သမ္မာကျမ်းစာ—နားလည်ဖို့ရည်ရွယ်သောစာအုပ်
သမ္မာကျမ်းစာသည် ဘုရားသခင်၏ ရှင်းလင်းပြတ်သားသော နှုတ်ကပါဌ်တော်ဖြစ်၍ ယင်းကို စာသားအတိုင်း တစ်သဝေမတိမ်း လိုက်လျှောက်သင့်သည်ဟု အချို့ယူမှတ်ကြသည်။ အခြားသူများအတွက်မူကား “သမ္မာကျမ်းစာ၏သတင်းတရားသည် အလွန်မတိမကျ မသဲမကွဲဖြစ်” နေကြောင်း ကနေဒါနိုင်ငံ၏ အကြီးဆုံးပရိုတက်စတင့်ဂိုဏ်း၏ ယုံကြည်ခြင်းနှင့် ဓမ္မပညာ ကော်မတီဝင် ၁၂ ဦးကဆိုသည်။ အချို့သူများအတွက်ဆိုလျှင် “သမ္မာကျမ်းစာသည် အဓိပ္ပာယ်နက်နဲ၍ မည်သူမည်ဝါနှင့်မျှမဆိုင်၊ အဆက်အစပ်မရှိဘဲနေသည်” ဟု ယူနိုင်တက်ချာ့ချ်၏ ဓမ္မဆရာ ကလစ်ဖဒ် အဲလီးယပ်တ်က ယူမှတ်သည်။
ဤယူဆချက်များကြောင့် အဖြေရသင့်သော ချက်ကျသည့်မေးခွန်းများ ပေါ်ပေါက်လာသည်။ ယင်းတို့အနက် အရေးကြီးသောမေးခွန်းများမှာ သမ္မာကျမ်းစာကို အဘယ်ကြောင့် ရေးသားရသနည်း။ ၎င်းသည် ပဟေဠိဆန်လွန်း၍ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးနက်နဲလွန်းသလော။ သာမန်လူတစ်ဦးအနေနှင့် ယင်းကို သဘောပေါက်နားလည်နိုင်မည်လော။ ကျမ်းစာ၏အနက်အဓိပ္ပာယ်ကို သဘောပေါက်နားလည်နိုင်ရန် လူတစ်ဦးအတွက် အဘယ်အကူအညီလိုသနည်း။ ဤကသောင်းကနင်းဖြစ်သောအချိန်ကာလတွင် သမ္မာကျမ်းစာမှ တိကျမှန်ကန်သောအသိပညာသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။
သမ္မာကျမ်းစာကို အဘယ်ကြောင့် ရေးသားခဲ့ရသနည်း
အမြင့်မြတ်ဆုံးသောဘုရားသခင် ယေဟောဝါ၏ မျက်နှာသာရပြီး စိတ်တော်နှင့်တွေ့လိုသူများ ရှေးဦးပြုရန် လိုအပ်သည်ကား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အမြဲဆည်းပူးလေ့လာဖို့ဖြစ်သည်။ ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ မိဘများ၊ ယောက်ျား၊ မိန်းမများ နှင့် သားသမီးများ—ဆင်းရဲချမ်းသာမရွေး—တို့အား ညွှန်ကြားထားသည်ကား နေ့စဉ်အသက်တာ၏ မှုရေးကိစ္စများမှ အချိန်ယူကာ ဆုပတ္ထနာပြုလျက် အက္ခရာတင်ထားသောဘုရားသခင့်နှုတ်ကပါဌ်တော်ကို အလေးအနက်သဘောထားပြီး ဆင်ခြင်သုံးသပ်ရန်ဖြစ်သည်။—တရားဟောရာ ၆:၆၊ ၇; ၁၇:၁၈-၂၀; ၃၁:၉-၁၂; နေဟမိ ၈:၈; ဆာလံ ၁:၁၊ ၂; ၁၁၉:၇-၁၁၊ ၇၂၊ ၉၈-၁၀၀၊ ၁၀၄၊ ၁၄၂; သု. ၃:၁၃-၁၈။
ဥပမာအားဖြင့် ယောရှုသည် ဤသို့ညွှန်ကြားခံရသည်– “ဝတ်ပြုကိုးကွယ်ချိန်တွင် ထိုပညတ္တိကျမ်းစာကို အမြဲဖတ်ပါ။ နေ့ညမပြတ် ဖတ်ရှုလေ့လာ၍ ရေးထားသမျှအတိုင်း လိုက်လျှောက်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။” (ယောရှု ၁:၈၊ သတင်းကောင်း) ဘုရားသခင်၏ ပညတ္တိကျမ်းကို ဤသို့အသေအချာလေ့လာကျင့်သုံးမည်ဆိုလျှင် အကြံထမြောက်၍ ဝမ်းမြောက်ရွှင်လန်းလိမ့်မည်။ “လူအပေါင်းတို့သည်” အသက်ဆုကျေးဇူးကိုရရှိရန် ယေဟောဝါဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို နားလည်ရုံသာမက လိုက်နာကျင့်သုံးကြဖို့ ကိုယ်တော်ရည်ရွယ်တော်မူသည်။—၁ တိမောသေ ၂:၃၊ ၄; ယောဟန် ၁၇:၃။
နားမလည်နိုင်လောက်အောင် ရှုပ်ထွေးနက်နဲလွန်းသလော
ကမ္ဘာတစ်ဝန်း သမ္မာကျမ်းစာပညာပေးအစီအစဉ်တစ်ခုကို အကြီးအကျယ်ပြုလုပ်ဆောင်ရွက်စေလိုကြောင်း ကောင်းကင်သို့ ယေရှု မတက်ကြွမီအချိန်တွင် အသေအချာ နားလည်စေတော်မူခဲ့သည်။ (တမန်တော် ၁:၈) သမ္မာကျမ်းစာကို နားလည်ဖို့ ရည်ရွယ်ထားတော်မူကြောင်း ကိုယ်တော်သိရှိတော်မူသည်။ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်အာဏာရှိသမျှတို့ကို ကိုယ်တော်အား ယေဟောဝါအပ်နှင်းထားတော်မူပြီဟု ရှင်းပြပြီးနောက် ဤသို့တိုက်ရိုက် မိန့်တော်မူခဲ့သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် [သို့မဟုတ်၊ လေ့လာသင်ကြားသူများ] ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀။
တပည့်သစ်များ နှစ်ခြင်းမယူမီ သူတို့အား ယေဟောဝါအကြောင်း၊ ကိုယ်တော့်သားတော်အကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားဆောင်ရွက်ပုံအကြောင်းတို့ကို သင်ကြားပေးရမည်။ ထို့အပြင် ခရစ်ယာန်အစီအစဉ်စနစ်၏ ပညတ်တရားကိုလည်း သူတို့အား သင်ပေးရမည်။ (၁ ကောရိန္သု ၉:၂၁; ဂလာတိ ၆:၂) ဤသို့ပြုဖို့ရန် ထိုက်တန်သူတို့ ဦးဆုံးယုံကြည်ကြရမည်ကား သမ္မာကျမ်းစာသည် ယေဟောဝါထံတော်မှဖြစ်ပြီး၊ ဒုတိယအနေနှင့် ယင်းကို နားလည်ဖို့ ရည်ရွယ်ထားကြောင်း သိရမည်ဖြစ်သည်။—မဿဲ ၁၀:၁၁-၁၃။
သမ္မာကျမ်းစာကို နားလည်ဖို့ သင့်ဘက်ကလိုအပ်သည်ကားအဘယ်နည်း။ ဘုရားသခင်၏သားတော်သည် ကျမ်းစာကို တကူးတက ရှင်းပြတော်မူခဲ့သည်။ သမ္မာကျမ်းစာသည် မှန်ကန်ကြောင်း၊ ယေဟောဝါ၏ ပီပြင်သောအလိုတော်သည် ယင်းတွင်ပါရှိကြောင်း ကိုယ်တော်သိတော်မူသည်။ (ယောဟန် ၁၇:၁၇) မိမိ၏လုပ်ငန်းတာဝန်နှင့်စပ်လျဉ်း၍ ယေရှုခရစ်က ဤသို့မိန့်ဆိုသည်– “ငါသည် သမ္မာတရားကို ဟောပြောခြင်းငှာ မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ ကြွလာ၏။ သမ္မာတရားနှင့် သက်ဆိုင်သူမှန်သမျှသည် ငါ၏စကားကို နားထောင်ကြသည်။” (ယောဟန် ၁၈:၃၇၊ သတင်းကောင်း; လုကာ ၄:၄၃) တလိုတလားလက်ခံနားထောင်သူများကို ယေရှု မသွန်သင်ဘဲနေတော်မမူ။ လုကာ ၂၄:၄၅ က ကျွန်ုပ်တို့အား ဤသို့ဆိုသည်– “ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို [ခရစ်တော်ယေရှု] ဖွင့်တော်မူ” သည်။
ယေရှု၏ ဓမ္မအမှုဆောင်ရာကာလအတွင်း ကိုယ်တော်သည် “မောရှေ၏ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း” ပါသောကျမ်းချက်များကို ရက်ရက်ရောရောကိုးကားဖော်ပြပြီး နှုတ်ကပါဌ်တရားတော်၏အနက်ကို ဖွင့်ပြ၍ နားလည်စေတော်မူခဲ့သည်။ (လုကာ ၂၄:၂၇၊ ၄၄) ကိုယ်တော်၏ ကျမ်းဆိုင်ရာရှင်းပြချက်တို့ကို ကြားနာသူတို့သည် ကိုယ်တော်၏ ထိုးဖောက်သိနားလည်နိုင်စွမ်းအပြင် သွန်သင်မှုစွမ်းရည်တို့ကြောင့် ခံစားချက်များလှုံ့ဆော်ခံခဲ့ကြရသည်။ (မဿဲ ၇:၂၈၊ ၂၉; မာကု ၁:၂၂; လုကာ ၄:၃၂; ၂၄:၃၂) ကိုယ်တော့်အတွက် ကျမ်းစာသည် ကွယ်ဝှက်ခြင်းမရှိ ပွင့်လင်း၍ နားလည်လွယ်သောစာအုပ်ဖြစ်ပေသည်။
သမ္မာကျမ်းစာနှင့် ယေရှု၏တပည့်နောက်လိုက်များ
ယေရှုခရစ်တော်ကို တုပသူတမန်တော်ပေါလုသည် သူတစ်ပါးအား ကျမ်းစာ သွန်သင်ပေးဖို့လိုကြောင်း သဘောပေါက်ခဲ့သည်။ ကျမ်းစာကို နားလည်ဖို့ရည်ရွယ်ထားကြောင်း သူလည်းသိရှိသည်။ ယင်းကြောင့်သာ လူအများရှေ့ သွန်သင်ဟောပြောခဲ့ပြီး သဘောပေါက်နားလည်လိုသူများ၏အိမ်တွင် ကျမ်းစာ၏အနက်ကို အမှန်ရှင်းပြခဲ့ပေမည်။ ပေါလုက “လူပရိတ်သတ်ရှေ့တွင်လည်းကောင်း၊ သင်တို့အိမ်များတွင်လည်းကောင်း ငါဟောပြောသွန်သင်သောအခါ သင်တို့အား အကျိုးရှိစေမည့်စကားများကို အဘယ်အခါ၌မျှ ချန်လှပ်၍ မထားခဲ့ပါ” ဟုပြောဆိုစဉ်က သူ၏သဘောထားကို ဖော်ပြသည်။ (တမန်တော် ၂၀:၂၀၊ သတင်းကောင်း) သူသည် ဆွေးနွေးနှီးနှောစဉ် ကျမ်းစာကိုကိုးကားပြီး အထောက်အထားများနှင့်တကွ ရှင်းပြခဲ့သည်။ (တမန်တော် ၁၇:၂၊ ၃) ကျမ်းစာ၏အနက်ကို အခြားသူများနားလည်စေရန် ကူညီဖို့သူစိတ်ဝင်စားခဲ့သည်။
ယေရှုနှင့် တပည့်တော်များ ဟောပြောသွန်သင်ခဲ့သောအရာများကို နားလည်ရန်ပြင်းပြသောဆန္ဒ သင်၌ရှိပါသလော။ (၁ ပေတရု ၂:၂) ရှေးဗေရိမြို့သားတို့၌ ဤကဲ့သို့သောဆန္ဒရှိပြီး ခရစ်တော်အကြောင်း ပေါလုသွန်သင်ပေးသည့်အရာကို ယုံကြည်ရန်စိတ်ပြင်းပြကြသည်။ ယင်းကြောင့် လူတို့သည် ကျမ်းစာကို နေ့စဉ်နေ့တိုင်း လေ့လာရန်အားပေးခံကြရပြီး သူတို့ကြားနာသော သတင်းကောင်းသည် အမှန်တရားပင်ဖြစ်ကြောင်း စိတ်ချလာစေသည်။ လက်ခံနာယူလိုစိတ်ရှိကြသောကြောင့်လည်း “လူအများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။”—တမန်တော် ၁၇:၁၁၊ ၁၂။
သမ္မာကျမ်းစာကို နားလည်နိုင်ရန် လူတစ်ဦးသည် စိတ်နှလုံးထားမှန်ရမည်။ တကယ်သင်ယူချင်သောစိတ် ရှိရမည်။ ထို့ပြင် ‘ဝိညာဉ်ရေးတွင် မိမိလိုလျက်နေကြောင်း သတိပြု’ ရမည်။ (မဿဲ ၅:၃၊ ကဘ) “ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကိုဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်း” ဟု ယေရှု မေးမြန်းခံရသောအခါ ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ” ဟုဖြေဆိုတော်မူသည်။ ကိုယ်တော်သည် ‘နှုတ်ကိုဖွင့်၍ ဥပမာများကို မြွက်ဆိုပြီး ထိမ်ဝှက်ရာများကိုဖော်ပြလိမ့်မည်’ ဟု ကြိုတင်ဟောထားချက်ရှိ၏။ (မဿဲ ၁၃:၁၀၊ ၁၁၊ ၃၅) ထို့ကြောင့် စိတ်မဝင်စားဘဲ စပ်စုလို၍ နားထောင်သူများကို စိတ်ရင်းမှန်နှင့် စူးစမ်းသူများမှ ခွဲထုတ်ရန် ဥပမာများကို ယေရှု အသုံးပြု၍မြွက်ဆိုတော်မူခဲ့သည်။ တစ်ချိန်တစ်ခါတွင် ယေရှု၏တပည့်တော်များသည် ကိုယ်တော်နှင့်အတူ အိမ်ထဲဝင်၍ “လယ်၌ကြဲသော တောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူပါ” ဟုလျှောက်ဆိုခြင်းအားဖြင့် သူတို့သည် စိတ်ရင်းမှန်ကြောင်း ပြသခဲ့သည်။—မဿဲ ၁၃:၃၆။
သမ္မာကျမ်းစာကို ကျွန်ုပ်တို့နားလည်လိုလျှင် အကူအညီလိုကြောင်း ထင်ရှားပါသည်။ ဓမ္မပညာ၊ ယုံကြည်ခြင်း၊ ခရစ်ယာန်ဂိုဏ်းအားလုံး ညီညွတ်စည်းလုံးရေး ယူနိုင်တက်ချာ့ချ်၏ အတွင်းရေးမှူးဖြစ်သောဓမ္မဆရာ ဟဲလ် လဝဲလင်က ဤသို့ဆိုသည်– “သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း၊ ယင်းကို မည်သို့ဖတ်ရှု၍ အနက်ဖွင့်ဆိုကြောင်းကို ရှင်းလင်းဖော်ပြရန် အလွန်အရေးကြီးပါသည်။” လူတိုင်းအသိအမှတ်မပြုသော်လည်း အမှန်မှာ မိမိဘာသာ သမ္မာကျမ်းစာကို မည်သူမျှနားမလည်နိုင်ပါ။ နားလည်ဖို့ရန် အကူအညီလိုပါသည်။
အဘယ်အကူအညီရရှိနိုင်
သမ္မာကျမ်းစာတွင် ပဟေဠိဆန်သောစကားများ၊ ရှုပ်ထွေးစရာ မေးခွန်းများ၊ ဖြေရှင်းမပေးလျှင် နားမလည်နိုင်သောအကြောင်းများ ပါသည်။ ယင်းတို့ကို တမင်တကာ မသဲမကွဲဖော်ပြထားခြင်း၊ မှတ်တမ်းတင် ရေးသားချိန်တွင် အနက်ကိုမသိစေရန် အဓိပ္ပာယ်ပါသော နှိုင်းယှဉ်ချက်များကို အသုံးပြုထားခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့သော် ယင်းတို့သည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်များနှင့် ဆက်စပ်နေပါသည်။ ဥပမာ၊ ဗျာဒိတ် ၁၃:၁၈ က “သားရဲ၏ အရေအတွက်” သည် “ခြောက်ရာခြောက်ဆယ်ခြောက်” ဖြစ်သည်ဟု ဆိုသည်။ ထိုအခန်းငယ်က “ဤအရာ၌ ပညာရှိ၏” ဟုဆိုသော်လည်း ထိုအရေအတွက်၏ အနက်ကိုကား မဖွင့်ပြပါ။ သို့ရာတွင် ယေဟောဝါသည် မိမိ၏အဖွဲ့အစည်းအားဖြင့် သစ္စာရှိကျေးကျွန်များအား ၎င်း၏အဓိပ္ပာယ်ကို ယနေ့ သိနားလည်ခွင့်ပြုတော်မူပြီ။ (“သမ္မာကျမ်းစာကို သိနားလည်ရန် လမ်းကြောင်း” အကွက်ကိုရှု။) အတွေ့အကြုံ ရင့်ကျက်သော “သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သောဆရာသမား” များအကူအညီဖြင့် အသင်လည်း သိနားလည်နိုင်ပါသည်။—၂ တိမောသေ ၂:၂၊ ၁၅၊ ၂၃-၂၅; ၄:၂-၅; သု. ၂:၁-၅။
ဘုရားသခင်၏နိုင်ငံတော် သတင်းတရားကို လက်ခံသည်၊ လက်မခံသည်ကို ဖော်ပြရန် တစ်ခါတစ်ရံ ဥပမာများကို ယေရှုအသုံးပြုတော်မူသည်။ ဆွေမျိုးမိတ်သင်္ဂဟတို့၏ အတိုက်အခံကြောင့် စိတ်ဓာတ်ကျပြီး အချို့မတိုးတက်ဘဲနေမည်ဟု ကိုယ်တော်ထောက်ပြခဲ့သည်။ အခြားသူများမှာမူ “ဒုက္ခရောက်ခြင်း၊ ညှဉ်းပန်းခြင်း” ကြောင့် ဘုရားသခင်၏နိုင်ငံတော် သတင်းတရားကို တန်ဖိုးထားစိတ် ပျောက်ပျက်သွားရန် အဖျက်ခံကြမည်။ အခြားသူများကြပြန်လျှင် “ယခုဘဝသောကနှင့် စည်းစိမ်လှည့်ဖြားခြင်းများ” ဖြစ်သည့်နေ့စဉ်အသက်တာ မှုရေးကိစ္စများက သူတို့၏ သတင်းကောင်းကို မြတ်နိုးခဲ့မှုဟူသမျှအပေါ်လွှမ်းမိုးရန်ခွင့်ပြုပေမည်။ တစ်ဖက်မှကြည့်ပြန်လျှင် တန်ဖိုးရှိနှုတ်ကပါဌ်တော်ကို ဝမ်းပန်းတသာနှင့်တလိုတလား လက်ခံနာယူ၍ ယင်း၏သဘောကိုရယူကြမည့်သူများရှိပါသည်။ ဤသူတို့သည် ယေရှုခရစ်၏အမည်ဖြင့် ခရစ်ယာန်ဘောင်တွင် “ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့” ဖြစ်ကြသည်။ ဤသူတို့သည် ယေဟောဝါ၏ လမ်းခရီးတော်အတိုင်းသွန်သင်ခံခြင်းအားဖြင့် သူတို့ဖတ်သည့် ကျမ်းချက်၏အနက်ကို နားလည်ရန်စိတ်ပြင်းပြသည်။—မဿဲ ၁၃:၃-၉၊ ၁၈-၂၃၊ သမ; ယေဇကျေလ ၉:၄; ဟေရှာယ ၂:၂-၄။
ယေဟောဝါ၏ ရည်ရွယ်တော်မူချက်များကို တစ်ဦးချင်းအနေနှင့် သဘောပေါက်နားလည်လိုသူများအား လိုအပ်သောအကူအညီကို ယေဟောဝါ စီစဉ်ပေးနိုင်တော်မူသည်။ ဥပမာ၊ ယေရုရှလင်မြို့မှ ခရီးနှင်လာစဉ်တွင် ဟေရှာယကျမ်းကို စဉ်းစားဆင်ခြင်နေသော အဲသယောပိအမျိုးသားတစ်ဦးအား အကူအညီပေးရန် ဧဝံဂေလိတရားဟောပြောသူ ဖိလိပ္ပုအား ယေဟောဝါ၏ဝိညာဉ်တော် ညွှန်ကြားခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ မိမိ၏အိမ်ပြန်ခရီးတွင် ရထားပေါ်၌ ယင်းကို သူဖတ်နေခြင်းဖြစ်သည်။ ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း ဖိလိပ္ပုသည် ရထားသို့ပြေး၍ ‘ဖတ်သောအရာကို သင်နားလည်သလော’ ဟုမေးသောအခါ မိမိသည် အကူအညီလိုနေကြောင်းကို ဝန်ခံလောက်သည်အထိ နှိမ့်ချရိုးသားသူဖြစ်သည်။ ဝိညာဉ်ရေးရာကို ဆာလောင်နေသော သင်၍ရသည့် ဤသူကို ဖိလိပ္ပုသည် ဝမ်းသာအယ်လဲသွန်သင်ပေးခဲ့သည်။ သွန်သင်ချက်က ကျမ်းစာ၏ အနက်အဓိပ္ပာယ်ကို နားလည်ရန်သူ့အား ကူညီခဲ့သည်။ ထာဝရအသက်ရနိုင်ဖို့ ယေဟောဝါနှင့်မျက်နှာသာတော်ရဆက်ဆံရေးခံစားရရန် မိမိဘာလုပ်ရမည်ကို ယခုသူသိနားလည်သွားတော့သည်။ ထိုအခါ သူသည် ဝမ်းမြောက်ပျော်ရွှင်သော ဘုရားသခင်၏အလိုတော်နှင့်တွေ့သော ဘဝလမ်းစဉ်ကို လိုက်လျှောက်သည့် ယေဟောဝါ၏ နှစ်ခြင်းခံပြီးသူကျေးကျွန်တစ်ဦး ဖြစ်လာလေသည်။—တမန်တော် ၈:၂၆-၃၉။
သင့်အိမ်မှာ သမ္မာကျမ်းစာရှိပြီး ၎င်းကို အခေါက်ခေါက်အခါခါ ဖတ်ရှုခဲ့ပေမည်။ အသင်လည်း စိတ်ရင်းမှန်၍ နှိမ့်ချမှုရှိသော အဲသယောပိအမျိုးသား၏အဖြစ်မျိုးကို ကြုံတွေ့နေပေမည်။ ဖတ်နေသည့်အကြောင်းကို သူ့ခမျာ နားမလည်နိုင်ခဲ့ပါ။ ရှင်းပြမှုလိုအပ်နေ၍ ယေဟောဝါဘုရားသခင် ပေးသနားတော်မူသည့်အကူအညီကို လက်ခံယူရန် မတုံ့ဆိုင်းခဲ့ပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် ကိုယ်တော့်အကြောင်း မှတ်တမ်းတင်ထားသမျှကို နားလည်စေရန် ဖိလိပ္ပုနည်းတူပင် ယေဟောဝါသက်သေများလည်း သင့်အား ဝမ်းသာအားရစွာဖြင့် ကူညီပေးလိုကြပါသည်။ သမ္မာကျမ်းစာကို ယေဟောဝါပေးသနားတော်မူ၍ ယင်းကို နားလည်ဖို့ရည်ရွယ်ထားတော်မူကြောင်းကို သူတို့ကောင်းစွာသိရှိကြသည်။—၁ ကောရိန္သု ၂:၁၀; ဧဖက် ၃:၁၈; ၂ ပေတရု ၃:၁၆။
သမ္မာကျမ်းစာ အဘယ်ကြောင့် မရှိမဖြစ်လိုအပ်ရသနည်း
လူ့သမိုင်းတွင် အရေးအကြီးဆုံးအချိန်ပိုင်းတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ ဤကာလကို သမ္မာကျမ်းစာက “ဤစနစ်ဆုံးခန်း” ဟုညွှန်းဆိုသည်။ (မဿဲ ၂၄:၃၊ ကဘ) သမ္မာကျမ်းစာ ပရောဖက်ပြုထားသည့်အတိုင်း ၁၉၁၄ ခုနှစ်ကတည်းက ပြည့်စုံနေသောအဖြစ်အပျက်တို့က များမကြာမီ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သည် ‘အခြားနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး’ တော့မည်ဖြစ်ကြောင်း ဖော်ပြပါသည်။—ဒံယေလ ၂:၄၅။
မဿဲ အခန်းကြီး ၂၄၊ မာကု အခန်းကြီး ၁၃ နှင့် လုကာ အခန်းကြီး ၂၁ တို့တွင် သမ္မာကျမ်းစာ ကြိုတင်ဟောထားသည့်အကြောင်းများကို ကိုယ်တိုင် ဖတ်ကြည့်ပါ။ ဖော်ပြထားသော အဖြစ်အပျက်တို့သည် ကမ္ဘာချီကိစ္စဖြစ်ကြောင်း သတိပြုမိမည်။ ယင်းတို့တွင် အခြားအခြားစစ်ပွဲများနှင့်မတူဘဲ အလွန်ထူးခြားသော ကမ္ဘာ့စစ်များပါဝင်သည်။ ပထမကမ္ဘာစစ်ဖြစ်ပြီးကတည်းက ကြိုပြောထားသည့်အစာခေါင်းပါးခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မကြုံစဖူးသောမတရားမှုကာလကို ကျွန်ုပ်တို့တွေ့မြင်နေကြရသည်။ ယခုလည်း ဤကမ္ဘာပျက်စီးတော့မည့်အချိန်ကို အထင်အရှားအချက်ပြမည့် အဆိုတင်သွင်းချက်တစ်ခုကို ထုတ်ပြန်ကြရန် တိုင်းနိုင်ငံများသည် စိုင်းပြင်းနေကြသည်။ ယင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “သူခိုးသည် ညအခါလာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်။ . . . ‘ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏’ ဟုဆိုစဉ်တွင် . . . သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။” (၁ သက်သာလောနိတ် ၅:၂၊ ၃) လွတ်ခြင်းအခွင့်မရှိသူများကား မည်သူတို့နည်း။ ပေါလုက ဤသို့ရှင်းပြသည်– “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင် ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့” ဖြစ်သည်။ (၂ သက်သာလောနိတ် ၁:၇-၉) စုပေါင်းနိမိတ်တစ်ပိုင်းကို မဿဲ ၂၄:၁၄ (ကဘ) ပါမိန့်မှာချက်အတိုင်း “နိုင်ငံတော်နှင့်ယှဉ်သော ဤဝမ်းမြောက်ဖွယ်သတင်းကို . . . လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌” ဟောပြောသောသူများ ပြည့်စုံစေပါမည်။
ယေဟောဝါသက်သေ သန်းပေါင်းများစွာတို့သည် တိုင်းနိုင်ငံနှင့် အဏ္ဏဝါအတွင်းရှိ ကျွန်းပေါင်း ၂၃၁ ခုတွင် ဤအမိန့်တော်ကို လိုက်လျှောက်နေကြသည်။ အိမ်တိုင်ရာရောက် သွားကြပြီး ယေဟောဝါ၏ နိုင်ငံတော်အစိုးရအကြောင်း သင်ယူကြရန် ကိုယ်တိုင်လိုက်ဖိတ်ကြားကြသည်။ ဤအစီအစဉ်စနစ်ကို ကပ်ကျော်ပြီး စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်း၊ သေခြင်း မရှိသော ပရဒိသုကမ္ဘာပေါ်တွင် နေထိုင်မည့်သူတို့အဝင်ဖြစ်နိုင်ရန် တစ်ယောက်စီအနေနှင့် လိုက်လျှောက်ရမည့်လမ်းစဉ်ကို သူတို့ကြင်နာစွာရှင်းပြပါသည်။—ဗျာဒိတ် ၂၁:၃၊ ၄။
ဤဆိုးသွမ်းသောလောကကြီးအတွက် အချိန်ကုန်လုပြီ။ ကမ္ဘာ့အဆုံးကို ကပ်ကျော်လိုသူများသည် ‘ဧဝံဂေလိတရားကို နားထောင်ခြင်း’ ၌ အဘယ်အရာများပါဝင်ကြောင်း သင်ယူရန် အလွန်အရေးကြီးနေပါသည်။ သို့ပြုမှသာ ပျက်စီးခြင်းဘေးကို လွတ်နိုင်လိမ့်မည်။ ယေဟောဝါသက်သေများသည် သင့်အိမ်သို့ နောက်တစ်ကြိမ် ရောက်လာသောအခါ ပတ်စဉ်ကျမ်းစာလေ့လာရန် ဖိတ်ကြားချက်ကို လက်ခံလိုက်ပါ။ ထိုထက်ကောင်းသည်ကား သမ္မာကျမ်းစာကို အသင်သဘောပေါက်နားလည်လိုသောကြောင့် ကျမ်းစာကိုလေ့လာလိုကြောင်း တောင်းဆိုလိုက်ပါ။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
သမ္မာကျမ်းစာကို သိနားလည်ရန် လမ်းကြောင်း
ယေရှုသေ၍ ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော်၏ ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် အမှုထမ်းမည့် “သစ္စာနှင့်သတိပညာရှိသောကျေးကျွန်” ကို ပေါ်လာစေမည်ဟု ကိုယ်တော်အာမခံတော်မူခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) တမန်တော်ပေါလုက “ငါတို့သခင် ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော်ရှိသည်နှင့်အညီ . . . ဘုရားသခင်၏ ထူးဆန်းသောပညာတော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည်” ဟု ဧဖက်ခရစ်ယာန်များထံ စာရေးသောအခါ ယင်းလမ်းကြောင်းသည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (ဧဖက် ၃:၁၀၊ ၁၁) ၎င်းသည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဖွားမြင်ခံရပြီး “ဖော်ပြတော်မူသောအရာတို့” ကိုအပ်နှင်းခံရသည့် ဘိသိက်ခံခရစ်ယာန်အသင်းတော်ဖြစ်သည်။ (တရားဟောရာ ၂၉:၂၉) အုပ်စုတစ်စုအနေနှင့် ဘိသိက်ခံခရစ်ယာန်များသည် သစ္စာနှင့်သတိပညာရှိသောကျေးကျွန်အဖြစ် အမှုထမ်းကြသည်။ (လုကာ ၁၂:၄၂-၄၄) ဘုရားသခင့်အထံတော်မှ သူတို့ရရှိသောတာဝန်မှာ “ဖော်ပြတော်မူသောအရာတို့” ၏ဝိညာဏအနက်အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြရန်ဖြစ်သည်။
သမ္မာကျမ်းစာပရောဖက်ပြုချက်သည် မေရှိယကို ညွှန်ပြသည့်နည်းတူပင် ယင်းသည် သစ္စာနှင့်သတိပညာရှိသောကျေးကျွန်အဖြစ် ယနေ့အမှုတော်ထမ်းသည့် ခိုင်ခံ့သောအနှောင်အဖွဲ့အတွင်းရှိ ဘိသိက်ခံခရစ်ယာန်သက်သေခံများထံသို့ ကျွန်ုပ်တို့အားလမ်းညွှန်ပေးသည်။a ယင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အနက်အဓိပ္ပာယ်ကိုလည်း ကျွန်ုပ်တို့အား နားလည်စေသည်။ သမ္မာကျမ်းစာကို နားလည်လိုသူအားလုံး သိထားသင့်သည်မှာ “ဘုရားသခင်၏ ထူးဆန်းသောပညာတော်” ကို ယေဟောဝါ၏ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် သစ္စာနှင့်သတိပညာရှိသောကျေးကျွန် အားဖြင့်သာလျှင် သိရှိနိုင်မည်ဖြစ်သည်။—ယောဟန် ၆:၆၈။
[အောက်ခြေမှတ်ချက်များ]
a ၁၉၈၁ မတ်လ ၁ ရက်ထုတ်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၄-၃၀ (လိပ်) ရှု။