ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁၅ စာ. ၂၁-၂၆
  • ယေဟောဝါကဲ့သို့ သင်ခွင့်လွှတ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကဲ့သို့ သင်ခွင့်လွှတ်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မောရှေကြားဝင်တောင်းပန် —ယေဟောဝါနားညောင်း
  • မနာရှေ၏ဝတ်ပြုရေးမှောက်မှားမှုနှင့် ဒါဝိဒ်၏သူ့သားအိမ်ရာပြစ်မှားမှု
  • ဗိမာန်တော်ကို ရှောလမုန်အပ်နှံခြင်း
  • ခရစ်ယာန်ဂရိကျမ်းစာတွင်ပါသော ခွင့်လွှတ်ခြင်း
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါ၊ “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသောဘုရားသခင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အဘယ်ကြောင့်ခွင့်လွှတ်လိုစိတ်ရှိသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁၅ စာ. ၂၁-၂၆

ယေဟောဝါကဲ့သို့ သင်ခွင့်လွှတ်သလော

“သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုမလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မမူ။”—မဿဲ ၆:၁၄၊ ၁၅။

၁၊ ၂။ မည်ကဲ့သို့သောဘုရားသခင်မျိုးကို ကျွန်ုပ်တို့လိုအပ်သနည်း။ အဘယ်ကြောင့်နည်း။

“ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။ အစဉ်မပြတ်အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။ ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သားတို့ကိုသနားစုံမက်သည့်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။”—ဆာလံ ၁၀၃:၈-၁၄။

၂ အပြစ်ဖြင့်သန္ဓေတည်ပြီး မှားယွင်းတတ်မှုဖြင့်မွေးဖွားကာ အမွေခံရသောမစုံလင်မှုများက ကျွန်ုပ်တို့အား အပြစ်တရား၏သားကောင်အဖြစ်သို့ရောက်အောင် အမြဲလုပ်ဆောင်သောကြောင့် ‘ကျွန်ုပ်တို့သည် မြေမှုန့်ဖြင့်ပြုလုပ်ထားခြင်းခံရကြောင်းကို အောက်မေ့တော်မူသော’ ဘုရားတစ်ဆူကို အလွန်လိုအပ်သည်။ ၁၀၃ ခုမြောက်သောဆာလံကျမ်းတွင် ဒါဝိဒ်က ယင်းကဲ့သို့တင့်တယ်လှပစွာ ယေဟောဝါအကြောင်းဖော်ကျူးပြီးနောက် နှစ်ပေါင်းသုံးရာကြာသောအခါ ကျမ်းရေးသူတစ်ဦးဖြစ်သည့်မိက္ခာကလည်း ဤဘုရားသခင်၏ ကျေးဇူးပြုလျက်အပြစ်လွှတ်ခြင်းကို ထိုနည်းနှင်နှင် ချီးမွမ်းထောမနာပြုထားသည်– “အမှားကို အဝေးသို့ယူဆောင်ပေးသော၊ ပြစ်မှုကိုခွင့်လွှတ်တော်မူသော၊ အမျက်ဒေါသကို အစဉ်အမြဲစွဲလမ်းခြင်းမရှိဘဲ ကရုဏာပြခြင်း၌မွေ့လျော်တော်မူသော ကိုယ်တော်ကို အဘယ်ဘုရားသခင်ကယှဉ်နိုင်ပါသနည်း။ ကျွန်ုပ်တို့ကို တစ်ဖန်သနား၍ ကျွန်ုပ်တို့၏အမှားများကို နင်းချေပစ်ကာ ကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်ထဲသို့ ချပစ်တော်မူပြီ။”—မိက္ခာ ၇:၁၈၊ ၁၉၊ The Jerusalem Bible.

၃။ ခွင့်လွှတ်ခြင်းမည်သည်အဘယ်နည်း။

၃ ဂရိကျမ်းစာတွင် “ခွင့်လွှတ်သည်” ဟူသောဝေါဟာရ၏ အဓိပ္ပာယ်မှာ “ထွက်သွားခွင့်ပြုသည်” ဟူ၍ဖြစ်သည်။ အထက်တွင်ကိုးကားထားသည့်အတိုင်း ဒါဝိဒ်နှင့်မိက္ခာတို့က နှစ်လိုဖွယ်ကောင်းသော၊ ရုပ်လုံးပေါ်သော ဝေါဟာရများဖြင့် တူညီသည့်အဓိပ္ပာယ်ကို ပေါ်လွင်စေခဲ့ကြကြောင်းသတိပြုပါ။ အံ့မခန်းဖွယ်ကောင်းသော ယေဟောဝါခွင့်လွှတ်မှုအတိုင်းအတာကို အပြည့်အဝနားလည်သဘောပေါက်ရန် ယင်း၏သာဓကများစွာထဲမှ အနည်းငယ်ကို လက်တွေ့သုံးသပ်ကြည့်ကြစို့။ ပထမအချက်အနေနှင့် ယေဟောဝါ၏စိတ်တော်သည် ဖျက်ဆီးခြင်းမှ ခွင့်လွှတ်ခြင်းသို့ ပြောင်းလဲနိုင်တော်မူကြောင်း တင်ပြသည်။

မောရှေကြားဝင်တောင်းပန် —ယေဟောဝါနားညောင်း

၄။ ယေဟောဝါ၏ မည်သည့်တန်ခိုးတော်တင်ပြမှုများနောက်၌ပင် ဣသရေလလူမျိုးသည် ကတိထားရာပြည်ကိုဝင်ရန် ကြောက်နေသေးသနည်း။

၄ ယေဟောဝါသည် ဣသရေလလူမျိုးအား အီဂျစ်နိုင်ငံမှ သူတို့၏နေရင်းနိုင်ငံအဖြစ် ကတိပြုတော်မူသောနိုင်ငံနားအထိ ဘေးမသီရန်မခထုတ်ဆောင်ခဲ့သော်လည်း သူတို့သည် ခါနာန်ပြည်ရှိ လူစင်စစ်မျှသာဖြစ်သူများကို ကြောက်ကြသောကြောင့် ရှေ့ဆက်တိုးရန်ငြင်းဆန်ကြသည်။ ယေဟောဝါသည် ကပ်ဘေးဆယ်ခုအားဖြင့် အီဂျစ်နိုင်ငံမှ သူတို့အားကယ်နုတ်ခြင်း၊ ပင်လယ်နီမှ လွတ်လမ်းဖွင့်ပေးခြင်း၊ သူတို့နောက်ကိုအမီလိုက်ရန်ကြိုးစားသော အီဂျစ်စစ်တပ်ကို ဖျက်ဆီးပစ်ခြင်း၊ သူတို့အား ယေဟောဝါရွေးချယ်သောလူမျိုးဖြစ်စေသည့် ပညတ်ပဋိညာဉ်ကို သိနာတောင်တွင်ဖွဲ့ခြင်း၊ သူတို့ကိုထောက်ပံ့ရန် ကောင်းကင်မှ အံ့ဖွယ်နည်းဖြင့် မန္နမုန့်များနေ့စဉ်ချပေးခြင်းတို့ကို တွေ့မြင်ပြီးနောက်၌ပင် မတန်တဆကြီးထွားသော ခါနာန်ပြည်သားများကြောင့် ကတိထားရာပြည်သို့ဝင်ရန် ကြောက်ကြပါသည်တကား!—တောလည်ရာ ၁၄:၁-၄။

၅။ သစ္စာရှိသူလျှိုနှစ်ဦးတို့က ဣသရေလတို့အား မည်သို့အားပေးလှုံ့ဆော်ခဲ့သနည်း။

၅ မောရှေနှင့်အာရုန်တို့သည် စိတ်ပျက်လက်ပျက်ပျပ်ဝပ်နေကြသည်။ သစ္စာရှိသူလျှိုနှစ်ဦးဖြစ်သည့် ယောရှုနှင့်ကာလက်တို့က ဣသရေလတို့ကို ဤသို့အားပေးလှုံ့ဆော်ခဲ့ကြသည်– ‘ထိုပြည်သည် အလွန်တရာကောင်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ဖြစ်ပါ၏။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မူ၏!’ ထိုစကားများဖြင့် အားရှိမည့်အစား ကြောက်ရွံ့နေသော၊ ပုန်ကန်လိုသောထိုလူများသည် ယောရှုနှင့်ကာလက်တို့ကို ကျောက်ခဲနှင့်ပစ်ရန် ကြိုးစားခဲ့ကြသည်။—တောလည်ရာ ၁၄:၅-၁၀။

၆၊ ၇။ (က) ကတိထားရာပြည်သို့ဝင်ရောက်ရန် ဣသရေလလူမျိုးငြင်းဆန်သောအခါ မည်သည့်အရာကိုပြုရန် ယေဟောဝါဆုံးဖြတ်တော်မူခဲ့သနည်း။ (ခ) ဣသရေလလူမျိုးအပေါ် တရားစီရင်ချက်ကို အဘယ်ကြောင့်မောရှေကန့်ကွက်ခဲ့ပြီး အဘယ်ရလဒ်ဖြစ်ထွန်းသနည်း။

၆ ယေဟောဝါအမျက်ထွက်ခဲ့ပါသည်တကား! “ထာဝရဘုရားကလည်း ‘ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုမသေပြုကြလိမ့်မည်နည်း။ သူတို့၌ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရသော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲနေကြလိမ့်မည်နည်း။ သူတို့ကို ကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍ သား၏အရာကိုနုတ်မည်။ သူတို့ထက် သင့်ကို သာ၍စည်ပင်သောအမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုးဖြစ်စေမည်’ ဟုမောရှေအားမိန့်တော်မူ၏။ မောရှေကလည်း ‘ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍ နောက်တစ်ဖန် ဤသတင်းကို အဲဂုတ္တုလူတို့သည် ကြားပြန်လျှင် ဤပြည်၌နေသောသူတို့အား သတင်းပြောကြလိမ့်မည်။ . . . ဤလူမျိုးကို လူတစ်ယောက်ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင် သတင်းတော်ကြားဖူးသော လူအမျိုးမျိုးတို့က ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သောပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း ထိုပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှာ မတတ်နိုင်သောကြောင့် တော၌သုတ်သင်ပယ်ရှင်းပြီ’ ဟုပြောဆိုကြပါလိမ့်မည်။”—တောလည်ရာ ၁၄:၁၁-၁၆။

၇ ယေဟောဝါ၏နာမတော်ကြောင့် ခွင့်လွှတ်မှုရရန် မောရှေတောင်းပန်ခဲ့သည်– “‘အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်းလွှတ်တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏’ ဟုထာဝရဘုရားအားလျှောက်ဆိုလျှင် ထာဝရဘုရားက ‘သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏’” ဟုမိန့်တော်မူသည်။—တောလည်ရာ ၁၄:၁၉၊ ၂၀။

မနာရှေ၏ဝတ်ပြုရေးမှောက်မှားမှုနှင့် ဒါဝိဒ်၏သူ့သားအိမ်ရာပြစ်မှားမှု

၈။ ယုဒဘုရင်မနာရှေသည် မည်ကဲ့သို့သောမှတ်တမ်းမျိုးကို ထားခဲ့သနည်း။

၈ ယေဟောဝါ၏ ခွင့်လွှတ်ခြင်းဆိုင်ရာ ထင်ရှားသောပုံသက်သေတစ်ခုမှာ မင်းကောင်းဟေဇကိ၏သားဖြစ်သူ မနာရှေကိစ္စတွင်ဖြစ်သည်။ ယေရုရှလင်မြို့တွင် စတင်မင်းပြုစဉ်က မနာရှေအသက် ၁၂ နှစ်ရှိပြီဖြစ်သည်။ သူသည် မြင့်သောအရပ်များကိုတည်ဆောက်ပြီး ဗာလအတွက် ယဇ်ပလ္လင်များတည်ခြင်း၊ ဝတ်ပြုရေးတိုင်များကိုပြုလုပ်ခြင်း၊ ကောင်းကင်ရှိကြယ်များကို ဦးညွှတ်ခြင်း၊ မှော်နှင့်စုန်းကဝေအတတ်များကို လိုက်စားခြင်း၊ နတ်ဝင်သည်များနှင့် ဗေဒင်ဆရာများကို ခွင့်ပြုခြင်း၊ ယေဟောဝါ၏ဗိမာန်တော်ထဲသို့ ထွင်းထုထားသည့်အရုပ်များထည့်သွင်းခြင်း၊ ဟိန္နုန်တောင်ကြားတွင် သူ၏သားအရင်းတို့ကို မီးရှို့ခြင်းတို့ပြုလုပ်ခဲ့သည်။ သူသည် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ရှေ့တော်၌ ဒုစရိုက်ကိုပြု” ၍ “ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို လမ်းလွဲစေ၏။ ဣသရေလအမျိုးသားတို့ရှေ့မှာ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက် သာ၍ဆိုးသောအမှုကိုပြုစေ၏။”—၂ ရာဇဝင်ချုပ် ၃၃:၁-၉။

၉။ မနာရှေအပေါ် ယေဟောဝါ၏မျက်နှာထား မည်သို့ပျော့ပျောင်းသွားပြီး မည်သည့်ရလဒ်ဖြစ်ပေါ်သနည်း။

၉ နောက်ဆုံးတွင် ယေဟောဝါသည် အာရှုရိလူမျိုးအား ယုဒတို့ကိုတိုက်ခိုက်စေပြီး သူတို့သည် မနာရှေကိုဖမ်းကာ သူ့ကိုဗာဗုလုန်မြို့သို့ ခေါ်ဆောင်သွားကြသည်။ “ထိုသို့ မနာရှေသည် ဆင်းရဲဒုက္ခကိုခံရသောအခါ မိမိဘုရားသခင်ထာဝရဘုရားကို တောင်းပန်၍ ဘိုးဘေးတို့၏ဘုရားသခင်ရှေ့မှာ ကိုယ်ကိုအလွန်နှိမ့်ချလျက် ဆုတောင်းပတ္ထနာပြုသောစကားကို ဘုရားသခင်နားထောင်နာယူ၍ မနာရှေအုပ်စိုးရင်းပြည် ယေရုရှလင်မြို့သို့ တစ်ဖန်ပို့ဆောင်တော်မူ၏။” (၂ ရာဇဝင်ချုပ် ၃၃:၁၁-၁၃) ထိုအခါ မနာရှေသည် အခြားသောဘုရားများ၊ အရုပ်များ၊ ယဇ်ပလ္လင်များကို ဖယ်ရှားပြီး မြို့ပြင်သို့ပစ်လိုက်စေသည်။ ယေဟောဝါ၏ယဇ်ပလ္လင်တွင် စ၍ယဇ်ပူဇော်ပြီး ယုဒတို့အား မှန်သောဘုရားသခင်ကိုဝတ်ပြုရန် စတင်လုပ်ဆောင်သည်။ ယင်းသည် နှိမ့်ချခြင်း၊ ဆုတောင်းခြင်းနှင့် ပြုပြင်ပြောင်းလဲသည့်လုပ်ရပ်တို့က နောင်တနှင့်လျော်ကန်သောအသီးအပွင့်များကို ဖြစ်စေသောအခါ ယေဟောဝါခွင့်လွှတ်ရန်ဆန္ဒရှိကြောင်း အံ့ဖွယ်တင်ပြချက်ပါတကား!—၂ ရာဇဝင်ချုပ် ၃၃:၁၅၊ ၁၆။

၁၀။ ဒါဝိဒ်သည် ဥရိယမယားနှင့်ပြုမိသည့်သူ၏အပြစ်ကို ဖုံးကွယ်ရန် မည်သို့ကြိုးစားခဲ့သနည်း။

၁၀ ဟိတ္တိလူမျိုးဥရိယ၏မယားနှင့် ဘုရင်ဒါဝိဒ်ကျူးလွန်သော သူ့သားအိမ်ရာပြစ်မှားခြင်းအမှုသည်လည်း ထင်ရှားသည်။ သူသည် သူ့သားအိမ်ရာပြစ်မှားမှုကိုသာ ကျူးလွန်သည်မဟုတ်ဘဲ သူမကိုယ်ဝန်ရှိလာသောအခါ ယင်းကိုပိပိရိရိဖုံးကွယ်ရန် ဉာဏ်ဆင်လုပ်ဆောင်ခဲ့သည်။ ဘုရင်သည် ဥရိယအိမ်သို့ပြန်၍ မယားနှင့်ဆက်ဆံမည်ဟု မျှော်လင့်လျက် သူ့ကိုတိုက်ပွဲမှနားခွင့်ပေးလိုက်သည်။ သို့သော် စစ်မြေပြင်ရှိ မိမိ၏ရဲဘော်ရဲဘက်များကို ထောက်ထားသောအားဖြင့် ယင်းအခွင့်ကို ဥရိယငြင်းခဲ့သည်။ ထိုအခါ ဒါဝိဒ်က ဥရိယအား သူနှင့်အတူစားသောက်ရန်ဖိတ်ခေါ်၍ မူးယစ်စေသော်လည်း ဥရိယသည် မယားထံသို့မသွားဘဲနေလေ၏။ ထိုအခါ ဒါဝိဒ်သည် ဥရိယသေစေခြင်းငှာ သူ့အား တိုက်ပွဲပြင်းထန်သောနေရာသို့ပို့ရန် မိမိ၏စစ်ဗိုလ်ချုပ်ကို သတင်းပို့လိုက်ရာ ထိုအတိုင်းပင်ဖြစ်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၁:၂-၂၅။

၁၁။ ဒါဝိဒ်သည် မိမိ၏အပြစ်ကိုနောင်တယူရန် မည်သို့လုပ်ဆောင်ခံရသနည်း။ သို့တိုင် မည်သည့်အရာကို သူခံစားခဲ့ရသနည်း။

၁၁ ယေဟောဝါသည် ဘုရင်၏အပြစ်ကိုဖော်ထုတ်ရန် မိမိ၏ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်ခဲ့သည်။ “ဒါဝိဒ်ကလည်း ‘ငါသည် ထာဝရဘုရားကိုပြစ်မှားပါပြီ’ ဟုနာသန်အားဝန်ချ၍ နာသန်က ‘အသက်တော်ကိုချမ်းသာစေခြင်းငှာ ထာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ’” ဟု ဒါဝိဒ်အားလျှောက်ဆို၏။ (၂ ဓမ္မရာဇဝင် ၁၂:၁၃) ဒါဝိဒ်သည် မိမိ၏အပြစ်အတွက် အလွန်စိတ်မသက်မသာဖြစ်ပြီး ယေဟောဝါအား လှိုက်လှိုက်လှဲလှဲဆုတောင်း၍ သူ၏နောင်တကိုတင်ပြခဲ့သည်– “ယဇ်ပူဇော်ခြင်းကိုအလိုမရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သောယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။ ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။” (ဆာလံ ၅၁:၁၆၊ ၁၇) ကျိုးပဲ့သည့်နှလုံးဖြင့် ဒါဝိဒ်၏ဆုတောင်းချက်ကို ယေဟောဝါမငြင်းပယ်ခဲ့ပါ။ သို့တစေ ယေဟောဝါ၏ခွင့်လွှတ်မှုနှင့်ပတ်သက်၍ “ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း အချည်းနှီးသက်သက်ဖြေလွှတ်တော်မမူ” ဟုထွက်မြောက်ရာ ၃၄:၆၊ ၇ တွင် ဖော်ပြထားသည့်အတိုင်း ကြီးလေးသည့်အပြစ်ဒဏ်ကို ဒါဝိဒ်ခံခဲ့ရသည်။

ဗိမာန်တော်ကို ရှောလမုန်အပ်နှံခြင်း

၁၂။ ဗိမာန်တော်အပ်နှံသည့်အချိန်က မည်သည့်အရာကို ရှောလမုန်တောင်းဆိုခဲ့ပြီး ယေဟောဝါ၏တုံ့ပြန်မှုကား မည်သို့နည်း။

၁၂ ရှောလမုန်သည် ယေဟောဝါ၏ဗိမာန်တော်ကို ဆောက်လုပ်ပြီးစီးသောအခါ အပ်နှံခြင်းနှင့်ပတ်သက်၍ သူ၏ဆုတောင်းချက်တွင် ဤသို့ဖော်ပြထားသည်– “ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏ဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းပတ္ထနာပြုကြသောအခါ ကျိန်းဝပ်တော်မူရာကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။” ယေဟောဝါဤသို့တုံ့ပြန်ခဲ့သည်– “မိုးမရွာစေခြင်းငှာ ငါသည် မိုးခေါင်စေသော်လည်းကောင်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေခြင်းငှာ ငါမှာထားသော်လည်းကောင်း၊ ငါ့လူတို့၌ ကာလနာကို စေလွှတ်သော်လည်းကောင်း၊ ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့် ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကိုလွဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကိုချမ်းသာပေးမည်။”—၂ ရာဇဝင်ချုပ် ၆:၂၁; ၇:၁၃၊ ၁၄။

၁၃။ လူတစ်ဦးအပေါ် ယေဟောဝါ၏အမြင်နှင့်ပတ်သက်၍ ယေဇကျေလ ၃၃:၁၃-၁၆ က မည်သို့ဖော်ပြထားသနည်း။

၁၃ သင့်ကိုယေဟောဝါကြည့်မြင်သောအခါ သင်ဖြစ်ခဲ့သည့်အဖြစ်အနေအရမဟုတ်ဘဲ လက်ရှိသင့်အဖြစ်အနေအရ သင့်အားယေဟောဝါလက်ခံတော်မူခြင်းဖြစ်သည်။ ယေဇကျေလ ၃၃:၁၃-၁၆ တွင်ပြောထားသကဲ့သို့ဖြစ်သည်– “ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရလိမ့်မည်ဟု ငါဆိုသော်လည်း သူသည် မိမိဖြောင့်မတ်ခြင်းကိုကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင် အရင်ဖြောင့်မတ်ခြင်းအမှုတစ်စုံတစ်ခုကိုမျှ မအောက်မေ့ရ။ ပြုမိသောဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။ တစ်ဖန် ဆိုးသောသူအား သင်သည် စင်စစ်အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း ထိုသူသည် မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျက် ပေါင်ထားသောဥစ္စာကို မသိုထား၊ လုထားသောဥစ္စာကိုပြန်ပေးလျက် အဓမ္မအမှုကိုမပြုဘဲ အသက်ရှင်ရာတရားလမ်းသို့လိုက်လျှင် အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။ ပြုမိသောဒုစရိုက်အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။”

၁၄။ ယေဟောဝါ၏ခွင့်လွှတ်ခြင်းသည် မည်သို့ထူးခြားသနည်း။

၁၄ ကျွန်ုပ်တို့အတွက် ယေဟောဝါဘုရားသခင်ပေးသည့် ခွင့်လွှတ်မှုသည် ထူးခြားသောအသွင်အပြင်ရှိသည်။ ယင်းသည် လူသတ္တဝါအချင်းချင်းပြုနိုင်သည့် ခွင့်လွှတ်မှုမျိုးထက် ပြုရန်သာ၍ခက်ခဲသည့်အရာဖြစ်သည်—ကိုယ်တော်ခွင့်လွှတ်ပြီး မေ့လည်းမေ့ပစ်တော်မူသည်။ လူအချို့တို့က ‘မင်းလုပ်တာ ငါခွင့်လွှတ်နိုင်တယ်။ ဒါပေမဲ့ ငါမမေ့ (နိုင်) ဘူး’ ဟုပြောပေမည်။ ယင်းနှင့်ဆန့်ကျင်၍ ယေဟောဝါပြုမည့်အရာနှင့်ပတ်သက်၍ ကိုယ်တော်ပြောသည့်စကားကို မှတ်သားပါ– “ငါသည် သူတို့ဒုစရိုက်များကိုလွှတ်၍ အပြစ်များကိုလည်း သတိမရဘဲနေမည်။”—ယေရမိ ၃၁:၃၄၊ သမ္မာ။

၁၅။ ယေဟောဝါ၏ခွင့်လွှတ်ခြင်းနှင့်ပတ်သက်၍ မည်သည့်မှတ်တမ်းရှိသနည်း။

၁၅ ယေဟောဝါသည် မြေကြီးပေါ်ရှိ မိမိအားဝတ်ပြုသူများကို နှစ်ထောင်ပေါင်းများစွာကြာ ခွင့်လွှတ်လာခဲ့သည်။ သူတို့သတိထားမိသည့်အပြစ်များအပြင် သတိမထားမိသည့် အပြစ်များစွာတို့ကိုလည်း ကိုယ်တော်ခွင့်လွှတ်လာခဲ့သည်။ ကိုယ်တော်၏ ကရုဏာ၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းဆိုင်ရာပြင်ဆင်ပေးမှုသည် အဆုံးမရှိဖြစ်သည်။ ဟေရှာယ ၅၅:၇ တွင် ဤသို့ပြောသည်– “ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။”

ခရစ်ယာန်ဂရိကျမ်းစာတွင်ပါသော ခွင့်လွှတ်ခြင်း

၁၆။ ယေရှုကျင့်သုံးသည့်ခွင့်လွှတ်ခြင်းသည် ယေဟောဝါ၏ခွင့်လွှတ်ခြင်းနှင့်အညီဖြစ်ကြောင်း အဘယ်ကြောင့်ကျွန်ုပ်တို့ပြောနိုင်သနည်း။

၁၆ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ဘုရားသခင့်ခွင့်လွှတ်မှုဆိုင်ရာ အဖြစ်အပျက်များကို နေရာအနှံ့တွင် မှတ်တမ်းတင်ထားသည်။ ထိုကိစ္စတွင် မိမိသည် ယေဟောဝါ၏စိတ်တော်နှင့် ညီညွတ်မှုရှိကြောင်း ယေရှုမကြာခဏပြောဆိုလေ့ရှိသည်။ ယေရှု၏အယူအဆများသည် ယေဟောဝါထံတော်မှဖြစ်ပြီး ယေဟောဝါကိုတုပကာ ကိုယ်တော်သည် ယေဟောဝါအဖြစ်တော်၏ ကိုယ်စားအတိအကျဖြစ်၍ ကိုယ်တော်ကိုမြင်ခြင်းသည် ယေဟောဝါကိုမြင်ခြင်းကဲ့သို့ဖြစ်သည်။—ယောဟန် ၁၂:၄၅-၅၀; ၁၄:၉; ဟေဗြဲ ၁:၃၊ ကဘ။

၁၇။ ကြီးမားသည့်အတိုင်းအတာဖြင့် ယေဟောဝါခွင့်လွှတ်ခြင်းကို ယေရှုမည်သို့ပုံဥပမာတင်ပြသနည်း။

၁၇ ကြီးမားသည့်အတိုင်းအတာဖြင့် ယေဟောဝါခွင့်လွှတ်တော်မူခြင်းအကြောင်းကို ငွေအခွက်တစ်သိန်း (အမေရိကန်ဒေါ်လာ ၃၃,၀၀၀,၀၀၀ ခန့်) ကြွေးတင်သော ကျွန်တစ်ယောက်အား လျှော်ပေးလိုက်သည့် ဘုရင်တစ်ပါးအကြောင်း ယေရှု၏ပုံဥပမာတွင် ဖော်ပြထားသည်။ သို့သော် ထိုကျွန်သည် မိမိအပေါ် ဒေနာရိတစ်ရာ (အမေရိကန်ဒေါ်လာ ၆၀ ခန့်) ကြွေးတင်သော ကျွန်ချင်းတစ်ယောက်ကို ခွင့်မလွှတ်သောအခါ ဘုရင်အမျက်ထွက်လေတော့သည်။ “ဟယ်ဆိုးညစ်သောကျွန်၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။ ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်းကျွန်ချင်းကို မသနားအပ်သလောဟုဆိုလျက် အမျက်ထွက်၍ ကြွေးရှိသမျှကိုမဆပ်မီတိုင်အောင် အာဏာသားတို့လက်ကိုအပ်လေ၏။” ထို့နောက် ယေရှုက သက်ဆိုင်ပုံကို ဤသို့ရှင်းပြသည်– “သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူသင်တို့ကို စီရင်တော်မူလတ္တံ့။”—မဿဲ ၁၈:၂၃-၃၅။

၁၈။ ခွင့်လွှတ်ခြင်းနှင့်ပတ်သက်သည့် ပေတရု၏အမြင်သည် ယေရှု၏အမြင်နှင့် မည်သို့ခြားနားသနည်း။

၁၈ ထိုဥပမာကို ယေရှုမပေးမီကလေးတွင် ပေတရုသည် ကိုယ်တော်ထံချဉ်းကပ်၍ ဤသို့မေးခဲ့သည်– “သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော။” ပေတရုက မိမိကိုယ်ကို အလွန်သဘောထားကြီးလှပြီဟု ထင်ခဲ့သည်။ ကျမ်းတတ်နှင့်ဖာရိရှဲတို့သည် ခွင့်လွှတ်ခြင်းကို အကန့်အသတ်ထားသော်လည်း ပေတရုအား ယေရှုကဤသို့မိန့်တော်မူခဲ့သည်– “ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။ အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင် လွှတ်ရမည်ငါဆို၏။” (မဿဲ ၁၈:၂၁၊ ၂၂) ခုနစ်ကြိမ်သည် တစ်နေ့တာအတွက် မလုံလောက်ပါ၊ ဤသို့ ယေရှုပြောသည်အတိုင်း – “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည်နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။ တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့လှည့်၍ နောင်တရပါ၏ဟုဆိုလျှင် သူ၏အပြစ်ကိုလွှတ်လော့။” (လုကာ ၁၇:၃၊ ၄) ယေဟောဝါခွင့်လွှတ်သောအခါ မှတ်သားမထားပါ—ကျွန်ုပ်တို့အတွက် ဝမ်းသာစရာပင်။

၁၉။ ယေဟောဝါ၏ခွင့်လွှတ်မှုကိုရနိုင်ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။

၁၉ ကျွန်ုပ်တို့သည် မိမိအပြစ်များကို နောင်တရပြီးဝန်ခံလိုသည့်နှိမ့်ချမှုရှိလျှင် ယေဟောဝါသည် ကျွန်ုပ်တို့အကျိုးအတွက်တုံ့ပြန်ရန် သဘောတူတော်မူသည်– “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။”—၁ ယောဟန် ၁:၉။

၂၀။ သတေဖန်သည် အပြစ်ကိုခွင့်လွှတ်လိုသော မည်သည့်စိတ်ဆန္ဒကို တင်ပြခဲ့သနည်း။

၂၀ ထူးခြားထင်ရှားစွာ ခွင့်လွှတ်သည့်စိတ်ထားရှိသူ ယေရှု၏နောက်တော်လိုက်သတေဖန်သည် ဒေါသထွက်နေသောလူအုပ်က သူ့အားခဲနှင့်ပေါက်နေစဉ် ဤသို့ကြွေးကြော်တောင်းပန်ခဲ့သည်– “သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။ ဒူးထောက်လျက် သခင် [ယေဟောဝါ၊ ကဘ]၊ ဤသူတို့ပြုသောဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့်ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။”—တမန်တော် ၇:၅၉၊ ၆၀။

၂၁။ ရောမစစ်သားများအား ခွင့်လွှတ်လိုသည့် ယေရှု၏စိတ်ဆန္ဒသည် အဘယ်ကြောင့်ထူးခြားအံ့သြဖွယ်ဖြစ်သနည်း။

၂၁ ခွင့်လွှတ်လိုသည့်စိတ်နှင့်ပတ်သက်၍ သာ၍အံ့သြဖွယ်ကောင်းသည့်ပုံသက်သေကို ယေရှုတင်ပြတော်မူခဲ့သည်။ ကိုယ်တော့်ရန်သူများက ကိုယ်တော်အားဖမ်းဆီးခြင်း၊ မတရားစစ်ဆေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ ပြောင်လှောင်သရော်ခြင်း၊ ကိုယ်တော်အား တံတွေးဖြင့်ထွေးခြင်း၊ အရိုးစများပါရှိပြီး သတ္တုစများမြုပ်ထားသော ကြာပွတ်ဖြင့်ရိုက်နှက်ခြင်း၊ နောက်ဆုံးတွင် နာရီပေါင်းများစွာ နှက်တိုင်ပေါ်တွင် သံဖြင့်ရိုက်ထားခြင်းတို့ကို ပြုလုပ်ကြသည်။ ယင်းသို့ပြုရာတွင် ရောမလူမျိုးများစွာပါဝင်သည်။ သို့သော် ထိုနှက်တိုင်ပေါ်၌ ယေရှုအသက်ထွက်ခါနီးအချိန်တွင် မိမိအားနှက်တိုင်တင်သော ရောမစစ်သားများနှင့်ပတ်သက်၍ မိမိ၏ကောင်းကင်ခမည်းတော်အား ဤသို့ပြောခဲ့သည်– “အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ။”—လုကာ ၂၃:၃၄။

၂၂။ တောင်ပေါ်ဒေသနာတော်မှ အဘယ်မိန့်ဆိုချက်များကို လက်တွေ့ကျင့်သုံးရန် ကျွန်ုပ်တို့ကြိုးစားရမည်နည်း။

၂၂ မိမိ၏တောင်ပေါ်ဒေသနာတော်တွင် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “သင်တို့၏ရန်သူတို့ကို ချစ်မြဲချစ်ကြလော့။ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။” မိမိ၏မြေကြီးဓမ္မအမှုပြီးဆုံးသည်အထိ ထိုစည်းမျဉ်းကို ကိုယ်တော်တိုင်လိုက်လျှောက်ခဲ့သည်။ ကျရှုံးတတ်သော အသွေးအသားအားနည်းမှုနှင့် တိုက်လှန်နေရသော ကျွန်ုပ်တို့အတွက် ယင်းသည် မတရားတောင်းဆိုထားခြင်းလော။ နောက်တော်လိုက်များအား စံပြဆုပတ္ထနာကိုပေးပြီး သူတို့အားယေရှုသွန်သင်ပေးသည့် စကားများကို ကျင့်သုံးရန် ကျွန်ုပ်တို့ကြိုးစားအားထုတ်သင့်သည်– “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို မလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။” (မဿဲ ၅:၄၄၊ ကဘ; ၆:၁၄၊ ၁၅) ယေဟောဝါခွင့်လွှတ်သကဲ့သို့ခွင့်လွှတ်ပါက ကျွန်ုပ်တို့သည် ခွင့်လွှတ်သည့်အပြင် မေ့ပျောက်ပစ်မည်ဖြစ်သတည်း။

သင်မှတ်မိသလော

◻ ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါမည်သို့ကိုင်တွယ်သနည်း။ အဘယ်ကြောင့်နည်း။

◻ မနာရှေသည် အဘယ်ကြောင့် ဘုရင်ရာထူးပြန်ရသနည်း။

◻ ယေဟောဝါခွင့်လွှတ်မှု၏ အဘယ်ထူးခြားသည့်အသွင်အပြင်သည် လူသားများတုပရန်အတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သနည်း။

◻ ယေရှု၏ခွင့်လွှတ်လိုသည့်ဆန္ဒသည် အဘယ်ကြောင့်ထူးခြားအံ့သြဖွယ်ဖြစ်သနည်း။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဘုရားသခင်၏ခွင့်လွှတ်မှုလိုအပ်ကြောင်း ဒါဝိဒ်သိမြင်ရန် နာသန်ကူညီပေးခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ