ဘာသာတရား—မဆွေးနွေးအပ်သည့်အကြောင်းအရာလော
“ဘာသာရေးနဲ့ နိုင်ငံရေး– အဲ၊ ဒီနှစ်ခုကိုတော့ ကျုပ်ဘယ်တော့မှမဆွေးနွေးဘူး!” ယေဟောဝါသက်သေများက အခြားသူများအား သမ္မာကျမ်းစာအကြောင်း ပြောဆိုသောအခါ အထက်ပါအတိုင်းတုံ့ပြန်ခံရလေ့ရှိသည်။ ရှုမြင်ချက်ကို သဘောပေါက်နိုင်ပါသည်။
လူတို့သည် နိုင်ငံရေးအကြောင်း စကားနိုင်လုကြသောအခါ ဒေါသမီးတောက်လောင်လာပြီး ရန်ဖြစ်ကြတော့သည်။ လူများစွာတို့သည် အဓိပ္ပာယ်မဲ့ကတိစကားများအပေါ် အယုံအကြည်ကင်းမဲ့ကာ လူတို့သည် အာဏာ၊ ကျော်ကြားမှုနှင့် ငွေကိုသာ ရှာကြံလေ့ရှိသည်ဟု ရှုမြင်ကြသည်။ ဝမ်းနည်းစရာကား နိုင်ငံရေးပဋိပက္ခများသည် တစ်ခါတစ်ရံ အကြမ်းဖက်မှုများကို ပေါ်ပေါက်စေခြင်းဖြစ်သည်။
‘ဒါပေမဲ့ ဘာသာတရားလည်း အဲဒီလိုပဲမဟုတ်လား၊ ဘာသာရေးစိတ်ပြင်းထန်မှုက ဒီနေ့ပဋိပက္ခတွေကို အစပျိုးပေးခဲ့တာပဲမဟုတ်လား’ ဟုသင်ဆင်ခြေပေးပေမည်။ မြောက်ပိုင်းအိုင်ယာလန်တွင် ရိုမန်ကက်သလစ်နှင့် ပရိုတက်စတင့်တို့သည် တစ်ဦးကိုတစ်ဦး အချိန်ကြာမြင့်စွာ ဆိုင်ပြိုင်တိုက်ခိုက်လာခဲ့ကြသည်။ ဘော်လ်ကန်ဒေသတွင် အရှေ့ပိုင်းသြသဒေါက်စ်ချာ့ချ်၊ ရိုမန်ကက်သလစ်နှင့် အခြားသူတို့သည် နယ်မြေလုနေကြသည်။ ရလဒ်ကားအဘယ်နည်း။ ရက်စက်ယုတ်မာမှုနှင့် ရန်လိုမုန်းတီးစိတ်သာတည်း။
သေဘေးနှင့်ရင်ဆိုင်ရသောအခါ လူများစွာတို့သည် မိမိနှင့် မိမိတို့မိသားစု၏ ကိုယ်ပိုင်ယုံကြည်ချက်များကို ထိမ်ဝှက်ထားရန် ကြိုးစားကြသည်။ အာဖရိကတွင် ခရစ်ယာန်ဘောင်လူများနှင့် နိုင်ငံခြားဘာသာတရားလိုက်စားသူများအပြင် လူမျိုးစုတို့၏ ရိုးရာဘာသာတရားများကို လိုက်စားသူများအကြား၌ ရှိနေသော ရန်လိုမုန်းတီးစိတ်က ယနေ့အထိရှိနေသော ထုံးစံတစ်ရပ်အဖြစ် မိမိတို့၏ကလေးများအား အတန်အရာကာကွယ်မှုပေးသော အမည်နှစ်ခုပေးရန် မိဘများကိုလှုံ့ဆော်သည်။ သို့အားဖြင့် ယောက်ျားကလေးတစ်ဦးသည် အမည်တစ်ခုခုကိုသုံးခြင်းအားဖြင့် ချာ့ချ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း၊ အခြားအမည်ခံသော ဘာသာရေးအဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း ရပ်တည်နိုင်သည်။ လူတစ်ဦး၏ဘာသာရေးယုံကြည်ချက်က သူ့အသက်ကို အန္တရာယ်ဖြစ်စေသောအခါ ဘာသာတရားအကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုရန် ဝန်လေးခြင်းသည် အံ့ဩစရာမဟုတ်ချေ။
အချို့သူများအတွက် ဘာသာတရားသည် အသက်အန္တရာယ်မဖြစ်စေကာမူ မပြောဆိုအပ်သောအကြောင်းတစ်ရပ်ဖြစ်သည်။ ယုံကြည်ခြင်းမတူသူတစ်ဦးနှင့် မိမိတို့၏ဘာသာတရားအကြောင်း ဆွေးနွေးပြောဆိုလျှင် အဓိပ္ပာယ်မဲ့သည့်အငြင်းအခုံသို့ ဦးလှည့်သွားမည်ကို သူတို့စိုးရိမ်ကြသည်။ သို့တစေ အချို့တို့က ဘာသာတရားအားလုံးကောင်းပါသည်ဟု ယူဆကြသည်။ လူတစ်ဦးသည် မိမိ၏ယုံကြည်သောအရာဖြင့် ကျေနပ်နေသရွေ့ ခြားနားသောအရာကိုပြောဆိုခြင်းသည် အဓိပ္ပာယ်မရှိသောလုပ်ရပ်သာဖြစ်သည်ဟု သူတို့ပြောကြသည်။
ဘာသာတရား၏သဘောသဘာဝကို လေးလေးနက်နက်လေ့လာသူများ၌ပင် အချင်းချင်းသဘောထားကွဲပြားမှုများရှိသည်။ The New Encyclopœdia Britannica စွယ်စုံကျမ်း၏ “ဘာသာတရားများကို လေ့လာခြင်းနှင့် သရုပ်ခွဲခြင်း” ဟူသောဆောင်းပါးတွင် ဤသို့အသိအမှတ်ပြုထားသည်– “[ဘာသာတရား] ၏သဘောသဘာဝနှင့်ပတ်သက်၍ ကျမ်းပညာရှင်များအချင်းချင်း သဘောထားကိုက်ညီမှု . . . ရှိခဲလှသည်။ . . . ထို့ကြောင့် ထိုအကြောင်းကိစ္စတွင် ယင်း၏သမိုင်းတစ်လျှောက် အငြင်းပွားစရာအခြေခံအချက်အလက်များ ပါဝင်လာခဲ့သည်။”
အဘိဓာန်တစ်အုပ်က ဘာသာတရားကို “ဖန်ဆင်းရှင်နှင့် စကြဝဠာအုပ်စိုးရှင်အဖြစ် သိမှတ်ခြင်းခံရသော လူထက်အစွမ်းသတ္တိသာလွန်သည့် တန်ခိုးရှင်တစ်ပါးအား ယုံကြည်မှုနှင့် ရိုသေကိုင်းရှိုင်းမှုကို ထင်ရှားဖော်ပြခြင်း” ဟု အဓိပ္ပာယ်ဖွင့်ထားသည်။ ယင်းသည် ဘာသာတရားကို ဘဝ၏အရေးကြီးသည့်ကဏ္ဍမှ ပါဝင်လုပ်ဆောင်စေသည်။ အမှန်မှာ လူ့သမိုင်းကိုဖန်တီးရာတွင် ဘာသာတရားသည် ကမ္ဘာချီအကြောင်းတရားဖြစ်လာခဲ့သည်။ Oxford Illustrated Encyclopedia of Peoples and Cultures စွယ်စုံကျမ်းက “ဘာသာတရားပုံစံတစ်ရပ်ရပ်အားဖြင့် လူ့ဘဝကို အစီအစဉ်ကျနစေရန်နှင့် အနှစ်သာရပြည့်ဝစေရန် ကြိုးစားမှုမရှိသော မည်သည့်လူ့အသိုင်းအဝိုင်းမျှ မရှိခဲ့ဖူးချေ” ဟု မှတ်ချက်ချသည်။ ဘဝ၏ “အစီအစဉ်ကျနခြင်း” နှင့် “အနှစ်သာရ” တည်းဟူသော ထိုအခြေခံအကြောင်းတရားများ ပါဝင်သောကြောင့် ဘာသာတရားသည် အငြင်းပွားစရာ သို့မဟုတ် စကားနိုင်လုစရာအကြောင်း မဖြစ်သင့်ချေ။ သို့အစား အခြားသူတစ်ဦးနှင့် ဆွေးနွေးစရာ—နှိုက်နှိုက်ချွတ်ချွတ်စဉ်းစားဆင်ခြင်စရာ ဖြစ်သင့်သည်။ သို့သော် မည်သူဖြင့်နည်း။ ယင်းမှ မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းမည်နည်း။