စီးပွားရေးကျပ်တည်းသော အချိန်များတွင် တစ်ကိုယ်ရေနေခြင်း
“အသက် ၂၅ နှစ်အရွယ်တုန်းက ကျွန်တော်အိမ်ထောင်ပြုချင်လိုက်တာ” ဟု ချူးခ်စ်အမည်ရှိ အနောက်အာဖရိကတွင် နေထိုင်သူတစ်ဦးကဆိုခဲ့သည်။ “ကျွန်တော့်မှာ ရည်စူးထားတဲ့မိန်းကလေးတစ်ယောက် ရှိတယ်။ သူလေးကလည်း ကျွန်တော့်ကိုစိတ်ဝင်စားခဲ့တယ်။ ပြဿနာကတော့ ငွေကြေးပဲဗျာ။ အဖေနဲ့အကိုက အလုပ်မရှိအကိုင်မရှိ၊ ညီ၊ ညီမလေးတွေကလည်း ကျောင်းနေတုန်း။ ပြီးတော့ပိုဆိုးတာက မိဘတွေက ဖျားနာလာပြီး အဲ့ဒါကနေ ဆေးဖိုးအတွက် အပိုငွေထပ်ရှာရခြင်းပါပဲ။”
ယေဟောဝါသက်သေတစ်ယောက်ဖြစ်သော ချူးခ်စ်က ဇနီးတစ်ယောက်ကိုမထောက်ပံ့နိုင်ဘဲ အိမ်ထောင်မပြုလိုပါ။ ၁ တိမောသေ ၅:၈ တွင်တွေ့ရသောပေါလု၏ဤစကားကို ဂရုပြုမှတ်သားထားသည်– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။”
“ကျွန်တော်သဲသဲမဲမဲကြိုးစားတယ်၊ ဒါပေမဲ့ ငွေကဘယ်တော့မှ မလောက်နိုင်ဘူး။ ရလဒ်ကတော့ဗျာ ကျွန်တော့်ရဲ့အိမ်ထောင်ပြုမယ့် စီမံကိန်းတွေလည်း အချိန်ဆွဲပြီးရင်းဆွဲရင်းပဲ။ နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က သူမကိုလက်ထပ်ယူဖို့ သူမရဲ့အဖေကို ချဉ်းကပ်ခဲ့ကြောင်း သူလေးဆီက စာတစ်စောင်ရခဲ့ပါတော့တယ်။ ဖခင်ဖြစ်သူက သဘောတူခဲ့တယ်။ သူလေးရဲ့စာရောက်လို့ ရက်အနည်းငယ်အကြာမှာ ဒီမိသားစုစေ့စပ်ပွဲလုပ်လိုက်ကြတယ်ဗျာ” ဟု ချူးခ်စ်က ဆက်ပြောခဲ့သည်။
ချူးခ်စ်ကဲ့သို့ ခရစ်ယာန်အမျိုးသားများစွာသည် သူတို့၏အိမ်ထောင်ရေးစီမံကိန်းများ ပျက်ပြားသွားခြင်း သို့တည်းမဟုတ် ဆိုးရွားသောစီးပွားရေးအခြေအနေများကြောင့် အချိန်ဆွဲထားရခြင်းတို့ကို တွေ့ကြုံခဲ့ရသည်။ နိုင်ငံများစွာတွင် အဆမတန်ငွေကြေးဖောင်းပွနေသည်။ ဥပမာ၊ ဗဟိုအာဖရိကနိုင်ငံတစ်ခုတွင် ကုန်ဈေးနှုန်းသည် တစ်နှစ်အတွင်း ၈,၃၁၉ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပြီကော! အချို့နိုင်ငံများတွင် အလုပ်ရဖို့ခက်သည်။ လုပ်ခသည် အလွန်နည်းလှရကား ဇနီးနှင့်သားသမီးများကို ထောက်ပံ့ဖို့မဆိုထားနှင့် ကိုယ့်ကိုယ်ကိုထောက်ပံ့ဖို့အတွက်ပင်ခက်သည်မှာ မကြာခဏပင်။ နိုင်ဂျီးရီးယားနိုင်ငံတွင်ရှိ လူငယ်တစ်ဦးအား စက်ရုံတစ်ရုံတွင် အလုပ်ဌာနသို့ အသွားအပြန် တစ်လဘတ်စကားခထက်ပင်နည်းသည့် တစ်လ ၁၇ ဒေါ်လာသာပေးသည့် အလုပ်တစ်ခုကို သူ့အားကမ်းလှမ်းခဲ့ကြောင်း ညည်းတွားခဲ့သည်!
တစ်ကိုယ်ရေခရစ်ယာန်အမျိုးသမီးများစွာသည်လည်း မိမိတို့၏အိမ်ထောင်ရေးစီမံကိန်းများကို ပျက်ပြားစေသည့် ဤစီးပွားရေးအခက်အခဲများကို တွေ့ကြုံနေရကြသည်။ များသောအားဖြင့် သူတို့သည် မိသားစုဝင်များကို ထောက်ပံ့ဖို့အတွက် အလုပ်လုပ်ကြရသည်။ တချို့တစ်ကိုယ်ရေအမျိုးသားများသည် ဤသို့သောအခြေအနေများအောက်တွင် အိမ်ထောင်ပြုလိုက်ပါက ဇနီးတစ်ယောက်အတွက်သာမကဘဲ သူမ၏မိသားစုအတွက်ပါ အလုံအလောက်ထောက်ပံ့ရန် ရှာဖွေဖို့လိုမည်ကို နားလည်ထားကြပြီး ယင်းအခြေအနေကိုတွေ့ မြင်ကြသဖြင့် အိမ်ထောင်ပြုရန်နောက်တွန့်နေကြသည်။ တက္ကသိုလ်ဘွဲ့ရ အိုင်ရိုသည် သူမကိုယ်တိုင်အတွက်၊ မိခင်နှင့် မောင်ညီမလေးများအတွက် ထောက်ပံ့ဖို့ ရုန်းကန်နေရသည်။ “ကျွန်မအိမ်ထောင်ပြုချင်တယ်။ ဒါပေမဲ့လည်း တခြားသူတွေက ကျွန်မရဲ့အဆွယ်အပွား တစ်ပြုံတစ်မကြီးကို လာတွေ့သွားတဲ့အခါ သူတို့ဟာ ခြေကုန်သုတ်တော့တာပဲရှင်” ဟုသူမညည်းတွားသည်။
ငွေရေးကြေးရေးအခက်အခဲများကြားမှ အိမ်ထောင်မရှိသောခရစ်ယာန်များစွာသည် အိမ်ထောင်ပြုပြီး သားသမီးများမွေးဖွားဖို့ ဆွေမျိုးဉာတိများနှင့် အခြားသူများ၏ ဖိအားပေးမှုကို ခံနေရကြသည်။ တစ်ခါတစ်ရံ ဤဖိအားပေးမှုသည် ပြက်ရယ်ပြုသည့်ပုံစံမျိုးနှင့်ဖြစ်တတ်သည်။ ဥပမာ အာဖရိကဒေသတချို့တွင် အရွယ်ရောက်သူတစ်ယောက်အား နှုတ်ဆက်သည့်အခါ သူ သို့မဟုတ် သူမ၏ကြင်ဖော်နှင့် သားသမီးများ၏ သာကြောင်းမာကြောင်းတို့ကိုမေးမြန်းခြင်းသည် ထုံးစံဖြစ်သည်။ ရံဖန်ရံခါဆိုသလို ဤသို့သောနှုတ်ဆက်ခြင်းမျိုးကို အိမ်ထောင်သည်မဟုတ်သူများအား နောက်ပြောင်ရန် အသုံးပြုကြသည်။ အသက် ၅၀ နီးပါးရှိနေပြီဖြစ်သော ဂျွန်ကဤသို့ဆိုသည်– “လူတွေက ကျွန်တော့်ကို ကျီစယ်ပြီး ‘ခင်ဗျားရဲ့ဇနီး မာပါရဲ့နော်လို့ ပြောတဲ့အခါ’ ကျွန်တော်ပြန်ဖြေတာကတော့ ‘သူလာလိမ့်မယ်’ လို့ပဲ။ အမှန်တရားကတော့ သူမကိုမှ ကျွန်တော်မထောက်ပံ့နိုင်ဘဲ မိန်းမဘယ်လိုလုပ်ပြီး ယူနိုင်မှာလဲဗျာ။”
ဂျွန်နှင့် သူကဲ့သို့သော မရေမတွက်နိုင်သည့်အခြားသူများအတွက် ဤအခြေအနေကို ယူရူဗားပညာရှိစကားက ဤသို့အကျဉ်းချုံးခဲ့သည်– “အလျင်စလိုအိမ်ထောင်ပြုခြင်းသည် ဝါကြွားစရာမဟုတ်; အခက်အခဲမှာ စားစရိတ်ဖြစ်သည်။”
သင့်အခြေအနေကို အကောင်းဆုံးဖြစ်စေပါ
ကျွန်ုပ်တို့သည် ဖြစ်မလာသည့်အရာတစ်ခုခုကို တမ်းတသောအခါ စိတ်ဓာတ်ကျဖို့မည်မျှလွယ်ကူလိုက်သည်ဖြစ်ခြင်း။ နယပုံပြင် ၁၃:၁၂ တွင်ဤသို့ဆိုသည်– “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကိုပူပန်စေတတ်၏။” သင်သည် အိမ်ထောင်ပြုရန် လိုလားတောင့်တမည်ဖြစ်သော်လည်း ဤသို့ပြုရန် ငွေကြေးအဆင်မပြေပါက ဤနှယ်သင်ခံစားရကောင်း ခံစားရမည်။ သင်သည်တမန်တော်ပေါလုဖော်ပြသည့် “ကာမဂုဏ်ကိုမချုပ်တည်းနိုင်” သူအဝင်တစ်ဦးဖြစ်ပါက ယင်းမှာအထူးသဖြင့်မှန်ကန်သည်။—၁ ကောရိန္သု ၇:၉။
ကိုင်တွယ်ခြင်းသည် လွယ်လွယ်ကူကူဖြစ်ချင်မှဖြစ်မည်၊ သို့သော် သင်ခံရပ်ရန် လုပ်ဆောင်နိုင်သည့်အရာများရှိပြီး သင့်အခြေအနေတွင် ပျော်ရွှင်မှုကိုပင် တွေ့ရှိနိုင်သည်။ အိမ်ထောင်သည်တစ်ယောက်မဟုတ်သော ယေရှုသည် မျှော်လင့်ထားသည့်အရာ ဖင့်နွှဲခြင်းမှထွက်ပေါ်လာသော စိတ်ပျက်မှုကိုကျော်လွှားရန် သင့်အားထောက်ကူနိုင်သည့် လက်တွေ့ကျသောကျမ်းစာမူတစ်ခုကို ချမှတ်ခဲ့သည်။ ကိုယ်တော်ဤသို့မိန့်ဆိုသည်– “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။”—တမန်တော် ၂၀:၃၅၊ ကဘ။
သင်သည် သင့်မိသားစုအတွက်လည်းကောင်း၊ အသင်းတော်တွင်ရှိအခြားသူများအတွက်လည်းကောင်း ကောင်းမှုများကိုလုပ်ဆောင်ခြင်းဖြင့် ယင်းကိုလက်တွေ့ကျင့်သုံးနိုင်သည်။ သင်သည် ခရစ်ယာန်ဓမ္မအမှု၌ သင့်လုပ်ဆောင်မှုကိုလည်း တိုးပွားကောင်းတိုးပွားစေနိုင်သည်။ သင်သည် ကိုယ်ကျိုးမဖက်ပေးကမ်းခြင်း၌ အပြည့်အဝဇောက်ချလုပ်ကိုင်ပါက မိမိသည် ‘စိတ်နှလုံးတည်ကြည်ခြင်းရှိ၍ ကိုယ်စိတ်အလိုကိုချုပ်တည်းနိုင်’ သူဖြစ်လာကြောင်း သင်တွေ့ရှိရပေမည်။—၁ ကောရိန္သု ၇:၃၇။
အိမ်ထောင်သည်မဟုတ်သည့် အခြားပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော တမန်တော်ပေါလုက အထောက်အကူပြုသည့် ဤအကြံပေးချက်ကို ရေးသားခဲ့သည်– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။” (ဧဖက် ၅:၁၅၊ ၁၆) အိမ်ထောင်သည်မဟုတ်သည့် များစွာသောခရစ်ယာန်တို့သည် ဆုတောင်းခြင်းအားဖြင့် ယေဟောဝါရှင်ထံတော်သို့ သာ၍နီးကပ်ခြင်း၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာခြင်းနှင့် ခရစ်ယာန်စည်းဝေးများ၌ပါဝင်ခြင်းအားဖြင့် မိမိတို့၏အချိန်ကိုအသုံးပြုကြသဖြင့် ‘သူတို့၏စိုးလ်များလန်းဆန်းသွား’ သည်ကို တွေ့ရှိခဲ့ကြရသည်။ (မဿဲ ၁၁:၂၈-၃၀) သင်သည် ဤသို့ပြုပါမူ ခက်ခဲသောစီးပွားရေးအခြေအနေတစ်ခုကို ပို၍အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်။ ယင်းကသင့်အား သာ၍ကြွယ်ဝသောဝိညာဉ်ရေးကို ထင်ရှားပြရန်လည်းထောက်ကူမည်ဖြစ်ပြီး နောက်ဆုံးတွင် သင်အိမ်ထောင်ပြုလိုက်ပါက သာ၍ကောင်းသောလင်သား (ဝါ) ဇနီးသည်ဖြစ်စေမည်။
ယေဟောဝါသည် မိမိထံအမှုထမ်းသူ ရှိရှိသမျှတို့ကိုဂရုစိုက်တော်မူကြောင်း ဘယ်တော့မျှမမေ့ပါနှင့်။ ကိုယ်တော်သည် သင်ခံစားနေရသည့် ပြဿနာများနှင့် အခက်အခဲများကို သိရှိပါသည်။ ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ခမည်းတော်သည် ဝိညာဏနှင့် စိတ်လှုပ်ရှားမှုနှစ်တန်စလုံးနှင့် ပတ်သက်၍ ရေရှည်၌ သင့်အတွက်အဘယ်အရာ အကောင်းဆုံးဖြစ်သည်ကိုလည်း သိတော်မူသည်။ သင့်အသက်တာတွင် ကိုယ်တော်၏ဤနှုတ်ကပါဌ်တော်မူများကို သည်းခံလျက်လက်တွေ့ကျင့်သုံးပါက ကိုယ်တော်သတ်မှတ်ထားချိန်တွင် သက်သာရာကိုရရှိစေမည်ဖြစ်ပြီး သင့်လိုအပ်ရာများကို ကျေနပ်နှစ်သိမ့်စေမည်ဖြစ်ကာ သင့်ထာဝရကောင်းကျိုးအတွက်ဖြစ်သည့်နည်းဖြင့် လိုအင်ဆန္ဒပြည့်ဝစေမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။ ကျမ်းစာဤသို့အာမခံထားသည်– “ထာဝရဘုရားသည် . . . ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။”—ဆာလံ ၈၄:၁၁။
ကိစ္စရပ်များနှင့်ပတ်သက်၍ အပြုသဘောဖြင့်ရှုမြင်
တစ်ကိုယ်ရေဖြစ်ခြင်း၌ တိကျရေရာသည့် အခွင့်ထူးများရှိကြောင်းကိုလည်း စိတ်တွင်စွဲမှတ်ထားပါ။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား သာ၍ကောင်းစွာပြု၏။”—၁ ကောရိန္သု ၇:၃၈။
တစ်ကိုယ်ရေနေခြင်းသည် အိမ်ထောင်ပြုခြင်းထက် အဘယ်ကြောင့် “သာ၍ကောင်း” သနည်း။ ပေါလုဤသို့ရှင်းပြသည်– “ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏စိတ်တော်နှင့်တွေ့စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့်တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။ ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသောမိန်းမသည် ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသောမိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား မိမိခင်ပွန်း၏စိတ်နှင့်တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။”—၁ ကောရိန္သု ၇:၃၂-၃၄။
တစ်နည်းပြောရလျှင် အိမ်ထောင်သည်ခရစ်ယာန်များသည် မိမိတို့အိမ်ထောင်ဖက်များ၏လိုအပ်ရာများ၊ နှစ်သက်ရာများ၊ မနှစ်သက်ရာများနှင့်ပတ်သက်၍ အမှန်ပင်ပူပန်ကြရသည်။ သို့သော်တစ်ကိုယ်ရေခရစ်ယာန်များမူ ယေဟောဝါ၏လုပ်ငန်းတော်တွင် သာ၍စူးစူးစိုက်စိုက် အာရုံစိုက်နိုင်ကြသည်။ အိမ်ထောင်သည်ခရစ်ယာန်များနှင့် နှိုင်းစာကြည့်လျှင် တစ်ကိုယ်ရေခရစ်ယာန်များသည် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှာ” သာ၍ကောင်းသောအခြေအနေတွင် ရှိသည်။—၁ ကောရိန္သု ၇:၃၅။
တစ်ကိုယ်ရေခရစ်ယာန်များသည် စိတ်ရှုပ်ထွေးခြင်းမရှိဟု ပေါလုပြောနေခြင်းမဟုတ်ပါ။ သင်သည် စီးပွားရေးပြဿနာများနှင့်ဝန်ပိလာသည့်အခါ သင့်ဓမ္မအမှုမှ စိတ်ရှုပ်ထွေးသွားရန် ခြိမ်းခြောက်သည့် ကိစ္စရပ်များစွာရှိပါလားဟု သင်ခံစားရပေမည်။ မည်သို့ပင်ဖြစ်ပါစေ ဘုရားသခင်ထံအမှုထမ်းဖို့ တစ်ကိုယ်ရေလွတ်လပ်မှုသည် အိမ်ထောင်သည်တွင် ရှိသည်ထက် အိမ်ထောင်သည်မဟုတ်သော အမျိုးသား (ဝါ) အမျိုးသမီးတို့တွင် သာ၍ရှိပါသည်။
တစ်ကိုယ်ရေနေခြင်းကို သာ၍ကောင်းသောလမ်းစဉ်အဖြစ် ထောက်ခံနေစဉ် တမန်တော်ပေါလုက အိမ်ထောင်ပြုခြင်းသည် မှားပါသည်ဟုမဆိုခဲ့ပါ။ သူဤသို့ရေးခဲ့သည်– “သင်သည် အိမ်ထောင်ပြုလျှင်မူကား အပြစ်ရှိသည်မဟုတ်။” သို့ရာတွင် သူဤသို့သတိပေးသည်– “ထိုသို့ပြုသောသူတို့၌ ကာယဒုက္ခရောက်လိမ့်မည်။”—၁ ကောရိန္သု ၇:၂၈၊ သမ။
ဤသို့ ဖြင့် သူဘာဆိုလိုခဲ့သနည်း။ အိမ်ထောင်ပြုခြင်းသည် ပူပန်သောကများ ဒွန်တွဲပါလာစေသည်။ စီးပွားရေးခက်ခဲကျပ်တည်းသောအချိန်များ၌ ဤကဲ့သို့သောဒုက္ခတွင် ဇနီးနှင့်သားသမီးကို ကျွေးမွေးပြုစုဖို့နှင့်ပတ်သက်၍ ဖခင်ဖြစ်သူ၏စိုးရိမ်ပူပန်မှုပါဝင်ပေမည်။ ဖျားနာမှုကလည်း ငွေကြေးနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို မိသားစုပေါ်သို့ ထပ်၍ဝန်လေးစေသည်။
ထို့ကြောင့် သင့်အခြေအနေက သင်ဖြစ်ချင်သလိုဖြစ်မလာသော်လည်း သင်အိမ်ထောင်ပြုပြီး သားသမီးတာဝန်ယူရသောအခါတွင်ရှိမည့် အခြေအနေထက် သာ၍ကောင်းသောအခြေအနေတွင် သင်ရှိပေမည်။ ယခုသင်ရင်ဆိုင်ရသည့်အခက်အခဲများသည် ခဏယာယီသာဖြစ်ပါသည်; ယင်းတို့ကို ဘုရားသခင့်စနစ်သစ်တွင် ပျောက်ကွယ်သွားမည်ဖြစ်ပြီး တချို့မူမကြာမီပျောက်ကွယ်ကောင်းပျောက်ကွယ်နိုင်ပါသည်။—ဆာလံ ၁၄၅:၁၆ နှိုင်းယှဉ်။
သင့်ဓမ္မအမှုကို သင်တိုးချဲ့နိုင်သလော
လူတိုင်းမလုပ်နိုင်သော်လည်း အချို့တို့သည် ငွေကြေးပြဿနာများရှိသည့်ကြားမှ အချိန်ပြည့်လုပ်ငန်းသို့ ဝင်ရောက်နိုင်ခဲ့ကြပြီ။ အစောပိုင်းတွင်ဖော်ပြခဲ့သော ချူးခ်စ်သည် သူ၏မိသားစုကိုထောက်ပံ့ဖို့အတွက် စာရေးကိရိယာအရောင်းအဝယ်လုပ်သည်။ သူ့အိမ်ထောင်ရေးစီမံကိန်းပျက်ပြားသွားသည့် မရှေးမနှောင်းအချိန်လောက်တွင် ဒေသခံကင်းမျှော်စင်အသင်း ဌာနခွဲရုံး၌ယာယီဆောက်လုပ်ရေး လုပ်ဆောင်ဖို့ သူ့အားဖိတ်ခေါ်သည့်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ငွေနှင့်ပတ်သက်၍ ပူပန်နေသောသူ့အကိုက သွားချင်စိတ်မရှိတော့အောင် သူ့အားစိတ်ပျက်အောင်လုပ်ခဲ့သည်။ သို့သော် ချူးခ်စ်က ယေဟောဝါရှင်သည် သူ၏စာရေးကိရိယာလုပ်ငန်းကိုတည်ထောင်ဖို့ ထောက်မခဲ့ပြီဖြစ်ရာ မိမိသည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားပြီး ထောက်ပံ့မှုအတွက် ဘုရားသခင်၏အစွမ်းကို ယုံကြည်ကိုးစားသင့်ကြောင်း ဆင်ခြင်ခဲ့သည်။ (မဿဲ ၆:၂၅-၃၄) ထို့အပြင် ယင်းသည် သုံးလတာအချိန်ပိုင်းလေးမျှဖြစ်ကြောင်း စဉ်းစားမိခဲ့သည်။
ချူးခ်စ်သည် ဖိတ်ခေါ်ချက်ကိုလက်ခံလိုက်ပြီး သူ၏အကိုအား လုပ်ငန်းကို လွှဲပေးလိုက်သည်။ ခြောက်နှစ်ကြာပြီးနောက် အချိန်ပြည့်လုပ်ငန်းတော်တွင်တည်မြဲနေသည့် ချူးခ်စ်သည် ခရစ်ယာန်အသင်းတော်တွင် အကြီးအကဲတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ပြုရန် ငွေရေးကြေးရေး အရန်သင့်ရှိနေသည်။ သူ၏အသက်တာတွင် ဖြစ်ခဲ့ရာများကြောင့် ယူကျုံးမရဖြစ်ပါသလော။ ချူးခ်စ်ကဤသို့ဆိုသည်– “ကျွန်တော်အိမ်ထောင်ပြုချင်တုန်းက မပြုနိုင်တဲ့အခါ စိတ်ပျက်မိတယ်ဗျာ။ ဒါပေမဲ့ကိစ္စရပ်တွေဟာ အကောင်းဆုံးဖြစ်ပျက်ခဲ့တာပါပဲ။ ကျွန်တော်ဟာ ဟိုအချိန်တုန်းက အကယ်၍အိမ်ထောင်ကျပြီး မိသားစုနဲ့ဖြစ်နေရင် ကျွန်တော်ခံစားခဲ့ရတဲ့လုပ်ငန်းတော်ရဲ့ ရွှင်လန်းမှုများနဲ့ အခွင့်ထူးတွေကို ခံစားချင်မှခံစားရမှာ။”
အနာဂတ်အတွက်စိတ်ချလုံခြုံမှု
ခက်ခဲသည့်အချိန်များတွင် များစွာသောသူတို့သည် အနာဂတ်ငွေကြေးအခက်အခဲများမှ အကာအကွယ်အဖြစ် အိမ်ထောင်ရေးစိတ်ချလုံခြုံမှုကို ရှာဖွေကြသည်။ အချို့နိုင်ငံများသည် အကြွေးနစ်နေပြီး သက်ကြီးဝါကြီးများကို အကူအညီ မဖြစ်စလောက်ပေးသည် (ဝါ) လုံးဝမပေးပါ။ သို့ဖြစ်သောကြောင့် မိဘများသည် အသက်အရွယ်အိုမင်းသောအခါ မိမိတို့အားထောက်ပံ့ရန် မိမိတို့၏မိသားစုဝင်များနှင့် အထူးသဖြင့် သားသမီးများအပေါ် အားကိုးလေ့ရှိကြသည်။ ရလဒ်အနေနှင့် တစ်ကိုယ်ရေအမျိုးသားအမျိုးသမီးများသည် မိမိတို့၏ငွေကြေးအခြေအနေမှာ မသေချာမရေရာသောအချိန်၌ပင် အိမ်ထောင်ပြုဖို့ဖိအားပေးခြင်းကို ခံရလေ့ရှိသည်။
သို့ရာတွင် အိမ်ထောင်ပြုပြီး သားသမီးမွေးဖွားခြင်းသည် စိတ်ချလုံခြုံမှုအတွက် အာမခံချက်မဟုတ်ပါ။ အချို့သောလောကီကလေးများသည် သက်ကြီးရွယ်အိုမိဘများကို ဂရုစိုက်ပြုစုလိုစိတ်မရှိကြပါ၊ အခြားသူများမူ ဂရုမစိုက်နိုင်ကြပါ၊ အခြားသူများကျပြန်လျှင် မိဘများမကွယ်လွန်မီ ကွယ်လွန်သွားကြသည်။ ခရစ်ယာန်များသည် ဘုရားသခင်၏ဤကတိတော်ကို စိတ်တွင်ထားပြီး စိတ်ချလုံခြုံမှုအတွက် အခြားတွင်အဓိကရှာဖွေကြသည်– “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား။”—ဟေဗြဲ ၁၃:၅။
ယေဟောဝါထံအချိန်ပြည့်အမှုထမ်းရန် အိမ်ထောင်ရေးကို အချိန်ဆွဲထားကြသူများသည် စွန့်ပစ်ထားခြင်းမခံခဲ့ရကြပါ။ ခရစ္စတီယန်းနားသည် တစ်ကိုယ်ရေဖြစ်ပြီး ၃၂ နှစ်အရွယ်ရှိသည်။ သူမသည် လွန်ခဲ့သည့်ကိုးနှစ်ကတည်းက နိုင်ဂျီးရီးယားတွင် မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့ပြီ။ သူမဤသို့ဆိုသည်– “ကျွန်မဟာ မိမိရဲ့ကျေးကျွန်ကို ဘယ်တော့မျှစွန့်ပစ်မှာမဟုတ်ကြောင်း ကတိပေးထားတဲ့ ယေဟောဝါကိုယုံကြည်ကိုးစားတယ်။ ကိုယ်တော်ရဲ့ကတိတော်တွေဟာ ကျွန်မရဲ့ယုံကြည်စိတ်ချရာဖြစ်ပါတယ်။ ယေဟောဝါဟာ ကျွန်မရဲ့ဝိညာဏနဲ့ရုပ်ပစ္စည်းနှစ်တန်စလုံးကို ဂရုစိုက်ပေးပါတယ်။ ကိုယ်တော်ဟာ တကယ့်ကိုရက်ရောတဲ့ဖခင်တစ်ယောက်ဖြစ်ကြောင်း သက်သေထူခဲ့ပါတယ်။ ဥပမာပြရရင် ကျွန်မဟာ ရှေ့ဆောင်လုပ်ဖို့ သက်သေခံပိုပြီးလိုအပ်တဲ့ဒေသတစ်ခုကို ပြောင်းရွှေ့သွားပါတယ်။ အဲ့ဒီမှာ သက်သောင့်သက်သာဖြစ်မှု အနည်းငယ်သာရှိပေမဲ့လည်း ကျင့်သားရအောင် ကျွန်မသင်ယူခဲ့ရပါတယ်။ ကျွန်မဟာ တိုက်ဖတ်ရောဂါကြောင့်ဆေးရုံတက်နေရတဲ့အချိန်မှာ နဂိုကျွန်မရဲ့အသင်းတော်က ညီအစ်ကိုတွေက ကျွန်မဆီလာပြီးအားပေးကူညီကြပါတယ်။
“ကျွန်မဟာ အချိန်ပြည့်လုပ်ငန်းတော်မှာ အကြီးအကျယ်စိတ်ကျေနပ်မှုရပါတယ်။ အဲ့ဒီလုပ်ငန်းတော်ကို စကြဝဠာဖန်ဆင်းရှင်နဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုညီအစ်မများနဲ့အတူတကွ လုပ်ဆောင်နေရတဲ့ မြင့်မြတ်တဲ့အခွင့်ထူးအဖြစ် ရှုမြင်ပါတယ်။ ကျွန်မဟာ သူတို့ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာများကြောင့် စိတ်ဓာတ်ကျဆင်းပြီး မျှော်လင့်ချက်မဲ့နေတဲ့လူငယ်မြောက်မြားစွာကို တွေ့ရပါတယ်။ ကျွန်မအတွက်ကတော့ ကျွန်မရဲ့အသက်တာဟာ အဓိပ္ပာယ်ရှိပါတယ်; ယုံကြည်စိတ်ချမှုနဲ့ အနာဂတ်ကို ကျွန်မရှုမျှော်ပါတယ်။ ကျွန်မတို့ဒီကနေ့ရင်ဆိုင်နေရတဲ့ပြဿနာများအတွက် အကောင်းဆုံးဖြေရှင်းနည်းဟာ ယေဟောဝါနဲ့အနီးကပ် ရှိနေခြင်းဖြစ်တယ်ဆိုတာကို ကျွန်မသိပါတယ်။”
သင်သည် အိမ်ထောင်ပြုရန် တောင့်တနေသော်လည်း စီးပွားရေးအခက်အခဲများကြောင့် အပြုနိုင်ဘဲဖြစ်နေပါက အားယူပါ! သင်တစ်ယောက်တည်းမဟုတ်ပါ။ ယေဟောဝါရှင်၏ထောက်မမှုနှင့်အတူ အလားတူစုံစမ်းခြင်းများကို ခံရပ်နေကြသည့် သူများမြောက်မြားစွာရှိပါသည်။ အခြားသူများအတွက် ကောင်းကျိုးပြုရန်သင့်ကိုယ်သင် အသုံးတော်ခံခြင်းနှင့် သင့်ဝိညာဉ်ရေးကို တိုးတက်နေစေခြင်းတို့အားဖြင့် သင်၏အခြေအနေကို အကောင်းဆုံးဖြစ်စေပါ။ ဘုရားသခင်ထံချဉ်းကပ်ပါ; ကိုယ်တော်သည် သင့်ကိုအမှန်ပင်ဂရုစိုက်တော်မူသောကြောင့် ထောက်မပါလိမ့်မည်။—၁ ပေတရု ၅:၇။