သင့်ကလေးအား ယေဟောဝါကို ရွေးချယ်ရန် ကူညီပေးနေပါသလော
“ကျမ်းစာကို ဖတ်ရှုလေ့လာရတာ တကယ့်ကို ငြီးငွေ့စရာ၊ စိတ်ပင်ပန်းစရာပဲလို့ ကျွန်တော်ထင်ခဲ့တယ်။ ကျွန်တော်ကြီးလာရင် ယေဟောဝါသက်သေတစ်ဦး မဖြစ်စေရဘူးလို့ အတွင်းကျိတ် စိတ်ဆုံးဖြတ်ထားတယ်” ဟုလုလင်တစ်ဦးဖော်ပြသည်။ ခရစ်ယာန်အိမ်ထောင်တွင်းရှိ သားသမီးအများစုသည် ယေဟောဝါဘက်ရပ်တည်ရန် နောက်ဆုံးရွေးချယ်ကြမည်ဟု မျှော်လင့်ရသည်မှန်သော်လည်း အဆိုပါလုလင်ကဲ့သို့သော လူငယ်များစွာသည် ယေဟောဝါအား ဘုရားအဖြစ်ကိုးကွယ်ရန် အခက်တွေ့သည့်ကာလကို ကျော်လွှားရကောင်း ကျော်လွှားရမည်။
မိမိတို့သားသမီးများကို မည်သို့ထိထိမိမိ လမ်းပြညွှန်ကြားပေးရမည်နှင့်ပတ်သက်၍ မိဘများသည် တစ်ခါတစ်ရံ မလုပ်ကိုင်တတ်သည့်အခါမျိုး ကြုံကြိုက်ရလိမ့်မည်။ “တကယ်ပြောရရင် စိတ်ပျက်လက်ပျက်နဲ့ အိပ်ပျော်သွားလို့ ပါးပေါ် မျက်ရည်စက်များ ကျန်နေသေးတဲ့ ကျွန်တော့်ကလေးများရဲ့မျက်နှာတွေကိုကြည့်ပြီး ငါ ပိုသက်ညှာခဲ့ရင်များ ကောင်းမလား” ဟု စိုးရိမ်ကြောင့်ကြစွာဖြင့် တစ်ခါက ပြောဆိုခဲ့သော ဖခင်တစ်ဦးကဲ့သို့ မိဘအချို့သည် မိမိတို့ စိတ်နှလုံးကိုထိုးဖောက်စစ်ဆေး မေးမြန်းကြသည်။ ယင်းဖခင်၏သားနှစ်ဦးသည် ကြီးပြင်းလာသောအခါ ယေဟောဝါကိုဝတ်ပြုရန် ရွေးချယ်ခဲ့ကြသည်။
သို့တိုင် ယေဟောဝါကိုစွန့်ပြီး စာတန်၏လောကအတွက် ခရစ်ယာန်အသိုင်းအဝိုင်းမှ ခွဲခွာသွားသော လူငယ်များစွာ ရှိပါသည်။ ထို့ကြောင့် ယေဟောဝါကိုရွေးချယ်ရန် မိမိသားသမီးများကို မိဘများက မည်သို့အောင်မြင်စွာ ကူညီပေးမည်နည်း။ ၎င်းမေးခွန်းကိုဖြေဆိုရန် မိဘများက မိမိ၏သားသမီးများအား ယေဟောဝါကို အလွန့်အလွန်သစ္စာရှိစေလိုကြလျက်နှင့် လူငယ်အချို့သည် ကိုယ်တော်ကို အဘယ်ကြောင့်စွန့်ပယ်ခဲ့ကြကြောင်းကို ဦးဆုံးလေ့လာကြည့်ကြစို့။
လူငယ်အချို့ ယေဟောဝါအား အဘယ်ကြောင့်စွန့်
အများအားဖြင့်ဖြစ်တတ်သောအကြောင်းတစ်ခုမှာ လူငယ်အချို့သည် ယေဟောဝါကိုသော်လည်းကောင်း၊ ကိုယ်တော်၏ လမ်းခရီးတော်တို့ကိုသော်လည်းကောင်း တစ်ခါမျှ ကောင်းစွာမသိကျွမ်းခဲ့သောကြောင့်ဖြစ်သည်။ နို့စို့အရွယ်ကတည်းက ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခဲ့ကြသော်လည်း ဝတ်ကျေတမ်းကျေသာ တက်ကြပြီး ယေဟောဝါကိုအမှန်တကယ် စူးစမ်းရှာဖွေခြင်းမရှိခဲ့ကြပါ။ (ဟေရှာယ ၅၅:၆; တမန်တော် ၁၇:၂၇) အထက်ဖော်ပြပါလူငယ်သည် စင်မြင့်ပေါ်မှ ဟောပြောသူများဘာပြောဆိုနေသည်ကို နားမလည်ခဲ့သောကြောင့် ခရစ်ယာန်အစည်းအဝေးများတွင် ငြီးငွေ့လျက်သာနေသည်။
အချို့သူတို့တွင် သမ္မာတရားမျိုးစေ့ချထားသော်လည်း စာတန့်လောက၏ ပူပင်မှုကင်းမဲ့ဟန်ရှိသော ရုပ်ဝါဒဆန်သောဘဝပုံစံ၏ သွေးဆောင်မှုကိုခံကြသည်။ အချို့ကြပြန်လျှင် ရွယ်တူသက်တူတို့နှင့် ပေါင်းဖော်လိုစိတ်၊ သူတို့နှင့်တူချင်လွန်းသောစိတ်ကို မဖျောက်ဖျက်နိုင်ကြပါ။—၁ ရာဇဝင်ချုပ် ၂၈:၉; လုကာ ၈:၁၂-၁၄; ၁ ကောရိန္သု ၁၅:၃၃။
သို့သော်လည်း ကမ္ဘာတစ်ဝန်းမှ ခရစ်ယာန်အိမ်ထောင်များရှိ ကလေးအများစုသည် ယေဟောဝါဘက်ရပ်တည်ရန် ရွေးချယ်ခဲ့ကြပြီ။ သူတို့၏မိဘများ လိုက်လျှောက်ခဲ့သော ထိရောက်သည့်အပြုအမူများမှ သင်ယူနိုင်စရာများ ရှိပါမည်လော။
စောစောစတင်လေ
သင့်ကလေးများအား ယေဟောဝါကိုရွေးချယ်ရန် ကူညီပေးမှုတွင် အရေးကြီးသည့်အချက်မှာ စောစောစတင်ပြုလုပ်ခြင်းဖြစ်သည်။ အများအားဖြင့်ဆိုလျှင် နုနယ်၍ လက်ခံယူရန် လွယ်ကူသောအချိန်တွင် တတ်သိစွဲမှတ်ထားသည့်အရာများသည် တစ်သက်တာလုံးအတွက်ဖြစ်လေ့ရှိသည်။ (သု. ၂၂:၆) ထို့ကြောင့် ယေဟောဝါ၏ကောင်းမြတ်ခြင်း၊ ကိုယ်တော်၏ချစ်ခြင်းနှင့် စိုးရွံ့ဖွယ်ဖြစ်ခြင်းအကြောင်းတို့ကို ကလေးများအား စောစော စတင်ပြောပြပါ။ သူတို့၏နှလုံးထဲတွင် ယေဟောဝါကို ချစ်မြတ်နိုးစိတ်နှင့် သူတို့အတွက် ယေဟောဝါပြုတော်မူခဲ့သမျှကို တန်ဖိုးထားလေးမြတ်စိတ်ရှိစေရန် ကြိုးစားသွန်သင်ပေးပါ။ ယင်းသို့ပြုမူရန် မိဘမြောက်မြားစွာတို့သည် ကင်းမျှော်စင်အသင်း၏ စာပေများပါ ယေဟောဝါ၏ဖန်ဆင်းခြင်းများနှင့်ပတ်သက်သော ဆောင်းပါးများစွာကို အောင်မြင်စွာ အသုံးပြုခဲ့ကြပြီ။
စောစောစီးစီး သွန်သင်ပေးရမည့် စွဲမှတ်ထားစရာ အရည်အချင်းများအနက် အချို့မှာ နာခံမှုရှိခြင်း၊ ယေဟောဝါနှင့် ကိုယ်တော်၏ဝတ်ပြုရေးကို ရိုသေလေးမြတ်ခြင်းတို့ ဖြစ်သည်။ ခရစ်ယာန်အစည်းအဝေးများတွင် ကျောင်းနေရွယ် မရှိတတ်သေးသော ကလေးငယ်များ ကြိုးစားပမ်းစားဖြင့် မှတ်စုရေးခြင်း၊ ကိုယ်ပိုင်ကျမ်းစာအုပ်များတွင် ကျမ်းချက်များကို ရှာဖွင့်ခြင်း၊ သို့မဟုတ် အိပ်ငိုက်သည့်အခါ မိဘများနောက်သို့လိုက်၍ ရေအေးဖြင့်မျက်နှာသွားသစ်ခြင်းကို တွေ့ရခြင်းသည် စိတ်ကြည်နူးစရာဖြစ်သည်။ ယင်းတို့သည် ရိုးရိုးအမှုများမျှသာဖြစ်သော်လည်း ယေဟောဝါအား ရိုသေလေးစားမှုနှင့် နာခံမှုပြသင့်ကြောင်း ကလေးငယ်၏စိတ်တွင် စွဲမှတ်ထင်ကျန်စေရန် အလွန်အရေးကြီးလှသည်တကား!
အလေးအနက်သမ္မာကျမ်းစာသွန်သင်မှုကိုလည်း စောစောစတင်သင့်သည်။ မောင်နှံစုံတစ်စုံသည် သူတို့၏သားများ နှစ်နှစ်အရွယ်ရှိစဉ်တွင် ကြီးမြတ်သောဆရာ့စကားကို နားထောင်ခြင်းa စာအုပ်ကို သူတို့နှင့်လေ့လာခဲ့သည်။ နောက်ပိုင်း သားတို့သည် ကျောင်းစနေကြသောအခါ အိပ်ရာမှ စောစောထပြီး မိခင်နှင့်အတူ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် နှင့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်b စာအုပ်များကို နံနက်တိုင်း လေ့လာခဲ့ကြသည်။ ထိုနောက်မှ နံနက်စာမစားမီ ဖခင်နှင့်အတူ နေ့စဉ်ကျမ်းချက်ကို ဆွေးနွေးကြသည်။ များမကြာမီက သားတို့သည် ၁၀ နှစ်နှင့် ၁၁ နှစ်အရွယ်တွင် သူတို့၏ဆက်ကပ်အပ်နှံမှု၏ အထိမ်းအမှတ်အဖြစ် ရေ၌နှစ်ခြင်းယူ၍ တင်ပြပြီး ယေဟောဝါကိုကိုးကွယ်ရန် ရွေးချယ်ခဲ့ချိန်တွင် မိဘနှစ်ပါး၏ ကြိုးပမ်းမှုသည် အမှန်အကျိုးနပ်ခဲ့ပေသည်။
မိမိငယ်စဉ်က ညအခါတွင် မိခင်သည် မိမိအနား၌ထိုင်ပြီး ဆုတောင်းတတ်ရန် ကူညီပေးခြင်းဖြင့် ယေဟောဝါနှင့် ဆက်သွယ်မှုပြုတတ်ရန် အကူအညီပေးခဲ့ကြောင်းကို ဂျပန်နိုင်ငံ၊ ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးတွင် အမှုထမ်းနေသော လူငယ်ကောင်းတစ်ဦးက မှတ်မိသည်။ မည်သည့်အရပ်သို့သွားသွား၊ မည်သည့်အမှုကိုလုပ်လုပ် အနီး၌ ယေဟောဝါရှိ၍ အကူအညီပေးရန် အမြဲအသင့်ရှိတော်မူကြောင်း သူ့အားသွန်သင်ခဲ့သောသင်ခန်းစာကို သူဘယ်တော့မျှ မမေ့လျော့ချေ။
အောင်မြင်မှုရှိသောမိဘများသည် သားသမီးများ၏ မွေးရာပါ မစုံလင်မှုကြောင့် သူတို့၏ဉာဉ်ဆိုးများကို အကဲခတ်မိပြီး ယင်းတို့ကို ပြုပြင်ပြောင်းလဲနိုင်ကြရန် သားသမီးများအား စောစောကတည်းက ကူညီပေးကြပါသည်။ (သု. ၂၂:၁၅) အတ္တဆန်ခြင်း၊ ခေါင်းမာခြင်း၊ မာန်မာနစိတ်၊ သူတစ်ပါးကို အလွန်အမင်း အပြစ်မြင်ခြင်း အစရှိသောစိတ်ထားများကို စောစောဖျောက်ဖျက်နိုင်ဖို့ ကူညီပေးရမည်။ ထိုသို့မပြုလျှင် နောက်နောင်တွင် ဘုရားသခင်နှင့် ကိုယ်တော်၏လမ်းစဉ်ကို ပုန်ကန်သည်အထိ ဤဗီဇများသည် ကြီးထွားလာလိမ့်မည်။ ဥပမာ၊ ရည်ရွယ်ချက်ကောင်းသော်လည်း အလိုလိုက်လွန်းသောမိဘများသည် များသောအားဖြင့် မိမိတို့သားသမီးများအား ကိုယ့်အကျိုးကိုယ် စွဲလမ်းအာရုံပြုစိတ် မွေးမြူစေတတ်သည်။ ဤသို့သောကလေးများသည် မိဘများကိုသော်လည်းကောင်း၊ ယေဟောဝါကိုသော်လည်းကောင်း တန်ဖိုးထားလေးစားရန် အခက်တွေ့ကြသည်။ သူတို့သည် သမ္မာကျမ်းစာတွင် ဖော်ပြထားသော ‘ကျေးဇူးမသိတတ်သူများ’ နှင့်တူလာလိမ့်မည်။ (သု. ၂၉:၂၁၊ ကဘ) တစ်ဖက်ကကြည့်ပြန်လျှင် အိမ်တွင်း၌ တောက်တိုမည်ရ အလုပ်များကို လုပ်ကိုင်ရန် ကလေးတို့အား တာဝန်ပေးမည်၊ သူတစ်ပါးလိုအပ်ရာများကို မြင်တတ်ရန် သွန်သင်ပေးခံရမည်ဆိုလျှင် မိဘနှစ်ပါးနှင့်တကွ ယေဟောဝါကိုပါ ကျေးဇူးတင်သောသဘော ပိုမိုရှိစေသည်။
မပြုမနေ ပြုသင့်သည့်အရာနောက်တစ်ခုမှာ ကလေးအနေနှင့် လိုက်မီနိုင်သော သီအိုကရက်တစ်ပန်းတိုင်များကို သတ်မှတ်ထားရန် စောစောသွန်သင်ပေးခြင်းဖြစ်သည်။ ယင်းကို စောစောမသင်၊ တစ်သမတ်တည်း မပြုလုပ်လျှင် အခြားသူတို့သည် သူ၏စိတ်နှလုံးထဲ အခြားပန်းတိုင်များကို လာထည့်သွင်းပေမည်။ ယင်းပန်းတိုင်များတွင် ကျမ်းစာကို အစမှအဆုံး ဖတ်ရွတ်ခြင်း၊ ကင်းမျှော်စင်အသင်း၏စာပေများမှတစ်ခုကို ကိုယ်တိုင်လေ့လာခြင်း၊ သီအိုကရက်တစ် ဓမ္မအမှုဆောင်ကျောင်းတွင် ပါဝင်ခြင်း၊ သတင်းကောင်းကြွေးကြော်သူတစ်ဦး ဖြစ်လာခြင်း နှင့် နှစ်ခြင်းယူခြင်းတို့ ပါဝင်သင့်သည်။
တာကဖူးမီး၏မိခင်သည် သူ့အား ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကို ဖတ်ရှုသည့်အကျင့်ရှိလာစေရန် လွယ်ကူသောမေးခွန်းများကို ရေးမှတ်ထားပြီး မီးဖိုချောင်စားပွဲပေါ်တင်ထားကာ ကျောင်းမှပြန်လာတိုင်း ယင်းတို့၏အဖြေကို ရှာဖွေခဲ့ရကြောင်း သူပြန်တွေးမိသည်။ ခရစ်ယာန်ဓမ္မအမှုဆောင်များ လိုအပ်သောနေရာတွင် အမှုထမ်းနေကြသော ရှေ့ဆောင်များcနှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီး သူတို့နှင့် တွဲဖက်ဓမ္မအမှုဆောင်ခြင်း၊ မြိန်ရှက်သောအစာများကို သူတို့ချက်ပြုတ်ခြင်းကိုမြင်ရခြင်း၊ သူတို့၏ ပျော်ရွှင်မှုနှင့် ဇွဲလုံ့လကို တွေ့မြင်ခဲ့ရခြင်းတို့က ယေဟောဝါ၏အမှုတော်ကို ထပ်တူနည်းအတိုင်း ဆောင်ရွက်ရန် စိတ်ဆန္ဒပြင်းပြစေဖို့ သူ့အား အတော်အတန် ဩဇာလွှမ်းမိုးခဲ့ကြောင်း ယူရီပြန်သတိရသည်။ မိမိတို့၏မိဘများသည် ဗေသလဟုခေါ်သော ကင်းမျှော်စင်အသင်း၏ ဌာနချုပ်နှင့် ဌာနခွဲများသို့ မကြာခဏအလည်အပတ်ခေါ်သွားပြီး ထိုတွင်ရှိ အခြားလူငယ် အမျိုးသား၊ အမျိုးသမီးများ ယေဟောဝါ၏အမှုတော်ကို ဝမ်းပန်းတသာ ဆောင်ရွက်နေကြခြင်းကို ရှုစားစေခဲ့ကြောင်း လူငယ်များစွာကလည်း ပြောပြကြသည်။ ကလေးဘဝက ဤနေရာသို့ အလည်အပတ်ရောက်ဖူးသူ များစွာသည် ကမ္ဘာတစ်ဝန်းရှိ ဗေသလအိမ်များတွင် ယနေ့အမှုထမ်းနေကြပါသည်။
သင့်သားသမီးများအား သင့်အချိန် ပေးပါ
သားသမီးများနှင့်အတူ သင်အသုံးပြုသည့်အချိန်ယင်း၏အရည်အသွေးနှင့် အရေအတွက်က သူတို့သည် ယေဟောဝါကိုကိုးကွယ်သူများဖြစ်လာရန် ရွေးချယ်သည်၊ မရွေးချယ်သည်ကို များစွာလွှမ်းမိုးလိမ့်မည်။ သူတို့နှင့် သင်ကျင်းပသော ကျမ်းစာသင်အံမှုအတွက် မည်မျှအချိန်ပေးပြီး မည်မျှပြင်ဆင်သည်ကို သူတို့ချက်ချင်းရိပ်မိပါသည်။ လွန်ခဲ့သောအပတ် သင်အံမှုကို အဘယ်နေရာတွင် ရပ်ဆိုင်းခဲ့ကြောင်း မမှတ်မိ၊ အသေးအဖွဲကိစ္စများအတွက် သင်အံမှုအစီအစဉ်ကိုဖျက်သိမ်းမည်ဆိုလျှင် သင်အံမှုသည် အရေးမကြီးလှဟု ဆိုလိုနေရာရောက်စေသည်။ သို့ရာတွင် မိဘများက သင်အံမှုအတွက် အနစ်နာခံမည်၊ ယင်းအတွက် ကောင်းစွာပြင်ဆင်မည်၊ မည်သို့ပင်ဖြစ်စေကာမူ သင်အံမှုကို မှန်မှန်ပြုလုပ်မည်ဆိုလျှင်မူကား လုံးလုံးခြားနားသောသဘောကို သက်ရောက်စေသည်။ လိုအပ်ချက်မဟုတ်သော်လည်း အချို့မိခင်များသည် သားသမီးများနှင့် သင်အံမှုပြုလုပ်သည့်အခါ အစည်းအဝေးအတွက်၊ သို့မဟုတ် အိမ်နီးချင်းနှင့် ကျမ်းစာသင်အံမှု ပြုလုပ်ဖို့အတွက် ဝတ်စားဆင်ယင်သကဲ့သို့ ဝတ်ဆင်တတ်ကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ယေဟောဝါ၏ဝတ်ပြုရေးသည် အရေးကြီးသည်ဟု စွဲမှတ်စေသည်။
သင့်ကလေးများ၏ ကျမ်းစာအသိပညာဆည်းပူးခြင်းကို ပျော်မွေ့စရာ၊ သူတို့နှလုံးကိုထိမိစရာဖြစ်စေရန် များစွာအချိန်ကုန်ခံ၊ ခွန်အားစိုက်ထုတ်ရမည်။ အထူးသဖြင့် ကလေးငယ်များသည် သူတို့သင်ယူနေသည့်အရာတို့ကို သရုပ်ဆောင်ပြသည့်အခါ စွဲမှတ်စရာဖြစ်သွားတတ်သည်။ ဥပမာ၊ ဖခင်တစ်ဦးသည် လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကျမ်းစာမှတ်တမ်းကို သရုပ်ဆောင်ပြခြင်းအားဖြင့် ရှင်ပြန်ထမြောက်ခြင်းကို သားသမီးများ မြင်ယောင်စေရန် အကူအညီပေးခဲ့သည်။ အခန်းကျဉ်းတစ်ခုထဲဝင်ပြီးနောက် ရှင်ပြန်ထမြောက်လာသော လာဇရုကဲ့သို့ သူပြန်ထွက်ပေါ်လာသည်။—ယောဟန် ၁၁:၁၇-၄၄။
ကလေးသူငယ်များသည် လူကြီးဖြစ်လာခါနီးတွင် စုပြုံ၍ ပေါ်လာတတ်သော စိတ်လှုပ်ရှားမှုများ၊ သံသယဖြစ်မှုများ နှင့် စိုးရိမ်မှုများကို ကျွမ်းကျင်လိမ္မာစွာ သာ၍ပင်အချိန်ယူ ကိုင်တွယ်ပေးရန် လိုလာပါသည်။ ကလေးတို့၌ ယေဟောဝါကို မှီခိုအားထားစိတ် တိုးများလာစေဖို့ဆိုလျှင် ဤအချိန်အခါတွင် မေတ္တာရှိ အကင်းပါးသော မိဘများက အချိန်ယူကူညီပေးခြင်းသည် အလွန်အရေးကြီးသည်။ အောင်မြင်မှုရခဲ့သော ကလေးလေးယောက် ဖခင်တစ်ဦးက မိမိသားများသည် ပြဿနာအမျိုးမျိုးကို ရင်ဆိုင်သည့်အခါ ထိုအရေးအကြောင်းကို မဖြေရှင်းနိုင်မချင်း သက်ဆိုင်ရာဆောင်းပါးတို့ကို ကင်းမျှော်စင်အသင်း၏ စာပေများတွင် ရှာဖွေပြီး သူတို့နှင့် နေ့စဉ်ဆွေးနွေးခဲ့ကြောင်း ပြန်ပြောင်းပြောပြသည်။
ကလေးနှစ်ယောက်ရှိ အလုပ်များသော ရှေ့ဆောင်ဖြစ်သူ မိခင်တစ်ဦးက မိမိသမီးသည် သီအိုကရက်တစ်လုပ်ငန်းဆောင်တာများတွင် ပါဝင်မှုကိုရပ်ဆိုင်းလာကာ ပျော်ရွှင်မှုရရှိပုံမပေါက်ကြောင်း သတိပြုမိသည်။ သို့ဖြစ်၍ နေ့လည်ခင်းတိုင်းကလေးကျောင်းဆင်း၍ အိမ်ပြန်လာသောအခါ မိခင်သည် အိမ်တွင်ရှိနေရန် ကြိုးစားပြီး လက်ဖက်ရည်သောက်စဉ် သမီးကို စကားစမြည်ပြောဆိုရန်လုပ်ဆောင်ခဲ့သည်။ ဤသို့ မိခင်နှင့်သမီး အကျွမ်းတဝင် တရင်းတနှီးစကားစမြည်ပြောဆိုခြင်းကြောင့် သူငယ်မသည် လိုအပ်သောအကူအညီကို ရရှိလာပါသည်။ ယခု အထက်တန်းကျောင်းဆင်းပြီးသောအခါ သူမသည် မိခင်နှင့်အတူ ရှေ့ဆောင်လုပ်ကိုင်နေသည်။—သု. ၂၀:၅။
ကောင်းသော အပေါင်းအသင်းနှင့် ပုံသက်သေ
အချိန်ကိုပေးသည့်အပြင် မိဘများသည် မိမိ၏ကလေးများအတွက် ကောင်းသောအဖော်အဖက်များ ဖြစ်ရမည်။ သု. ၁၃:၂၀ ကဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”
ထိုပညာရှိစကား မှန်ကန်ကြောင်းကို အောင်မြင်သောမိဘများစွာ အသိအမှတ်ပြုသည်။ ကလေးလေးယောက်ဖခင်တစ်ဦးက ဤသို့ဆိုသည်– “ပြန်ပြောင်းကြည့်လျှင် သမ္မာတရားမှ မိတ်ဆွေအပေါင်းအသင်း များခဲ့သည့်အတွက် ကျွန်တော်တို့၏ကလေးများသည် ယေဟောဝါကိုဝတ်ပြုသူများဖြစ်လာရန် အကူအညီရခဲ့သည် ထင်ပါ၏။ ကျွန်တော်တို့၏အသင်းတော်မက အခြားအသင်းတော်များမှ သူတို့နှင့် မိတ်ဖွဲ့ရန်နှင့် ထိုရင်းနှီးမှုကို ပြုစုပျိုးထောင်ရန် သူတို့အား ကျွန်တော်အားပေးခဲ့တယ်။” ဗေသလအိမ်တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော ခရစ်ယာန်အကြီးအကဲတစ်ဦးက သူ၏ရှေးဟောင်းနှောင်းဖြစ် ဖြစ်ရပ်များကို ဤသို့ပြန်ပြောင်းပြောပြသည်– “ကျွန်တော်ငယ်စဉ်က အိမ်ကလေးတစ်လုံးတွင် နေထိုင်ခဲ့သော်လည်း တိုက်နယ်ကြီးကြပ်မှူးလာသည့်အခါတိုင်း ကျွန်တော်တို့နှင့် တည်းခိုခဲ့သည်။ ထို့ပြင် အသင်းတော်မှ အထူးရှေ့ဆောင်များသည် ကျွန်တော်တို့နှင့် မကြာခဏ ညစာစားခဲ့ကြသည်။ ကျွန်တော်တို့အိမ်တွင် သူတို့ရေမိုးချိုးကြပြီး ပေါင်းသင်းခဲ့ကြသည်။ သူတို့၏တွေ့ကြုံမှုများကို နားထောင်ရ၍ သူတို့၏ပျော်ရွှင်မှုကို တွေ့ခဲ့ရသဖြင့် အချိန်ပြည့်လုပ်ငန်းကို ကျွန်တော်တန်ဖိုးထားတတ်လာပါသည်။”
အခက်အခဲ အကြပ်အတည်းများ ကြုံတွေ့နေရသူများအတွက် ကောင်းသောအပေါင်းအသင်းများသည် များစွာအကူအညီဖြစ်သည်။ အခိုက်အတန့် စိတ်လှုပ်ရှား ထကြွဂယက်ထနေသော သားတစ်ဦး၏မိခင်သည် ယင်းပြဿနာကို ယေဟောဝါသက်သေများ၏ နယ်လှည့်ကြီးကြပ်မှူးအား ဆွေးနွေးတင်ပြခဲ့သည်။ သားကို လယ်ကွင်းလုပ်ငန်း၌ သူမနှင့်အတူ ခေါ်ဆောင်သွားရန် အားပေးခံခဲ့ရသည်။ “ယင်းသို့ပြုလျှင် သူ၏ဝိညာဉ်ရေးမှအစ အခြားအရာအားလုံး တိုးတက်ကောင်းမွန်လာလိမ့်မည်” ဟု ကြီးကြပ်မှူးက ပြောသည်။ သူမက ဤသို့အကြောင်းပြန်သည်– “ကျွန်မတို့၏အသင်းတော်တွင် ညနေပိုင်း သက်သေခံထွက်ခြင်းအစီအစဉ်ရှိပြီး ကျောင်းနေရွယ် ကလေးများစွာအပြင် အသက်ပိုကြီးသော မှန်မှန်ရှေ့ဆောင်အနည်းငယ်နှင့် အနည်းဆုံးအကြီးအကဲတစ်ဦး ပါဝင်လေ့ရှိသည်။ အစပိုင်းတွင် သားကို မှန်မှန်ထွက်ဖို့ ကြိုးစားတိုက်တွန်းပေးခဲ့ရ၏။ သို့သော် မကြာပါ။ အကြောင်းမှာ ကောင်းသောအပေါင်းအသင်းကြောင့် အိမ်ပြန်လာတိုင်း ပိုမိုစိတ်ရွှင်ပျပြီး အားတက်သရောဖြစ်လာသည်ကို တွေ့ရှိရ၏။ အထက်တန်းကျောင်းသားဘဝ၌ပင် သူနှစ်ခြင်းယူပြီး လစဉ်လတိုင်း အရန်ရှေ့ဆောင်ခဲ့၍ အထက်တန်းကျောင်းအောင်သည်နှင့် မှန်မှန်ရှေ့ဆောင်အဖြစ် အမှုထမ်းပါသည်။” ကောင်းသောအပေါင်းအသင်းနှင့်တကွ ယေဟောဝါ၏အလိုတော်ကိုဆောင်ရွက်ခြင်းက ကောင်းသောအကျိုးရလဒ်များကို ပေါ်ထွက်စေခဲ့သည်။
သင့်အရပ်ဒေသတွင် သင့်ကလေးအတွက် ကောင်းသောသြဇာညောင်းနိုင်မည့် လူငယ်များ မရှိဘဲနေမည်ဖြစ်သော်လည်း ယေဟောဝါကိုဝတ်ပြုရန် ရွေးချယ်ခဲ့သော လူငယ်များစွာတို့ကို လေ့လာကြည့်သော် သူတို့မိဘများ၏ပုံသက်သေက အတော်အကျိုးပြုခဲ့ကြောင်း တွေ့ရှိရသည်။ လူငယ်များစွာသည် ကိုယ့်မိဘကို အထင်ကြီးတတ်ကြပြီး အတုယူလိုကြသည်။ ယူရီသည် မိခင်၏ ဧည့်ဝတ်ပျူငှာမှုနှင့် သူတစ်ပါးကို ဂရုတစိုက်ရှိမှု ဖုန်းဆက်သတင်းမေးခြင်းနှင့် ဖျားနာသူများအတွက် ချက်ပြုတ်ပေးခြင်းတို့ကို မှတ်မိပါသည်။ ယခု အားလုံးကြီးပြီဖြစ်သော ယေဟောဝါကိုကိုးကွယ်သူများဖြစ်နေကြသည့် သားလေးယောက်ရှိ မိသားစုအဝင်ဖြစ်သူ တာ့စူအိုက ဤသို့ဆိုသည်– “အဖေက မယုံကြည်သူဖြစ်သည့်အတွက် ကျွန်တော်တို့နှင့် အမေသည် မှန်မှန်ကျမ်းစာမသင်ပေးနိုင်ခဲ့ပါ။ ဆွေမျိုးများကလည်း အမေ့ကိုအတော်အတန် အတိုက်အခံပြုလုပ်ခဲ့သည်။ သို့သော် သမ္မာတရားဘက် အမေ့ရပ်တည်မှုနှင့် ယေဟောဝါကို ဝတ်ပြုရာတွင် သူ၏ပျော်ရွှင်မှုကို ကျွန်တော်တွေ့မြင်ခဲ့ရခြင်းသည် ကျွန်တော့်အား များစွာအကျိုးပြုခဲ့ပါသည်။ ကျွန်တော်တို့၏ပြဿနာများကို ကူညီဖြေရှင်းပေးဖို့ အမေသည် သန်းခေါင်ကျော်အထိ မအိပ်ဘဲ နေရန်လည်းလိုလိုလားလားရှိခဲ့သည်။” မိဘများ၏ ပညာရှိစကားများသည် သစ္စာရှိသောအကျင့်များနှင့် ဒွန်တွဲနေပါက တန်ခိုးပါသည်။ ယိုအီချီရိုသည် သူ၏မိဘများနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “အသင်းတော်မှ အခြားသူများနှင့်ပတ်သက်၍ မကောင်းသောအကြောင်း တစ်စုံတစ်ရာမျှပြောဆိုသံကို ကျွန်တော်မကြားဖူးပါ; သူတစ်ပါး၏ အမှားအယွင်းတို့ကို အတင်းစကားအဖြစ် မပြောဆိုကြရန်လည်း ကျွန်တော်တို့အား တားမြစ်ပါသည်။”—လုကာ ၆:၄၀-၄၂။
ယေဟောဝါကိုရွေးချယ်သော သားသမီးများအား တွေ့၍ပျော်ရွှင်မှုရခြင်း
သားသမီးများအား ယေဟောဝါကိုရွေးချယ်ရန် ကူညီပေးဖို့အတွက် လွဲမှားချွတ်ချော်မှုလုံးဝမရှိသော ပုံသေနည်းမရှိပါ။ စိုးရိမ်ပူပန်ရသောအချိန် များစွာကြုံတွေ့ရပေလိမ့်မည်။ သို့သော် အထက်တွင်ဖော်ပြထားသော စိုးရိမ်မကင်းဖြစ်ခဲ့သောဖခင်က ဤသို့ဆိုသည်– “မိဘများအနေနှင့် ယေဟောဝါ၏ မျက်မြင်ရအဖွဲ့အစည်းပြုသော အကြံပေးချက်များကို ကျွန်တော်တို့ သစ္စာရှိရှိကြိုးစားလိုက်လျှောက်ခဲ့ကြသည်။ ယင်းသို့ပြုခြင်းက ပြဿနာများကို ကျော်လွှားဖြေရှင်းရေးအတွက် များစွာအကူအညီဖြစ်ခဲ့သည်။” သူတို့၏ကြိုးပမ်းမှုများသည် အောင်မြင်ခဲ့၏။
မှန်ပါသည်၊ ကျမ်းစာလမ်းညွှန်ချက်များကို အတတ်နိုင်ဆုံး လိုက်လျှောက်ခြင်း၊ ယေဟောဝါကို ချစ်မြတ်နိုးရန် ကလေးများအား အကျိုးအကြောင်းကောင်းများ ဖော်ပြခြင်း၊ သင်၏ သစ္စာရှိသော ပုံသက်သေကို တင်ပြခြင်းနှင့် အကူအညီပေးရန် စိတ်ရင်းစေတနာရှိခြင်းတို့အားဖြင့် နောက်ဆုံးတွင် သင့်ကြိုးစားအားထုတ်မှုများ အောင်မြင်လာခြင်း ဆုကျေးဇူးကို အသင်ပါ တွေ့မြင်ခံစားရစရာအကြောင်း ရှိပေမည်။ တစ်ခါက ယေဟောဝါသက်သေမဖြစ်ရန် စိတ်ဆုံးဖြတ်ခဲ့သော အထက်တွင် ဖော်ပြထားသည့် လူငယ်တစ်ဦးကို သတိရပါ။ သူ၏ အခက်အခဲကာလတစ်လျှောက် မိခင်သည် အောင်မြင်စွာ ကူညီပေးခဲ့ပြီးနောက်တွင် သူက “ကျွန်တော့်ကို အမေ လက်မလျှော့ဘဲဆက်ကူညီပေးခဲ့ခြင်းကို ဝမ်းသာမဆုံးပါ!” ဟုပြောသည်။ သင့်ကလေးများနှင့်လည်း ထပ်တူအကျိုးရလဒ်မျိုးကို သင်ခံစားရပေမည်။—ဂလာတိ ၆:၉။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း ပုံနှိပ်ထုတ်ဝေထားသည်။
b ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း ပုံနှိပ်ထုတ်ဝေထားသည်။
c ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်များအား ရှေ့ဆောင်များဟု ခေါ်သည်။ အရန်ရှေ့ဆောင်တစ်ဦးသည် ဓမ္မအမှုတွင် လစဉ် အနည်းဆုံး နာရီ ၆၀၊ မှန်မှန်ရှေ့ဆောင်သည် နာရီ ၉၀ နှင့် အထူးရှေ့ဆောင်တစ်ဦးသည် နာရီ ၁၄၀ အသီးသီးပါဝင်ကြသည်။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ကလေးမွေးမြူခြင်းကို ရွှင်လန်းအားရစွာ သင်ပြန်ပြောင်းအောက်မေ့နိုင်သလော