ယင်းသည် မည်သူ၏အပြစ်နည်း
ပထမလူသား အာဒံသည် စတင်တိမ်းလွဲခဲ့သည်။ အပြစ်ပြုပြီးနောက် ဘုရားသခင်ကို သူဤသို့ဆိုခဲ့သည်– “ကျွန်တော်အား အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်။” အမှန်မှာ သူဤသို့ပြောနေခြင်းဖြစ်သည်– “ဒါဟာ ကျွန်တော့်အပြစ်မဟုတ်ဘူး!” ပထမလူမိန်းမ ဧဝသည် အလားတူ ဤသို့ပြောခဲ့သည်– “မြွေသည် ကျွန်တော်မကိုလှည့်စား၍ ကျွန်တော်မသည် စားမိပါပြီ။”—ကမ္ဘာဦး ၃:၁၂၊ ၁၃။
သို့ဖြစ်၍ မိမိတို့အပြုအမူများအတွက် တာဝန်ခံရန် လူသားများ၏ငြင်းဆန်မှုပထမအဆင့်သည် ဦးဆုံးဧဒင်ဥယျာဉ်တွင် အစပြုခဲ့သည်။ ဤကြီးလေးသည့်အပြစ်ကို သင်ပြုဖူးသလော။ ပြဿနာများ ပေါ်ပေါက်လာသောအခါ သင်သည် အခြားသူများကို လျင်မြန်စွာ အပြစ်ပုံချသလော။ သို့တည်းမဟုတ် ယင်းသည် မည်သူ၏အပြစ်အမှန်တကယ်ဖြစ်ကြောင်း သိမြင်ရန် အခြေအနေကို အသေအချာစိစစ်သလော။ နေ့စဉ်အသက်တာတွင် ကျွန်ုပ်တို့၏အမှားများအတွက် အခြားသူများကို အပြစ်ပုံချသည့်ညွတ်ကွင်းထဲကျဆင်းရန်၊ “ဒါဟာ ငါ့အပြစ်မဟုတ်ဘူး!” ဟုပြောရန် အလွန်လွယ်ကူသည်။ သမားရိုးကျအခြေအနေများနှင့် တချို့လူများလုပ်တတ်သည့် အရာများကို ကြည့်ကြစို့။ ပို၍အရေးကြီးသည်မှာ ထပ်တူအခြေအနေအောက်တွင် သင်ဘာလုပ်မည်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။
ငွေရေးကြေးရေးအကျပ်အတည်း
မိမိတို့သည် ငွေရေးကြေးရေးအခက်အခဲများတွင် နစ်မွန်းနေသောအခါ “ဒါဟာ ငါ့အပြစ်မဟုတ်ဘူး—စီးပွားရေးစနစ်ကြောင့်၊ ကောက်ကျစ်စဉ်းလဲတဲ့ စီးပွားရေးသမားတွေကြောင့်၊ နေထိုင်မှုစရိတ်မြင့်မားမှုကြောင့်” ဟု အချို့သူများ ပြောကြပေမည်။ သို့သော် ယင်းတို့သည် အမှန်ပင်အပြစ်ပုံချရမည့် အချက်များလော။ မသေချာမရေရာသည့် အခြေအနေများက သူတို့အား ဒွိဟဖြစ်ဖွယ်ရှိသော သို့မဟုတ် ဈေးကစားသော စီးပွားရေးစွန့်စားလုပ်ဆောင်မှုများသို့ ဦးတည်စေသည်။ တစ်ခါတစ်ရံ လောဘကြီးမှုက အဖြစ်မှန်ကို ဖုံးကွယ်ပစ်ပြီး အကျွမ်းတဝင်မရှိသော စီးပွားရေးစွန့်စားမှုများနှင့် ကူးလူးဆက်ဆံမိကာ လိမ်လည်ဖြတ်စားသူများ၏သားကောင် အလွယ်တကူဖြစ်သွားကြသည်။ ဤစကားပုံကို သူတို့မေ့သွားကြသည်။ “ခြိမ်းလွန်းသည့်မိုး မရွာ။” သူတို့ကြားလိုသည့် အကြံဉာဏ်စကားကို ရှာကြံကြသော်လည်း စီးပွားရေးအကျပ်အတည်းက ရုပ်ဆိုးစွာဦးမော့လာသောအခါ အပြစ်ပုံချရမည့်သူတစ်ယောက်ယောက်ကို ရှာကြသည်။ ယင်းသည် အကြောင်းမလှစွာဖြင့် ခရစ်ယာန်အသင်းတော်တွင်ပင် ရံဖန်ရံခါဖြစ်ပေါ်သည်။
တချို့သူများသည် ဉာဏ်ပညာမဲ့မှု သို့မဟုတ် မရှိသည့် စိန်ကိုဝယ်ခြင်း၊ လျင်မြန်စွာ အဖျားရှူးသွားသော ငွေကြေးထင်တိုင်းပေါက်သည့် ရုပ်မြင်သံကြား အစီအစဉ်များ၊ အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များသို့ ထည့်ဝင်ခြင်း အစရှိသော ဟန်ပြရင်းနှီးမြှုပ်နှံမှုများ၏ ညွှတ်ဖမ်းခြင်းကို ခံခဲ့ရပြီ။ အလွန်အမင်း ချမ်းသာကြွယ်ဝလိုသောဆန္ဒသည် ဤကျမ်းစာသြဝါဒနှင့်ပတ်သက်သော သူတို့၏မှတ်ဉာဏ်ကို မှေးမှိန်စေခဲ့ပေမည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း . . . ထဲသို့ကျရောက်တတ်ကြ၏။ . . . ပူပန်ခြင်းဝေဒနာနှင့် ကိုယ့်ကိုယ်ကို ထုတ်ချင်းခတ်အောင်ထိုးကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀။
စည်းမဲ့ကမ်းမဲ့သုံးခြင်းကလည်း ငွေကြေးပြုတ်ပြုတ်ပြုန်းမှုကို ဦးတည်စေနိုင်သည်။ တချို့သူများသည် နောက်ဆုံးပေါ်ဖက်ရှင်မဂ္ဂဇင်းများမှ လူများနှင့်တူလို၊ အကုန်အကျများသော အပန်းဖြေမှုများကို လုပ်လို၊ အဆင့်အမြင့်ဆုံးစားသောက်ဆိုင်များတွင် ညစာစားလို၊ လူကြီးများအတွက် နောက်ဆုံးပေါ် “ကစားစရာများ” ဖြစ်သော ဖျော်ဖြေရေးယာဉ်များ၊ သင်္ဘောများ၊ ကင်မရာများ၊ စတီရီယိုပစ္စည်းများကို ဝယ်လိုကြသည်။ တချို့သူများသည် ဤအရာတို့ကို ပါးရည်နပ်ရည်ရှိသော အစီအမံနှင့် စုဆောင်းမှုကြောင့် တစ်ချိန်ချိန်တွင် ရနိုင်ကောင်းရနိုင်မည်မှာ အမှန်ပင်။ သို့တိုင် ယင်းတို့ကို အဆောတလျင်ရယူလိုသူများသည် မိမိအကြွေးလည်ပင်းနစ်နေသည်ကို တွေ့ရှိကြရပေမည်။ သူတို့အကြွေးနစ်ပါက ယင်းသည်မည်သူ၏အပြစ်နည်း။ သူတို့သည် သု. ၁၃:၁၈ ပါခိုင်လုံသော အကြံပေးစကားကို လျစ်လျူရှုခဲ့ကြကြောင်း ထင်ရှားသည်– “သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။”
သားသမီးများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်း
“ငါ့သားသမီးတွေ သမ္မာတရားကို စွန့်သွားတာ အကြီးအကဲတွေရဲ့အပြစ်ပဲ၊” ဟုတချို့မိဘများ ဆိုကြပေမည်။ “သူတို့ ငါ့သားသမီးတွေကို ကောင်းကောင်းဂရုမစိုက်ကြဘူး။”
အကြီးအကဲများသည် သိုးတော်စုကို ထိန်းကျောင်းဂရုစိုက်ရန် တာဝန်ရှိသည်၊ သို့သော် မိဘများကိုယ်တိုင်ကော အသို့နည်း။ သူတို့ပြုမူလေသမျှတွင် ဘုရားသခင့်ဝိညာဉ်အသီးသီးပြခြင်းဖြင့် ပုံသက်သေကောင်းကြပါသလော။ မိသားစု ကျမ်းစာသင်အံမှုကို မှန်မှန်ကျင်းပသလော။ မိဘများသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် ဇွဲရှိကြောင်းတင်ပြကြပြီး ယင်းအတွက် ကြိုတင်ပြင်ဆင်ရန် သားသမီးများကို ကူညီပါသလော။ သူတို့သည် မိမိတို့သားသမီးများ၏ အပေါင်းအသင်းများနှင့်ပတ်သက်၍ ဂရုပြုကြပါသလော။
အလားတူစွာ မိဘတစ်ဦးသည် ကျောင်း၏လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ဤသို့ပြောရန် လွယ်ကူပါသည်– “ငါ့သားဟာ ကျောင်းမှာကောင်းကောင်းမကြိုးစားတာ ဆရာရဲ့အပြစ်ပဲ။ သူတို့က ငါ့သားကို မကြိုက်ဘူးလေ။ ပြီးတော့ ဘယ်နည်းနဲ့မဆို အဲဒီကျောင်းရဲ့ စာပေသင်ကြားမှုအဆင့်အတန်းဟာ သိပ်ကိုနိမ့်တယ်။” သို့သော် ဤမိဘသည် ကျောင်းနှင့်အနီးကပ် ဆက်သွယ်ပါသလော။ ဤမိဘသည် ကလေး၏သင်ရိုးညွှန်းတမ်းနှင့် လေ့လာသင်ကြားမှုများတွင် စိတ်ဝင်တစားရှိပါသလော။ သူ၏အိမ်စာအတွက် အစီအစဉ်ထားရှိပြီး လိုအပ်သောအခါ အကူအညီပေးပါသလော။ အခြေခံပြဿနာမှာ သဘောထားနှင့်ပတ်သက်သော ကိစ္စဖြစ်နိုင်သလော သို့မဟုတ် ကလေး (ဝါ) မိဘများ၏ပျင်းရိမှု ဖြစ်နိုင်သလော။
မိဘများသည် ကျောင်းပညာရေးစနစ်ကို အပြစ်ပုံချမည့်အစား မိမိတို့၏သားသမီးများတွင် သဘောထားမှန် ရှိရန်နှင့် ကျောင်းတွင် သူတို့ရယူနိုင်သည့် သင်ယူခြင်းအခွင့်အရေးများကို ယူရန်သေချာဖို့ အပြုသဘောဖြင့်လုပ်ဆောင်ပါက ပို၍အကျိုးဖြစ်ထွန်းပါသည်။
ဝိညာဉ်ရေးဖွံ့ဖြိုးတိုးတက်ရန် ပျက်ကွက်ခြင်း
မကြာခဏပင် တစ်ဦးတစ်ယောက်က ဤသို့ပြောသည်ကို ကျွန်ုပ်တို့ကြားရသည်– “ဝိညာဉ်ရေးမှာ ငါပိုပြီးသန်မာချင်ပါတယ်၊ ဒါပေမဲ့ မတိုးတက်လာခြင်းဟာ ငါ့အပြစ်ကြောင့်မဟုတ်ဘူး။ အကြီးအကဲတွေက ငါ့ကို ကောင်းကောင်းမှ ဂရုမစိုက်တာ။ ငါ့မှာ မိတ်ဆွေတစ်ယောက်တလေတောင်မရှိဘူး၊ ဒီအသင်းတော်အပေါ်မှာ ယေဟောဝါရဲ့ဝိညာဉ်တော် မရှိဘူး။” ထိုသို့ပြောဆိုချိန်၌ အသင်းတော်တွင်ရှိ အခြားသူများမှာမူ မိတ်ဆွေများရှိနေကြ၊ ပျော်ရွှင်နေကြ၊ ဝိညာဉ်ရေး၌ကောင်းစွာတိုးတက်နေကြပြီး အသင်းတော်သည် တိုးတက်ကြီးပွားမှု၊ ဝိညာဏထွန်းကားကြွယ်ဝမှုတို့ဖြင့် ကောင်းချီးပေးခံနေရသည်။ သို့ဖြစ်လျှင် အချို့သောသူများ၌ ပြဿနာများအဘယ့်ကြောင့်ရှိကြသနည်း။
အပြုသဘောမဆောင် ညည်းညူသည့်သဘောထားရှိနေသူများနှင့် ရင်းနှီးသောအပေါင်းအသင်းဖြစ်လိုသူ နည်းပါသည်။ နှုတ်သီးကောင်းလျှာပါးပြုမူပြီး တစ်ချိန်လုံးညည်းညူနေခြင်းသည် စိတ်ဓာတ်ကျဆင်းစေနိုင်သည်။ ဝိညာဉ်ရေး ဆွဲချမခံလိုဘဲ အချို့သူများသည် အနှီပုဂ္ဂိုလ်မျိုးနှင့် လူမှုရေးပေါင်းသင်းဆက်ဆံမှုကို စည်းခြားကန့်သတ်ထားပေမည်။ အသင်းတော်သည် အေးစက်စက်နိုင်လာခြင်းဟူ၍ ကောက်ချက်ချလျက် သူသည် နေရာပြောင်းပေမည်၊ ကနဦးတွင် အသင်းတော်တစ်ခုသို့၊ ဤနောက်တွင် အခြားအသင်းတော်တစ်ခုပြီးတစ်ခုသို့ ပြောင်းရွှေ့ပေမည်။ အမြဲတမ်းရေကြည်ရာမြက်နုရာရှာသည့် အာဖရိကလွင်ပြင်များမှ တိရစ္ဆာန်အုပ်များ စားကျက်ပြောင်းခြင်းနှင့်တူပြီး ဤ “စားကျက်ပြောင်း” သောခရစ်ယာန်များသည် မိမိတို့နှင့်အံဝင်ဂွင်ကျမည့် အသင်းတော်ကို အမြဲတမ်းရှာကြသည်။ ယင်းသို့ပြောင်းရွှေ့မည့်အစား သူတို့သည် အခြားသူများ၏ အရည်အသွေးကောင်းများကို ကြည့်ရှုပြီး မိမိတို့အသက်တာတွင် ဘုရားသခင့်ဝိညာဉ်အသီးများကို အပြည့်အဝသီးပြရန် ကြိုးစားမည်ဆိုလျှင် မည်မျှပို၍ပျော်ရွှင်လိုက်မည်ဖြစ်ခြင်း!—ဂလာတိ ၅:၂၂၊ ၂၃။
အချို့သူများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ စည်းဝေးတစ်ခုစီတွင် သီးခြားပုဂ္ဂိုလ်များကို စကားပြောရန် အထူးကြိုးစားကာ သူတို့၏ကောင်းသောအချက်များကို ရိုးသားစွာချီးမွမ်းခြင်းဖြင့် ဤသို့ပြုကြသည်။ ယင်းတို့မှာ သူ၏အကျင့်အကြံကောင်းသော သားသမီးများ၊ ခရစ်ယာန်စည်းဝေးများမှန်မှန်တက်ခြင်း၊ ကင်းမျှော်စင် သင်တန်းအတွက် ကောင်းကောင်းပြင်ဆင်လာခြင်း၊ သူ၏အိမ်တွင် လယ်ကွင်းလုပ်ငန်းစည်းဝေးများနှင့် အသင်းတော်စာအုပ်ကြီးသင်တန်း ပြုလုပ်ခွင့်ပေးခြင်းအတွက် ဧည့်ဝတ်ကျေပွန်မှု စသည့်အကြောင်းများနှင့်ပတ်သက်၍ ဖြစ်နိုင်သည်။ မစုံလင်မှုကြောင့် မီးခဲပြာဖုံးဖြစ်နေမည်ဖြစ်သော မွန်မြတ်သည့်အရည်အသွေးများကို စူးစိုက်ကြည့်ရှုရန် ရည်ရွယ်ချက်ထားရှိခြင်းဖြင့် သင်သည် သင့်ခရစ်ယာန်ညီအစ်ကိုညီအစ်မများတွင်ရှိ မွန်မြတ်သည့်အရည်အသွေးများကို ကျိန်းသေတွေ့ရှိပါလိမ့်မည်။ ယင်းက သူတို့အား ချစ်ခင်လေးမြတ်စေမည်ဖြစ်ပြီး သင့်တွင် သစ္စာတည်ကြည်သောမိတ်ဆွေများ မရှားကြောင်း တွေ့ရှိပါလိမ့်မည်။
အဆုံးစွန်ဆင်ခြေ
“ဒါကတော့ ဘုရားသခင်ရဲ့ အလိုတော်ပဲ။” “ဒါကတော့ စာတန်ကိုပဲ အပြစ်တင်ရမှာပေါ့။” အဆုံးစွန်ဆင်ခြေသည် မိမိတို့၏ကိုယ်ပိုင် မှားယွင်းပျက်ကွက်မှုများအတွက် ဘုရားသခင်ကိုသော်လည်းကောင်း၊ စာတန်ကိုသော်လည်းကောင်း အပြစ်ပုံချခြင်းဖြစ်နိုင်သည်။ ဘုရားသခင် သို့မဟုတ် စာတန်သည် ကျွန်ုပ်တို့အသက်တာ၌ အချို့သောအခြင်းအရာများကို ဩဇာလွှမ်းမိုးသည်မှာ အမှန်ပင်။ သို့သော် အချို့က သူတို့၏အသက်တာတွင် အကောင်းအဆိုးမဟူ အရာရာတိုင်းသည် လက်တွေ့တွင် ဘုရားသခင် သို့မဟုတ် စာတန်က ကြားဝင်စွက်ဖက်မှုကြောင့်ဖြစ်ကြောင်း ယူမှတ်ကြသည်။ သူတို့အတွက် မိမိတို့အပြုအမူကြောင့်ဖြစ်ပျက်လာသည့် အကျိုးဆက်တစ်ခုတလေမျှပင် မရှိသကဲ့သို့ ဖြစ်နေသည်။ “ဘုရားသခင်ဟာ ဒီကားအသစ်လေး ငါ့မှာရှိစေချင်တယ်ဆိုရင် အဲဒါကိုရအောင် ကိုယ်တော်လုပ်ပေးနိုင်ပါတယ်။”
အနှီပုဂ္ဂိုလ်မျိုးတို့သည် သူတို့၏အသက်တာကို မျက်နှာလွှဲခဲပစ်ပြုလေ့ရှိကာ ငွေကြေးနှင့် အခြားဆုံးဖြတ်ချက်များကို ဘုရားသခင် မိမိတို့အား ကယ်မမည်ဟူသည့် ယူဆချက်ပေါ်တွင် ဆုံးဖြတ်ကြသည်။ သူတို့၏အတင့်ရဲလွန်းသော အပြုအမူများကြောင့် စီးပွားရေး သို့မဟုတ် အခြားတစ်ခုခုတွင် ပျက်စီးဆုံးပါးမှုတချို့ဖြစ်ပါက စာတန်ကို သူတို့အပြစ်ပုံချကြသည်။ ဦးစွာ ‘ကုန်ကျစရိတ်ကို တွက်ချက်ခြင်း’ မရှိဘဲ တစ်ခုခုကို စိတ်လိုက်မာန်ပါလုပ်ကာ နောက်တွင် ဆုံးပါးမှုအတွက် စာတန်ကိုအပြစ်ပုံချခြင်း သို့မဟုတ် သာ၍ဆိုးရွားသည်မှာ ယေဟောဝါကြားဝင်ခြင်းကို မျှော်လင့်ခြင်းသည် ရောင့်တက်ခြင်းဖြစ်ရုံမက ကျမ်းစာနှင့်မညီညွတ်သောအရာဖြစ်ပေမည်။—လုကာ ၁၄:၂၈၊ ၂၉။
စာတန်သည် ယေရှုအား ဤနည်းအတိုင်းထင်မှတ်ရန်နှင့် မိမိ၏အပြုအမူများအတွက် တာဝန်ရှိသည်ဟု သဘောမထားရန် ကြိုးပမ်းခဲ့သည်။ ဒုတိယစုံစမ်းမှုနှင့်ပတ်သက်၍ မဿဲ ၄:၅-၇ တွင် ဤသို့ဖော်ပြသည်– “မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏အထွတ်၌ တင်ထားပြီးလျှင်– ‘ကျမ်းစာလာသည်ကား “ကောင်းကင်တမန်တို့အား သင့်အဖို့မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှာ သူတို့သည် သင့်ကို လက်နှင့်မစ ချီပင့်ကြလိမ့်မည်” ဟုလာ၏။ ထို့ကြောင့် ဘုရားသခင်၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါ’ ဟု လျှောက်လေ၏။” မိမိသည် ကိုယ့်ကိုယ်ကိုသတ်သေခြင်းပင်ဖြစ်သည့် မျက်နှာပြောင်တိုက်မိုက်ရူးရဲဆန်ဆန် ပြုမူပါက ယေဟောဝါ ကြားဝင်လုပ်ဆောင်ရန် မမျှော်လင့်နိုင်ကြောင်း ယေရှုသိထားသည်။ ထို့ကြောင့် ကိုယ်တော်ဤသို့ ပြန်ဖြေခဲ့သည်– “‘သင်၏ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရ’ ဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။”
မိမိတို့၏ဒွိဟဖြစ်ဖွယ် အပြုအမူများအတွက် စာတန် သို့မဟုတ် ဘုရားသခင်ကို အပြစ်ပုံချဖို့အာသာရှိသူများသည် ဘုရားသခင်နှင့် စာတန်၏နေရာတွင် ကြယ်များကို အစားသွင်းသည့်သူများသာဖြစ်သော နက္ခတ်ဗေဒင်ပညာကို လိုက်စားသူများနှင့် အလွန်တူလှသည်။ ဖြစ်ပျက်သည့်အရာရာတိုင်းနီးပါးသည် မိမိတို့ဖန်တီးပြုပြင်၍ မရနိုင်ကြောင်း လုံးလုံးလျားလျား လက်ခံယုံကြည်ထားကြရာ သူတို့သည် ဂလာတိ ၆:၇ တွင်ဖော်ပြထားသည့် ဤရိုးရှင်းသောမူကို မျက်စိလျှမ်းနေသည်– “လူသည် မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။”
အဖြစ်မှန်ကို ရင်ဆိုင်ခြင်း
မစုံမလင်ချို့ငဲ့သောလောကတွင် ကျွန်ုပ်တို့အသက်ရှင်နေရသည်ကို ငြင်းဆိုမည့်သူ တစ်ယောက်မျှရှိမည်မဟုတ်ပါ။ ဤတွင်ဆွေးနွေးခဲ့သည့် ပြဿနာများသည် ဘဝအဖြစ်မှန်ဖြစ်သည်။ လူများသည် ငွေကြေးအားဖြင့် ကျွန်ုပ်တို့အား ဖြားယောင်းမည်။ အချို့သောအလုပ်ရှင်များသည် သမာသမတ်မရှိဘဲဖြစ်မည်။ အသိမိတ်ဆွေများက ကျွန်ုပ်တို့၏သားသမီးများကို လွဲမှားစွာ ဩဇာညောင်းပေမည်။ အချို့သော ဆရာများနှင့် ကျောင်းများသည် တိုးတက်ရန်လိုအပ်သည်။ အကြီးအကဲများသည် ရံဖန်ရံခါ မေတ္တာပို၍ပြသနိုင်ကြပြီး အားထုတ်လုပ်ဆောင်ပေးကြသည်။ သို့သော် မစုံလင်မှု၏အကျိုးဆက်နှင့် ကျမ်းစာထောက်ပြသကဲ့သို့ “လောကီသားအပေါင်းသည် မာရ်နတ်၏လက်၌ ရှိ” ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြရမည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့၏တစ်သက်လျာလမ်းကြောင်းသည် တစ်ချိန်လုံးအဆင်ပြေချောမွေ့နေရမည်ဟု မျှော်လင့်ခြင်းသည် လက်တွေ့မကျပါ။—၁ ယောဟန် ၅:၁၉။
ထို့ထက်ကား ကျွန်ုပ်တို့သည် မိမိတို့၏မစုံလင်မှုနှင့် ကန့်သတ်မှုတို့ကို အသိအမှတ်ပြုပြီး မိမိတို့၏ပြဿနာအများမှာ ကိုယ့်မိုက်မဲမှုကြောင့် ဖြစ်ကြောင်း သိနားလည်ထားရမည်။ ပေါလုက ရောမတွင်ရှိ ခရစ်ယာန်များကို ဤသို့သြဝါဒပေးခဲ့သည်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက် လွန်၍မထင် . . . ရမည်အကြောင်း . . . သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။” (ရောမ ၁၂:၃) ဤအကြံပေးချက်သည် ယနေ့ကျွန်ုပ်တို့ကို ထပ်တူသက်ဆိုင်သည်။ ကျွန်ုပ်တို့အသက်တာတွင် တစ်ခုခုမှားသွားပါက ကျွန်ုပ်တို့ဘိုးဘေး အာဒံနှင့် ဧဝတို့ ဤသို့ပြောသကဲ့သို့ အဆောတလျင် လိုက်ပြောမည်မဟုတ်ပါ– “ဒါဟာ ငါ့ရဲ့အပြစ်မဟုတ်ဘူး။” ယင်းသို့ပြောမည့်အစား ကိုယ့်ကိုယ်ကို ဤသို့ပြန်မေးမည်၊ ‘ဒီစိတ်မချမ်းမြေ့ဖွယ် ရလဒ်ကို ရှောင်ရှားဖို့ တခြားနည်းနဲ့ ငါဘာလုပ်နိုင်ခဲ့မလဲ။ ငါဟာ ကိစ္စရပ်တွေမှာ ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်ပြီး ဉာဏ်ပညာပင်ရင်းကနေ ဩဝါဒကို ရှာကြံခဲ့သလား။ ငါဟာ တစ်ဖက်သား သို့မဟုတ် ပတ်သက်နေသူတွေကို အပြစ်မဲ့တယ်လို့ယူမှတ်ပြီး သူတို့ရဲ့ဂုဏ်သိက္ခာကို တင်ပေးသလား။’
ကျွန်ုပ်တို့သည် ခရစ်ယာန်မူများကို လိုက်လျှောက်ပြီး ချင့်ချင့်ချိန်ချိန်ဆုံးဖြတ်ပါက မိတ်ဆွေများပို၍ ရရှိလာပြီး ပြဿနာနည်းသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် မလိုလားအပ်သော ဖုထစ်နေသည့် အစွန်းအထင်းများစွာသည် စင်းလုံးချောသွားလိမ့်မည်။ ကျွန်ုပ်တို့သည် အခြားသူများနှင့်ဆက်ဆံရေးတွင် ပျော်ရွှင်မှုကိုခံစားရပြီး ဤမေးခွန်းနှင့် ကပ်သင့်တော့မည်မဟုတ်– “ယင်းသည် မည်သူ၏အပြစ်နည်း။”
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
မိဘများသည် မိမိသားသမီးများအား ဝိညာဉ်ရေးဘက်ဖွံ့ဖြိုးတိုးတက်မှုကို များစွာထောက်ကူပေးနိုင်