလီးယားပိုင်ဆိုင်သည့်နိုင်ငံများ
၁၂ နိုင်ငံနှင့် ပိုများလာနေ
တရားဝင်ကြေညာထားသည့်နိုင်ငံများ– ဘယ်လာရုစ်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အစ္စရေး၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တောင်အာဖရိက၊ ယူကရိန်း၊ ယူနိုက်တက်စတိတ်
ဖြစ်လာမည့်နိုင်ငံများ– အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနား၊ ဘရာဇီး၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဆီးရီးယား၊ တိုင်ဝမ်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းရေးအတွက်အသုံးပြုခြင်းပင် အန္တရာယ်ဖြစ်နိုင်သည်
[Credit Line]
နောက်ခံ—U.S. National Archives photo
[Picture Credit Line on page 2]
Cover: Stockman/International Stock
[Picture Credit Line on page 3]
U.S. National Archives photo