ကြီးစွာသောဒုက္ခတစ်လျှောက် အရှင်လတ်လတ်ကယ်တင်ခံရခြင်း
“ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲက ထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း။”—ဗျာဒိတ် ၇:၁၄။
၁ မြေကြီးဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းတွင် ထမြောက်လာသူများကို မည်သူတို့ကြိုဆိုမည်နည်း။
မရေမတွက်နိုင်သော လူသန်းပေါင်းများစွာတို့သည် ‘ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူတို့၏ ရှင်ပြန်ထမြောက်ခြင်း’ တွင် ထမြောက်လာကြသောအခါ ဟင်းလင်းကမ္ဘာမြေတွင် အသက်ပြန်ရှင်ရန် ခေါ်ဆောင်လာခြင်းဖြစ်မည်မဟုတ်။ (တမန်တော် ၂၄:၁၅) သူတို့သည် လှပစွာဖြစ်ပေါ်တိုးတက်နေသည့် ဝန်းကျင်တွင် နိုးထလာကြမည်ဖြစ်ပြီး သူတို့အတွက်နေထိုင်စရာအိမ်ရာ၊ အဝတ်အစားနှင့် ပေါကြွယ်သောအစားအစာများ အဆင်သင့်ပြင်ဆင်ထားသည်ကို တွေ့ရကြမည်။ ဤပြင်ဆင်မှုအစုစုကို မည်သူများကပြင်ဆင်ပေးထားမည်နည်း။ ကမ္ဘာသစ်တွင် မြေကြီးဆိုင်ရာရှင်ပြန်ထမြောက်မှု အစပြုခြင်းမတိုင်မီ အသက်ရှင်နေမည့်သူများ ရှိမည်မှာ ရှင်းနေပါသည်။ မည်သူများနည်း။ သူတို့သည် လာမည့်ကြီးစွာသောဒုက္ခမှ ကပ်ကျော်လွန်မြောက်လာမည်ဖြစ်ကြောင်း ကျမ်းစာကဖော်ပြသည်။ ကျမ်းစာသွန်သင်ချက်များတွင် စိတ်ဝင်စားမှုကိုအလှုံ့ဆော်ဆုံးအရာတစ်ခုမှာ အချို့သောသစ္စာတည်ကြည်သူများ ကြီးစွာသောဒုက္ခတစ်လျှောက် အရှင်လတ်လတ်ကယ်တင်ခံရမည်ဖြစ်ပြီး ဘယ်တော့မျှသေရတော့မည်မဟုတ်သည့်အကြောင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ဤမျှော်လင့်ချက်သည် သမ္မာကျမ်းစာတွင် အလွန်ထင်ရှားသည်။
နောဧခေတ်ကကဲ့သို့
၂၊ ၃။ (က) နောဧခေတ်နှင့် ကျွန်ုပ်တို့အချိန်ကြားတွင် အဘယ်ဆင်တူချက်များရှိသနည်း။ (ခ) ရေလွှမ်းမိုးဘေးကို နောဧနှင့်သူ၏မိသားစု ကပ်ကျော်ခြင်းက အဘယ်အရာကို ထောက်ပြသနည်း။
၂ မဿဲ ၂၄:၃၇-၃၉ တွင် ယေရှုခရစ်က နောဧခေတ်နှင့် ယခုကျွန်ုပ်တို့အသက်ရှင်နေသည့် နောက်ဆုံးကာလအချိန်တို့ကို နှိုင်းယှဉ်ပြခဲ့သည်။ ကိုယ်တော်ဤသို့ပြောခဲ့သည်– “လူသားကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည်သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည့်နည်းတူ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။”
၃ ကမ္ဘာချီရေလွှမ်းမိုးခြင်းက ဘုရားသခင့်သတိပေးစကားကို ဂရုမစိုက်သောသူအားလုံးကို တံမြက်လှည်းသုတ်သင်ခဲ့သည်။ သို့သော် ယင်းက နောဧနှင့်သူ့မိသားစုကို မသုတ်သင်ခဲ့ပါ။ သူတို့သည် “သင်္ဘောထဲသို့ဝင်” သည်ဟု ယေရှုပြောခဲ့သည်။ သူတို့၏ဘုရားဝတ်၌မွေ့လျော်ခြင်းကြောင့် သူတို့အတွက် လွတ်မြောက်ရာလမ်းကို ယေဟောဝါပေးတော်မူသည်။ ပေတရုဒုတိယစောင် ၂:၅၊ ၉ က နောဧနှင့်သူ့မိသားစုတို့၏ လွတ်မြောက်မှုအကြောင်းရည်ညွှန်း၍ ဤသို့ပြောထားသည်– “ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍ ဘုရားကိုမကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်း အထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း . . . ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။” လူအများစုတို့သည် ဘုရားသခင်၏သတိပေးစကားကို လိုက်လျှောက်မည်မဟုတ်ကြောင်းဖော်ပြရန် ယေရှုသည် နောဧခေတ်နှင့် နောက်ဆုံးကာလနှိုင်းယှဉ်ချက်ကို အသုံးပြုခဲ့သည်။ သို့ပင်ဖြစ်သော်ငြားလည်း ဤသို့နှိုင်းယှဉ်ခြင်းဖြင့် နောဧနှင့်သူ့မိသားစုတို့သည် ယေဟောဝါဘုရားသခင်အားနာခံ၍ သင်္ဘောထဲသို့ဝင်ကာ ရေလွှမ်းမိုးခြင်းကို ကပ်ကျော်ခဲ့ကြကြောင်းကိုလည်း ခိုင်မာသေချာစေခဲ့သည်။ နောဧနှင့်သူ့မိသားစုကပ်ကျော်ခြင်းသည် ဤလောက၏နိဂုံးတွင် ဘုရားသခင့်သစ္စာရှိကျေးကျွန်များ၏ ကပ်ကျော်ခြင်းကို ထောက်ပြသည်။
ပထမရာစု ပုံနမူနာ
၄။ ယေရှု၏စကားများပြည့်စုံခြင်းတွင် အဘယ်အဖြစ်အပျက်များက စီ.အီး. ၇၀ တွင် ယေရုရှလင်ဖျက်စီးခြင်းကို ဦးတည်စေသနည်း။
၄ ယေရှုသည် ဤလော၏နိဂုံးတွင် ဖြစ်ပျက်မည့်အဖြစ်အပျက်များကိုလည်း ပြောခဲ့သည်။ မဿဲ ၂၄:၂၁၊ ၂၂ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အကြောင်းမူကား ကမ္ဘာဦးမှစ၍ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည်တိုလိမ့်မည်။” ယင်းပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ ပထမရာစုတွင် ပဏာမပြည့်စုံခဲ့သည်။ စီ.အီး. ၆၆ ခုနှစ်တွင် ယေရုရှလင်မြို့တော်သည် ဆက်စ်တီးယပ်စ်ဂဲလပ်စ်ဦးဆောင်သည့် ရောမစစ်တပ်၏ ဝိုင်းရံခြင်းခံခဲ့ရသည်။ ရောမတပ်များသည် ဗိမာန်တော်တံတိုင်းကို တူးဖြိုသည့်အထိဖြစ်ခဲ့ပြီ ဂျူးများစွာတို့သည် လက်နက်ချရန်အဆင်သင့်ဖြစ်နေကြသည်။ သို့သော် ဆက်စ်တီးယပ်စ်ဂဲလပ်စ်သည် ခိုင်လုံသည့်အကြောင်းတစ်စုံတစ်ခုမရှိဘဲ မိမိ၏တပ်များကို ရုတ်တရက်ဆုတ်ခွာသွားစေခဲ့သည်။ ရောမများဆုတ်ခွာသွားကြသည်ကိုမြင်လျှင် ခရစ်ယာန်များသည် ဤမတိုင်မီနှစ်ပေါင်းများစွာက ယေရှု၏စကားများအတိုင်း လုပ်ဆောင်ကြသည်– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝိုင်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်။” (လုကာ ၂၁:၂၀၊ ၂၁) ရွေးချယ်ခံရသော ခရစ်ယာန်ဖြစ်လာသည့်ဂျူးများသည် ဖျက်ဆီးခံရတော့မည့် ယေရုရှလင်မြို့တော်ကို ချက်ချင်းစွန့်ခွာခဲ့ကြရာ မကြာမီ ယင်းအပေါ်ကျရောက်လာသည့် ကြောက်မက်ဖွယ်ဖျက်ဆီးခြင်းမှ သူတို့လွတ်မြောက်ခဲ့ကြသည်။ စီ.အီး. ၇၀ တွင် ဗိုလ်ချုပ်တိတုဦးဆောင်သော ရောမတပ်မဟာကြီး ပြန်ရောက်လာသည်။ ယေရုရှလင်မြို့ပတ်လည်တွင် တပ်ချကြပြီးဝိုင်းရံထားကာ ယင်းကိုဖျက်ဆီးပစ်ကြသည်။
၅။ အဘယ်သဘောဖြင့် စီ.အီး. ၇၀ တွင် ယေရုရှလင်အပေါ်ကျရောက်ခဲ့သည့် ဘေးဒုက္ခသည် တိုတောင်းခဲ့သနည်း။
၅ ဂျူးသမိုင်းဆရာဂျိုစီဖတ်စ်ပြန်ပြောပြချက်အရ ဂျူး ၁,၁၀၀,၀၀၀ သေပြီး ၉၇,၀၀၀ တို့အသက်ရှင်လျက် သုံ့ပန်းများအဖြစ် ဖမ်းဆီးသွားခြင်းခံခဲ့ရကြသည်။ ထိုခရစ်ယာန်မဟုတ်သော အသက်ရှင်လျက်ကျန်ရှိသည့်ဂျူးများသည် ယေရှု၏ပရောဖက်ပြုချက်ပါ “ရွေးချယ်သောသူတို့” မဟုတ်ကြပါ။ ပုန်ကန်သောဂျူးလူမျိုးများအား စကားပြောရာတွင် ယေရှုဤသို့ပြောခဲ့သည်– “သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏။ ငါဆိုသည်ကား ‘ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသော’ ဟု သင်တို့မပြောမီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကိုမမြင်ရကြ။” (မဿဲ ၂၃:၃၈၊ ၃၉) ယေရုရှလင်မြို့တွင်ပိတ်မိနေသောဂျူးတို့သည် နောက်ဆုံးအချိန်ကလေးတွင် ယေရှုကို မေရှိယအဖြစ်လက်ခံပြီး ခရစ်ယာန်များဖြစ်လာကာ ယေဟောဝါ၏မျက်နှာသာတော် ခံရကြသည်ဟုဆိုသော မည်သည့်မှတ်တမ်းမျှမရှိပါ။ သို့သော် စီ.အီး. ၇၀ တွင် ယေရုရှလင်မြို့အပေါ်ကျရောက်သော ဘေးဒုက္ခသည် တိုခဲ့သည်။ ရောမစစ်တပ် နောက်ဆုံးဝန်းရံသည့် အချိန်အတိုင်းအတာသည် မကြာမြင့်ခဲ့ပါ။ ယင်းက ဂျူးလူမျိုးအချို့တို့ကို အသက်ရှင်ကျန်ခွင့်ရရှိခဲ့သည်။ သို့သော် ရောမအင်ပါယာ အရပ်ရပ်သို့ ကျွန်အဖြစ်အပို့ခံရရန်သာဖြစ်ခဲ့သည်။
ကပ်ကျော်သောလူအုပ်ကြီး
၆၊ ၇။ (က) နှိုင်းမပြနိုင်လောက်သော ဘေးဒုက္ခ၏အပိုင်းအဖြစ် အဘယ်ဘာသာရေးမြို့ကြီးသည် ဖျက်ဆီးခံရရန် ကျန်နေသေးသနည်း။ (ခ) ယောဟန်က ဤလောကအပေါ်ကျရောက်လာမည့် ကြီးစွာသောဒုက္ခအကြောင်း အဘယ်သို့ပရောဖက်ပြုခဲ့သနည်း။
၆ စီ.အီး. ၇၀ တွင်ဖြစ်ခဲ့သည့် ယေရုရှလင်မြို့ပျက်စီးခြင်းသည် ဤဘာသာရေးမြို့တော်အပေါ် “ကြီးစွာသောဒုက္ခ” အမှန်ပင်ဖြစ်ခဲ့သော်လည်း ယေရှုစကားများ၏ အကြီးစားပြည့်စုံမှုသည် ဖြစ်ပျက်ရန် ရှိနေတုန်းပင်ဖြစ်သည်။ သာ၍ကြီးမားသောမြို့ကြီး၊ ကမ္ဘာ့ဘာသာရေးအင်ပါယာ၊ မဟာဗာဗုလုန်သည် ကျန်ရှိနေသည့် စာတန့်အစီအစဉ်စနစ်တွင် နှိုင်းမပြနိုင်လောက်သည့် ဘေးဒုက္ခဖြင့် ရုတ်တရက်လိုက်ပါလာသည့် အကြီးအကျယ်သေကျေမည့် ကြီးစွာသောဒုက္ခကို တွေ့ကြုံရမည်ဖြစ်သည်။ (မဿဲ ၂၄:၂၉၊ ၃၀; ဗျာဒိတ် ၁၈:၂၁) ယေရုရှလင်မြို့ပျက်စီးပြီးနောက် ၂၆ နှစ်ခန့်အကြာတွင် တမန်တော်ယောဟန်က ဗျာဒိတ် ၇:၉-၁၄ တွင် တစ်ကမ္ဘာလုံးအကျုံးဝင်သည့် ဤကြီးစွာသောဒုက္ခအကြောင်းကို ရေးသားခဲ့သည်။ လူအုပ်ကြီးသည် ယင်းကို ကပ်ကျော်သွားမည်ဖြစ်ကြောင်း သူတင်ပြထားသည်။
၇ “လူအုပ်ကြီး” ဟုခေါ်သော ဤကပ်ကျော်သူများသည် သူတို့၏ ပြတ်သားသောလုပ်ရပ်တစ်ခုအားဖြင့် သတ်မှတ်ခံရခြင်းဖြစ်သည်။ ဗျာဒိတ် ၇:၁၄ အရ ကောင်းကင်ရှိအသက်ကြီးသူ ၂၄ ပါးအနက်က တစ်ပါးသည် ယောဟန်အားဤသို့ပြောခဲ့သည်– “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲက ထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေသောသူဖြစ်ကြသတည်း။” မှန်ပါသည်၊ လူအုပ်ကြီးသည် ယေဟောဝါအား မိမိတို့၏ကယ်တင်ခြင်းပင်ရင်းအမြစ်အဖြစ် ချီးမွမ်းကြွေးကြော်ကြသည်။ သူတို့သည် ယေရှုသွန်းလောင်းသောအသွေးတော်ကို ယုံကြည်မှုတင်ပြကြပြီး သူတို့၏ဖန်ဆင်းရှင်နှင့် ခန့်အပ်ခံဘုရင် ယေရှုခရစ်တို့ရှေ့တွင် ဖြောင့်မတ်သောရပ်တည်မှုတွင် ရှိနေကြသည်။
၈။ “လူအုပ်ကြီး” နှင့် ယေရှု၏ဘိသိက်ခံညီတော်များမှ ကျန်ကြွင်းသောသူများကြား တည်ရှိသော ဆက်ဆံရေးကောင်းကား အဘယ်နည်း။
၈ ယနေ့ ငါးသန်းနီးပါးခန့်ရှိသော လူအုပ်ကြီးအဝင်ဖြစ်သူများသည် ကောင်းကင်ဘုရင်ယေရှုခရစ်၏ တက်တက်ကြွကြွဦးဆောင်မှုအောက်တွင် ရှိနေကြသည်။ သူတို့သည် ခရစ်တော်ကိုလက်အောက်ခံပြီး မြေကြီးပေါ်တွင်ရှိနေကြသေးသည့် ကိုယ်တော့်ဘိသိက်ခံညီများနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်ကြသည်။ လူအုပ်ကြီးက ဤဘိသိက်ခံများကိုဆက်ဆံပုံနှင့်ပတ်သက်၍ ယေရှုက ဤသို့ပြောသည်– “ငါအမှန်ဆိုသည်ကား သင်တို့သည် ဤသူတည်းဟူသောငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ။” (မဿဲ ၂၅:၄၀) ခရစ်တော်၏ဘိသိက်ခံညီတော်များအား ကိုယ်ကျိုးစွန့်အကူအညီပေးခြင်းအားဖြင့် လူအုပ်ကြီးသည် ယေရှုကိုယ်တော်တိုင်အား ကောင်းမှုပြုကြသည်ဟု သတ်မှတ်ခံရကြသည်။ ယင်းက သူတို့အား ယေရှုခရစ်နှင့် ယေဟောဝါဘုရားသခင်တို့နှင့် ခိုင်ခံ့သောဆက်ဆံရေးကိုရရှိစေသည်။ သူတို့သည် ဘုရားသခင့်ထင်ရှားသောနာမတော်ကိုခံယူသည့် ကိုယ်တော့်သက်သေများဖြစ်လာရန် ဘိသိက်ခံအကြွင်းအကျန်များနှင့် ပူးပေါင်းရသည့်အခွင့်ထူးကို ရရှိကြသည်။—ဟေရှာယ ၄၃:၁၀၊ ၁၁; ယောလ ၂:၃၁၊ ၃၂။
နိုးကြားနေခြင်း
၉၊ ၁၀။ (က) ကျွန်ုပ်တို့သည် လူသားရှေ့ဖြောင့်မတ်သောရပ်တည်မှုကို ထိန်းသိမ်းထားရန် ဘာလုပ်ရမည်နည်း။ (ခ) ကျွန်ုပ်တို့သည် “အစဉ် . . . စောင့်နေ” နိုင်ရန် မည်သို့ပြုရမည်နည်း။
၉ လူအုပ်ကြီးသည် လူသားရှေ့ဖြောင့်မတ်သောရပ်တည်မှုကို လက်မလျှော့စတမ်း ဆက်လက်ထိန်းသိမ်းရမည်။ ယင်းသို့ပြုနိုင်ရန် အဆုံးရောက်သည့်အထိ သတိနှင့်စောင့်နေရန်လိုအပ်သည်။ ယင်းကို ယေရှုရှင်းလင်းစွာဤသို့ဖော်ပြခဲ့သည်–“သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထို့ကြောင့်သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက် စောင့်နေကြလော့။”—လုကာ ၂၁:၃၄-၃၆။
၁၀ လူသားရှေ့တွင် အောင်မြင်စွာရပ်တည်နေနိုင်ရန် ကျွန်ုပ်တို့သည် ကိုယ်တော့်သဘောကျမှုကို ရရှိရမည်ဖြစ်ပြီး ဤလောက၏အတွေးအခေါ်များဖြင့် မိမိတို့ကိုယ်ကို လွှမ်းမိုးခွင့်ပြုလျှင်မူကား ယင်းကိုကျွန်ုပ်တို့ရရှိမည်မဟုတ်ပေ။ လောကီအတွေးအခေါ်များသည် လှည့်ဖြားတတ်ပြီး လူတစ်ဦးအား ဇာတိပျော်ပါးမှုများကို အလွန်အကျွံလိုက်စားရန် သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးမထားနိုင်တော့သည့်အထိ ဘဝပြဿနာများဖြင့် စိတ်နှလုံးပင်ပန်းနေစေရန် သွေးဆောင်နိုင်သည်။ (မဿဲ ၆:၃၃) ယင်းက လူတစ်ဦး၏ဝိညာဉ်ရေးကို အားနည်းစေပြီး ဘုရားသခင်နှင့် အခြားသူများအပေါ်ရှိသည့် သူ၏တာဝန်များကို လျစ်လျူရှုပစ်ပယ်စေနိုင်သည်။ ထိုသူသည် မလှုပ်မရှားဖြစ်သွားနိုင်သည် သို့မဟုတ် ကြီးလေးသောအပြစ်ကိုကျူးလွန်ပြီး နောင်တမယူသည့်သဘောထားကို တင်ပြကာ အသင်းတော်ရှိ သူ၏အနေအထားကို အန္တရာယ်ရှိလာစေနိုင်သည်။ လူအုပ်ကြီးအဝင် ယောက်တိုင်းသည် မိမိတို့ကိုယ်ကိုသတိပြုပြီး ဤဘုရားတရားမဲ့သည့်လောကနှင့် ယင်း၏အကျင့်များမှ ဆက်၍ကင်းကင်းရှင်းရှင်းနေရမည်။—ယောဟန် ၁၇:၁၆။
၁၁။ အဘယ်ကျမ်းစာမူများကို ကျင့်သုံးခြင်းသည် အာမဂေဒုန်ကို ကပ်ကျော်ရန် ကျွန်ုပ်တို့အား ထောက်ကူမည်နည်း။
၁၁ ယင်းအတွက်ကျွန်ုပ်တို့လိုအပ်သည့်အရာများကို ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်၊ မိမိ၏သန့်ရှင်းသောဝိညာဉ်တော်၊ မိမိ၏မျက်မြင်ရအဖွဲ့အစည်းတို့အားဖြင့် ပေးထားသည်။ ကျွန်ုပ်တို့သည် ယင်းအခွင့်အရေးကို အပြည့်အဝယူရမည်။ ထိုထက်ကား ကျွန်ုပ်တို့သည် ကိုယ်တော့်မျက်နှာသာတော်ရရန် မျှော်လင့်ပါက ဆုတောင်းလျက် ဘုရားသခင်ကိုနာခံရမည်။ တစ်ခုအနေနှင့်ကျွန်ုပ်တို့သည် မကောင်းမှုကိုပစ်ပစ်ခါခါရွံမုန်းခြင်းကို တိုးပွားစေရမည်ဟု ဖော်ပြထားသည်။ ဆာလံဆရာ ဤသို့ဆိုသည်– “လျှပ်ပေါ်သောလူတို့နှင့်အတူမထိုင်ပါ။ လျှို့ဝှက်သောလူစုထဲသို့မဝင်ပါ။ မတရားသောသူတို့၏စည်းဝေးခြင်းကို မုန်းပါ၏။ ဆိုးသွမ်းသောသူတို့နှင့် အတူမထိုင်ပါ။ ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ဝိညာဉ်ကိုလည်းကောင်း၊ လူအသက်ကိုသတ်သောသူတို့နှင့်အတူ အကျွန်ုပ်အသက်ကိုလည်းကောင်း ချုပ်ထားတော်မမူပါနှင့်။” (ဆာလံ ၂၆:၄၊ ၅၊ ၉) ခရစ်ယာန်အသင်းတော်ရှိ လူကြီးလူငယ်မဟူ ယေဟောဝါအား ဆက်ကပ်အပ်နှံထားခြင်းမရှိသူများနှင့် ဆက်ဆံခြင်းကို အကန့်အသတ်နှင့်ထားရန်လိုသည်။ ဘုရားသခင်၏မျက်နှာသာတော်ရရန် ကျွန်ုပ်တို့သည် အပြစ်တင်ခွင့်ကင်းပြီး လောကီအညစ်အကြေးနှင့် ကင်းစင်ကြရမည်။ (ဆာလံ ၂၆:၁-၅; ယာကုပ် ၁:၂၇; ၄:၄) သို့အားဖြင့် အာမဂေဒုန်တွင် ဘုရားတရားမဲ့သူများနှင့်အတူ ကျွန်ုပ်တို့အား ဘုရားသခင်သုတ်သင်ပစ်မည်မဟုတ်ကြောင်း စိတ်ချရမည်။
အချို့ ‘ဘယ်တော့မျှမသေရကြ’
၁၂၊ ၁၃။ (က) လာဇရုကို ထမြောက်မပေးမီ မာသအပြည့်အဝနားမလည်သော အဘယ်စကားများကို ယေရှု ထုတ်ဖော်ပြောခဲ့သနည်း။ (ခ) အချို့ ‘ဘယ်တော့မျှမသေ’ ရကြောင်း ယေရှုပြောစကားများက အဘယ်အရာကို မဆိုလိုသနည်း။
၁၂ ဤအစီအစဉ်စနစ်၏နိဂုံးတွင် ကပ်ကျော်လွတ်မြောက်မည့်အကြောင်းနှင့် ဘယ်တော့မျှမသေရသည့်အလားအလာအကြောင်း စေ့စေ့စဉ်းစားဆင်ခြင်ကြည့်လျှင် အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့အား ယေရှုကတိပြုသည့်မျှော်လင့်ချက် ဖြစ်သည်။ မိမိ၏မိတ်ဆွေလာဇရုအား ရှင်ပြန်ထမြောက်အောင် မလုပ်ပေးမီကလေးတွင် လာဇရု၏အစ်မဖြစ်သူ မာသအား ယေရှုဤသို့ပြောသည်– “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလော။” မာသသည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်သော်လည်း ယေရှုပြောသမျှကို သူမနားမလည်ခဲ့ချေ။—ယေယဟန် ၁၁:၂၅၊ ၂၆။
၁၃ မိမိ၏သစ္စာရှိတမန်တော်များသည် အသွေးအသားဖြင့်ဆက်လက်အသက်ရှင်ပြီး ဘယ်တော့မျှမသေရဟု ယေရှုမဆိုလိုခဲ့ပါ။ ယင်းအစား တပည့်တော်များသည် သေလွန်ရမည်ကို ကိုယ်တော်နောက်ပိုင်းတွင် ထောက်ပြခဲ့သည်။ (ယောဟန် ၂၁:၁၆-၂၃) အမှန်မှာ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် သူတို့သည် ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းခံရခြင်းမှာ ဘုရင်နှင့်ယဇ်ပုရောဟိတ်များအဖြစ် ကောင်းကင်ဆိုင်ရာအမွေခံရရန် သေကိုသေရလိမ့်မည်ဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်သည်။ (ဗျာဒိတ် ၂၀:၄၊ ၆) ပထမရာစုခရစ်ယာန်အားလုံး တစ်ချိန်မဟုတ်တစ်ချိန်တွင် သေဆုံးကုန်ကြသည်။ သို့သော် ယေရှုသည် အကြောင်းတစ်ခုအတွက် မိမိပြုသည့်အမှုအကြောင်းကို ပြောခဲ့ခြင်းဖြစ်သည်။ ဘယ်တော့မျှမသေဘဲ အသက်ရှင်ခြင်းနှင့်ပတ်သက်သည့် ကိုယ်တော့်စကားများသည် ပြည့်စုံလာမည်ဖြစ်သည်။
၁၄၊ ၁၅။ (က) အချို့ ‘ဘယ်တော့မျှမသေ’ ရကြောင်း ယေရှုပြောစကားများသည် မည်သို့ပြည့်စုံမည်နည်း။ (ခ) ဤလောက၏အခြေအနေကား အဘယ်နည်း၊ သို့သော် ဖြောင့်မတ်သောသူများတွင် အဘယ်မျှော်လင့်ချက်ရှိသနည်း။
၁၄ တစ်ခုအနေနှင့် သစ္စာတည်ကြည်သော ဘိသိက်ခံခရစ်ယာန်များသည် ထာဝရသေခြင်းကို ဘယ်တော့မျှ တွေ့ကြုံရလိမ့်မည်မဟုတ်။ (ဗျာဒိတ် ၂၀:၆) နောဧလက်ထက်၌ ပြုတော်မူသကဲ့သို့ ဘုရားသခင်သည်လူသားရေးရာများကို ဝင်ရောက်စွက်ဖက်လုပ်ဆောင်ပြီး မြေကြီးပေါ်ရှိဆိုးသွမ်းမှုများကို သုတ်သင်ပစ်မည့် အထူးအချိန်တစ်ချိန်ချိန်ကိုလည်း ယေရှုစကားများက ညွှန်ပြတော်မူခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်နေကြသော သစ္စာရှိသူတိုင်းသည် ဘုရားသခင့်တရားစီရင်ချက် လုပ်ရပ်များကြောင့် သေစရာမလိုတော့ပေ။ ယင်းအစား နောဧနှင့်သူ၏မိသားစုနည်းတူ သူတို့သည် ကမ္ဘာ့ပျက်စီးခြင်းဘေးကို ကပ်ကျော်သွားသည့်အခွင့်အရေး ရရှိကြမည်။ ယင်းမျှော်လင့်ချက်သည် ဆင်ခြင်တုံတရားနှင့်ညီညွတ်ပြီး ကျမ်းစာသွန်သင်ချက်များနှင့် နမူနာများအပေါ် အခြေခံထားသည်။ (ဟေဗြဲ ၆:၁၉; ၂ ပေတရု ၂:၄-၉ နှိုင်းယှဉ်။) များမကြာမီ မဖြောင့်မတ်သော လူသားအသိုင်းအဝိုင်းပါဝင်သည့် လက်ရှိလောကသည် ဖျက်ဆီးခြင်းတွင် နိဂုံးချုပ်မည်ဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံခြင်းက တင်ပြသည်။ ကမ္ဘာသည် ပြုပြင်ပြောင်းလဲ၍မရလောက်အောင် ဆိုးသွမ်းနေသောကြောင့် လက်ရှိအခြေအနေကို နောက်ပြန်ဆုတ်၍မရတော့ပါ။ နောဧအချိန်ကလောကနှင့်ပတ်သက်၍ ဘုရားသခင်ပြောသည့်အရာများသည် ယနေ့တွင် ဤလောက၌လည်း မှန်ကန်ပါသည်။ လူသားမြောက်မြားစွာတို့၏ နှလုံးထဲတွင် ဆိုးသွမ်းမှုဖြင့် ပြည့်နှက်လျက်ရှိပြီး သူတို့တွေးတောစဉ်းစားမှုများသည် အစဉ်အမြဲဆိုးဝါးလျက်သာရှိသည်။—ကမ္ဘာဦး ၆:၅။
၁၅ ယေဟောဝါသည် လူသားများအား ဘုရားသခင်ဝင်ရောက်စွက်ဖက်မှုမပါဘဲ မြေကြီးကိုအုပ်ချုပ်ရန် ရာစုနှစ်ပေါင်းများစွာ ခွင့်ပြုလာခဲ့သည်။ သို့သော် အချိန်တန်ပေပြီ။ သမ္မာကျမ်းစာပြောသည့်အတိုင်းပင် ယေဟောဝါသည် မကြာမီ ကမ္ဘာပေါ်ရှိဆိုးသွမ်းသူအားလုံးကို လက်စတုံးပစ်တော့မည်ဖြစ်သည်။ (ဆာလံ ၁၄၅:၂၀; သု. ၂:၂၁၊ ၂၂) သို့သော် ဖြောင့်မတ်သောသူများကို လူဆိုးများနှင့်အတူ ကိုယ်တော်ရော၍ဖျက်ဆီးပစ်မည်မဟုတ်။ ယင်းသို့ ဘုရားသခင် တစ်ခါမျှမလုပ်ခဲ့ပါလေ! (ကမ္ဘာဦး ၁၈:၂၂၊ ၂၃၊ ၂၆ နှိုင်းယှဉ်။) ဘုရားရေးရာကြောက်ရွံ့ခြင်းဖြင့် ကိုယ်တော်အား သစ္စာရှိစွာဝတ်ပြုရန်ကြိုးစားနေကြသူများအား အဘယ်ကြောင့်ကိုယ်တော်ဖျက်ဆီးရပါမည်နည်း။ နောဧခေတ်ရှိဆိုးသွမ်းသောလောကကို ရေလွှမ်းမြုပ်အဆုံးသတ်သောအခါ သူနှင့် သူ့မိသားစု ဖျက်ဆီးမခံရသကဲ့သို့ ကြီးစွာသောဒုက္ခစတင်ချိန်တွင် အသက်ရှင်လျက်ရှိသော ယေဟောဝါ၏ သစ္စာရှိဝတ်ပြုသူများသည် ကိုယ်တော့်သဘောကျနှစ်သက်မှုကိုရပြီး ဖျက်ဆီးမှုမခံရခြင်းသည်သာ ဆင်ခြင်တုံတရားနှင့်ညီညွတ်သည်။ (ကမ္ဘာဦး ၇:၂၃) သူတို့သည် ဘုရားသခင်၏ကာကွယ်မှုကိုရရှိပြီး ဤလောက၏နိဂုံးကို ကပ်ကျော်ကြမည်။
၁၆။ ကမ္ဘာသစ်တွင် အဘယ်အံ့ချီးဖွယ်အရာများ ဖြစ်ပျက်မည်နည်း၊ ကပ်ကျော်သူများအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၆ ထို့နောက်တွင် ဘာဖြစ်ပျက်မည်နည်း။ ကမ္ဘာသစ်တွင် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၏ အကျိုးကျေးဇူးများကို အပြည့်အဝအသုံးချခြင်းအနေနှင့် ရောဂါကုသမှုကောင်းချီးများ လူသားများဆီသို့ စီးဆင်းလာမည်။ ကျမ်းစာတွင်ပြောထားသည့် ပုံဆောင် “အသက်ရေစီးရာမြစ် . . . ထိုမြစ်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်တောက်ပ၍ ထာဝရဘုရားနှင့် သိုးသငယ်တော်၏ ပလ္လင်မှမြို့တော်လမ်းအလယ်တစ်လျှောက် စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာတွင် အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် တစ်လတစ်ကြိမ် တစ်နှစ်လျှင် တစ်ဆယ့်နှစ်ကြိမ် အသီးသီး၏။ ထိုအပင်၏အရွက်များသည် လူမျိုးတကာတို့၏ အနာရောဂါများကို ပျောက်ကင်းစေရန်အတွက် ဖြစ်၏။” (ဗျာဒိတ် ၂၂:၁၊ ၂၊ သတင်းကောင်း) ဤ “အနာရောဂါများကို ပျောက်ကင်းစေ” ခြင်းတွင် အာဒံကြောင့်သေခြင်းကိုယ်နှိုက်ကို အောင်နိုင်ခြင်းပါဝင်သည်မှာ အံ့ဖွယ်ပြောဆိုချက်ဖြစ်သည်! “အရှင်ထာဝရဘုရားသည်လည်း သေခြင်းကိုအစဉ်အမြဲပယ်ဖျက်လျက် ခပ်သိမ်းသောမျက်နှာမှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။” (ဟေရှာယ ၂၅:၈၊ သမ္မာ) သို့ဖြစ်သောကြောင့် ကြီးစွာသောဒုက္ခကို ကပ်ကျော်ကာ ကမ္ဘာသစ်ထဲသို့ ဝင်ရောက်သူများသည် သေခြင်းကိုရင်ဆိုင်ရန် ဘယ်တော့မျှမလိုအပ်တော့ချေ!
သေချာသောမျှော်လင့်ချက်
၁၇။ အချို့သူများ အာမဂေဒုန်ကို ကပ်ကျော်ပြီး ‘ဘယ်တော့မျှမသေ’ ရသည့် မျှော်လင့်ချက်သည် မည်မျှသေချာသနည်း
၁၇ ဤအံ့ဖွယ်မျှော်လင့်ချက်တွင် ကျွန်ုပ်တို့အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါသလော။ လုံးဝယုံကြည်စိတ်ချနိုင်ပါသည်တကား! လူတို့သည် ဘယ်တော့မျှမသေဘဲ အစဉ်အသက်ရှင်ရမည့်အချိန်တစ်ချိန်ရှိကြောင်း ယေရှုက မာသအားမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၁:၂၆) ထို့အပြင် ယောဟန်အားယေရှုပေးခဲ့သည့် ဗျာဒိတ်ကျမ်း၏ အခန်းကြီး ၇ တွင် လူအုပ်ကြီးသည် ကြီးစွာသောဒုက္ခမှ လွတ်မြောက်လာမည်၊ ကပ်ကျော်လာမည်ဟု ဖွင့်ဆိုပြထားသည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်နှင့် နောဧအချိန် ရေလွှမ်းမိုးခြင်းနှင့်ပတ်သက်သော သမိုင်းမှတ်တမ်းတို့ကို ယုံကြည်နိုင်သလော။ ခြွင်းချက်မရှိပါပေ! သမ္မာကျမ်းစာတွင် တရားစီရင်ရာအချိန်များနှင့် တိုင်းနိုင်ငံများကျဆုံးသည့်အချိန်များတွင် ဘုရားသခင်သည် မိမိကျေးကျွန်များ၏အသက်ကို ကယ်တင်ခဲ့သည့်ဖြစ်ရပ်များနှင့်ပတ်သက်သော အခြားမှတ်တမ်းများပါရှိသည်။ ဤဆုံးခန်းအချိန်တွင် ကိုယ်တော်အား လျှော့ပေါ့၍မျှော်လင့်သင့်သလော။ ဖန်ဆင်းရှင်အတွက် မဖြစ်နိုင်သောအရာ တစ်စုံတစ်ခုရှိသလော။—မဿဲ ၁၉:၂၆ နှိုင်းယှဉ်။
၁၈။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ဖြောင့်မတ်သော ကမ္ဘာသစ်တွင် အသက်တာကို မည်သို့သေချာစေနိုင်သနည်း။
၁၈ ယခု ယေဟောဝါအား သစ္စာရှိစွာဝတ်ပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်ကမ္ဘာသစ်တွင် ထာဝရအသက်ရမည့်အာမခံချက်ကို ရရှိကြသည်။၊ မရေတွက်နိုင်သော လူသန်းပေါင်းများစွာတို့အတွက် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ထိုကမ္ဘာသစ်တွင် အသက်ရှင်ရကြမည်။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် သန်းနှင့်ချီသောယေဟောဝါ၏လူများ—မှန်ပါသည်၊ မည်သူမျှမရေမတွက်နိုင်သော သို့မဟုတ် မကန့်သတ်နိုင်သော လူအုပ်ကြီး—သည် ကြီးစွာသောဒုက္ခကို အရှင်လတ်လတ်ကပ်ကျော်ခြင်းအားဖြင့် ကယ်တင်ခံရမည့် ထူးခြားသည့်အခွင့်အရေးကို ခံစားကြရမည်။ ထို့နောက် သူတို့ဘယ်တော့မျှမသေကြရတော့ပါ။
ကျေးဇူးပြု၍ရှင်းပြပါ
◻ နောဧခေတ်တွင် အာမဂေဒုန်ကပ်ကျော်ခြင်းကို မည်သို့တင်ကြိုပုံတင်ပြသနည်း။
◻ ယေဟောဝါ၏တရားစီရင်ချက်များကို အကောင်အထည်ဖော်ရန် ယေရှုကြွလာသောအခါ ဆက်လက်ရပ်တည်နေနိုင်ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
◻ အာမဂေဒုန်ကို ကပ်ကျော်သူများသည် ‘ဘယ်တော့မျှမသေ’ တော့ဟု အဘယ်ကြောင့် ကျွန်ုပ်တို့ဆိုနိုင်သနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ယေရုရှလင်၏ဘေးဒုက္ခကို လွတ်မြောက်ခဲ့ကြ