ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁၅ စာ. ၁၂-၁၅
  • ယေရှု၌ ဘုရားသခင်ကိုယုံကြည်ခြင်း ရှိနိုင်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု၌ ဘုရားသခင်ကိုယုံကြည်ခြင်း ရှိနိုင်မည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ခြင်းမဲ့သော ဆုတောင်းချက်များလော
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို စုံလင်စေတော်မူသောသခင်” စုံလင်ခြင်းသို့ရောက်ခြင်း
  • ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကိုယ်တော် မယုံခဲ့သလော
  • ယေရှု၊ တုပလောက်သော ယုံကြည်ခြင်းပုံနမူနာ
  • သမ္မာတရားတွင်အခြေခံသော ယုံကြည်ခြင်းကို ကျင့်သုံးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သတင်းကောင်းကို သင် အမှန်တကယ်ယုံကြည်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “ယုံကြည်ခြင်းလိုနေသည့်နေရာတွင် ကျွန်ုပ်အားကူညီပေးတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁၅ စာ. ၁၂-၁၅

ယေရှု၌ ဘုရားသခင်ကိုယုံကြည်ခြင်း ရှိနိုင်မည်လော

သုံးပါးတစ်ဆူဝါဒီ အကျပ်တွေ့စရာ

“ယေရှုသည် ယုံကြည်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ကိုယ်တော်သည် မည်သူ့ကိုမျှ မှီခိုစရာမလိုဘဲ အရာခပ်သိမ်းကို သိမြင်တော်မူ၍ ကိုယ်တော်တိုင်ပင် ဘုရားသခင်ဖြစ်တော်မူ၏။ ယုံကြည်ခြင်းမည်သည် သူတစ်ထူးကို မှီခိုအားထားခြင်း၊ မမြင်ရသောအရာကို ဝန်ခံခြင်းဖြစ်ရာ ယေရှု-ဘုရား၌ ယုံကြည်ခြင်းရှိနိုင်သည်ဟု ပြော၍မရပေ။”

ယင်းသည် ကက်သလစ်ဘာသာတွင် အဓိကယူဆချက်ဖြစ်သည်ဟု ပြင်သစ်ဓမ္မပညာရှင် ယာ့ခ်ဂီရေးအလိုအရဖြစ်သည်။ ဤရှင်းပြချက်သည် သင့်အား အံ့အားသင့်စေသလော။ ယေရှုသည် အရာခပ်သိမ်းတွင် ခရစ်ယာန်များအတွက် စံပြဖြစ်သောကြောင့် ယုံကြည်ခြင်းစံပြလည်း ဖြစ်လိမ့်မည်ဟု သင်ယူမှတ်ခဲ့မည်။ ထိုသို့ယူမှတ်ခဲ့လျှင် ခရစ်ယာန်ဘောင်၏ အခိုင်အမာပြဋ္ဌာန်းထားသည့် သုံးပါးတစ်ဆူအယူကို သင်ထည့်မစဉ်းစားမိ၍ဖြစ်မည်။

သုံးပါးတစ်ဆူအယူကို “ခရစ်ယာန်ယုံကြည်ချက်နှင့် အသက်တာဘဝတွင် အချက်အချာနက်နဲရာ” အဖြစ်ခံယူထားကြသော ကက်သလစ်၊ ပရိုတက်စတင့်နှင့် ဩသဒေါက်စ် ဓမ္မပညာရှင်များအတွက် ယေရှု၏ယုံကြည်ခြင်းနှင့်ဆိုင်သော မေးခွန်းသည် အမှန်ပင်နားလည်ရခက်နေကြသည်။aသို့ရာတွင် ယေရှု၏ယုံကြည်ခြင်းကို အားလုံးကမငြင်းပယ်ကြပါ။ ယာ့ခ်ဂီရေးက “ယေရှု၌ ယုံကြည်ခြင်းရှိခဲ့ကြောင်းကို အသိအမှတ်မပြုဘဲ မနေနိုင်ပါ” ဟုထောက်ခံသော်လည်း သုံးပါးတစ်ဆူအယူ၏ ရှင်းလင်းချက်အရ ယင်းသည် “ယုတ္တိမရှိဟုထင်ရသော်လည်း ခြေမြစ်သည့်အရာ” ဖြစ်ကြောင်း ဂီရေးဝန်ခံသည်။

ပြင်သစ် ဂျက်ဇူအစ် ယားန်ဂလိုးနှင့် သူ့ကဲ့သို့သော ဓမ္မပညာရှင်အများစုက “ဘုရားစင်စစ်နှင့် လူစင်စစ် ဖြစ်သည့်အတွက် . . . ခရစ်တော်သည် ကိုယ်ကိုယ်တိုင်ကို ယုံကြည်ခြင်း မပြုနိုင်” ဟု အတိအလင်းပြောဆိုသည်။ “ယုံကြည်ခြင်းမည်သည် ကိုယ်ကိုယ်နှိုက်ကိုမဟုတ် အခြားသူတစ်ဦးကို ယုံကြည်ကိုးစားခြင်းဖြစ်သည်” ဟု La Civiltà Cattolica အချိန်မှန်ထုတ်စာစောင်က သတိပြုထားသည်။ ထို့ကြောင့် ယေရှု၏ယုံကြည်ခြင်းကို အသိအမှတ်ပြုရန် အတားအဆီးဖြစ်နေသည်ကား အခိုင်အမာပြဋ္ဌာန်းထားသောသုံးပါးတစ်ဆူအယူအဆဖြစ်၏။ အကြောင်းမှာ ထိုခံယူချက်နှစ်ခုသည် တစ်ခုနှင့်တစ်ခု သိသိသာသာဆန့်ကျင်နေပါသည်။

“ခရစ်ဝင်ကျမ်းစောင်များသည် ယေရှု၏ယုံကြည်ခြင်းအကြောင်း တစ်ခါမျှမဖော်ပြ” ဟုဓမ္မပညာရှင်များက ပြောသည်။ အမှန်စင်စစ်ဆိုသော် ခရစ်ယာန်ဂရိကျမ်းစောင်များတွင် အသုံးပြုထားသည့် ပီစတီယူအို (ယုံကြည်၊ ယုံကြည်ခြင်းရှိသည်) နှင့် ပီစတစ္စ (ယုံကြည်ခြင်း) ဟူသောဝေါဟာရများသည် ကောင်းကင်ဘုံရှင် ခမည်းတော်ကို ယေရှုယုံကြည်ကိုးစားခြင်းကိုဆိုလိုမည့်အစား ဘုရားသခင်ကိုလည်းကောင်း၊ ခရစ်တော်ကိုလည်းကောင်း တပည့်တော်များ ယုံကြည်ခြင်းကို များသောအားဖြင့် ရည်ညွှန်းနေသည်။ သို့ဖြစ်သောကြောင့် ဘုရားသခင်၏သားတော်သည် ယုံကြည်ခြင်းမရှိဟု ကျွန်ုပ်တို့ကောက်ချက်ချရမည်လော။ ကိုယ်တော်ပြုမူခဲ့သမျှ၊ ပြောဆိုခဲ့သမျှတို့မှ ကျွန်ုပ်တို့အဘယ်အရာကို သဘောပေါက်နားလည်နိုင်သနည်း။ ကျမ်းစာက မည်သို့ဆိုသနည်း။

ယုံကြည်ခြင်းမဲ့သော ဆုတောင်းချက်များလော

ယေရှုသည် ဆုတောင်းချက်များစွာ ပြုတော်မူခဲ့သောအရှင်ဖြစ်သည်။ အချိန်အခါတိုင်း—ကိုယ်တော်နှစ်ခြင်းယူချိန် (လုကာ ၃:၂၁); တမန်တော် ၁၂ ပါးကိုမရွေးမီ တစ်ညတာလုံး (လုကာ ၆:၁၂၊ ၁၃); တမန်တော် ပေတရု၊ ယောဟန်၊ ယာကုပ်တို့နှင့်ရှိစဉ် တောင်ပေါ်တွင် အံ့ဖွယ်နည်းဖြင့် သူတို့အရှေ့၌ ကိုယ်ယောင်ပြောင်းခဲ့စဉ် (လုကာ ၉:၂၈၊ ၂၉) ကိုယ်တော်ဆုတောင်းတော်မူခဲ့သည်။ တပည့်တော်တစ်ပါးက ‘ဆုတောင်းခြင်းငှာ ကျွန်ုပ်တို့အား နည်းပေးတော်မူပါ’ ဟုလျှောက်ကြားချိန်တွင် ကိုယ်တော်ဆုတောင်းနေတော်မူသည်။ ထို့ကြောင့် သခင့်ဆုတောင်းချက် (“ကျွန်ုပ်တို့၏အဘ”) ကို သွန်သင်ပေးတော်မူခဲ့သည်။ (လုကာ ၁၁:၁-၄; မဿဲ ၆:၉-၁၃) နံနက်စောစော တစ်ယောက်တည်း ကြာမြင့်စွာ (မာကု ၁:၃၅-၃၉); တပည့်တော်များကို လွှတ်ပြီးနောက် ညနေပိုင်း၌ တောင်ပေါ်တွင် (မာကု ၆:၄၅၊ ၄၆); တပည့်တော်များနှင့်အတူသော်လည်းကောင်း၊ တပည့်တော်များအတွက်သော်လည်းကောင်း (လုကာ ၂၂:၃၂; ယောဟန် ၁၇:၁-၂၆) ကိုယ်တော်ဆုတောင်းတော်မူခဲ့၏။ မှန်ပေသည်၊ ဆုတောင်းခြင်းသည် ယေရှု၏အသက်တာတွင် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။

အံ့ဖွယ်ရာများကို ပြုတော်မမူမီ၊ ဥပမာ၊ ကိုယ်တော်၏မိတ်ဆွေ လာဇရုကို ရှင်ပြန်ထမြောက်စေတော်မမူမီ ကိုယ်တော်ဆုတောင်းတော်မူ၏– “အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသော ကျေးဇူးတော် ကြီးလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ် နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့အကျွန်ုပ်လျှောက်ပါ၏။” (ယောဟန် ၁၁:၄၁၊ ၄၂) ထိုဆုတောင်းချက်ကို ခမည်းတော် သေချာပေါက်နားညောင်းတော်မူလိမ့်မည်ဟုစိတ်ချခြင်းကား ကိုယ်တော်၏ယုံကြည်ခြင်း ပြင်းထန်ကြောင်းကို ထင်ရှားစေသည်။ ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းသည် ကွင်းဆက်နေကြောင်း တပည့်တော်များအား ခရစ်တော် မိန့်တော်မူခဲ့သည့် “သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်” ဟူသောစကားက ထင်ရှားစေသည်။—မာကု ၁၁:၂၄။

ယေရှု၌ ယုံကြည်ခြင်းမရှိလျှင် အဘယ်ကြောင့် ကိုယ်တော်သည် ဘုရားသခင်ထံ ဆုပတ္ထနာပြုတော်မူသနည်း။ ခရစ်ယာန်ဘောင်၏ ကျမ်းစာနှင့်မညီသော သုံးပါးတစ်ဆူအယူအဆဖြစ်သည့် ယေရှုသည် လူသားဖြစ်၍ တစ်ကြိမ်တည်းတွင်လည်း ဘုရားဖြစ်သည်ဟု ဆိုခြင်းက သမ္မာကျမ်းစာ၏ သတင်းတရားကို မရှင်းမလင်းဖြစ်စေသည်။ ယင်းက သမ္မာကျမ်းစာ၏ ရိုးရှင်းမှုနှင့် တန်ခိုးပါမှုကို လူတို့နားမလည်စေရန် တားဆီးပါသည်။ လူသားယေရှုသည် မည်သူ့ထံ အသနားခံနေခြင်းဖြစ်သနည်း။ ကိုယ်ကိုယ်တိုင်ကိုလော။ ကိုယ်တော်တိုင် ဘုရားသခင်ဖြစ်သည်ကို သိတော်မမူ၍ဖြစ်သလော။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၍ ယင်းကို သိတော်မူလျှင် အဘယ်ကြောင့်ဆုတောင်းရသနည်း။

မြေကြီးပေါ်အသက်တာ၏ နောက်ဆုံးနေ့ရက်တွင် ယေရှုတောင်းတော်မူခဲ့သော ဆုပတ္ထနာများက ကောင်းကင်ခမည်းတော်ကို ကိုယ်တော်မြဲမြံခိုင်ခံ့စွာ ယုံကြည်ကြောင်း ကျွန်ုပ်တို့အား သာ၍ပင်သိမြင်စေသည်။ မျှော်လင့်ခြင်းနှင့် စိတ်ချယုံကြည်စွာ စောင့်စားခြင်းကို တင်ပြကာ ကိုယ်တော် ဤသို့တောင်းဆိုတော်မူသည်– “အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။”—ယောဟန် ၁၇:၅။

ကိုယ်တော်ခံရမည့် အခဲယဉ်းဆုံးသော စုံစမ်းခြင်းများနှင့် ကိုယ်တော်သေရမည့်အချိန်သည် အလွန်နီးကြောင်းကို သိတော်မူသဖြင့် သံလွင်တာင်ပေါ် ဂေသရှေမန်ဥယျာဉ်တွင် ရှိခဲ့သောညက ကိုယ်တော်သည် “နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ” ၍ “ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏” ဟုမိန့်တော်မူသည်။ (မဿဲ ၂၆:၃၆-၃၈) ထိုနောက် ဒူးထောက်ကာ ဤသို့ဆုတောင်းတော်မူသည်– “အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။” ထိုအခါ “ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။” ကိုယ်တော်၏ ဆုပတ္ထနာကို ဘုရားသခင် နားညောင်းတော်မူသည်။ ကိုယ်တော်သည် အလွန်အမင်းစိတ်လှုပ်ရှားကာ အပြင်းအထန်စုံစမ်းခံရသောကြောင့် “ချွေးထွက်တော်မူသည်ကား မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။”—လုကာ ၂၂:၄၂-၄၄။

ယေရှုခံခဲ့ရသောဝေဒနာ၊ အားပေးခံမှု လိုခဲ့ခြင်းနှင့် ကိုယ်တော်၏ တိုးလျှိုးတောင်းပန်ချက်များက အဘယ်အရာကို တင်ပြသနည်း။ “သေချာသည့်အရာတစ်ခုမှာ ယေရှုဆုတောင်းတော်မူခဲ့သည်။ ဆုတောင်းခြင်းသည်လည်း ကိုယ်တော်၏ အသက်တာဘဝနှင့် ကိုယ်တော့်ပြုမူချက်တို့တွင် အလွန်အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ခြင်းတည်း။ လူအများ ဆုတောင်းကြသည်နည်းတူ ကိုယ်တော်ဆုတောင်းတော်မူ၏။ လူတို့အတွက်လည်း ဆုတောင်းတော်မူခဲ့သည်။ ဤတွင်စဉ်းစားစရာကား လူတို့၏ဆုတောင်းချက်များသည် ယုံကြည်ခြင်းမပါဘဲ မဖြစ်တန်ရာ ဟူ၍ဖြစ်သည်။ ယေရှု၏ဆုတောင်းချက်များသည် ယုံကြည်ခြင်းမပါဘဲ ဖြစ်နိုင်ပါမည်လော” ဟုယာ့ခ်ဂီရေး ရေးသားခဲ့သည်။

အသက်တော် မစွန့်မီအချိန်ကလေး နှက်တိုင်ပေါ် တွဲလွဲဆွဲခံရစဉ်တွင် ဒါဝိဒ်၏ဆာလံတစ်ပုဒ်ကို ကိုးကား၍ ကြီးသောအသံနှင့် ယေရှုကြွေးကြော်တော်မူခဲ့သည်။ ထို့နောက် ယုံကြည်စွာဖြင့် ကြီးသောအသံနှင့် ကိုယ်တော်က “အိုအဘ၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏” ဟုနောက်ဆုံးအကြိမ် တိုးလျှိုးတောင်းပန်တော်မူသည်။ (လုကာ ၂၃:၄၆; မဿဲ ၂၇:၄၆) ယေရှုသည် ခမည်းတော်ထံ ‘သူ၏အသက်ကို အပ်နှံလိုက်သည်’ ဟု ဘာသာဂိုဏ်းပေါင်းစုံ လက်ခံသော အီတလီဘာသာပြန်ကျမ်းဖြစ်သည့် Parola del Signore ကဆိုသည်။

ယာ့ခ်ဂီရေး ဤသို့ကောက်ချက်ချသည်– “ကားစင်တင်၍ ကွပ်မျက်ခံရသောခရစ်တော်၊ ဣသရေလလူမျိုး၏ ဆာလံသီချင်းများကိုကိုးကား၍ ခမည်းတော်ထံ အော်ဟစ်တောင်းပန်သံ၊ ခရစ်ဝင်ကျမ်းရေးသူများက ဖော်ပြခြင်းအားဖြင့် ထိုအော်ဟစ်သံ၊ တစ်ပါးတည်းသောသားတော်၏ တောင်းပန်သံ၊ ပြင်းပြသော စိတ်ဝေဒနာခံစားနေရကြောင်း ထင်ရှားသည့်အသံ၊ လုံးလုံးလျားလျားကိုးစား၍ ပြုလိုက်သောအသံသည် ယုံကြည်ခြင်းရှိသောအသံ၊ ယုံကြည်ကိုးစားစွာဖြင့် အသက်ကိုစွန့်သောအသံပင်ဖြစ်သည်။”

ယုံကြည်ခြင်းနှင့်ဆိုင်သည့် ဤမျှရှင်းလင်းပြတ်သား၊ ထူးခြားသောသာဓကကို မြင်နေကြရသဖြင့် ဓမ္မပညာရှင်အချို့က ယုံကြည်ခြင်းနှင့် “ကိုးစားခြင်း” တို့သည် တန်းတူမဟုတ်ကြောင်း ခွဲခြားဖော်ပြရန် ကြိုးစားကြသည်။ သို့ရာတွင် ဤသို့ခွဲခြားပြခြင်းသည် ကျမ်းစာအတိုင်းမဟုတ်ပါ။

သို့သော် ယေရှုခံခဲ့ရသည့် ပြင်းထန်သောစုံစမ်းခြင်းတို့သည် ကိုယ်တော်၏ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ အဘယ်အကြောင်းအရာများကို အတိအကျဖော်ပြပါသနည်း။

“ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို စုံလင်စေတော်မူသောသခင်” စုံလင်ခြင်းသို့ရောက်ခြင်း

ဟေဗြဲအမျိုးသားများထံ တမန်တော်ပေါလုရေးသားခဲ့သည့် ဩဝါဒစာ၏ အခန်းကြီး ၁၁ တွင် ခရစ်ယာန်ခေတ်မတိုင်မီက သစ္စာရှိ အမျိုးသား၊ အမျိုးသမီးမြောက်မြားစွာတို့အကြောင်း ဖော်ပြထားသည်။ နိဂုံးချုပ်ရာတွင် ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ အကြီးမြတ်ဆုံးဖြစ်ပြီး ယင်းကို ပြည့်ဝစုံလင်စွာ တင်ပြတော်မူခဲ့သောသခင်အကြောင်း ဤသို့ဖော်ပြသည်– “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီး . . . အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။”—ဟေဗြဲ ၁၂:၁-၃။

ဤအခန်းငယ်သည် “ယေရှု၏ ကိုယ်ပိုင်ယုံကြည်ခြင်း” ကိုဖော်ပြနေခြင်းမဟုတ်ဟု ဓမ္မပညာရှင်အများစုက ဆိုသည်။ ယင်းအစား “ယုံကြည်ခြင်းကို အစအဦးစီရင်” သည့် သူ၏အခန်းကဏ္ဍကို ဖော်ပြနေခြင်းဖြစ်သည်ဟု ဆိုသည်။ ဤစကားစုတွင်ပါသည့် ဂရိဝေါဟာရ တီ.လေ.အို.တက်စ် ကစုံလင်စေသောသူ၊ အရာတစ်ခုကို ဖြစ်ပေါ်စေသည့်၊ သို့မဟုတ် အပြီးသတ်စေသည့် သူတစ်ဦးကို ရည်ညွှန်းနေသည်။ “စုံလင်စေတော်မူသောသခင်” အနေနှင့် ယေရှုသည် ကမ္ဘာမြေကြီးပေါ်သို့ ကြွရောက်လာခြင်းအားဖြင့် ကျမ်းစာပရောဖက်ပြုချက်များကို ပြည့်စုံစေ၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် ပိုမိုခိုင်ခံ့သောအုတ်မြစ်ကို တည်ရှိစေသည့်သဘောဖြင့် ယုံကြည်ခြင်းကို ပြီးပြည့်စုံလင်စေတော်မူသည်။ သို့သော် ယင်းက ကိုယ်တော်၌ကား ယုံကြည်ခြင်းမရှိဟူ၍ ဆိုလိုနေခြင်းလော။

စာမျက်နှာ ၁၅ ပါအကွက်ရှိ ဟေဗြဲသြဝါဒစာမှ အပိုဒ်များက သင့်အား သံသယကင်းရှင်းစေသည်။ ယေရှုခံခဲ့ရသော ဒုက္ခဝေဒနာများနှင့် ကိုယ်တော်၏ နားထောင်ခြင်းအားဖြင့် ကိုယ်တော်သည် စုံလင်ခြင်းသို့ ရောက်ရှိတော်မူခဲ့သည်။ စုံလင်သောလူသား ဖြစ်နှင့်ပြီးသော်လည်း ကိုယ်တော်၏အတွေ့အကြုံများက ကိုယ်တော့်အား ယုံကြည်ခြင်း၌ပင်မက အရာခပ်သိမ်းတွင် စုံလင်ပြည့်ဝစေတော်မူ၏။ စစ်မှန်သောခရစ်ယာန်များအား ကယ်တင်ခြင်းကျေးဇူးရရှိစေတော်မူမည့် ယဇ်ပုရောဟိတ်မင်းမြတ်အဖြစ် အရည်အချင်းပြည့်ဝလာနိုင်ရန်အတွက် ဖြစ်သတည်း။ ကိုယ်တော်သည် ခမည်းတော်ကို “ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်း” တို့ဖြင့် တိုးလျှိုးတောင်းပန်တော်မူသည်။ ဘုရားသခင်ကို ကိုယ်တော် “သစ္စာစောင့်တော်မူသည်။” ကိုယ်တော်၌ ‘ဘုရားရေးရာကြောက်ရွံ့ခြင်း’ ရှိတော်မူခဲ့သည်။ (ဟေဗြဲ ၃:၁၊ ၂; ၅:၇-၉) ကိုယ်တော်သည် “အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူ၊” “ငါတို့ခံရသည်နည်းတူ” တထေရာတည်းပင်ခံရသည်ဟု ဟေဗြဲ ၄:၁၅ ကဆိုသည်။ ဆိုလိုသည်ကား “အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်း” အားဖြင့် ယုံကြည်ခြင်းစမ်းသပ်ခံရသော မည်သည့်သစ္စာရှိခရစ်ယာန်တစ်ဦးမဆိုကဲ့သို့ဖြစ်သည်။ (ယာကုပ် ၁:၂၊ ၃) ယေရှုသည် တပည့်တော်များ “နည်းတူ” စုံစမ်းခြင်းခံရသည်ဖြစ်ရာ သူတို့ကဲ့သို့ ယုံကြည်ခြင်းစမ်းသပ်မခံရဟု ယူမှတ်ခြင်းသည် ယုတ္တိတန်ပါမည်လော။

တိုးလျှိုးတောင်းပန်ချက်များပြုခြင်း၊ နာခံမှုတင်ပြခြင်း၊ ဒုက္ခဝေဒနာများခံခြင်း၊ စုံစမ်းနှောင့်ယှက်ခံရခြင်း၊ သစ္စာရှိခြင်း၊ ဘုရားရေးရာကြောက်ရွံ့ခြင်းတို့က ယေရှု၏ လုံးလုံးလျားလျားယုံကြည်ကိုးစားမှုကို သက်သေထူသည်။ ယင်းတို့က ကိုယ်တော်၏ယုံကြည်ခြင်းသည် စုံလင်ခြင်းသို့ရောက်ပြီးနောက်၌သာ ကိုယ်တော်သည် “ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စုံလင်စေတော်မူသောသခင်” ဖြစ်လာကြောင်း တင်ပြသည်။ ကိုယ်တော်သည် သုံးပါးတစ်ဆူအယူ အဆိုပြုသည့်အတိုင်း သားတော်ဘုရားသခင် မဟုတ်ကြောင်း ထင်ရှားပါသည်။—၁ ယောဟန် ၅:၅။

ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကိုယ်တော် မယုံခဲ့သလော

ယေရှု “ကိုယ်တိုင်ပင် ဘုရားသခင့်နှုတ်ကပါဌ်တော် ဖြစ်တော်မူသောကြောင့် ထိုနှုတ်ကပါဌ်တော်ကို ကြွေးကြော်ရုံသာ ကြွေးကြော်နိုင်” ၍ “ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ယင်း၏သတင်းတရားကို ယုံကြည်နိုင်မည်မဟုတ်” ဟူသော တစ်ဖက်စောင်းနင်းအမြင်မျိုး ရှိသည့်အထိ သုံးပါးတစ်ဆူအယူက ဓမ္မပညာရှင်များ၏ အတွေးအခေါ်ကို ပုံသွင်းထားသည်။—အန်ဂျလို အာမာတို၊ ခရစ်ယာန်ဘုန်းတော်ကြီး၏ ပုံနှိပ်ခွင့်ပြုချက်ရ Gesù il Signore။

သို့ဖြစ်၍ပင် ကျမ်းစာကို ယေရှု အဆက်မပြတ် ကိုးကားတော်မူခဲ့ခြင်းက ဘာကိုတင်ပြပါသနည်း။ သွေးဆောင်ခံခဲ့ရသောအခါ ကျမ်းစာကို သုံးကြိမ်တိုင်ကိုးကားတော်မူခဲ့သည်။ ယေရှုသည် ဘုရားသခင်တစ်ပါးတည်းကိုသာ ကိုးကွယ်တော်မူကြောင်း ကိုယ်တော်၏ တတိယအဖြေက စာတန့်အား အသိပေးသည်။ (မဿဲ ၄:၄၊ ၇၊ ၁၀) ကိုယ်တော်နှင့်သက်ဆိုင်သော ပရောဖက်ပြုချက်များကို ကြိမ်ဖန်များစွာ ဖော်ပြတော်မူခြင်းအားဖြင့် ယင်းတို့ပြည့်စုံမည်ဟု ကိုယ်တော်ယုံကြည်ကြောင်း ထင်ရှားစေသည်။ (မာကု ၁၄:၂၁၊ ၂၇; လုကာ ၁၈:၃၁-၃၃; ၂၂:၃၇; လုကာ ၉:၂၂ နှိုင်းယှဉ်; ၂၄:၄၄-၄၆) ဤဆန်းစစ်မှုမှ ကျွန်ုပ်တို့ကောက်ချက်ချရမည်ကား ယေရှုသည် ခမည်းတော် မှုတ်သွင်းတော်မူသော သမ္မာကျမ်းစာကို သိကျွမ်းတော်မူကြောင်း၊ ယင်းကို ယုံကြည်စွာဖြင့် လိုက်နာကျင့်သုံးကြောင်း၊ ကိုယ်တော်၏ စုံစမ်းခြင်း၊ ဒုက္ခဝေဒနာ ခံရခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ကြိုတင်ဟောထားသော ပရောဖက်ပြုချက်များ ပြည့်စုံမည်ကို လုံးလုံးလျားလျားယုံကြည်စိတ်ချကြောင်းတို့ဖြစ်သည်။

ယေရှု၊ တုပလောက်သော ယုံကြည်ခြင်းပုံနမူနာ

ယေရှုသည် ခမည်းတော်အား သစ္စာရှိနိုင်ရန်၊ ‘လောကကို အောင်နိုင်’ ရန် အဆုံးတိုင်အောင် ယုံကြည်ခြင်းနှင့်ဆိုင်သော တိုက်လှန်ခြင်းကို ပြုတော်မူခဲ့ရသည်။ (ယောဟန် ၁၆:၃၃) ယုံကြည်ခြင်းမရှိလျှင် ဤသို့သော အောင်နိုင်ခြင်းကို ကိုယ်တော်အထမြောက်စေနိုင်တော်မူလိမ့်မည်မဟုတ်ပါ။ (ဟေဗြဲ ၁၁:၆; ၁ ယောဟန် ၅:၄) ထိုအောင်ပွဲခံ ယုံကြည်ခြင်းကြောင့် ကိုယ်တော်သည် သစ္စာရှိ တပည့်နောက်လိုက်များအတွက် ပုံသက်သေဖြစ်တော်မူခဲ့သည်။ စစ်မှန်သောဘုရားသခင်ကို ကိုယ်တော်အမှန်တကယ်ပင် ယုံကြည်ကိုးစားတော်မူခဲ့သည်။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသည့် Should You Believe in the Trinity? ဘရိုရှာနှင့် သင်သည်ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်တွင် သုံးပါးတစ်ဆူအယူ၏ အခြေခံမဲ့ခြင်းကို အကျယ်တဝင့် ဆွေးနွေးတင်ပြထားသည်။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]

“စုံလင်စေတော်မူသောသခင်” ယေရှု စုံလင်ခြင်းသို့ရောက်ခြင်း

ဟေဗြဲ ၂:၁၀ (ကဘ)– “မိမိအဖို့အလိုငှာလည်းကောင်း၊ မိမိအားဖြင့်လည်းကောင်း ခပ်သိမ်းသောအရာ ဖြစ်စေသည့်အရှင်သည် များစွာသော သားတို့ကို ဘုန်းစည်းစိမ် စံစားရာသို့ ပို့ဆောင်ရာတွင် သူတို့၏ ကယ်တင်ခြင်း ကိုယ်စားလှယ်ချုပ်ကို ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်စေရန် စီရင်တော်မူအပ်၏။”

ဟေဗြဲ ၂:၁၇၊ ၁၈– “ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာအကြောင်းကို စီရင်၍ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ် အကြီး ဖြစ်အံ့သောငှာ မိမိ ‘ညီအစ်ကိုတို့’ နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။ ထိုသို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့် စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှာ တတ်နိုင်တော်မူ၏။”

ဟေဗြဲ ၃:၂– “မောရှေသည် ဘုရားသခင်၏ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏အမှုတော်၌ သစ္စာစောင့်တော်မူ၏။”

ဟေဗြဲ ၄:၁၅– “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။”

ဟေဗြဲ ၅:၇-၉– “ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍ ဘုရားသခင်၏ သားတော်မှန်သော်လည်း ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။ ထိုသို့ စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကို ပြုသောသူ ဖြစ်တော်မူ” ၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ