ဘုရားသခင့် နိုင်ငံတော်ကြွေးကြော်သူများ မှတ်တမ်း
ယေဟောဝါသည် မိမိ၏ရန်သူထက် စွမ်းအားထက်သည်
စာတန်နှင့် သူ၏နတ်ဆိုးများသည် ဗာဗုလုန်ဘာသာရေးနှင့် နတ်ဝိဇ္ဇာအတတ်အားဖြင့် သတင်းကောင်းဟောပြောခြင်းကို ဟန့်တားရန်ကြိုးစားခဲ့သည်မှာ ကြာပါပြီ။ ကျမ်းစာက စာတန်၏ဆိုးသွမ်းသော အကြံအစည်ကို ၂ ကောရိန္သု ၄:၄ တွင် “မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည်အလင်းကို မပေးစေခြင်းငှာ၊ ဤလောကကိုအစိုးရသော ဘုရားသည် သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏” ဟု ဖော်ပြထားသည်။
သို့သော် ယေဟောဝါဘုရားသခင်သည် စာတန်ထက် စွမ်းအားထက်သည်။ ယေဟောဝါ၏ရန်သူများက “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်း” ဖြစ်သည့် ကိုယ်တော့်မြင့်မြတ်သော အလိုတော်ကိုပြီးမြောက်အောင်မြင်မှုမရှိအောင် မည်သို့မျှမလုပ်နိုင်ပေ။ (၁ တိမောသေ ၂:၄) ဩစတြေးလျရှိ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ၏ အောက်ပါသတင်းများက ယင်းအချက်ကို ပေါ်လွင်စေသည်။
◻ ဘာသာရေးနှင့် အနှစ် ၂၀ ကြာအဆက်ဖြတ်ထားသော အိမ်ထောင်ရှင်မတစ်ဦးသည် ကျမ်းစာကို တစ်ဖန်ပြန်စဖတ်ခဲ့သည်။ ဤသို့ကျမ်းစာကို ပြန်လည်စိတ်ဝင်စားလာခြင်းက သူမအတွက် မေးခွန်းများစွာပေါ်ပေါက်စေသောကြောင့် သူမသည် အဖြေရှာတွေ့ရန် အကူအညီအတွက် ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ သူမသည် သမ္မာတရားကို ရှာလိုသော်လည်း သူမ၏ဘာသာဟောင်းသို့ ပြန်သွားခြင်းသည် ပြဿနာကို ပြေလည်စေလိမ့်မည်မဟုတ်ကြောင်း သူမသိထားသည်။ ထိုသို့သွားမည့်အစား သူမသည် တစ်ပတ်နွမ်းစာအုပ်ဆိုင်သို့ လည်ပတ်ကာ ဘာသာရေးနှင့်ပတ်သက်သော စာအုပ်တစ်အုပ်တလေရှိမရှိ လိုက်မေးမြန်းခြင်းဖြင့် သူမ၏ ရှာဖွေမှုကို စတင်ခဲ့သည်။
ဆိုင်ပိုင်ရှင်က သူမတွင် ဘာသာရေးစာအုပ်တစ်အုပ်ရှိပြီး ဆိုင်တွင်မဟုတ်ဘဲ အိမ်တွင်ရှိကြောင်း သတိရသွားသည်။ စာအုပ်၏အမည်မှာ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဖြစ်ပြီး ယေဟောဝါသက်သေများက ပုံနှိပ်ထုတ်ဝေထားခြင်းဖြစ်သည်။ ဤအမျိုးသမီးသည် ထိုစာအုပ်ကို စိတ်ဝင်တစားဖတ်သောကြောင့် သူမ မေးလိုသောကျမ်းစာမေးခွန်း မြောက်မြားစွာ၏ အဖြေများကို တွေ့ရှိခဲ့သည်။ တယ်လီဖုန်းစာအုပ်တွင် ယေဟောဝါသက်သေများကို ရှာဖွေပြီး နောက်ဆုံးတွင် သူတို့နှင့်အဆက်အသွယ်ရကာ ပုံမှန်ကျမ်းစာလေ့လာမှုကို စတင်ခဲ့သည်။
◻ လုံမပျိုတစ်ယောက်သည် အဆောင်လက်ဖွဲ့တစ်ခု အရောင်းကြော်ငြာရန် ဒေသဆိုင်ရာ သတင်းစာလုပ်ငန်းကို ငှားရမ်းခဲ့သည်။ ကြော်ငြာတွင်ယင်းကို ‘အလယ်ခေတ်မှဖြစ်သော အလွန်အစွမ်းထက်သည့် အဆောင်လက်ဖွဲ့’ တစ်ခုအဖြစ်ရည်ညွှန်းထားသည်။ ယေဟောဝါသက်သေတစ်ဦးက ဤကြော်ငြာကို သတိပြုမိခဲ့သည်။ ဖော်ပြထားသည့် တယ်လီဖုန်းနံပါတ်ကိုခေါ်ပြီး အဆောင်လက်ဖွဲ့၏ အဆိုရှိဖူးသောအစွမ်းနှင့်ပတ်သက်သည့် ဇာစ်မြစ်အကြောင်းကို ထိုအမျိုးသမီးနှင့်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ နတ်ဆိုးတို့၏လုပ်ဆောင်မှုနှင့်ပတ်သက်သော ကျမ်းစာရှုမြင်ပုံအကြောင်း ဆွေးနွေးခဲ့ကြသည်။ ဤအဆောင်လက်ဖွဲ့နှင့် လုံမပျိုလေးသည် ယင်းမတိုင်မီ တစ်ရက်လေးတွင် နတ်ဆိုးများနှင့်ပတ်သက်သော သူမ၏အခက်အခဲကို ကူညီရန် ဘုရားသခင်ထံတွင် ဆုတောင်းခဲ့ကြောင်း ဖွင့်ပြောပြသည်။ သက်သေခံသည် တယ်လီဖုန်းဖြင့် နောက်ထပ်ဆွေးနွေးရန် အစီအစဉ်လုပ်ခဲ့သည်။
သူမဖုန်းဆက်လိုက်သောအခါ လုံမပျိုလေးသည် အိမ်၌မရှိပါ။ တယ်လီဖုန်းကို မိခင်ဖြစ်သူက ကိုင်ပြီး ဤသို့ဆိုသည်–“ကျွန်မသမီးကို ရှင်ဘာပြောလိုက်တယ်ဆိုတာတော့ ကျွန်မမသိဘူး။ ဒါပေမဲ့ ဖြစ်ခဲ့တာတွေက အံ့အားသင့်စရာပဲ!” ပထမအကြိမ်ဖုန်းဆက်ပြီးနောက်ပိုင်း သမီးဖြစ်သူသည် သူမ၏စာတန်ဆိုင်ရာ ရုပ်ပုံများနှင့် စာအုပ်အားလုံးကိုစွန့်ပစ်ပြီး ကျမ်းစာကိုစဖတ်ခဲ့ကြောင်း သူမပြန်ပြောပြခဲ့သည်။
ထို့နောက်မကြာမီပင် ဤလုံမပျိုလေးဆီသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ရန် အစီအစဉ်များလုပ်ခဲ့သည်။ သူမသည် ချက်ချင်းပင် ယေဟောဝါသက်သေများနှင့် မှန်မှန်ကျမ်းစာသင်အံမှုပြုရန် လက်ခံခဲ့သည်။ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခြင်းဖြင့် ယေဟောဝါသက်သေများနှင့် ပေါင်းသင်းမှုလည်း စတင်ပြုခဲ့သည်။ ထပ်ဆင့်၍ ယေဟောဝါသည် ကျမ်းစာ၏တိကျမှန်ကန်သော အသိပညာထွန်းလင်းပြပေးခြင်းဖြင့် နတ်ဆိုးများကို အနိုင်ယူခဲ့သည်။