အီသီယိုးပီးယားနိုင်ငံ၏ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီး—အထူးရွှင်လန်းဖွယ်အချိန်
လွတ်လပ်မှုရပြီးနောက် အီသီယိုးပီးယားနိုင်ငံ၏ ပထမဆုံးအကြိမ်ကျင်းပသောခရိုင်စည်းဝေးပွဲကြီး မဟုတ်သော်လည်း ယင်းသည် အမှန်ပင်ထူးခြားသည်။ ၁၉၉၁ ခု၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားဝင်အသိအမှတ်ပြုခံရပြီးနောက် ယေဟောဝါသက်သေများသည် အက်ဒါစဘာဘာမြို့လယ်ရှိ နိုင်ငံ၏အကြီးဆုံးသော အားကစားရုံဖြစ်သည့် မြို့တော်အားကစားရုံတွင် တတိယအကြိမ်မြောက် တွေ့ဆုံစုရုံးခဲ့ကြခြင်းဖြစ်သည်။ အစကတည်းက ဤရုံကို တနင်္ဂနွေနေ့အတွက် မရနိုင်သည်ကတစ်ကြောင်း၊ အလုံအလောက်ကျယ်ဝန်းသည့် အခြားအဆောက်အအုံများလည်း မတွေ့နိုင်သည်ကတစ်ကြောင်းတို့ကြောင့် အစီအစဉ်ကိုချုံး၍ ၁၉၉၄ ခု၊ ဇန်နဝါရီ ၁၃ မှ ၁၅ ရက်၊ ကြာသပတေးနေ့မှ စနေနေ့အထိ သုံးရက်ဖြစ်သွားသည်။
ထိုသုံးရက်သည် အပြာရောင်ကောင်းကင်အောက်တွင် အလွန်မျှတကောင်းမွန်သော ရာသီဥတုဖြင့်သာမက “မြင့်မြတ်သောသွန်သင်ခြင်း” ၏ ပြည့်ပြည့်ဝဝအကျိုးသက်ရောက်မှုဖြင့်ပြီးသည့် ဝိညာဏထွန်းလင်းမှုကိုပါ မွေ့လျော်ခဲ့ရသည်။ ပန်းများဖြင့်အလှဆင်ထားသော စင်မြင့်ပတ်လည်တွင် စည်းဝေးပွဲကြီးခေါင်းစဉ်သည် အယ်မ်ဟားရစ်စကားဖြင့် ပီပြင်ထင်ရှားစွာရှိနေသည်။
သို့သော် စည်းဝေးပွဲကြီးကို ထူးခြားစေသည်ကား အဘယ်အရာနည်း။ အလွန်ကောင်းမွန်လှသည့်အစီအစဉ်နှင့်အတူ လူတိုင်း၏အတွေးနှင့် ခံစားချက်များသည် ကျွန်ုပ်တို့၏ အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအဖွဲ့နှင့် ဘုရားသခင့်နိုင်ငံတော်တိုးပွားမှုအားဖြင့် မိမိလူများအပေါ် ကိုယ်တော်ချပေးသည့်ကောင်းချီးများအကြောင်း ရှင်းလင်းစွာဖော်ပြချက်များတွင် ဗဟိုပြုနေကြသည်။ ဂျဘုတီနှင့် ယီမင်နိုင်ငံများပင် ပါဝင်သည့် နိုင်ငံ ၁၆ ခုမှ နိုင်ငံခြားကိုယ်စားလှယ် ၂၇၀ ခန့် တက်ရောက်ခဲ့ကြသည်။ ထက်ဝက်ကျော်တို့သည် ဆောင်းရာသီကျရောက်နေသော ဥရောပနှင့် မြောက်အမေရိကတို့မှ လာကြသည်။ ဧည့်သည်များထဲတွင် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် လွိုက်ဘယ်ရီနှင့် ဒယ်နီယယ်ဆစ်ဒလစ်ခ်တို့လည်း ပါကြသည်။
အီသီယိုးပီးယားတို့၏ ထုံးတမ်းစဉ်လာဧည့်ဝတ်ကျေပွန်မှုနှင့်အတူ ရောက်ရှိလာသောညီအစ်ကိုများအပေါ် လှိုက်လှဲသည့်မေတ္တာ ပေါင်းစပ်လိုက်သောအခါ ဘာသာစကားခြားနားမှုအတားအဆီးကို ကျော်လွှားနိုင်သည့် အလွန်ရွှင်လန်းမြူးထူးမှုတစ်ခု ဖြစ်သွားရသည်။ နှုတ်ဆက်ရာတွင်လည်း လက်ဆွဲနှုတ်ဆက်ခြင်းသာမက ဖက်လဲတကင်းဖြင့် နမ်းရှုပ်ခြင်းများလည်း ခြောက်ကြိမ်အထိပြုလုပ်ကြသည်! အများသောသူတို့သည် အီသီယိုးပီးယားနိုင်ငံရှိ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းအကြောင်းကို ဖတ်ထားကြပြီး မိမိတို့၏အီသီယိုးပီးယားညီအစ်ကိုများသည် အကျဉ်းချခံရခြင်းနှင့် အခြားသောညှဉ်းပန်းနှိပ်စက်မှုများအားဖြင့် စမ်းသပ်မှုခံရသော သမာဓိစောင့်သိသူများဖြစ်ကြောင်း သိထားကြသည်။ a သို့သော် ရောက်ရှိလာကြသည့် ကိုယ်စားလှယ်များသည် ယနေ့နိုင်ငံများစွာတို့တွင် လျော့ပါးလာပြီဖြစ်သော ရွှင်လန်းသည့်မျက်နှာထားနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့ကို လူငယ်များစွာတို့တွင်တွေ့ရ၍ အလွန်အံ့အားသင့်နေကြသည်။ အီသီယိုးပီးယားညီအစ်မများစွာတို့က ကျွမ်းကျင်စွာပန်းထိုးထားသော အဖြူရောင်ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားကြရာ ယင်းက ပျော်ရွှင်မြူးထူးမှုကို ထပ်လောင်းပေးသည်။
သောကြာနေ့တွင်ကျင်းပသော နှစ်ခြင်းခံသည့်အစီအစဉ်သည် အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့သည်။ အသက် ၁၀ နှစ်မှ ၈၀ အရွယ်ရှိ ဆက်ကပ်အပ်နှံပြီးသူလူသစ် ၅၃၀ တို့၏ ရှည်လျားသောအတန်းသည် ရုံထဲရှိအားကစားကွင်းထက်ဝက်အထိ ရှိသည်။ ယင်းသည် မျှော်လင့်ထားသည်ထက် များစွာပိုသောအရေအတွက်—နိုင်ငံတွင်းရှိသက်သေခံခုနစ်ဦးတွင် တစ်ဦးနှုန်းထက် ပိုများသည်။ ဤနေရာတွင်ရှိသော ယေဟောဝါ၏လူများအပေါ် ကိုယ်တော့်ကောင်းချီးမှာထင်ရှားလှပါသည်တကား! အလွန်နာလိုဖွယ်ကောင်းသည့် အီတာလျံကိုယ်စားလှယ်ညီအစ်ကို ၄၀ တို့၏ သီချင်းသံဖြင့်ပေါင်းစည်းသော ဤမြင်ကွင်းကြောင့် လူများစွာတို့ ဝမ်းသာလုံးဆို့မျက်ရည်ကျခဲ့ရသည်။ လူများစွာတို့သည် ဟေရှာယ ၆၀:၅ ပါပရောဖက်ပြုစကားများကို သတိရကြသည်– “ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်းခြင်းရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့်ဘက်သို့ပြောင်းလဲ၍ တစ်ပါးအမျိုးသားတို့၏စည်းစိမ်သည် သင့်လက်သို့ရောက်လိမ့်မည်။”
ရွှင်လန်းရသည့်အကြောင်းထူး
အီသီယိုးပီးယားနိုင်ငံတွင် ဘုရားနိုင်ငံတော်လုပ်ငန်း၏ သေးငယ်သောအစပြုလုပ်ဆောင်မှုများအကြောင်းကို ခေါ်တွေ့မေးမြန်းခြင်းအားဖြင့် ပြန်လည်ဖော်ထုတ်သော သောကြာနေ့တွင် ယေဟောဝါ၏ကောင်းချီး ပိုမိုထင်ရှားသည်။ ၁၉၅၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ထိုတွင်အမှုဆောင်ခဲ့ကြသော ကနဦးသာသနာပြုများအဖွဲ့ဖြင့် ယင်းအစီအစဉ်ကို ပြုလုပ်သည်။ လူပေါင်း ၈,၀၀၀ ကျော်တို့သည် ရေးကယ်စန်၊ ဂျော်န်ကဲမ်ဖတ်စ်နှင့် ဟေးဝုဒ်ဝပ်ဒ်တို့က အက်ဒါစဘာဘာမြို့သို့ မိမိတို့စရောက်သည့် ၁၉၅၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် စတင်သော ကျမ်းစာပညာပေးလုပ်ငန်းအကြောင်း ရှင်းလင်းဖော်ပြချက်ကိုကြားကြရသည်။ ထိုအချိန်က နယ်ချဲ့အစိုးရသည် သူတို့အား အထွေထွေပညာရေးတွင်လှုပ်ရှားရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် မြို့လယ်တွင် အရွယ်ရောက်သူများအတွက် ပညာပေးသည့်ကျောင်းတစ်ကျောင်းကို သူတို့တည်ထောင်ပြီး ဘာသာရပ်အမျိုးမျိုးပါဝင်စေခဲ့သည်။ သို့သော် ဤသာသနာပြုများသည် အားလပ်သည့်အချိန်များတွင် မြင့်မြတ်သောသွန်သင်ခြင်းကို အခြေပြုသည့်ပညာရေးအား တိုးမြင့်စေရန် ကြိုးစားအားထုတ်ကြသည်။ သူတို့သည် အက္ခရာ ၂၅၀ ပါရှိသော ရှုပ်ထွေးသည့်အယ်မ်ဟားရစ်စကားကို အပြင်းအထန်သင်ယူခဲ့ကြရသည်။ ပထမဆုံးကျမ်းစာသင်အံမှုကို အောင်မြင်စွာစတင်သည့်အချိန်အထိ နှစ်ဝက်ခန့်အချိန်ကုန်သွားသည်။ နောက် ၄၃ နှစ်ကြာသောအခါ ဤကျောင်းဆရာဟောင်းများကို မှတ်မိသောသူများအား လမ်းပေါ်တွင် သူတို့တွေ့ဆုံကြသည်။ ယုံကြည်ခြင်းတွင် ခိုင်မြဲနေသည်သာမက မိမိတို့၏ဝိညာဏသားသမီးများ၊ မြေးများကိုပါ မိတ်ဆက်ပေးသည့် ဒါဇင်ပေါင်းများစွာသော ယခင်က သူတို့၏ကျမ်းစာသင်သားများစွာတို့နှင့် စည်းဝေးပွဲကြီးတွင် ပြန်လည်ဆုံဆည်းကြရသည့်အတွက် သူတို့အလွန်ရွှင်လန်းကြသည်။—၁ သက်သာလောနိတ် ၂:၁၉၊ ၂၀။
ရွှင်လန်းစွာအာရုံစိုက်နားထောင်နေကြသော ပရိသတ်များသည် ယခင်သာသနာပြုများနှင့် တွေ့ဆုံမေးမြန်းခြင်းတွင်သာမဟုတ်ဘဲ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ ကင်ညာ၊ နယ်သာလန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားကိုယ်စားလှယ်များ ယူဆောင်လာကြသည့် မှတ်တမ်းများနှင့် နှုတ်ခွန်းဆက်စကားများကြောင့်လည်း ကြာရှည်စွာလက်ခုပ်တီး၍ ဩဘာပေးကြသည်။ ယင်းကလည်း ဘုရားသခင့်လူမျိုးတော်၏ ကမ္ဘာချီညီအစ်ကိုချင်းမေတ္တာကို မှတ်သားဖော်ပြသည်။ အုပ်ချုပ်ရေးအဖွဲ့မှ ဘိသိက်ခံညီအစ်ကိုများ ဟောပြောတင်ပြသည့် အဓိကဟောပြောချက်များနှင့်အတူ သူတို့၏ နှလုံးပါပါဆုတောင်းချက်များကလည်း ပရိသတ်၏နှလုံးကို အလွန်ထိမိလှသည်။ အားကစားရုံအတွင်းရှိလူငယ်များကလည်း သဘာဝကျကျ၊ အသက်ပါပါတင်ဆက်သော မိမိတို့၏ဖန်ဆင်းရှင်ကို သတိရသောလူငယ်များအကြောင်းပြဇာတ်ပါ သရုပ်ဆောင်သူများနည်းတူ မိမိတို့ကိုယ်ကိုဖြစ်စေကြသည်။ အင်္ဂလိပ်ဘာသာဖြင့် အသစ်ထုတ်ဝေသောစာအုပ်များအပြင် အယ်မ်ဟားရစ်စကားဖြင့်ထုတ်ဝေသော စာအုပ်သုံးအုပ်တို့ကလည်း စိတ်အားတက်ကြွမှုကို နှိုးဆွပေးသည်။b
ခေတ္တရပ်နားချိန်နှင့် အခြားအချိန်များတွင် တစ်ဦးချင်းစီနှင့်အထူးမြတ်နိုးဖွယ်သောပေါင်းသင်းရင်းနှီးရသည့် အခွင့်ထူးရှိသည်။ ဥပမာ၊ ရှေ့ဆုံးတန်း၏ညာဘက်ရှိ ကြိမ်ကုလားထိုင်ပေါ်တွင် အီသီယိုးပီးယားနိုင်ငံ၏ အသက်အကြီးဆုံးကြေညာသူ တူလူမာကူရ်ယာထိုင်နေသည်။ သူ့အသက် ၁၁၃ နှစ်ပြည့်သော လွန်ခဲ့သည့်နှစ်က ယေဟောဝါသက်သေတစ်ဦးအဖြစ် သူနှစ်ခြင်းခံခဲ့သည်။ ဤစည်းဝေးပွဲကြီးတွင် အသက် ၈၀ နှစ်ရှိသော သူ၏ဇနီးက သူ့ပုံသက်သေကိုလိုက်ပြီး သူ၏ဝိညာဏညီမဖြစ်လာသည်ကို မြင်၍ သူရွှင်လန်းခဲ့ရသည်။ အစီအစဉ်တစ်ခုလုံးကို သူတက်ရောက်နေခြင်းက လူငယ်များအား စိတ်ဓာတ်တက်ကြွမှုကို ဖြစ်စေသည်။ ယင်းလူငယ်များအနက် တစ်ဦးမှာ အသက် ၁၆ နှစ်အရွယ်ကျောင်းသားဖြစ်ပြီး မှန်မှန်ရှေ့ဆောင်သက်တမ်း လေးနှစ်ရှိပြီဖြစ်သည့် ယိုဟားနက်စ်ဂိုရမ်ဖြစ်သည်။ သူနှင့် သူ့ထက်ပင်ငယ်သော ကျောင်းသားအရွယ် အခြားရှေ့ဆောင်များသည် နံနက်စောစော ကျောင်းအသွားလမ်းတွင် သို့မဟုတ် ကျောင်းအားလပ်ချိန်နှင့် ကျောင်းလွှတ်ချိန်များကို အသုံးပြုပြီး သက်သေခံခြင်းအားဖြင့် အချိန်ကိုဝယ်ယူကြသည်။
သမာဓိစောင့်သိရာတွင် ပုံသက်သေများပါတကား!
ပရိသတ်ထဲတွင် ယခင်အစိုးရလက်ထက်က ထောင်ချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို တွေ့ကြုံခဲ့ရသူ ရာပေါင်းများစွာပါဝင်သည်။ မန်ဒဖရိုးယီဖရူးက ယင်းသို့ ထောင်ထဲတွင်နေခဲ့ရသည့် ငါးနှစ်ကြာကာလကို ပြန်သတိရသော်လည်း ယခုအခါ အက်ဒါစဘာဘာမြို့ရှိ ဘာသာပြန်ခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုပ်ပိုးတင်ပို့ခြင်းတို့ကို လုပ်ဆောင်သော အသစ်စက်စက်တည်ထားသည့်ရုံးတွင် အမှုဆောင်ရခြင်းက သူ့အတွက်ပျော်မွေ့စရာဖြစ်သည်။ ဇက်ခါးရီးယပ်စ်အက်ရှတူးခေါ် သူနှင့်အတူအမှုဆောင်သော အခြားလူငယ်တစ်ဦး၏ဖခင်သည် လွန်ခဲ့သောရှစ်နှစ်အချိန်က ထောင်သက်တမ်း သုံးနှစ်အတွင်း ခရစ်ယာန်ကြားနေမှုကို စောင့်ထိန်းခြင်းကြောင့် အသတ်ခံခဲ့ရသည်။ ထိုအချိန်က သူစောင့်ထိန်းခဲ့သောသမာဓိမှ မသွေဖည်သွားပါ။ ကလေးငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဇက်ခါးရီးယပ်စ်သည် သူတို့ဖခင်ထောင်ထဲရောက်စဉ်က အသက်ဆယ်နှစ်ရှိသည်။ ယခုအခါ အသက်နှစ်ဆယ်နီးပါးရှိပြီး ကျောင်းနေဆဲဖြစ်သော မစွာ့တ်ဂယ်ရ်မာနှင့် သူ၏အစ်မဖြစ်သူ ယိုအားလန်းတို့၏ဖခင်သည် သူတို့ငယ်ငယ်ကလေးကတည်းက ကြားနေမှုကြောင့် အသတ်ခံခဲ့ရရာ ဓာတ်ပုံများကြည့်၍သာ ဖခင်ကိုပြန်သတိရနိုင်ကြသည်။ ဖခင်၏သစ္စာရှိခြင်းက သူတို့အားကူးစက်ခဲ့ပြီး သူတို့ဖခင်သေဆုံးချိန်က လုပ်ဆောင်နေခဲ့သော မှန်မှန်ရှေ့ဆောင်လုပ်ငန်းကို ယခုသူတို့နှစ်ဦးလုံးလုပ်နေကြသည်။
အခြားသမာဓိစောင့်သိသူတစ်ဦးမှာ သာယာလှပသော ရစ်ဖ်တောင်ကြားဒေသ၌ အထူးရှေ့ဆောင်အဖြစ် ယခုထမ်းဆောင်နေသော သာမရပ်ရာတက်ဖြစ်သည်။ ခရစ်ယာန်ကြားနေမှုကို စောင့်ထိန်းခဲ့သောကြောင့် သီးခြားထောင်ခုနှစ်ခု၌ သုံးနှစ်ကြာနေခဲ့ရပြီး တစ်ခါတစ်ခါတုပ်နှောင်၍ ပြင်းထန်စွာရိုက်နှက်ခံရသည်။ သို့တိုင် ထောင်တွင်း၌ လူပေါင်းတစ်ဒါဇင်ကျော်တို့ကို ဘုရားသခင့်နိုင်ငံတော်အတွက် ရပ်တည်ကြရန်သူကူညီခဲ့သည်။
ယခု တိုက်နယ်ကြီးကြပ်မှူးတာဝန် ထမ်းဆောင်နေသော တက်စ်ဖူတမလ်စိုးသည် သူအထူးရှေ့ဆောင်အဖြစ်ထမ်းရွက်စဉ်က ၁၇ ကြိမ် ထောင်ချခံခဲ့ရဖူးသည်။ သူရိုက်နှက်ခံရသောကြောင့် အမာရွတ်များဖြစ်နေသော်လည်း ယခင်သူတာဝန်ကျခဲ့သည့်နေရာတွင် အသင်းတော်ဖြစ်နေသည်ကိုမြင်ရ၍ သူအလွန်စိတ်အားတက်ကြွခဲ့သည်။ အာကာကီးအသင်းတော်မှ ညီအစ်ကိုညီအစ်မများစွာတို့သည် ထောင်ချခြင်းနှင့် ရက်စက်မှုများကို ကြုံတွေ့ခဲ့ကြရသော်လည်း ယခုအခါ အသင်းတော်သည် ကြေညာသူတစ်ရာကျော်ရှိသည့်အထိ ကြီးထွားလာသည်။ သူတို့သည် အီသီယိုးပီးယားတွင် ပထမဆုံးသော ဘုရားနိုင်ငံတော်ခန်းမကို ဆောက်လုပ်ခဲ့ကြသူများဖြစ်သည်။ ရက်စက်စွာညှဉ်းဆဲခြင်းကြောင့် ဒေသခံညီအစ်ကိုတစ်ဦးသေဆုံးသည်ကို တွေ့မြင်ခဲ့ရပြီးသေဘေးကြုံခဲ့ရသော မြို့တော်၏မြောက်ဘက် မိုင် ၂၀၀ ခန့်ကွာဝေးသည့် အလွန်လှပသောဒေစေမြို့မှ လူငါးယောက်အုပ်စု ရောက်လာကြသည်။ သူတို့ထဲမှ အသက်ကြီးသူတစ်ဦးဖြစ်သော မစယ်ရဲရှာကာစယ်က သူ၏ထောင်သက်တမ်းခြောက်နှစ်အတွင်း ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ခြင်းမှာ မိမိသည် တစ်နည်းနည်းဖြင့် ထူးခြားခြင်းကြောင့်မဟုတ်ဘဲ ယေဟောဝါကိုမှီခိုအားကိုးရန် သင်ယူထားသောကြောင့်သာဖြစ်သည်ဟု သူပြန်ရှင်းပြသည်။—ရောမ ၈:၃၅-၃၉; တမန်တော် ၈:၁ နှိုင်းယှဉ်။
မကြာသေးမီကပင် အချို့သူတို့သည် မိမိတို့သစ္စာရှိခြင်းကို တင်ပြခဲ့ကြသည်။ ကြားနေခြင်းကြောင့် သက်သေခံတို့သည် ရဲတို့၏စောင့်ရှောက်မှု၊ ခရီးသွားစာရွက်စာတမ်းများ၊ လက်ထပ်ခွင့်စာချုပ်များ၊ ဆေးရုံတွင်ဆေးကုသခွင့်များနှင့် လုပ်ငန်းကိုင်ငန်းများ မရရှိသော အိမ်နီးချင်းနိုင်ငံတစ်ခုမှ လူအုပ်စုကြီးတစ်စု စည်းဝေးပွဲတက်ရောက်လာကြသည်။ ပင်လယ်နီရှိ အယ်ရထရီကမ်းခြေ၊ မစားဝါးအနီးတွင် စစ်ဖြစ်သောအခါ ယခင်အစိုးရက သူတို့အိမ်ကိုဗုံးဖြင့်တိုက်ခိုက်သောကြောင့် ကလေးများအပါအဝင် စုစုပေါင်း ၃၉ ယောက်ပါဝင်သော အသင်းတော်တစ်ခုလုံးသည် သဲကန္တာရထဲရှိ နိမ့်သောတံတားတစ်ခုအောက်တွင် လေးလခန့် ခိုအောင်းခဲ့ကြရသည်။ ထိုဝန်းကျင်၏အပူရှိန်နှင့် အစာရေစာပြတ်လပ်ခြင်းတို့ကြားတွင် နေ့စဉ်ကျမ်းချက်ဆွေးနွေးခြင်းနှင့် အခြားသောအစည်းအဝေးများက သူတို့အား ကြီးမားသည့်ခွန်အားနှင့် ယေဟောဝါနှင့်သော်လည်းကောင်း၊ အချင်းချင်းနှင့်သော်လည်းကောင်း အကျွမ်းတဝင်ရင်းနှီးပွန်းတီးမှုကို ပေးသည်။ ဘလူးနိုင်းလ်မြစ်ဖျားဒေသတစ်ဝိုက်တွင် အမှုဆောင်နေကြသော ရှေ့ဆောင်ညီအစ်မနှစ်ဦးတို့သည် ဩသဒေါက်စ်ချာ့ချ်၏လှုံ့ဆော်မှုကြောင့်လူထု၏ခြိမ်းခြောက်မှုနှင့် အနှောင့်အယှက်ပေးမှုများကို ခါးစည်းခံခဲ့ကြရသော်လည်း သူတို့၏ကြံ့ကြံ့ခံရပ်တည်မှုကြောင့် ဤစည်းဝေးပွဲကြီးတွင် သူတို့၏ကျမ်းစာကျောင်းသား အမြောက်အမြား ဆက်ကပ်အပ်နှံကြောင်းအထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံကြသည်ကို တွေ့မြင်ကြရသည်။
ညီအစ်ကိုတစ်ဦးက ဆိုမားလီးယားနိုင်ငံနှင့်မဝေးလှသည့် ခြောက်သွေ့သောအိုဂါဒင်ဒေသသို့ အလုပ်လုပ်ရန် မဲဇာပို့ခံရသော စမ်းသပ်မှုကို ပြန်ပြောပြသည်။ ဟောပြောခြင်း၊ စိတ်ဝင်စားသူများနှင့် အစည်းအဝေးပြုလုပ်ခြင်းတို့အားဖြင့် ဝိညာဉ်ရေးအရရှင်သန်နေခဲ့သည်။ ထိုသူများထဲတွင် မြင့်မြတ်သောသွန်သင်ခြင်းမှ အကျိုးခံစားရပြီး ယခုအခါ အခြားသူများကိုပင် ပြန်လည်သင်ပြပေးသော ဆရာဝန်များလည်း ပါဝင်သည်။ သမာဓိစောင့်သိခြင်းဆိုင်ရာ အခြားသောပုံသက်သေကောင်းတစ်ဦးမှာ ၁၉၉၂ ခုနှစ်က ဩသဒေါက်စ်ဓမ္မဆရာများ၏ သွေးထိုးမှုကြောင့် လူထုက ရက်ရက်စက်စက်ရိုက်နှက်ပြီး သေဖို့ရန်ပစ်ထားသော အက်ဒါစဘာဘာရှိ အထူးရှေ့ဆောင်တစ်ဦးဖြစ်သည်။ ဝမ်းသာစရာကား သူပြန်လည်ကျန်းမာလာပြီး ထိုရပ်ကွက်၌ပင် ပြန်၍အမှုဆောင်နေသည်။ သူ၏မျက်နှာတွင် တောက်ပသောအပြုံးက နာကြည်းသည့်အရိပ်အယောင် လုံးဝမသန်းပါ။ အခြားသော စမ်းသပ်မှုကြုံရသူများနှင့် လူသစ်များနည်းတူ ဤ “မြင့်မြတ်သောသွန်သင်ခြင်း” စည်းဝေးပွဲကြီးသည် သူ့အတွက် ရွှင်လန်းဖွယ်ရာပွဲကြီးဖြစ်သည်။
အစည်းအဝေးအစီအစဉ် ချောမောစွာအောင်မြင်ပြီး ပါဝင်သောစေတနာ့ဝန်ထမ်းများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားသူများဟု ဧည့်သည်များအားထင်မှတ်စေသည်။ အမှန်မှာ သူတို့သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်းက အလျင်အမြန်တိုးတက်လာကြခြင်းဖြစ်သည်။ သုံးရက်စည်းဝေးပွဲကြီးသည် မပြီးလိုဘဲ မြန်မြန်ပြီးသွားသည်။ စနေနေ့တွင် အများဆုံးတက်ရောက်သူ ၉,၅၅၆ ယောက်ရှိခဲ့သည်။ ပြည်သူပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများက နှစ်သက်ဖွယ်အချက်အလက်များကို ဖော်ပြကြသည်။ ယေဟောဝါသည် မိမိ၏လူများအား ဝိညာဉ်ရေးကြွယ်ဝအောင် ပြုလုပ်ပေးနေကြောင်း အားလုံးသိမြင်နိုင်ကြသည်။ ပရိသတ်များထဲတွင် “မြင့်မြတ်သောသွန်သင်ခြင်း” ၏အကျိုးကျေးဇူးကို စတင်ခံစားရသော စိတ်ဝင်စားသူထောင်ပေါင်းများစွာ ပါဝင်သည်။ လူသန်းပေါင်း ၅၀ ခန့်ရှိသောဤနိုင်ငံတွင် ယေဟောဝါသက်သေများအတွက် ကျယ်ဝန်းသည့်လယ်ကွင်းအဖြစ် လမ်းပွင့်နေပြီး ဤအစီအစဉ်စနစ်၏ ကျန်ရှိသည့်အချိန်တွင် စိတ်ရင်းမှန်ရှိသူများလည်း မြင့်မြတ်သောသွန်သင်ခြင်းမှ အကျိုးကျေးဇူးခံစားရအောင် အကူအညီပေးရန်ဟူသည့် အားလုံးတို့၏ကိုယ်စီဆုံးဖြတ်ချက်ကို ဤစည်းဝေးပွဲကြီးက ခိုင်ခံ့မြဲမြံစေသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အက်ဒါစဘာဘာ၊ ဇန်နဝါရီ ၁၃-၁၅၊ ၁၉၉၄
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အက်ဒါစဘာဘာရှိရှေ့ဆောင်အုပ်စုတစ်စု (ညာ); အားလုံးထောင်ချခံခဲ့ရသော သမာဓိစောင့်သိသူများ (အောက်); အသက် ၁၁၃ နှစ်ရှိ သက်သေခံနှင့် သူ၏ဇနီး
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် ၁၉၉၂ ခု၊ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် ကိုရှု။
b လူငယ့်ဘဝအနှစ်သာရ၊ သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း နှင့် ယေဟောဝါသက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော်ထမ်းရွက်ခြင်း