ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၆/၁၅ စာ. ၂၄-၂၆
  • ဟိမဝန္တာတောင်တန်းထက်မြင့်သော တောင်ကိုတက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟိမဝန္တာတောင်တန်းထက်မြင့်သော တောင်ကိုတက်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • နီပေါ—တောင်ပေါ်နိုင်ငံ
  • သေးငယ်သောအစပြုမှု
  • အခက်အခဲများရှိငြား တိုးချဲ့သွား
  • ယနေ့နီပေါနိုင်ငံ
  • ဟိမဝန္တာတောင်တန်းထက်မြင့်သော တောင်ကိုတက်ခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၆/၁၅ စာ. ၂၄-၂၆

ဟိမဝန္တာတောင်တန်းထက်မြင့်သော တောင်ကိုတက်ခြင်း

ဟိမဝန္တာတောင်တန်း! ဤဝေါဟာရများသည် သင့်စိတ်တွင် မည်သို့ မြင်ယောင်စေသနည်း။ လေပြင်းတိုက်ခိုက်သည့်စိုးရွံ့ဖွယ် ရေခဲတောင်ထွတ်များလော။ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် ရပ်နေခြင်းသည် အောင်မြင်မှု၏ဘဝင်ခိုက်ဖွယ်အဖြစ်လော။ ကျွန်ုပ်တို့အများစုအတွက် နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်း၌ရှိသော ဧဝရက်တောင်ကိုတက်ရန် ဖြစ်နိုင်မည်မဟုတ်ပါ။ သို့တိုင် ယနေ့နီပေါနိုင်ငံရှိလူများစွာသည် ဟိမဝန္တာတောင်တန်းထက်မြင့်သော တောင်တစ်ခုကို တက်နေကြသည်တကား! မြင့်မြတ်သောတောင်သို့ တက်သည့်ခရီးစဉ်အကြောင်း မဖော်ထုတ်မီ သေးငယ်သော်လည်း လှပသည့်နီပေါနိုင်ငံကိုကြည့်ကြစို့။

နီပေါ—တောင်ပေါ်နိုင်ငံ

နီပေါနိုင်ငံသည် ကမ္ဘာပေါ်တွင် အနည်းငယ်ကျန်ရှိနေသည့် သက်ဦးဆံပိုင်ဘုရင်စနစ်နိုင်ငံများထဲမှ တစ်ခုဖြစ်သည့်အပြင် လောကီရေးရာနိုင်ငံမဟုတ်ဘဲ ဘာသာရေးနိုင်ငံတစ်ခုလည်းဖြစ်သောကြောင့် ထူးခြားသည်။ နီပေါသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဟိန္ဒူနိုင်ငံဖြစ်သည်။ အခြေတကျနေထိုင်သူ သန်း ၂၀ ထဲမှ အများစုမှာ ဟိန္ဒူများဖြစ်သည်။ သို့ရာတွင် ယင်း၏လူများဆင်းသက်လာရာ လူမျိုးစုများသည် အကြီးအကျယ်ကွဲပြားသည်။ မြောက်ပိုင်းတောင်ထူထပ်သည့်ဒေသတွင် နေထိုင်သူများသည် အဓိကအားဖြင့် တိဗက်-မြန်မာအရင်းခံများဖြစ်ပြီး အခြားတစ်ဖက်ဖြစ်သော တောင်ပိုင်းလွင်ပြင်တို့တွင် နေထိုင်သူများသည် အင်ဒို-အာရိယန်နောက်ခံ လွှမ်းမိုးထားသူများဖြစ်သည်။ နပါလီစကားသည် နိုင်ငံ၏ရုံးသုံးဘာသာစကားဖြစ်ပြီး လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်၏ မိခင်ဘာသာစကားဖြစ်သည်။ ကျန်သောသူများသည် လူမျိုးစုဆိုင်ရာဘာသာစကား ၁၈ ခုမကပြောဆိုကြသည်။

နီပေါနိုင်ငံသည် ထောင့်မှန်စတုဂံပုံခပ်ကျကျဖြစ်ပြီး အရှေ့မှအနောက်သို့ ၅၅၀ မိုင်ရှိကာ မြောက်မှတောင်သို့ ၁၂၀ မိုင်ရှိသည်။ စိုးရွံ့အံ့သြဖွယ်ကောင်းသော ဟိမဝန္တာတောင်တန်းသည် မြောက်ပိုင်းနယ်နိမိတ်၌ ပေ ၂၉,၀၂၈ အမြင့်ရှိ ကမ္ဘာပေါ်တွင်အမြင့်ဆုံးတောင်ထွတ်ဖြစ်သည့် ဧဝရက်တောင်နှင့် ပေ ၂၆,၂၀၀ ကျော်မြင့်သော အခြားတောင်ထွတ် ရှစ်ခုပါဝင်သည်။ နီပေါနိုင်ငံ၏အလယ်ဗဟိုတွင် တောင်နိမ့်များ၊ ကန်များနှင့် လျှိုမြောင်များရှိသည်။ သာ၍ဝေးသောတောင်ပိုင်း အိန္ဒိယနယ်စပ်တွင် အဓိကစိုက်ပျိုးမှုဒေသဖြစ်သော မြေဆီမြေနှစ်ကောင်းသည့် တာရိုင်းဒေသရှိသည်။

ဗဟိုဒေသတွင်ရှိမြို့တော် ခတ္တမန္ဒူသည် ခရီးသွားများစံပျော်ရာမြို့ဖြစ်သည်။ ယင်းက ရင်သပ်ရှုမောဖွယ်တောင်များပေါ် လေယာဉ်ပျံစီးရန်၊ သဘာဝတောရိုင်းဥယျာဉ်ကြီးတွင် တောလိုက်ရန်၊ ဒေသတွင်းရှိမျက်စိပသာဒများစွာကိုသွားကြည့်ရှုရန် ကမ်းလှမ်းသည်။ ဘာသာရေးကဏ္ဍသည် တိုင်းသူပြည်သားများ၏အသက်တာအပေါ် အကြီးအကျယ်လွှမ်းမိုးထားသောကြောင့် နီပေါနိုင်ငံကို နတ်ဘုရားများ၏တောင်ကြားဟု ရံဖန်ရံခါခေါ်ကြသည်။ ဘာသာတရားသည် ဟိမဝန္တာထက်မြင့်သည့် “တောင်” ကို ကမ္ဘာတစ်ဝန်းရှိသန်းပေါင်းများစွာတို့ တက်ရောက်နေကြသည့်အကြောင်းရင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၂,၇၀၀ ခန့်က ဟေဗြဲပရောဖက်ဟေရှာယသည် “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ . . . များပြားသောသူတို့ကလည်း ‘လာကြလော့။ ထာဝရဘုရား၏တောင်တော် . . . သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ ငါတို့သည်ခြေတော်ရာသို့ လိုက်သွားကြမည်။’” ဟုတင်ကူးပြောရန် မှုတ်သွင်းခံခဲ့ရသည်။ (ဟေရှာယ ၂:၂၊ ၃) ဤတွင် ဖန်ဆင်းရှင်နှင့် စကြဝဠာပိုင်သအုပ်စိုးသည့်ဘုရင် ယေဟောဝါရှင်၏ စင်ကြယ်သောဝတ်ပြုရေးချီးမြှောက်ခံရခြင်းမှာ တောင်ကဲ့သို့သော အခြားဝတ်ပြုမှုပုံစံရှိရှိသမျှအထက်တွင် မြှင့်တင်ခံရခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားဆာလောင်နေသူတို့ ယေဟောဝါ၏နည်းလမ်းတော်များကို သင်ယူရန်ထောက်ကူပေးသည့် ကမ္ဘာချီပညာပေးလုပ်ငန်းကြောင့်ဖြစ်သည်။ ယင်းလုပ်ငန်းကို နီပေါနိုင်ငံတွင် မည်သို့စဖြစ်ခဲ့သနည်း။

သေးငယ်သောအစပြုမှု

ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်စစ်တပ်မှတစ်ယောက်သည် စစ်မှန်သောဘာသာတရားကို ရှာဖွေနေသည်။ သူ၏နပါလီ-ဟိန္ဒူမိဘတို့သည် ကက်သလစ်ဘာသာသို့ ပြောင်းဝင်ခဲ့ကြသည်။ သူသည်ကြီးပြင်းလာသည်နှင့်အမျှ မီးငရဲအယူဝါဒကဲ့သို့သောသွန်သင်ချက်များကို ငြင်းဆန်ခဲ့ကာ ပရိုတက်စတင့်ချာ့ချ်များ၏ယုံကြည်ချက်တို့ကို စတင်စူးစမ်းလေ့လာခဲ့သည်။ သို့သော် သူသည် ကျေနပ်မှုမရခဲ့ပါ။

ဂျပန်များ၏အကျဉ်းသားအဖြစ် ထိုအချိန်က မြန်မာနိုင်ငံရန်ကုန်မြို့သို့ ခေါ်သွားခြင်းခံရရာ ဤစစ်သားသည် စစ်မှန်သောကိုးကွယ်ဝတ်ပြုမှုကို ဆက်ပြီးရှာဖွေရန် အလုပ်ကြမ်းစခန်း၏ခက်ခဲပြင်းထန်မှုများကို ကပ်ကျော်ပါစေကြောင်း ဆုတောင်းခဲ့သည်။ နောက်ပိုင်းတွင် သူအားဖမ်းဆီးထားသူများလက်မှ လွတ်မြောက်ရန် ကျောင်းဆရာတစ်ဦးက အကူအညီပေးခဲ့ပြီး ထိုသူ၏အိမ်တွင် ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရေးသည့် လူသေများအဘယ်မှာရှိသနည်း စာအုပ်ငယ်ကို သူတွေ့ရှိခဲ့သည်။ သမ္မာတရား၏ အသံကိုသိမှတ်ကာ သူသည် ၁၉၄၇ ခုနှစ်ရန်ကုန်မြို့၌ ယေဟောဝါသက်သေများသူ့ထံဆက်၍လည်ပတ်သောအခါ လေ့လာရန် လိုလိုလားလားသဘောတူခဲ့သည်။ လအနည်းငယ်အတွင်း သူနှစ်ခြင်းခံခဲ့ပြီး များမကြာမီ သူ၏ငယ်ရွယ်သောဇနီးသည်လည်း နှစ်ခြင်းခံခဲ့သည်။ သူတို့သည် အိန္ဒိယသို့ပြန်ရန်ဆုံးဖြတ်ခဲ့ပြီး အရှေ့မြောက်တောင်တန်းဒေသဖြစ်သော မိမိတို့၏မွေးရပ်ချက်ကြွေ ကားလ်အင်ပူးလ်မြို့တွင် အခြေချကြသည်။ သူတို့၏သားသမီးနှစ်ယောက်သည် ဤတွင်ဖွားမြင်ကာ ပညာရင်နို့သောက်စို့ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ခတ္တမန္ဒူမြို့သို့ သူတို့ပြောင်းရွှေ့ခဲ့သည်။

နီပေါနိုင်ငံ၏ပြဋ္ဌာန်းထားသည့်ဥပဒေက ဘာသာပြောင်းခြင်းကို တားမြစ်ထားသည်။ နိုင်ငံခြားဘာသာဟုခေါ်ဆိုသော ဘာသာတစ်ခုအားဝါဒဖြန့်နေကြောင်း တွေ့ရှိရသူမည်သူကိုမဆို ထောင်ဒဏ်ခုနစ်နှစ်ကျခံစေပြီး ဤသို့သောဘာသာတရားနှင့် ဆက်သွယ်သောသူတစ်ဦးကို ကြီးလေးသောဒဏ်ငွေနှင့်အတူ ထောင်ဒဏ်သုံးနှစ်အပြစ်ပေးနိုင်သည်။ ယင်းကြောင့် သက်သေခံခြင်းကို သတိရှိရှိလုပ်ဆောင်ခဲ့ရသည်။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုမှာ အိမ်တစ်အိမ်သို့သွားလည်ခြင်းသာဖြစ်ခဲ့ပြီး ထို့နောက်တွင် အခြားတစ်နေရာသို့ပြောင်းကာ ဤတွင် ထပ်တူလည်ပတ်သည်။ သတင်းကောင်းဖြန့်ချိရာတွင် အလွတ်သဘောသက်သေခံခြင်းသည် အဓိကကဏ္ဍမှ ပါဝင်ကြောင်းနားလည်နိုင်သည်။

ရလဒ်မှာ တိုးတက်မှုအလွန်နှေးကွေးသည်။ လူဦးရေ ဆယ်သန်းခန့်ရှိလယ်ကွင်းသည် စိတ်ဓာတ်ကျဖွယ်ပုံပေါ်နေသည်။ တစ်ခုတည်းသောဤမိသားစုသည် မိတ်ဆွေများ၊ အပေါင်းအသင်းများ၊ အလုပ်ရှင်များနှင့် အလုပ်သမားချင်းတို့အား သက်သေခံကာ သမ္မာတရားမျိုးစေ့များကို ကြဲဖြန့်ခဲ့သည်။ သူတို့၏အိမ်တွင် ပုံမှန်စည်းဝေးများကို ကျင်းပခဲ့ပြီး စိတ်ဝင်စားသူများကို သူတို့နှင့်အတူပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ နောက်ဆုံး လေးနှစ်တာ မမှိတ်မသုန်စိုက်ပျိုးခြင်းနှင့် ရေလောင်းခြင်းကိုလုပ်ကိုင်ပြီးနောက် ၁၉၇၄ ခုမတ်လတွင် နီပေါမှ အသီးဦးသီးပွင့်လာခဲ့သည်—ထို့ပြင်ယင်းသည် မဖြစ်နိုင်သောအခြေအနေမှ သီးပွင့်လာခြင်းတည်း!

အိမ်တစ်အိမ်ကိုလည်ပတ်ရင်း ကြေညာသူသည် ဘုရင့်မိသားစုဝင်တစ်ဦး၏ အတွင်းရေးမှူးဖြစ်သော လူကုံထံတစ်ယောက်ကို စကားပြောခဲ့သည်။ “ငါ့သားကို သွားပြောလိုက်” ဟု ဤလူကပြောခဲ့သည်။ သားဖြစ်သူသည် ကျမ်းစာသင်ဖို့သဘောတူခဲ့သည်။ အချိန်တန်သော် လောင်းကစားရုံတွင် အလုပ်လုပ်သောကြောင့် သူ၏လုပ်ငန်းကို ပြောင်းပစ်လိုက်သည်။ ဘာသာတရားကိုင်းရှိုင်းသည့် ဟိန္ဒူတစ်ယောက်ဖြစ်သူ ဖခင်က သူ့အားအတိုက်အခံပြုခဲ့သည်။ သို့တိုင် ဤလူငယ်သည် ယေဟောဝါဘက် ရပ်တည်ခဲ့သည်။ အကျိုးဆက်ကား အဘယ်နည်း။ သူ၏ဖခင်သည် သူအားအတိုက်အခံပြုခြင်းကို နောက်ပိုင်းတွင်ရပ်တန့်လိုက်ပြီး ရင်းနှီးသောဆွေမျိုးတစ်သိုက် ကျမ်းစာသမ္မာတရားကို လက်ခံခဲ့သည်။ ယခုအခါတွင် သူသည်ခရစ်ယာန်အသင်းတော်၌ အကြီးအကဲအဖြစ် အမှုတော်ထမ်းသည်။

ဝိညာဏရေးဘက်ဆက်လက်သန်စွမ်းနေရန်နှင့် ကျမ်းပေးအမိန့်ကိုလက်ကိုင်ပြုရန် သူတို့၏အတူတကွစုဝေးခြင်းကို မစွန့်လွှတ်လိုက်ကြဘဲ ခတ္တမန္ဒူတွင်ရှိဤအုပ်စုလေးသည် ကိုယ်ပိုင်အိမ်တစ်ခုတွင် ပုံမှန်စည်းဝေးများကို ကျင်းပခဲ့ကြသည်။ သို့သော်ညီအစ်ကိုများသည် ကြီးမားသောစုဝေးခြင်းကိုမူ မတတ်နိုင်ကြချေ။ ဤသို့စုဝေးဖို့အတွက် တတ်နိုင်သူများသည် စည်းဝေးကြီးများအတွက် တောင်တန်းများကိုဖြတ်ကျော်သွားရသည့် ခရီးဝေးပြီးအကုန်အကျများသော ခရီးစဉ်အတွက် အိန္ဒိယသို့ ထွက်ခဲ့ကြသည်။

သူတို့အစည်းအဝေးကျင်းပသည့်အိမ်၌ ခရိုင်စည်းဝေးကြီးအစီအစဉ်တစ်ခုလုံးကို ကျင်းပသောအခါ အလွန်ရွှင်လန်းဖွယ်အခါသမယပင်တည်း! အိန္ဒိယဌာနခွဲမှတစ်ယောက်အပါအဝင် ညီအစ်ကိုလေးယောက်က အစီအစဉ်တစ်ခုလုံးကို ဦးစီးဆောင်ရွက်နေကြခြင်းကို စဉ်းစားကြည့်ပါ! ကျမ်းစာပြဇာတ်ပင် တင်ဆက်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ အိန္ဒိယတွင်ဝတ်စုံပြည့်လေ့ကျင့်ထားသည့် ရုပ်သေများကို ယူလာခဲ့ကြသည်။ နီပေါတွင် ဤရုပ်သေများကို ပိတ်ကားပေါ်တွင် ပုံပေါ်စေကာ တိတ်ခွေတွင်ဖမ်းယူထားသည့် စကားပြောသံဖြင့် တွဲဖွင့်ခဲ့သည်။ ပရိသတ်သည် ယင်းကိုသဘောကျကြသည်။ ပရိသတ်မည်မျှများပါသနည်း။ ဆယ့်ရှစ်ယောက်သောလူများတည်း!

ဟောပြောခြင်းလုပ်ငန်းတွင် တိုင်းတစ်ပါးမှ အကူအညီသည် အလွန်နည်းပါးသည်။ သာသနာပြုလုပ်ငန်းသည် အလျှင်းမဖြစ်နိုင်သည့်အပြင် နိုင်ငံခြားသားများအတွက် လောကီအလုပ်သည် ရဖို့မလွယ်ပါ။ သို့ရာတွင် အိန္ဒိယသက်သေခံနှစ်ဦးသည် သီးခြားအချိန်များတွင် နီပေါ၌အလုပ်ရခဲ့ပြီး ခတ္တမန္ဒူတွင် နှစ်ပေါင်းများစွာအချိန်အကုန်ခံကာ အသစ်တည်ထောင်ထားသောအသင်းတော်ကို ဆောက်တည်မှုပေးရန် ထောက်ကူနေကြသည်။ ၁၉၇၆ ခုနှစ်၌ ခတ္တမန္ဒူတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၇ ယောက်ရှိသည်။ ၁၉၈၅ ခုနှစ်တွင် ညီအစ်ကိုများသည် ကိုယ်ပိုင်ဘုရားသခင့်နိုင်ငံတော်ခန်းမကို ဆောက်လုပ်ခဲ့ကြသည်။ ယင်းကိုလက်စသတ်ပြီးသောအခါ နှစ်ပတ်လည်ခရိုင်စည်းဝေးကြီးများအပြင် အခြားစည်းဝေးကြီးများကို ဤတွင်မှန်မှန်ကျင်းပဖြစ်ရန် အစပြုခဲ့သည်။ ဤခန်းမသည် တောတောင်ထူထပ်သည့်ရပ်ကွက်ဖြစ်သည့် ခေါင်သောဒေသတွင် စင်ကြယ်သောဝတ်ပြုမှု၏ အချက်အချာအမှန်ပင်ဖြစ်သည်။

အခက်အခဲများရှိငြား တိုးချဲ့သွား

ထိုအစောပိုင်းနှစ်များ၏တွင် ဟောပြောခြင်းလုပ်ငန်းကို သတိကြီးစွာနှင့်လုပ်ဆောင်ခဲ့သဖြင့် အာဏာပိုင်များကောင်းကောင်းသတိပြုမိသွားဖို့ မဖြစ်စေခဲ့ပါ။ သို့သော် ၁၉၈၄ သို့ရောက်လာသောအခါ ကန့်သတ်ပိတ်ပင်မှုများ စတင်ပြဋ္ဌာန်းခဲ့သည်။ ညီအစ်ကိုတစ်ယောက်နှင့် ညီအစ်မသုံးယောက်တို့ အဖမ်းခံရကာ သူတို့၏လုပ်ဆောင်မှုများကို ဆက်မလုပ်ရန်သတိပေးကာ လွှတ်လိုက်သည့်အချိန်မတိုင်မီအထိ လေးရက်ထိန်းသိမ်းထားခဲ့သည်။ ရွာတစ်ရွာတွင် လူကိုးဦးသည် သူတို့၏နေအိမ်များတွင် ကျမ်းစာသင်နေစဉ်အဖမ်းခံခဲ့ရသည်။ ခြောက်ဦးမှာ ၄၃ ရက်ကြာ ထောင်ကျခဲ့သည်။ အခြားဖမ်းဆီးမှုများရှိခဲ့သော်လည်း တရားစွဲဆိုခြင်းမရှိခဲ့ပါ။

၁၉၈၉ ခုနှစ်၊ မကြာသေးခင်လေးတွင်ပင် အသင်းတော်စာအုပ်ကြီးသင်တန်းတစ်ခုရှိ ညီအစ်ကိုညီအစ်မအားလုံးအဖမ်းခံခဲ့ရပြီး သုံးရက်ဖမ်းချုပ်ထားပြီး ပြန်လွှတ်လိုက်သည်။ ရံဖန်ရံခါ သူတို့သည် ဟောပြောတော့မည်မဟုတ်ကြောင်းဖော်ထားသည့် ထွက်ဆိုချက်တွင် လက်မှတ်ထိုးရန် တောင်းဆိုခံရကြသည်။ သူတို့ငြင်းပယ်ကြသည်။ အချို့တို့သည် ထပ်မံဟော၍ဖမ်းဆီးပါက ရင်ဆိုင်ရမည့်အကျိုးအပြစ်တို့ကို တလိုတလားခံမည်ဖြစ်ကြောင်း ထွက်ဆိုချက်တွင်လက်မှတ်ထိုးပြီးနောက်၌သာ လွှတ်ပေးခြင်းခံခဲ့ရသည်။

ဤသို့သောအခက်အခဲများရှိငြား ညီအစ်ကိုများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဇွဲနပဲနှင့်ဆက်၍ဟောပြောခဲ့ကြသည်။ ဥပမာ အစိုးရက စတင်ကြားဝင်ဆောင်ရွက်သည့်နောက်ပိုင်း ၁၉၈၅ ခုနှစ်တွင် ဟောပြောသူအရေအတွက် ၂၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ကြေညာသူ ၃၅ ယောက်တို့သည် စင်ကြယ်သောကိုးကွယ်ဝတ်ပြုမှုအကြောင်း အခြားသူများကိုပြောပြခြင်းတွင် လစဉ်ပျမ်းမျှ ၂၀ နာရီအသုံးပြုခဲ့ကြသည်။

အချိန်ကာလရွေ့လျောလာသည်နှင့်အမျှ နိုင်ငံရေးအပြောင်းအလဲလေသည် နီပေါတွင် စတင်တိုက်ခတ်လာသည်။ အစိုးရအရာရှိများသည် ယေဟောဝါသက်သေများကို မစိုးရိမ်ရကြောင်း စပြီးသိမြင်လာကြသည်။ အမှန်မှာ သူတို့၏ကျမ်းစာပညာပေးလုပ်ငန်းသည် လူများကို ကောင်းမွန်စေပြီး တည်ဆောက်မှုပေးကာ သူတို့ကို သာ၍ကောင်းသောနိုင်ငံသားများဖြစ်စေသည်။ ရိုးသားမှု၊ အလုပ်ကြိုးစားမှုနှင့် ဖြောင့်မှန်သောစာရိတ္တအကျင့်အကြံတို့သည် ယေဟောဝါကိုဝတ်ပြုသူများအတွက် အခြေခံတောင်းဆိုချက်များအဖြစ် အလေးပေးဖော်ပြကြကြောင်း အရာရှိများ တွေ့မြင်ခဲ့ကြသည်။

ယခင်က ဘုရားတရားကြည်ညိုလေးမြတ်သော အမျိုးသမီးတစ်ဦးသည် သက်သေခံဖြစ်လာပြီး သွေးသွင်းရန်ငြင်းဆန်သည့်အခါတွင် သက်သေခံမှုကောင်းတစ်ခုဖြစ်ခဲ့သည်။ ဆရာဝန်များသည် သူမ၏မဆုတ်မနစ်ဇွဲနှင့် သင်ယူတတ်သိထားသည့်ရပ်တည်မှုတို့ကြောင့် ကြက်သေသေခဲ့ကြသည်။ ဤအမျိုးသမီးသည် ကမ္ဘာသားဘဝထာဝရစံစားကြ! ဘရိုရှာ၏ အကူအညီဖြင့် သမ္မာတရားကိုသင်ယူရန် အထောက်အကူရရှိခဲ့သည်။ သူမ၏မိသားစုမှ အတိုက်အခံလုပ်ခြင်းနှင့် ပြောင်လှောင်သရော်ခြင်းများရှိငြား သူမ၏အသက် ၇၀ နီးလာစဉ် ၁၉၉၀ ပြည့်နှစ်တွင် နှစ်ခြင်းခံခဲ့သည်။ နောက်ပိုင်းတွင် သူမ၏ခြေထောက်ကျိုးသွားပြီး အခြားရောဂါများလည်းထပ်ဝင်လာရာ အရေးကြီးသည့်ခွဲစိတ်ကုသမှုကို ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။ သွေးသွင်းဖို့အတွက် ဆရာဝန်များနှင့် ဆွေမျိုးများ၏ဖိအားပေးမှုကို သူမသည် နှစ်ပတ်ကြာကြာ ခုခံတွန်းလှန်ခဲ့သည်။ နောက်ဆုံးတွင် ခွဲစိတ်ကုသမှုအဖွဲ့သည် သွေးမသွင်းဘဲ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့သည်။ ယခုအခါတွင် အနည်းငယ်သာလှုပ်ရှားနိုင်သော်လည်း ဤသစ္စာရှိညီအစ်မသည် နံနက်တိုင်း သူမအိမ်ခြံဝတွင်ထိုင်ကာ မိမိနှင့်အတူလာထိုင်ပြီး နှစ်ခြိုက်ဖွယ်သတင်းကောင်းတချို့ကို နားထောင်ရန် ဖြတ်သန်းသွားလာသူများကို ဖိတ်ခေါ်သည်။

ယနေ့နီပေါနိုင်ငံ

ယနေ့ကော နီပေါတွင် အခြေအနေမည်သို့နည်း။ ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်းရှိ သူတို့၏ညီအစ်ကိုများခံစားရသကဲ့သို့ ဝတ်ပြုကိုးကွယ်မှုအတွက် အတော်အတန်လွတ်လပ်မှုကို ခံစားကြရသည်။ ဥပမေယျတောင်တက်သမား တစ်ဦး (ဝါ) နှစ်ဦးသည် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုတောင်သို့ တက်ရောက်သူများနှင့် စတင်ပူးပေါင်းချိန်မှစ၍ တိုးပွားနေသောလူတို့သည် ‘လာကြ၊ ယေဟောဝါ၏တောင်တော်သို့ တက်သွားကြကုန်အံ့’ ဟု ပြောဆိုခဲ့ကြပြီ။ ၁၉၈၉ ခုနှစ်တွင် ဟောပြောခြင်းလုပ်ငန်း၌ပါဝင်သူ လစဉ်ပျမ်းမျှ ၄၃ ဦးရှိပြီး ထိုနှစ်တွင် ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲတော်သို့ တက်ရောက်သူ ၂၀၄ ဦးရှိသည်။

ထို့နောက် ကတိထားသည့်အတိုင်း ယေဟောဝါသည် မိမိအိမ်တော်သို့ သမ္မာတရားရှာဖွေသူများ စုသိမ်းခြင်းကို စ၍အရှိန်မြှင့်တင်ခဲ့သည်။ (ဟေရှာယ ၆၀:၂၂) များမကြာမီပင် ဒုတိယအသင်းတော်တစ်ခုကို ခတ္တမန္ဒူတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထို့ပြင် ယခုအခါတွင် မြို့တော်အပြင်၌ တသီးတခြားဖြစ်နေသောအုပ်စု နှစ်စုရှိနေသည်။ ၁၉၉၄ ဧပြီလတွင် ၁၅၃ ဦးသောခရစ်ယာန်များ ဟောပြောခြင်းကိုလုပ်ဆောင်နေကြောင်း သတင်းပို့ခဲ့သည်—ငါးနှစ်အတွင်း ၃၅၀ ရာခိုင်နှုန်းခန့်နီးနီးတိုးပွားမှုဖြစ်ခဲ့သည်။ သူတို့သည် စိတ်ဝင်စားသူ ၃၈၆ ဦးနှင့် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပကြသည်။ ၁၉၉၄ ခုနှစ်အောက်မေ့ရာပွဲတွင် တက်ရောက်သူ ၅၈၀ ရှိခဲ့ခြင်းသည်စိတ်လှုပ်ရှားဖွယ်ရာပင်။ အထူးစည်းဝေးနေ့တစ်ခုတွင် ခန်းမဆောင်အပြည့် ၆၃၅ ယောက်တက်ရောက်ပြီး ၂၀ ဦးသည် မိမိတို့ကိုယ်ကို နှစ်ခြင်းအတွက် ပေးဆက်ခဲ့ကြသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ ခံစားကြရသောမဟာတိုးပွားမှုများသည် သေးငယ်သောနီပေါတွင်လည်းဖြစ်ပျက်နေသည်။

မကြာသေးမီနှစ်များက နပါလီစကားဖြင့်ထုတ်ဝေသည့် စာပေစာတမ်းများစွာသည် အကြီးအကျယ်တိုးများခဲ့ရာ နှိမ့်ချသောသူများအား သမ္မာတရားကို ခိုင်ခိုင်မြဲမြဲကိုင်စွဲရန် အကူအညီပေးနေသည်။ ဘာသာပြန်နည်းစနစ်များနှင့် ကွန်ပျူတာအသုံးပြုပုံတို့ကို အိန္ဒိယဌာနခွဲတွင် လေ့ကျင့်ခြင်းခံရသည့် ဘာသာပြန်များသည် ယခုအခါတွင် ခတ္တမန္ဒူ၌ အချိန်ပြည့်အမှုထမ်းနေကြသည်။ တိုးချဲ့မှုအတွက် ပြင်ဆင်ပြီးဖြစ်သည့် နီပေါသီအိုကရက်တစ် တောင်တက်သမားများသည် ရွေ့လျားနေကြသည်!

ဟိမဝန္တာတောင်တန်းထက်မြင့်သော တောင်ကိုတက်ခြင်း

အသင်လည်း ဟိမဝန္တာတောင်တန်းထက်မြင့်သောတောင်ကို တက်ခြင်းတွင် ပျော်မွေ့နိုင်ပါသည်။ ဤသို့တက်ခြင်းသည် နီပေါတွင်ရှိသည့်သူများနှင့်လောက်သာ ပူးပေါင်းနေခြင်းမဟုတ်ဘဲ “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာသည့် သန်းနှင့်ချီသောသူများနှင့်ပါ ပူးပေါင်းဖြစ်မည်ဖြစ်သည်။ (ဗျာဒိတ် ၇:၉) သူတို့နှင့်အတူ သင်သည် နီပေါတွင်ရှိသူများကဲ့သို့ ရင်သပ်ရှုမောဖွယ်တောင်များအား ဖန်ဆင်းတော်မူသည့်အရှင်၏သွန်သင်မှုကို ခံစားရမည်ဖြစ်သည်။ ဖန်ဆင်းရှင်သည် “လူမျိုးတို့တွင် တရားစီရင်” သည်ကို သင်တွေ့မြင်မည်ဖြစ်ပြီး သန့်စင်ထားပြီးလှပသောကမ္ဘာတွင် ထာဝစဉ်အသက်ရှင်ရန် သင်မျှော်လင့်စောင့်စားနိုင်မည်ဖြစ်သည်။—ဟေရှာယ ၂:၄။

[စာမျက်နှာ ၂၄ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ခတ္တမန္ဒူမြို့

ဧဝရက် တောင်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ခတ္တမန္ဒူမြို့တွင်ရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမအပြင်ဘက်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

များစွာသောနပါလီတို့သည် ကျမ်းစာသင်အံမှုများပြုခြင်းမှ အကျိုးရရှိနေကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ