မြင့်မြတ်သောလမ်းညွှန်မှုကို သူလက်ခံခဲ့
စုံလင်သောကလေးတစ်ဦးကို ကျွေးမွေးပြုစုစောင့်ရှောက်ရန် သင့်အား တာဝန်ပေးသည်ဆိုပါစို့။ စိန်ခေါ်ချက်ပါတကား! မစုံလင်သူက ယင်းတာဝန်ကို မည်သို့ကျေပွန်နိုင်မည်နည်း။ မြင့်မြတ်သောလမ်းညွှန်မှုကိုလက်ခံပြီး နေ့စဉ်ဘဝအသက်တာတွင် အသုံးချမှသာဖြစ်နိုင်လိမ့်မည်။
ယေရှု၏မွေးစားဖခင်ယောသပ်သည် ထိုသို့ပြုလုပ်ခဲ့သည်။ သူ့အကြောင်းကို ခရေစေ့တွင်းကျဖော်ပြထားသည့် ကျမ်းမစစ်သောရှေးရိုးစဉ်လာများနှင့်မတူဘဲ ကျမ်းစာက ယေရှု၏ငယ်စဉ်တောင်ကျေးဘဝတွင် ယောသပ်၏ကဏ္ဍကို မဖော်ပြသလောက်ဖြစ်သည်။ ကျွန်ုပ်တို့သိရှိရသည်ကား ယောသပ်နှင့် သူ၏ဇနီးမာရိတို့သည် ယေရှုအပြင် သားလေးယောက်နှင့် သမီးများကိုပါ မွေးမြူခဲ့ကြသည်။—မာကု ၆:၃။
ယောသပ်သည် ရှောလမုန်မှဆင်းသက်သော ဣသရေလရှင်ဘုရင်ဒါဝိဒ်အမျိုးအနွယ် ယာကုပ်၏သားဖြစ်ပြီး ဧလိ၏သားမက်ဖြစ်သည်။ (မဿဲ ၁:၁၆; လုကာ ၃:၂၃) ဂါလိလဲပြည်၊ နာဇရက်မြို့နေ လက်သမားဆရာယောသပ်သည် ငွေအင်အားချို့တဲ့သူဖြစ်သည်။ (မဿဲ ၁၃:၅၅; လုကာ ၂:၄၊ ၂၄; ဝတ်ပြုရာ ၁၂:၈ နှိုင်းယှဉ်။) သို့တစေ ဝိညာဉ်ရေးအရချမ်းသာကြွယ်ဝပါသည်။ (သု. ၁၀:၂၂) သို့ဖြစ်ရခြင်းမှာလည်း မြင့်မြတ်သောလမ်းညွှန်မှုကို သူခံယူသောကြောင့်သာဖြစ်သည်။
ယောသပ်သည် ဘုရားသခင်ကိုယုံကြည်ပြီး မှန်ကန်ရာကိုလိုလားသော နှိမ့်ချရိုးသားသူ ဂျူးအမျိုးသားတစ်ဦးဖြစ်သည်။ ပညတ္တိကျမ်းတွင်ပါဝင်ရာပင်ဖြစ်စေ၊ ကောင်းကင်တမန်များမှတစ်ဆင့် တိုက်ရိုက်ရသည်ဖြစ်စေ ယေဟောဝါ၏အမိန့်တော်ကို ယောသပ်အမြဲလိုက်နာကျင့်သုံးခဲ့ကြောင်း ကျမ်းစာတွင်ပါ သူ၏အကြောင်းအနည်းအကျဉ်းက ဖော်ပြသည်။
ပြဿနာများသော ဖြောင့်မတ်သူ
ကြီးကျယ်သောပြဿနာတစ်ခုကြုံတွေ့ရလျှင် ဘုရားရေးရာကိုမြတ်နိုးသူတစ်ဦးသည် မည်သို့ပြုလုပ်သင့်သနည်း။ ‘သူထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထား’ ပြီးမြင့်မြတ်သောလမ်းညွှန်မှုကို လက်ခံဖို့သာရှိသည်! (ဆာလံ ၅၅:၂၂) ထိုအတိုင်းပင် ယောသပ်ပြုလုပ်ခဲ့သည်။ မာရိနှင့်စေ့စပ်ကြောင်းလမ်းထားစဉ် သူမသည် “မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။” ထိုအခါ ယောသပ်သည် ‘သူတော်ကောင်းဖြစ်၍ မာရိအသရေကိုမပျက်စေချင်သောကြောင့် သူမကိုတိတ်ဆိတ်စွာ စွန့်ပယ်မည်ဟုအကြံရှိ၏။’ ထိုသို့ကြံစည်၍နေစဉ်တွင် အိပ်မက်၌ ယေဟောဝါ၏ကောင်းကင်တမန်က သူ့အားဤသို့ဆိုသည်– “ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့်မှည့်ရမည်။” အိပ်ပျော်ရာမှ ယောသပ်နိုးလျှင် “ထာဝရဘုရား၏ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ သို့သော်လည်း သားဦးကိုမဖွားမီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့်မှည့်လေ၏။” (မဿဲ ၁:၁၈-၂၅) မြင့်မြတ်သောလမ်းညွှန်မှုကို ယောသပ်ခံယူပါသည်။
လူအသီးအသီး မိမိတို့မြို့ရွာတွင် စာရင်းဝင်ကြရမည်ဟု ကဲသာဘုရင်သြဂုတ္တု အမိန့်တော်ရှိသည်အတိုင်း ယောသပ်နှင့်မာရိသည် ယုဒပြည် ဗက်လင်မြို့သို့သွားကြသည်။ ထိုတွင်ရှိနေစဉ် ယေရှုကိုမာရိဖွားမြင်၍ နေစရာမရှိသောကြောင့် သူငယ်ကို နွားစားခွက်၌သိပ်ထားရလေသည်။ ထိုညအခါ ထူးခြားစွာမွေးဖွားသောသူငယ်၏သတင်းကို ကောင်းကင်တမန်များမှတစ်ဆင့်ကြားသိရသောသိုးထိန်းများသည် သူငယ်ကိုသွားတွေ့ကြသည်။ နောင်အရက် ၄၀ ခန့်တွင် ယောသပ်နှင့်မာရိသည် ပညတ္တိကျမ်းတွင်မိန့်မှာသည့်အတိုင်း ယဇ်ပူဇော်သက္ကာနှင့်တကွ ယေရှုကို ယေရုရှလင်ဗိမာန်တော်သို့ဆောင်သွားခဲ့သည်။ ယေရှုပြုတော်မူမည့်ကြီးမြတ်သောအမှုနှင့်စပ်လျဉ်း၍ သက်ကျားအိုရှုမောင်၏ ပရောဖက်ပြုစကားများကြောင့် သူတို့အံ့သြတွေဝေသွားကြသည်။—လုကာ ၂:၁-၃၃; ဝတ်ပြုရာ ၁၂:၂-၄၊ ၆-၈ နှိုင်းယှဉ်။
ဗိမာန်တော်တွင် ယေရှုကိုဆက်ကပ်ပြီးသည်နှင့် ယောသပ်နှင့်မာရိသည် နာဇရက်မြို့သို့သွားသည်ဟု လုကာ ၂:၃၉ ကဖော်ပြပုံရှိသော်လည်း ယင်းကျမ်းပိုဒ်သည်အကျဉ်းချုပ်ဖော်ပြချက်မျှဖြစ်သည်။ အမှန်မှာ ဗိမာန်တော်တွင်ဆက်ကပ်ပြီးနောက် အတန်ကြာသောကာလတွင် အရှေ့တိုင်းမှနက္ခတ် (မာဂုပညာရှိ) ဆရာများသည် ဗက်လင်မြို့ရှိအိမ်သို့ဝင်၍ မာရိနှင့်ယေရှုထံသွားရောက်လည်ပတ်ခဲ့သည်။ ဘုရားသခင်ကြားဝင်ကူညီပေးတော်မူသည့်အတွက် သူတို့ရောက်ရှိလာခြင်းမှ ယေရှုမသေဘဲ အသက်ချမ်းသာရလေသည်။ မာဂုပညာရှင်များပြန်သွားပြီးနောက် အိပ်မက်ပေး၍ယေဟောဝါ၏ကောင်းကင်တမန်က ယောသပ်အားဤသို့သတိပေးသည်– “ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကိုသတ်အံ့သောငှာရှာလိမ့်မည်။” ထိုအခါ ထုံးစံရှိသည်အတိုင်း မြင့်မြတ်သောလမ်းညွှန်မှုကိုယောသပ်ခံယူပြီး မိသားစုနှင့်အတူအီဂျစ်ပြည်သို့ထွက်သွားလေသည်။—မဿဲ ၂:၁-၁၄။
ဟေရုဒ်ကွယ်လွန်ပြီးနောက် အီဂျစ်ပြည်တွင် ကောင်းကင်တမန်သည် ယောသပ်၏အိပ်မက်၌ထင်ရှားပြီး ဤသို့မိန့်မှာသည်– “သင်ထလော့။ မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့။” ဟေရုဒ်မင်းကြီးအစား သားအာခေလသည် မင်းပြုနေကြောင်းကိုကြားသောကြောင့် ယုဒပြည်သို့ယောသပ်မပြန်သွားဝံ့ပါ။ အိပ်မက်ပါမြင့်မြတ်သောသတိပေးချက်အတိုင်း ဂါလိလဲပြည်၊ နာဇရက်မြို့တွင် သူအခြေချလေသည်။—မဿဲ ၂:၁၅-၂၃။
ဝိညာဏလူ
ပညတ္တိကျမ်းကိုလိုက်နာသည့် ဝိညာဉ်ရေးကောင်းသောမိသားစုဖြစ်စေရန် ယောသပ်ဦးစီးကြီးကြပ်ခဲ့သည်။ နှစ်တိုင်းအစဉ်ပသခါပွဲခံချိန်ရောက်လျှင် မိသားစုလိုက် ယေရုရှလင်မြို့သို့ သူတို့သွားလေ့ရှိသည်။ တစ်ချိန်တွင် ယောသပ်နှင့်မာရိတို့သည် နာဇရက်မြို့သို့ပြန်သွားနေစဉ် ယေရုရှလင်မြို့မှတစ်နေ့တာခရီးရောက်သော် ၁၂ နှစ်သားယေရှုမပါကြောင်းကို သိရှိလိုက်ကြသည်။ သို့နှင့်ယေရုရှလင်မြို့သို့ပြန်သွားပြီး လိုက်လံရှာဖွေရာတွင် ဗိမာန်တော်၌ဆရာများအလယ်မှာထိုင်၍ သူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို တွေ့မြင်ကြလေသည်။—လုကာ ၂:၄၁-၅၀။
အချို့ကိစ္စများတွင် ယောသပ်သည် ဇနီးသည်အား ဦးဆောင်ဦးရွက်ပြုလုပ်ခွင့်ပေးပုံရှိသည်။ ဥပမာ၊ ယေရုရှလင်မြို့သို့ပြန်ရောက်၍ ဗိမာန်တော်တွင်ယေရှုကိုတွေ့သောအခါ သူငယ်အားမာရိကစတင်၍မေးမြန်းပြောဆိုခဲ့သည်။ (လုကာ ၂:၄၈၊ ၄၉) “လက်သမားသား” အဖြစ်ယေရှုကြီးပြင်းလာနေစဉ် ဝိညာဏသွန်သင်မှုကိုသူရရှိသည်။ လက်သမားအတတ်ကိုလည်း ယောသပ်သွန်သင်ပေးသည်။ အကြောင်းမှာ ယေရှုကို ‘မာရိ၏သား၊ လက်သမား’ ဟုခေါ်ခဲ့ကြသည်။ (မဿဲ ၁၃:၅၅; မာကု ၆:၃) ဘုရားရေးရာကိုမြတ်နိုးသောမိဘများသည် အခွင့်အရေးရတိုင်း သားသမီးများကိုသွန်သင်ပို့ချသင့်သည်။ အထူးသဖြင့်ဝိညာဉ်ရေးဘက်တွင် သူတို့အားလေ့ကျင့်ပေးသင့်သည်။—ဧဖက် ၆:၄; ၂ တိမောသေ ၁:၅; ၃:၁၄-၁၆။
ယောသပ်ရမည့် အခွင့်အရေးများ
ယောသပ်ကွယ်လွန်သွားသည့်အကြောင်းကို ကျမ်းစာကလုံးဝမဖော်ပြပါ။ သို့သော် မာကု ၆:၃ တွင်ယေရှုအား ယောသပ်မဟုတ်ဘဲ “မာရိ၏သား” ဟုခေါ်ဆိုထားခြင်းက ထိုအချိန်တွင် ယောသပ်မရှိတော့ဟူ၍ တင်ပြနေခြင်းဖြစ်မည်။ ထို့ပြင် စီ.အီး. ၃၃ အထိယောသပ်ရှိနေမည်ဆိုလျှင် နှက်တိုင်တင်ခံရသောယေရှုသည် မာရိကိုပြုစုစောင့်ရှောက်ရန် တမန်တော်ယောဟန်အား တာဝန်လွှဲအပ်ခဲ့မည်မဟုတ်ပါ။—ယောဟန် ၁၉:၂၆၊ ၂၇။
ထို့ကြောင့် ယောသပ်သည် လူသား၏အသံကိုကြား၍ ရှင်ပြန်ထမြောက်လာမည့်လူသေများအဝင်ဖြစ်မည်။ (ယောဟန် ၅:၂၈၊ ၂၉) ထာဝရအသက်ရရန် ယေဟောဝါ၏အစီအစဉ်ကို ယောသပ်သိရှိလာသည့်အခါ လွန်ခဲ့သော နှစ်ပေါင်း ၁,၉၀၀ ကာလက မြင့်မြတ်သောလမ်းညွှန်မှုကို သူခံယူခဲ့သကဲ့သို့ ကြီးမြတ်တော်မူသောကောင်းကင်ဘုရင် ယေရှုခရစ်၏နာခံမှုရှိလက်အောက်ခံဖြစ်ခွင့်ကို သူအမှန်တကယ်ပင်ခံယူပါလိမ့်မည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယောသပ်သည် ယေရှုအား ဝိညာဏသွန်သင်မှုကိုပေးပြီး လက်သမားအတတ်ကိုပါ သင်ပေးခဲ့သည်