မိုဇမ်ဘစ်တွင် “ဆားရောင်းခြင်း”
မိုဇမ်ဘစ်နိုင်ငံ၏ ဒေသန္တရကော်မတီအဖွဲ့ဝင်ဖြစ်သူ ဖရန်စီစ္စကိုကိုအားနားသည် “ထပ်ဆင့်ပညာပေးရေးစခန်းများ” တွင် ဆယ်နှစ်ကြာခဲ့သည်။ သူ၏တွေ့ကြုံမှုကို ဤသို့ပြောပြသည်– “ကျွန်တော်တို့ ဒီနေရာမှာအတော်ကြာကြာနေရမယ်ဆိုတာ ကျွန်တော်သိထားတယ်။ ဒါကြောင့် ကျွန်တော်မှန်မှန်ရှေ့ဆောင်ဆက်လုပ်နိုင်မလားလို့ တိုက်နယ်ကြီးကြပ်မှူးကိုမေးတယ်။ စခန်းထဲက လူတိုင်းလိုလိုဟာ ယေဟောဝါသက်သေဖြစ်နေတော့ လူများရှေ့ဓမ္မအမှုဆောင်ခြင်းအတွက် သတ်မှတ်ထားတဲ့နာရီကို ကျွန်တော်ဘယ်လိုလုပ်ရနိုင်မလဲလို့ သူကမေးတယ်။ ကျွန်တော်က ဟောပြောရမယ့်လူတွေကိုတွေ့ဖို့ ၂၉ မိုင်ဝေးတဲ့ မီလန်ဇ်မြို့ကိုသွားမယ်လို့ပြောတယ်။
“စခန်းကနေ ကျွန်တော်တို့ တရားဝင်အပြင်ထွက်ခွင့်မရပေမဲ့ အဲဒီစည်းမျဉ်းကိုတော့ သိပ်မတင်းကျပ်ထားဘူး။ ချုံပုတ်တစ်ခုထဲဝင်၊ ဒူးထောက်ပြီးနောက် ဒေသခံတွေကိုဟောပြောဖို့နည်းလမ်းအတွက် ဆုတောင်းခဲ့တာတွေကို ကျွန်တော်အမှတ်ရနေတယ်။ မကြာခင် ယေဟောဝါအဖြေပေးခဲ့တယ်။
“စက်ဘီးပိုင်ရှင်တစ်ဦးနဲ့ ကျွန်တော်အဆက်အသွယ်ရသွားတယ်။ ဒါနဲ့ သူနဲ့ကျွန်တော် သဘောတူညီမှုတစ်ခုကို ရယူကြတယ်။ မိုးမကျခင် နှစ်ဧကရှိတဲ့သူ့မြေကွက်မှာ ကျွန်တော်က စိုက်ပျိုးပေးရင် အခအနေနဲ့ ကျွန်တော့်ကို အဲဒီစက်ဘီးပေးမယ်လို့ သူသဘောတူတယ်။ ဒါနဲ့ မနက်တိုင်း မြေကွက်ကို ထွန်ယက်စိုက်ပျိုးဖို့ ကျွန်တော်အချိန်ယူတယ်။ နောက်ဆုံး စက်ဘီးကိုကျွန်တော်ရလိုက်တာကိုက ဒီအစီအစဉ်ကို ယေဟောဝါကောင်းချီးပေးလို့ပဲ။
“ရလဒ်ကတော့ မီလန်ဇ်မြို့ကြီးကို ကျွန်တော်ရောက်နိုင်ပြီး အကျိုးဖြစ်ထွန်းတဲ့အဲဒီလယ်ကွင်းမှာ ရှေ့ဆောင်လုပ်ငန်းကို ထိထိရောက်ရောက်ဆက်လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ပိတ်ပင်ထားတဲ့အတွက် လူတွေကို သမ္မာတရားနဲ့မိတ်ဆက်ပေးဖို့ အစီအစဉ်တစ်ခုကို ကျွန်တော်ဉာဏ်ဆင်ရတယ်။ ကျွန်တော့်ရှပ်အင်္ကျီအောက်မှာ စာအုပ်တွေနဲ့မဂ္ဂဇင်းတွေကို ထိုးထည့်၊ အိတ်တစ်ခုထဲမှာ ဆားတွေထည့်ပြီး ဆားရောင်းတဲ့လုပ်ငန်းကို လုပ်တော့တာပဲ။ အဲဒါကို ၅ မက်တီကိုက်စ်နဲ့ရောင်းမဲ့အစား ၁၅ မက်တီကိုက်စ်နဲ့ ကျွန်တော်ဈေးခေါ်တယ်။ (ဈေးသိပ်သက်သာလို့ အားလုံးကို လူတွေဝယ်ကုန်ရင် ဟောပြောခြင်းလုပ်ငန်းအတွက် ကျွန်တော်သုံးဖို့ဆားတွေရှိမှာမဟုတ်တော့ဘူးလေ!) အောက်ပါပုံမျိုးနဲ့ ကျွန်တော်စကားစရှာတယ်။
“‘မင်္ဂလာပါခင်ဗျား! ဒီနေ့ ကျွန်တော်ဆားရောင်းတယ်ခင်ဗျ။’
“‘ဘယ်ဈေးလဲ’
“‘၁၅ မက်တီကိုက်စ်ပါ’
“‘ဟင့်အင်း၊ သိပ်ဈေးကြီးတယ်!’
“‘ဟုတ်ပါတယ်၊ ဈေးကြီးပါတယ်။ ဒါပေမဲ့ ခုဈေးကြီးတယ်လို့ ခင်ဗျားထင်ရင် စောင့်ကြည့်ဦးပေါ့လေ။ နောက်ဆိုရင် ဒီထက်အဆမတန် ပိုဈေးတက်လာလိမ့်မယ်။ အဲဒါကို သမ္မာကျမ်းစာထဲမှာ ကြိုပြောထားတာ ခင်ဗျားသိသလား။’
“‘ကျွန်တော့်ကျမ်းစာထဲမှာ တစ်ခါမှမဖတ်ဖူးဘူး’
“‘ဟုတ်တယ်၊ ကျမ်းစာထဲမှာရှိတယ်။ ခင်ဗျားကျမ်းစာအုပ်ယူလာပါလား၊ ကျွန်တော်ပြမယ်။’
“ဒီလိုမျိုး စကားပြောတာကနေ သူ့ကျမ်းစာကိုသုံးဖို့ ဖြစ်လာတယ်။ ကျွန်တော့်ကျမ်းစာကတော့ ရှပ်အင်္ကျီအောက်မှာရှိလျက်ပဲ။ ခဲယဉ်းတဲ့အခြေအနေနဲ့ အစားအစာငတ်မွတ်ခေါင်းပါးခြင်းအကြောင်းပါတဲ့ ဗျာဒိတ်ကျမ်းအခန်းကြီး ၆ ကို ကျွန်တော်ဖွင့်ပြတတ်တယ်။ သဘောကျတာကို ကျွန်တော်ရိပ်မိရင် ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား ဒါမှမဟုတ် သင့်ကိုပျော်ရွှင်စေမည့်သတင်းကောင်း [လိပ်] စာအုပ်ကို ထုတ်ပြပြီး စနစ်တကျကျမ်းစာသင်အံမှုကို စတင်တယ်။
“ရလဒ်ကတော့ မီလန်ဇ်မြို့မှာ စိတ်ဝင်စားသူ ၁၅ ယောက်ပါဝင်တဲ့ ကျမ်းစာသင်အံမှုအုပ်စုတစ်ခုကို ကျွန်တော်စတင်နိုင်ခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ဘူး၊ အာဏာပိုင်တွေက ကျွန်တော်တို့ကို သတိပြုမိသွားတယ်။ တစ်နေ့ ကျွန်တော်ကျမ်းစာသင်နေတဲ့အချိန်မှာ ရဲတွေရုတ်တရက်ဝင်လာပြီး ကျွန်တော်တို့ကိုဖမ်းလိုက်တယ်။ ကလေးလေးတွေအပါအဝင် ကျွန်တော်တို့အားလုံး ဒေသန္တရအကျဉ်းထောင်ကို အပို့ခံရတယ်။ အဲဒီမှာ တစ်လကြာပြီးတော့ ကျွန်တော်တို့အားလုံးဟာ စခန်းကိုပြန်ပို့ခံရတယ်။”
ဤတွေ့ကြုံမှုများက ကျွန်ုပ်တို့ညီအစ်ကိုများ၏ ဇွဲစိတ်ကို မမှေးမှိန်စေပါ။ သို့ဖြစ်မည့်အစား ဖရန်စီစ္စကိုနှင့် သူ့မိသားစုသည် စခန်းတွင်ရှိသော အခြားညီအစ်ကိုထောင်ပေါင်းများစွာတို့နှင့်အတူ ယခုတွင်မိုဇမ်ဘစ်နိုင်ငံ၏ လွတ်လပ်သောအခြေအနေအောက်၌ ဝတ်ပြုခြင်းနှင့် ဟောပြောခြင်းတို့ကို ပြုလုပ်နေကြသည်။