ဘာသာတရားအကြောင်းဆွေးနွေးခြင်းမှ မည်သည့်အကျိုးကျေးဇူးဖြစ်ထွန်းမည်နည်း
မိဘတို့သည် မိမိတို့ကလေးငယ်လေး၏ ပထမဆုံးစကားပြောခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်တတ်ကြသည်။ “မားမား” သို့မဟုတ် “ဒဲဒဲ” ဖြစ်နိုင်သည့် ပလုံးပထွေးဖြင့် ထပ်ခါထပ်ခါပြောသော စကားတစ်ခွန်းကို ကြားရသောအခါ သူတို့၏နှလုံးပီတိဖုံးကြသည်။ ယင်းကို မိတ်ဆွေများနှင့် အိမ်နီးချင်းများကို ချက်ချင်းပြောပြကြသည်။ ကလေးငယ်လေးက ပထမဆုံးအဆက်အသွယ်ပြုခြင်းသည် ပျော်ရွှင်ဝမ်းမြောက်စရာ သတင်းကောင်းဖြစ်သည်မှာ သေချာသည်။
ကလေးငယ်အာရုံစိုက်မိသည့် အသံ၊ အမြင်နှင့် အနံ့တို့က တုံ့ပြန်မှုပြုရန် လှုံ့ဆော်ပေးသည်။ နည်းအမျိုးမျိုးဖြင့် တုံ့ပြန်မည်မှာအမှန်ပင်။ သို့သော် အချိန်အတန်ကြာအထိ ကလေးငယ်သည် နှိုးဆွလှုံ့ဆော်မှုများကို တုံ့ပြန်ခြင်းမရှိပါက သူ၏ကြီးထွားဖွံ့ဖြိုးမှု ယုတ်လျော့ကျဆင်းမည်ကို မိဘများက လျောက်ပတ်စွာ စိုးရိမ်ပူပန်တတ်ကြသည်။
ကလေးငယ်များသည် မိမိတို့သိကျွမ်းသောသူများကို ကောင်းစွာတုံ့ပြန်မှုပေးကြသည်။ မိခင်ဖြစ်သူက ပွေ့ပိုက်လိုက်သောအခါ ကလေးငယ်သည် နှစ်နှစ်ကာကာပြုံးတတ်သည်။ သို့သော် အလည်ရောက်လာသည့် ဆွေမျိုးသားချင်းတစ်ဦးက သူ့ကိုကိုင်မိလိုက်ရုံဖြင့် ငိုစေနိုင်သည်။ ထိုသူ၏အချီအပွေ့ကို အကြောက်အကန်ပင်ငြင်းဆန်တတ်သည်။ ယင်းသို့ကြုံရသော ဆွေမျိုးများက လက်မလျှော့ကြချေ။ ကလေးငယ်သည် သူတို့ကို ကောင်းစွာသိကျွမ်းလာသောအခါ ကလေးငယ်နှင့် သူတို့စပ်ကြားရှိ အကျွမ်းတဝင်မဖြစ်သည့် အတားအဆီးသည် ပြိုပျက်သွားရတော့သည်။ ထိုအခါ ကလေးငယ်၏မျက်နှာပေါ်တွင် တဖြည်းဖြည်းအပြုံးပန်းပွင့်လာသည်။
ထိုနည်းတူ အရွယ်ရောက်သူများစွာတို့သည် မိမိတို့နှင့် နှစ်ရှည်လများရင်းနှီးခြင်းမရှိသူ တစ်ဦးတစ်ယောက်နှင့် မိမိတို့၏ဘာသာရေးယုံကြည်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် ဝန်လေးတတ်ကြသည်။ သူစိမ်းတစ်ဦးက ဘာသာရေး—ကိုယ်ရေးကိုယ်တာကိစ္စအကြောင်း အဘယ်ကြောင့်ပြောဆိုလိုသည်ကို သူတို့နားမလည်ဘဲ ဖြစ်ကောင်းဖြစ်မည်။ သို့အားဖြင့် သူတို့သည် ဖန်ဆင်းရှင်အကြောင်း ပြောဆိုသူတို့နှင့် မိမိတို့စပ်ကြား ကာဆီးမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ ခြုံကြည့်လိုက်လျှင် သူတို့သည် လူသားတို့၏ မွေးရာပါစရိုက်ဖြစ်သော ဝတ်ပြုကိုးကွယ်လိုသည့်ဆန္ဒအကြောင်း ဆွေးနွေးရန်ကိုပင် ငြင်းဆန်ကြသည်။
အမှန်အားဖြင့် ကျွန်ုပ်တို့သည် မိမိတို့၏ဖန်ဆင်းရှင်အကြောင်းကို လေ့လာရန် စိတ်ဝင်စားမှုရှိသင့်ပြီး အခြားသူများနှင့် ပြောဆိုဆွေးနွေးခြင်းက သိနားလည်ရန်အနေအထားသို့ ကျွန်ုပ်တို့ကိုရောက်ရှိစေနိုင်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားပေးသောကြောင့်ဖြစ်သည်။ မည်သို့မည်ပုံဖြစ်သည်ကို ကြည့်ကြစို့။
‘နားထောင်၍သင်ယူ’
ဘုရားသခင်နှင့် လူသားတစ်ဦးတို့၏ ပထမဆုံးဆက်သွယ်မှုသည် ဧဒင်ဥယျာဉ်တွင် အာဒံနှင့်စတင်ခဲ့သည်။ သို့သော် အာဒံနှင့်ဧဝတို့ အပြစ်ပြုပြီးနောက် ဘုရားသခင်သည် သူတို့နှင့် ထပ်မံဆက်သွယ်လိုသောကြောင့် သူတို့ကိုခေါ်သောအခါ သူတို့သည် ပုန်းရှောင်လိုခဲ့ကြသည်။ (ကမ္ဘာဦး ၃:၈-၁၃) ဘုရားသခင်ထံမှဆက်သွယ်မှုကို လက်ခံသော ယောက်ျား၊ မိန်းမတို့၏ အသေးစိတ်အကြောင်းများကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။
နောဧခေတ်က ဆိုးညစ်သောလောကကို ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ နောဧအား ဘုရားသခင်ဆက်သွယ်ခဲ့သည်။ သို့နှင့် နောဧသည် “ဖြောင့်မတ်ခြင်းတရားကိုဟောသော” သူ ဖြစ်လာသည်။ (၂ ပေတရု ၂:၅) မိမိလူမျိုးဆက်ရှိလူတို့အား ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူအနေနှင့် နောဧသည် လူသားများနှင့် ဘုရားသခင့်ဆက်ဆံမှုများအပေါ် ယုံကြည်ကြောင်းတင်ပြရုံသာမကဘဲ မိမိကိုယ်နှိုက်က ယေဟောဝါဘက်တွင်ရပ်တည်ကြောင်း လူသိရှင်ကြားကြေညာခဲ့သည်။ မည်သည့်တုံ့ပြန်မှုကို နောဧရခဲ့သနည်း။ ဝမ်းနည်းစရာပင်၊ သူနှင့်တစ်ခေတ်တည်းသားတို့သည် ‘ရေလွှမ်းမိုးခြင်းရောက်သဖြင့် သုတ်သင်ပယ်ရှင်းခံရသည်တိုင်အောင် သတိမဲ့နေခဲ့ကြသည်။’ (မဿဲ ၂၄:၃၇-၃၉) သို့သော် ကျွန်ုပ်တို့အတွက် ဝမ်းသာစရာကား နောဧ၏အိမ်သားခုနစ်ယောက်တို့သည် နားထောင်ခဲ့ကြပြီး ဘုရားသခင့်ညွှန်ကြားမှုများကို နာခံခဲ့ကြသဖြင့် ကမ္ဘာချီရေလွှမ်းမိုးဘေးမှ လွတ်မြောက်ခဲ့ကြသည်။ ယနေ့အသက်ရှင်နေသော လူသားအားလုံးသည် သူတို့မှ ဆင်းသက်လာကြခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဘုရားသခင်သည် ရှေးဣသရေလလူမျိုးဖြစ်သော လူမျိုးတစ်မျိုးလုံးနှင့် ဆက်သွယ်ခဲ့သည်။ ဘုရားသခင်သည် မောရှေမှတစ်ဆင့် သူတို့အား ပညတ်တော်ဆယ်ပါးနှင့် အလားတူအကျိုးသွားသော အခြားပညတ် ၆၀၀ ခန့်တို့ကို ပေးခဲ့သည်။ ယင်းပညတ်အားလုံးကို သူတို့နာခံရန် ယေဟောဝါတောင်းဆိုခဲ့သည်။ ခုနစ်နှစ်တစ်ကြိမ်၊ နှစ်စဉ်တဲတော်ပွဲကျင်းပချိန်အတွင်း ဘုရားသခင့်ပညတ်တော်ကို အားလုံးကြားအောင်ဖတ်ရှုသည့်အစီအစဉ်ကို မောရှေညွှန်ကြားခဲ့သည်။ “ယောက်ျား၊ မိန်းမ၊ သူငယ်၊ သင်၏တံခါးများအတွင်း၌နေသော လူမျိုးခြားဧည့်သည် . . . လူများတို့ကို စုဝေးစေကြလော့။” မည်သည့်ရည်ရွယ်ချက်အတွက်နည်း။ “နားထောင်သင်ကြားသဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍ ဤပညတ်တရားစကားအလုံးစုံတို့ကို သတိနှင့်ကျင့်စောင့်စေခြင်းငှာ” ဟုဆိုထားသည်။ အားလုံးတို့သည် နားထောင် ၍ သင်ကြား ခဲ့ကြရသည်။ မိမိတို့ကြားရသည့်အရာကို ဆွေးနွေးကြခြင်းကား သူတို့အတွက် မည်မျှပျော်စရာဖြစ်မည်ကို စဉ်းစားကြည့်ပါလေ!—တရားဟောရာ ၃၁:၁၀-၁၂၊ သမ္မာ။
နောက်ငါးရာစုနှစ်ကျော်သောအခါ ယုဒဘုရင်ယောရှဖတ်သည် ယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေး ပြန်လည်ထွန်းကားလာစေရန် မင်းသားမှူးမတ်များနှင့် လေဝိသားများကို ဖွဲ့စည်းခဲ့သည်။ ထိုသူတို့သည် ယုဒနိုင်ငံ၏မြို့များတစ်လျှောက်သို့သွားပြီး ပြည်သူပြည်သားများအား ယေဟောဝါ၏ပညတ်တော်များကို သင်ပေးကြသည်။ ယင်းတို့ကို လူများအလယ်တွင် ဆွေးနွေးစေခြင်းအားဖြင့် ထိုမင်းသည် မှန်သောဝတ်ပြုရေးအတွက် မိမိ၏ရဲစွမ်းသတ္တိကို တင်ပြခဲ့သည်။ မိမိ၏လက်အောက်ခံများအနေနှင့် သူတို့သည် နားထောင်ပြီး သင်ယူကြရသည်။—၂ ရာဇဝင်ချုပ် ၁၇:၁-၆၊ ၉။
ဆွေးနွေးခြင်းအားဖြင့် သက်သေခံခြင်း
ဘုရားသခင်သည် မိမိ၏သားတော်ရင်းယေရှုကို မိမိ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်စေရန် မြေကြီးပေါ်သို့စေလွှတ်တော်မူသည်။ (ယောဟန် ၁:၁၄) တပည့်တော်သုံးယောက်တို့သည် မိမိတို့၏ရှေ့တွင် ယေရှု၏ကိုယ်ယောင်ပြောင်းခြင်းကို တွေ့မြင်ကြရပြီးနောက် ဘုရားသခင်၏အသံတော်ကို ဤသို့ကြားရကြသည်– “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့။” (မဿဲ ၁၇:၅) သူတို့ လိုလိုလားလားနားထောင်ခဲ့ကြသည်။
ထိုနည်းတူ ယေရှုသည် ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကို အခြားသူများအား ကြေညာရန် မိမိ၏တပည့်တော်များကို ညွှန်ကြားခဲ့သည်။ သို့သော် မြေကြီးဓမ္မအမှုဆောင်ခြင်းပြီးဆုံးရန် ခြောက်လခန့်အလိုသို့ရောက်သောအခါ ကောင်းကင်နိုင်ငံတော်အကြောင်း ဟောပြောခြင်းလုပ်ငန်းသည် အလွန်ကြီးမားကျယ်ပြန့်လွန်းလှရကား တပည့်တော်များ ထပ်မံလိုအပ်မည်ဖြစ်ကြောင်း ယေရှုအသိပေးခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း သူစိမ်းများနှင့် မည်သို့ဆွေးနွေးရမည်ကို တပည့်တော် အယောက် ၇၀ တို့အား သင်ကြားပေးပြီး ထိုသတင်းကို လူအများထံသို့ဖြန့်ချိကြရန် သူတို့ကိုစေလွှတ်ခဲ့သည်။ (လုကာ ၁၀:၁၊ ၂၊ ၉) ကောင်းကင်ဘုံရှိ မိမိ၏ခမည်းတော်ထံသို့ မတက်ကြွမီကလေးတွင် မိမိ၏တပည့်တော်များအား ဤသတင်းနှင့်ပတ်သက်၍ အခြားသူများကို အစပြုပြောဆိုရန် ယေရှုတိုက်တွန်းခဲ့ပြီး ဤသို့ပင် အမိန့်ပေးခဲ့သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည်သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ယနေ့ ကမ္ဘာတစ်ဝန်းတွင် စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မိမိတို့၏အိမ်နီးချင်းများနှင့် ဆွေးနွေးခြင်းအားဖြင့် ထိုတာဝန်ကိုထမ်းဆောင်ကြသည်။ သူတို့ထိုသို့ဆွေးနွေးခြင်းက ဖန်ဆင်းရှင်ယေဟောဝါနှင့် ပတ်သက်သော သမ္မာတရားကို သက်သေခံခွင့်ရစေသည်။—မဿဲ ၂၄:၁၄။
ငြိမ်းချမ်း၍ တည်ဆောက်မှုဖြစ်စေသော ဆွေးနွေးမှုများ
ယေရှု၏တပည့်တော်များသည် မည်သည့်နည်းဖြင့် မိမိတို့၏ယုံကြည်ချက်များကို အခြားသူတို့နှင့် ဆွေးနွေးရမည်နည်း။ သူတို့သည် ဆန့်ကျင်သူများ၏ ဒေါသမီးကိုမဆွပေးရပါ။ ဆန့်ကျင်သူများနှင့် အငြင်းအခုံလည်း မလုပ်ကြရပါ။ သို့အစား သူတို့သည် သတင်းကောင်းလက်ခံသူများကို ရှာဖွေပြီး သတင်းကောင်းကိုထောက်ခံသည့် ကျမ်းဆိုင်ရာအထောက်အထားများကို သူတို့အား တင်ပြကြရမည်။ မိမိသားတော်၏ တပည့်တော်များနှင့် အဆက်အသွယ်ရသူများ၏ တုံ့ပြန်မှုကို ဘုရားသခင်စောင့်ကြည့်နေတော်မူသည်အမှန်။ ယေရှုကြေညာသကဲ့သို့ပင်ဖြစ်သည်– “သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံ၏။” (မဿဲ ၁၀:၄၀) ယေရှု၏ တစ်ခေတ်တည်းသားအများစုက ကိုယ်တော့်သတင်းကို ငြင်းဆန်ခြင်းသည် ပစ်ပစ်ခါခါငြင်းပယ်မှုပါတကား!
ခရစ်ယာန်တမန်တော်ပေါလုက ခရစ်ယာန်များအား ဤသို့အကြံပေးခဲ့သည်။ “ဘုရားသခင်၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမသြဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှာ နောင်တကို ဘုရားသခင်ပေးကောင်းပေးတော်မူ [မည်။]” (၂ တိမောသေ ၂:၂၄၊ ၂၅) ဂရိနိုင်ငံ၊ အေသင်မြို့သားများအား တမန်တော်ပေါလု၏ သတင်းကောင်းတင်ပြသည့်နည်းက ပုံနမူနာကောင်းတစ်ခုကိုပေးသည်။ ဂျူးလူမျိုးတို့၏တရားဇရပ်တွင် သူတို့နှင့် ဆွေးနွေးနှီးနှောသည်။ နေ့စဉ် ဈေးအရပ်တွင် “တွေ့ကြုံသောသူတို့နှင့်” သူစကားပြောခဲ့သည်။ လူအချို့တို့သည် အတွေးသစ်အမြင်သစ်များကို နားထောင်လိုခြင်းသက်သက်မျှသာ ဖြစ်သော်လည်း ပေါလုက တိုက်ရိုက်ကျ၍ ကြင်နာသောနည်းဖြင့် ပြောဆိုခဲ့သည်။ နားထောင်သူများအား နောင်တရစေရန်နှိုးဆော်သော ဘုရားသခင်၏သတင်းစကားကို သူတို့နှင့် ပေါလုဆွေးနွေးသည်။ သူတို့၏တုံ့ပြန်မှုသည် ယနေ့လူများ၏တုံ့ပြန်မှုနှင့် အတော်ပင်တူသည်။ “အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တစ်ဖန်နားထောင်ဦးမည်ဟု ဆိုကြ၏။” ပေါလုသည် ဆွေးနွေးခန်းကို အချိန်မဆွဲထားပါ။ သတင်းစကားကို သူဟောပြောပြီးနောက် “သူတို့အထဲမှထွက်သွားလေ၏။”—တမန်တော် ၁၇:၁၆-၃၄။
နောက်ပိုင်းတွင် ပေါလုက မိမိသည် ‘သူတို့အကျိုးပြုစုရာတစ်စုံတစ်ခုကိုမျှ မထိမ်မဝှက်၊ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း သူတို့ကို ဟောပြော၍ ဆုံးမသြဝါဒပေး’ ခဲ့ကြောင်း ဧဖက်မြို့ရှိ ခရစ်ယာန်အသင်းတော်သားများအား ပြောခဲ့သည်။ ထို့အပြင် သူသည် ‘ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း ယုဒလူ၊ ဟေလသလူတို့နှင့် အသေးစိတ်ဆွေးနွေး’ ခဲ့သည်။—တမန်တော် ၂၀:၂၀၊ ၂၁။
ကျမ်းစာခေတ်က ဘုရားသခင်၏ကျေးကျွန်များသည် ဘာသာတရားအကြောင်း မည်သို့ဆွေးနွေးခဲ့ကြသည်ကို ထိုကျမ်းဆိုင်ရာဥပမာများက ထင်ရှားပြသည်။ ထို့ကြောင့် ယနေ့ ယေဟောဝါသက်သေများသည် နာခံမှုရှိသောအားဖြင့် ဘာသာတရားအကြောင်းကို မိမိတို့၏အိမ်နီးချင်းတို့နှင့် ဆွေးနွေးကြသည်။
အလွန်ထိရောက်အောင်မြင်သော ဆွေးနွေးမှုများ
‘ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကြားနာလော့။’ ‘ကိုယ်တော့်ပညတ်တော်များကို နားထောင်လော့။’ ယင်းသို့သောတိုက်တွန်းချက်များသည် သမ္မာကျမ်းစာတွင် အကြိမ်ပေါင်းများစွာပါဝင်ပါသည်တကား! ယေဟောဝါသက်သေများက သင့်အား နောက်တစ်ကြိမ် စကားပြောဆိုသောအခါ ဤကျမ်းစာလမ်းညွှန်ချက်များကို သင်တုံ့ပြန်နိုင်သည်။ သင့်ထံသို့ သူတို့ယူဆောင်လာသော ကျမ်းစာမှသတင်းစကားကို နားထောင်ပါလေ။ ဤသတင်းစကားသည် နိုင်ငံရေးနှင့်မဆိုင်ဘဲ ဘုရားသခင်အားဖြင့်ဖြစ်သည့် ကောင်းကင်အုပ်ချုပ်ရေး၊ ကိုယ်တော့်နိုင်ငံတော်ကို ထောက်ခံသည့်အကြောင်းဖြစ်သည်။ ယင်းကား လက်ရှိခေတ်ကာလ၏ ပဋိပက္ခများဖြစ်စေသည့် အကြောင်းရင်းများကို ပယ်ရှားပေးမည့် ဘုရားသခင်၏နည်းလမ်းတော်ဖြစ်သည်။ (ဒံယေလ ၂:၄၄) ထို့ကြောင့် ကောင်းကင်မှဖြစ်သော ဘုရားသခင့်အုပ်ချုပ်မှုသည် မြေကြီးတစ်ခွင်လုံး ဧဒင်ဥယျာဉ်ကဲ့သို့သော ပရဒိသုတစ်ခုအဖြစ် ပြောင်းလဲလာရန် စီစဉ်ပေးမည်။
ရဲထောက်လှမ်းရေးဖြစ်ခဲ့ဖူးသူတစ်ဦးသည် သူ့အား ယေဟောဝါသက်သေများက သမ္မာကျမ်းစာအကြောင်း လာပြောသောအခါ နားထောင်ရန်ငြင်းဆိုခဲ့သည်မှာ အကြိမ်ကြိမ်ပင်ဖြစ်သည်။ သို့သော် ရာဇဝတ်မှုတိုးပွားလာသည်ကို သူရင်ဆိုင်ရသောကြောင့် ဘဝနှင့်ပတ်သက်၍ သူစိတ်ပျက်လာသည်။ သို့နှင့် နောက်သက်သေခံတစ်ဦးလာသောအခါ ကျမ်းစာသတင်းစကားအတွက် အထောက်အထားကို စစ်ဆေးမည်ဟု သူပြောသည်။ ပုံမှန်ဆွေးနွေးမှုများဖြစ်လာသည်။ ထိုရဲအရာရှိသည် အကြိမ်ပေါင်းများစွာ ပြောင်းရွှေ့ရသော်လည်း သက်သေခံများက သူနှင့်ဆက်ဆွေးနွေးရန် သူရောက်သည့်နေရာသစ်တိုင်းတွင် သူ့ကိုဝမ်းမြောက်ဝမ်းသာရှာဖွေကြသည်။ နောက်ဆုံးတွင် ထိုအရာရှိက ဤသို့အသိအမှတ်ပြုပြောဆိုသည်– “ကျွန်တော်ရှာဖွေနေခဲ့တဲ့ အထောက်အထားဟာ အဲဒီသမ္မာကျမ်းစာထဲမှာကို အမြဲတမ်းရှိနေတယ်။ သက်သေခံတွေကသာ ကျွန်တော်နဲ့စကားပြောနိုင်ဖို့ ဇွဲမရှိဘူးဆိုရင် လောကကြီးမှာ ဘဝရည်ရွယ်ချက်ကဘာလဲဆိုပြီး ကျွန်တော်စဉ်းစားနေဦးမှာပဲ။ ခုတော့ အမှန်တရားကို ကျွန်တော်သိလာရပြီ။ ကျန်တဲ့ကျွန်တော့်အသက်တာကို ကျွန်တော့်လိုပဲ ဘုရားသခင်ကိုရှာဖွေနေတဲ့လူတွေကို ရှာယူတဲ့နေရာမှာ အသုံးပြုမယ်။”
စိတ်ဝင်စားမှုရှိသော ကြားနာသူများက အမှန်တကယ်ထပ်၍သိလိုကြသည်။ သူတို့သည် တင်ပြခံရသောယုံကြည်ချက်များ၏ အထောက်အထားများကို လျော်ကန်စွာမျှော်လင့်ကြသည်။ (၁ ပေတရု ၃:၁၅) ကလေးငယ်တစ်ဦးသည် မိဘတို့ကို မေးခွန်းများတရစပ်မေးပြီး သူတို့ထံမှတုံ့ပြန်မှုကို မျှော်လင့်သကဲ့သို့ သင်သည်လည်း သက်သေခံများထံမှ အခြေအမြစ်ခိုင်မာသည့် အဖြေများကို မျှော်လင့်ခြင်းသည် လျောက်ပတ်ပေသည်။ ကျမ်းစာသတင်းစကားများကို ထပ်၍ဆွေးနွေးရန် သင့်ထံသို့ သူတို့ဝမ်းမြောက်ဝမ်းသာ ပြန်လာကြဦးမည်ကို သင်စိတ်ချနိုင်သည်။
သမ္မာကျမ်းစာအကြောင်း အနည်းအကျဉ်း သင်သိထားကောင်းသိထားပေမည်။ သင့်အား ဘုရားသခင်တောင်းဆိုသောအရာများက သင့်အသက်ရှင်နေထိုင်ပုံတွင် အပြောင်းအလဲအချို့ပြုရန်လိုအပ်ကြောင်း သင်သဘောပေါက်ပေမည်။ ဘုရားသခင့်တောင်းဆိုချက်များက သင့်အားများစွာအနစ်နာခံစရာဖြစ်စေမည်ကို စိုးသောကြောင့် လုပ်စရာရှိသည်များကိုလုပ်ရန် ဆုတ်ဆိုင်းခြင်းမရှိပါနှင့်။ ယင်းတို့က စစ်မှန်သောပျော်ရွှင်မှုကိုသာ ဖြစ်စေမည်။ သင့်အခြေအနေ တစ်ဆင့်တိုးတက်လာသောတစ်ချိန်တွင် ယင်းကို သင်နားလည်သဘောပေါက်လာမည်။
ပထမဆုံးအနေနှင့် ယေဟောဝါသည် မည်သူဖြစ်ကြောင်း၊ သင့်ထံမှ ကိုယ်တော်မည်သည့်အရာကိုတောင်းဆိုကြောင်း၊ မည်သည့်အရာကို ကိုယ်တော်ကမ်းလှမ်းကြောင်းတို့ကို ဆင်ခြင်ပါ။ ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာမည်သို့ဆိုသည်ကို သက်သေခံများအားပြခိုင်းပါ။ သူတို့ပြောသည့်အရာကို သင့်ကိုယ်ပိုင်ကျမ်းစာတွင် စစ်ဆေးကြည့်ပါ။ ဘာသာတရားနှင့်ပတ်သက်သော အမှန်တရားအဖြစ် သက်သေခံများတင်ပြသည့်အရာသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ကြောင်း သိသောအခါ ကျမ်းစာမှ သူတို့သင့်အားဝေမျှပေးနိုင်သည့် နောက်ထပ်ကောင်းသောအရာများစွာတို့ကို သင်စူးစမ်းစစ်ဆေးလိုမည်မလွဲပေ။—သု. ၂၇:၁၇။
သက်သေခံများစည်းဝေးသည့်နေရာဖြစ်သော ဘုရားသခင့်နိုင်ငံတော်ခန်းမသို့လာ၍ သူတို့ကိုအကဲခတ်ရန် သင့်အားခေါ်ဖိတ်ပါသည်။ အကျိုးဖြစ်ထွန်းစေသော ဘုရားသခင့်နှုတ်ကပါဌ်တော်ဆွေးနွေးမှုများကို ထိုတွင်သင်ကြားနာရမည်။ တက်ရောက်လာသူများသည် ဘုရားသခင်ရည်ရွယ်တော်မူချက်များကို အချင်းချင်းပြောဆိုခြင်းတွင် မွေ့လျော်နေကြကြောင်း သင်တွေ့ရမည်။ ယနေ့ ကျွန်ုပ်တို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်သော အမှန်တရားကို သင်လေ့လာနိုင်ရန် သင့်အား သက်သေခံများကူညီခွင့်ပြုပါ။ စစ်မှန်သောဝတ်ပြုရေးအကြောင်း ဆွေးနွေးရန် ဘုရားသခင်၏ဖိတ်ခေါ်ချက်ကို တုံ့ပြန်ပြီး ဘုရားသခင်၏ မျက်နှာသာတော်အပြုံးပန်းအပြင် ပရဒိသုတွင် ထာဝရအသက်ကိုပင် လက်လှမ်းယူပါလေ။—မာလခိ ၃:၁၆; ယောဟန် ၁၇:၃။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဘုရားသခင့်ရည်ရွယ်ချက်များအကြောင်း နောဧပွင့်လင်းစွာပြောခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရှေးအေသင်မြို့တွင် ပေါလုပြုခဲ့သည့်အတိုင်း ယေဟောဝါသက်သေများသည် အခြားသူများအား ကျမ်းစာသမ္မာတရားကို သင်ပေးကြ