ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၇/၁ စာ. ၅-၈
  • အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆက်နွှယ်ခြင်းပြဝါဒ၏အခ
  • အမှန်တရားကား အဘယ်နည်း
  • လုပ်ဆောင်သော အမှန်တရား
  • မည်သည့်အခကိုမဆို ပေးထိုက်သော ဘဏ္ဍာ
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “အမှန်တရားလမ်းမှာ လျှောက်ပါ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အမှန်တရား၏ဘုရားသခင်ကို တုပခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ‘အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၇/၁ စာ. ၅-၈

အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း

ဘာသာရေးအဖွဲ့အစည်း မြောက်မြားစွာတို့က သူတို့၌ အမှန်တရားရှိထားသည်ဟု ဆိုကြပြီး သူတစ်ပါးအား စိတ်အားထက်သန်စွာ ပေးဝေကြသည်။ သို့ရာတွင် သူတို့အချင်းချင်း၌မူ စိတ်ရှုပ်ထွေးစရာ ကောင်းသော “အမှန်တရားများ” ကို ပေးဝေနေကြသည်။ ဤအချက်က အမှန်တရားရှိသမျှသည် နှိုင်းရသဘောသာဖြစ်ကြောင်း၊ အကြွင်းမဲ့အမှန်တရားဟူ၍မရှိကြောင်း ထင်ရှားစေသည့် အခြားသာဓကတစ်ခုမျှသာလော။ မဟုတ်ပါ။

အမှန်တရားသည် အကန့်အသတ်ဖြင့်သာဖြစ်သည်ဟု ဉာဏ်ထက်သူများပင်လျှင် တစ်ခါတစ်ရံပြောဆိုတတ်ကြသည့်အတွက် ပါမောက္ခ ဗွီ. အာရ်. ရုဂျီရိုက အံ့အားသင့်ရကြောင်း သူ၏ စဉ်းစားတွေးတောရေးအတတ်စာအုပ်တွင် ရေးသားဖော်ပြထားသည်။ သူက ဤသို့ဆင်ခြင်သုံးသပ်ထားသည်– “လူတိုင်း ကိုယ့်အမှန်တရား ကိုယ်သတ်မှတ်မည်ဆိုလျှင် မည်သူ့အယူအဆမဆို အခြားတစ်ဦး၏အယူအဆထက် သာ၍ကောင်းနိုင်မည်မဟုတ်ပါ။ အားလုံး တစ်မျိုးတစ်တန်းစားတည်းဖြစ်ပေမည်။ အယူအဆအားလုံး တစ်မျိုးတစ်တန်းစားတည်းဖြစ်မည်ဆိုလျှင် အဘယ်အကြောင်းအရာကိုမဆို လေ့လာဆည်းပူးခြင်းသည် အဘယ်အကျိုးရှိမည်နည်း။ ရှေးဟောင်းသမိုင်းဝင်ပစ္စည်း ရှာဖွေလေ့လာရေးပညာဆိုင်ရာမေးခွန်းများအတွက် အဖြေရလို၍ အဘယ်ကြောင့် မြေကြီးကိုတူးဖော်ရသနည်း။ အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ၏အကြောင်းရင်းကို အဘယ်ကြောင့်လေ့လာစစ်ဆေးနေရသနည်း။ ကင်ဆာပျောက်ဆေးကိုတွေ့ရှိရန် အဘယ်ကြောင့်သုတေသနပြုနေရသနည်း။ ဂလက်ဆီကြယ်စုကြီးကို အဘယ်ကြောင့် စူးစမ်းရှာဖွေလေ့လာနေရသနည်း။ အဖြေအချို့သည် အခြားအဖြေများထက် သာ၍ကောင်းမည်၊ အမှန်တရားသည် တစ်ဦးချင်းစီ၏ရှုထောင့်နှင့် ခြားနားပြီး မသက်ဆိုင်မှသာလျှင် ဤလုပ်ငန်းရပ်များသည် အဓိပ္ပာယ်ရှိမည်ဖြစ်သည်။”

အမှန်မှာ အမှန်တရားမရှိဟူ၍ စင်စစ်အားဖြင့် မည်သူမျှမယူမှတ်ပါ။ ဆေးဝါး၊ သင်္ချာ သို့မဟုတ် ရူပနိယာမတရား အစရှိသည့် ရူပဖြစ်ရပ်မှန်များနှင့်စပ်လျဉ်းလာလျှင် ဆက်နွှယ်ခြင်းပြဝါဒကို အထောက်ခံဆုံးသူပင် မှန်ကန်သောအကြောင်းအရာအချို့ရှိသည်ဟု လက်ခံယုံကြည်ရပါလိမ့်မည်။ အယ်ရိုဒိုင်နမစ်နိယာမတရားသည် တိကျမှန်ကန်သည်ဟုမယုံနိုင်လျှင် အဘယ်သူသည် လေယာဉ်ပျံကို စီးဝံ့မည်နည်း။ ယုံကြည်စိတ်ချရသည့် အမှန်တရားများတကယ်ပင်ရှိသည်; ယင်းတို့သည် ကျွန်ုပ်တို့ကိုဝန်းရံထားသည်၊ ယင်းတို့ကို ကျွန်ုပ်တို့ မှီခိုအားထားကြသည်။

ဆက်နွှယ်ခြင်းပြဝါဒ၏အခ

သို့ရာတွင် ဆက်နွှယ်ခြင်းပြဝါဒ၏အမှားများကို အကျင့်သိက္ခာဆိုင်ရာအပိုင်းတွင် အများဆုံးတွေ့ရှိရသည်။ အကြောင်းမူကား ဤအတွေးအခေါ်ကြောင့် ယင်းကဏ္ဍတွင် ဥပဒ်အများဆုံးဖြစ်ပေါ်လာခဲ့ပြီ။ အမေရိကာနာစွယ်စုံကျမ်းက ဤသို့ဆိုသည်– “အသိပညာ သို့မဟုတ် သိရှိပြီးဖြစ်သည့်အမှန်တရားကို လူတို့လက်လှမ်းမီနိုင်ပါမည်လောဟု အမှန်သံသယဝင်ခဲ့ပေပြီ။ . . . သို့ရာတွင် ဒွန်တွဲနေသော စံထားရာများဖြစ်သည့် အမှန်တရားနှင့် အသိပညာသည် စိတ်ကူးယဉ်အတွေးဖြစ်သည်၊ သို့မဟုတ် ဥပဒ်ဖြစ်သည်ဟုဆိုကာ ငြင်းပယ်သည့်အခါတိုင်း လူ့အဖွဲ့အစည်းသည် ပျက်စီးယိုယွင်းနေသည်မှာ သေချာသည်။”

ဤသို့ပျက်စီးယိုယွင်းမှုကို သင်သတိပြုမိခဲ့ပေမည်။ ဥပမာ၊ စာရိတ္တယိုယွင်းခြင်းသည် မှား၏ဟူ၍ ရှင်းလင်းပြတ်သားစွာဖော်ပြသော သမ္မာကျမ်းစာ၏ အကျင့်သိက္ခာဆိုင်ရာသွန်သင်ချက်များကို အမှန်တရားအဖြစ် ခံယူခြင်းသည် မရှိသလောက်ပင်ဖြစ်ချေပြီ။ အခြေအနေအကျင့်တရားပညာ—“မိမိအတွက်မှန်ကန်ရာကို ကိုယ်တိုင်ဆုံးဖြတ်ပါ”—သည်ယခုခေတ်၏လမ်းစဉ်ဖြစ်သည်။ လူမှုရေးပျက်ပြားခြင်းသည် ဤဆက်နွှယ်ခြင်းပြဝါဒ၏အမြင်ကြောင့် မဟုတ်ပါဟူ၍ တစ်ဦးတစ်ယောက်က အခိုင်အမာပြောဆိုနိုင်မည်လော။ ကမ္ဘာချီပြန့်ပွားနေသည့် လိင်ဆက်ဆံမှုမှကူးစက်သောရောဂါများ၊ အိမ်ထောင်ပြိုကွဲမှုများနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုများက အဖြေပေးပါသည်။

အမှန်တရားကား အဘယ်နည်း

ထိုကြောင့် ဆက်နွှယ်ခြင်းပြဝါဒ၏ နောက်ကျိသောရေကို စွန့်ပယ်ပြီး သန့်ရှင်းကြည်လင်သောသမ္မာတရားရေဟု သမ္မာကျမ်းစာဖော်ပြထားရာကို တိုတိုတုတ်တုတ် စစ်ဆေးကြည့်ကြစို့။ (ယောဟန် ၄:၁၄; ဗျာဒိတ် ၂၂:၁၇) သမ္မာကျမ်းစာတွင်ပါသော “သမ္မာ [အမှန်] တရား” သည် ဒဿနိကပညာရှင်များ အငြင်းပွားကြသည့် နားလည်ရန်ခက်ခဲနှိုက်နှဲသောအယူနှင့် လုံးဝမတူပါ။

ယေရှု၏ဘဝရည်မှန်းချက်တစ်ခုလုံးမှာ အမှန်တရားအကြောင်း ပြောဆိုရန်ဖြစ်သည်ဟု ကိုယ်တော်မိန့်ဆိုတော်မူခဲ့သည့်အခါ သစ္စာရှိဂျူးများ နှစ်ရာစုပေါင်းများစွာ တန်ဖိုးထားခဲ့ရာတစ်ခုကို ဆိုလိုနေတော်မူခြင်းဖြစ်သည်။ သူတို့အထွတ်အမြတ်ထားသည့် ဘာသာရေးစာပေများတွင် “သမ္မာ [အမှန်] တရား” မည်သည် သီအိုရီမျှမဟုတ် သိသာမြင်သာသည့်အရာဖြစ်သည်ဟု ဂျူးများဖတ်ရှုခဲ့ရသည်မှာ ကြာမြင့်ပေပြီ။ သမ္မာကျမ်းစာတွင် “သမ္မာ [အမှန်] တရား” ကိုဟေဗြဲစကားလုံး “အီမက်သ်” မှပြန်ဆိုထားရာ ယင်းသည် ခိုင်ခံ့သည့်အစိုင်အခဲ၊ ထိုထက်မက ယုံကြည်စိတ်ချနိုင်လောက်သောအရာကိုတင်စားသည်။

ဂျူးများသည် အမှန်တရားကို ထိုသို့ယူမှတ်နိုင်စရာအကြောင်းရှိသည်။ သူတို့က သူတို့၏ဘုရားသခင်၊ ယေဟောဝါအား “သစ္စာစောင့်တော်မူသောဘုရားသခင်” ဟုခေါ်ဆိုကြသည်။ (ဆာလံ ၃၁:၅) အကြောင်းမူကား ယေဟောဝါပြုတော်မူမည်ဟု မိန့်ဆိုတော်မူသည့်အတိုင်း ကိုယ်တော်ပြုတော်မူခဲ့သောကြောင့်ဖြစ်သည်။ ကိုယ်တော်သည် ကတိထားတော်မူလျှင် ထိုအတိုင်းပြုတော်မူ၏။ ပရောဖက်ပြုတော်မူသည့်အခါ ပြည့်စုံစေတော်မူ၏။ နောက်ဆုံးတရားစီရင်ချက်များကို ဖော်ပြသည့်အခါ ယင်းတို့ကို စီရင်ဆောင်ရွက်တော်မူသည်။ ဤဖြစ်ရပ်မှန်များကို ဣသရေလလူမျိုး သန်းပေါင်းများစွာတို့သည် မျက်မြင်သက်သေများဖြစ်ခဲ့ကြသည်။ သမ္မာကျမ်းစာကို မှတ်တမ်းတင်ခွင့်ရသော မှုတ်သွင်းခံကလောင်ရှင်များသည် ယင်းတို့ကို အငြင်းပွားစရာမလိုသည့် သမိုင်းဖြစ်ရပ်မှန်များအဖြစ် ရေးမှတ်ခဲ့သည်။ အထွတ်အမြတ်ဖြစ်သည်ဟု ခံယူထားသော အခြားစာအုပ်များနှင့်မတူဘဲ သမ္မာကျမ်းစာသည် ဒဏ္ဍာရီ သို့မဟုတ် ရိုးရာပုံပြင် နောက်ခံကိုအမှီသဟဲပြုသည်မဟုတ်ပါ။ ယင်းသည် မှန်ကန်ကြောင်း အတည်ပြုပြောဆိုတင်ပြနိုင်သောအချက်အလက်များ—သမိုင်းဆိုင်ရာ၊ ရှေးဟောင်းသမိုင်းဝင်ပစ္စည်း ရှာဖွေလေ့လာရေးပညာဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ လူမှုရေးပညာဆိုင်ရာ အဖြစ်မှန်များအပေါ် မြဲမြံခိုင်ခံ့စွာ အခြေခံပါသည်။ ယင်းကြောင့်လည်း ယေဟောဝါအကြောင်း ဆာလံဆရာက ဤသို့ပြောဆိုနိုင်ခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ– “ကိုယ်တော်၏တရားသည် သစ္စာတရားဖြစ်ပါ၏။ . . . အလုံးစုံသောပညတ်တော်တို့သည် သစ္စာဖြစ်ကြပါ၏။ . . . နှုတ်ကပါဌ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ၏”!—ဆာလံ ၁၁၉:၁၄၂၊ ၁၅၁၊ ၁၆၀။

ယေဟောဝါအား ဆုတောင်းတော်မူချိန်တွင် “ကိုယ်တော်၏နှုတ်ကပါဌ်သည် သမ္မာတရားဖြစ်ပါ၏” ဟုယေရှုခရစ်တော်မိန့်ဆိုစဉ်က ထိုဆာလံစကားများကို ကိုယ်တော်ပဲ့တင်ခတ်ခြင်းဖြစ်သည်။ (ယောဟန် ၁၇:၁၇) ခမည်းတော်မိန့်တော်မူသမျှသည် လုံးဝဥဿုံခိုင်မာပြီး စိတ်ချယုံကြည်နိုင်ကြောင်း ယေရှုသိရှိတော်မူသည်။ ထိုနည်းတူစွာ ယေရှုသည်လည်း “သစ္စာတော်နှင့် . . . ပြည့်စုံ” တော်မူ၏။ (ယောဟန် ၁:၁၄) ကိုယ်တော်၏တပည့်တော်များသည် မျက်မြင်သက်သေများအဖြစ် သိရှိခဲ့ကြကာ ကိုယ်တော်မိန့်တော်မူသမျှတို့သည် ယုံကြည်စိတ်ချနိုင်သည့် အမှန်တရားဖြစ်ကြောင်းကို နောင်လာနောက်သားအားလုံးအတွက် မှတ်တမ်းပြုစုခဲ့ကြသည်။a

သို့တိုင် ယေရှုသည် သမ္မာတရားကို ပြောဆိုခြင်းငှာ ဤကမ္ဘာပေါ်သို့ကြွလာတော်မူကြောင်း ပိလတ်မင်းအား မိန့်ဆိုချိန်တွင် ကိုယ်တော်သည် အမှန်တရားတစ်ခုကို စိတ်တော်တွင်ရည်စူးပြောဆိုနေခြင်းဖြစ်သည်။ ပိလတ်က “သင်သည် ရှင်ဘုရင်မှန်သလော” ဟုမေးမြန်းချိန်တွင် ထိုသို့ယေရှုဖြေဆိုတော်မူခဲ့သည်။ (ယောဟန် ၁၈:၃၇) ဘုရားသခင်၏နိုင်ငံတော်နှင့် ယင်း၏ရှင်ဘုရင်အဖြစ် ယေရှု၏ကဏ္ဍသည် ကိုယ်တော်မြေကြီးပေါ်ရှိစဉ်က ကိုယ်တော်သွန်သင်တော်မူသောတရား၏ အဓိကအချက်၊ အနှစ်သာရပင်ဖြစ်သည်။ (လုကာ ၄:၄၃) ဘုရားသခင်၏ ဤနိုင်ငံတော်သည် ယေဟောဝါ၏နာမတော်ကို ရိုသေလေးမြတ်ခြင်းရှိစေမည်၊ ကိုယ်တော်၏ပိုင်သအုပ်စိုးခြင်းကို သင်္ကာယနကင်းရှင်းစေမည်၊ သစ္စာရှိလူသားတို့အား ထာဝစဉ်ပျော်ရွှင်နိုင်မည့်အသက်တာကို ရရှိစေမည်ဟူသောသွန်သင်ချက်သည် စစ်မှန်သောခရစ်ယာန်အပေါင်း မျှော်လင့်သည့် “သမ္မာ [အမှန်] တရား” ဖြစ်သည်။ ဘုရားသခင်၏ကတိတော်အားလုံး ပြည့်စုံလာခြင်းငှာ ယေရှု၏ကဏ္ဍသည် အချက်အချာဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ကတိတော်အားလုံးသည် ကိုယ်တော်ကြောင့် “အာမင်” သို့မဟုတ် အမှန်ဖြစ်ပျက်မည်ဖြစ်သောကြောင့်လည်းကောင်း ယေရှုက ဤသို့မိန့်တော်မူနိုင်ခဲ့ခြင်းဖြစ်သည်– “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။”—ယောဟန် ၁၄:၆; ၂ ကောရိန္သု ၁:၂၀; ဗျာဒိတ် ၃:၁၄။

ဤသမ္မာတရားကို လုံးဝဥဿုံယုံကြည်စိတ်ချနိုင်ကြောင်း အသိအမှတ်ပြုခြင်းသည် ယနေ့ ခရစ်ယာန်များအတွက် အလွန်အဓိပ္ပာယ်ရှိပါသည်။ သူတို့ ဘုရားသခင်အပေါ် ယုံကြည်အားထားပြီး ကိုယ်တော်၏ကတိတော်များကို စောင့်မျှော်နေခြင်းသည် တကယ့်ဖြစ်ရပ်မှန်များအပေါ်အခြေပြုထားကြောင်း ထင်ရှားစေသည်။

လုပ်ဆောင်သော အမှန်တရား

သမ္မာကျမ်းစာက အမှန်တရားနှင့် လုပ်ဆောင်မှုတို့ကို ဒွန်တွဲထားခြင်းသည် အံ့ဩစရာမဟုတ်ပေ။ (၁ ဓမ္မရာဇဝင် ၁၂:၂၄; ၁ ယောဟန် ၃:၁၈) ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောဂျူးများအတွက် အမှန်တရားသည် သဘောတရားမှန်မမှန် ဆင်ခြင်သုံးသပ်နေစရာဘာသာရပ်တစ်ခုမဟုတ်ဘဲ ဘဝလမ်းစဉ်တစ်ရပ်ဖြစ်သည်။ “အမှန်တရား” ဟူ၍ပြန်ဆိုသည့် ဟေဗြဲစကားလုံးသည် “သစ္စာစောင့်ခြင်း” ဟူ၍လည်း အဓိပ္ပာယ်ရှိသည်ဖြစ်ရာ စကားတည်သူဟူ၍ စိတ်ချနိုင်သူတစ်ဦးကိုဖော်ပြရာတွင် ယင်းကိုအသုံးပြုနိုင်သည်။ အမှန်တရားကို ထပ်တူသဘောမျိုးဖြင့်ရှုမြင်ရန် တပည့်တော်များအား ယေရှုသွန်သင်ပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ဖာရိရှဲများ၏ ဟန်ဆောင်မှု၊ သူတို့၏ဖြောင့်မတ်လွန်းလှသောအပြောနှင့် သူတို့၏မဖြောင့်မတ်သောအလုပ်တို့၏ မညီညွတ်မှုကို အပြင်းအထန်ပြစ်တင်ရှုတ်ချတော်မူခဲ့သည်။ ထို့ပြင် ကိုယ်တော်သွန်သင်တော်မူသောအမှန်တရားနှင့်အညီ အသက်ရှင်ခြင်းအားဖြင့် ပုံသက်သေချမှတ်တော်မူခဲ့သည်။

ခရစ်တော်၏တပည့်နောက်လိုက်များလည်း ထို့အတူဖြစ်သင့်သည်။ သူတို့အတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ သမ္မာတရားဖြစ်သောစိတ်လန်းဆန်းအားရစေသည့် ယေရှုခရစ်တော် အစိုးရသော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် သိသင့်သိအပ်သောအကြောင်းအရာတစ်ခုထက်မကဘဲ များစွာတန်ဖိုးထားအပ်ရာဖြစ်သည်။ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ယင်းက သူတို့အား တိုက်တွန်းပေးသည်။ ယင်းနှင့်အညီ အသက်ရှင်နေထိုင်ပြီး ယင်းကိုအခြားသူတို့အား ဖော်ပြပြောဆိုရန် သူတို့အား တိုက်တွန်းပေးပါသည်။ (ယေရမိ ၂၀:၉ နှိုင်းယှဉ်။) ပထမရာစု ခရစ်ယာန်အသင်းတော်လက်ထက်က ခရစ်တော်၏တပည့်နောက်လိုက်များအဖြစ် သူတို့လက်ခံခဲ့သော ဘဝပုံစံကို “သမ္မာတရား” ဟူ၍လည်းကောင်း၊ “သမ္မာတရားလမ်း” ဟူ၍လည်းကောင်း တစ်ခါတစ်ရံ ခေါ်ဆိုကြသည်။—၂ ယောဟန် ၄; ၃ ယောဟန် ၄၊ ၈; ၂ ပေတရု ၂:၂။

မည်သည့်အခကိုမဆို ပေးထိုက်သော ဘဏ္ဍာ

မှန်သည်၊ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားကိုလက်ခံခြင်းငှာ အခပေးရမည်ဖြစ်သည်။ ဦးဆုံးအနေနှင့် သမ္မာတရားကို သိရှိရုံမျှဖြင့် ကျွန်ုပ်တို့၏ဘဝသည် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားနိုင်သည်။ အမေရိကာနာစွယ်စုံကျမ်းက ဤသို့ဆန်းစစ်ထားသည်– “အမှန်တရားသည် စိတ်စွန်းကွက်ခြင်း သို့မဟုတ် ဒဏ္ဍာရီကို မထောက်ခံသောကြောင့် မကြာခဏ မနှစ်မြို့ဖွယ်ဖြစ်သည်။” အထူးသဖြင့် ကျွန်ုပ်တို့ယုံကြည်စိတ်ချသော ဘာသာရေးခေါင်းဆောင်များ၏ သွန်သင်ချက်များ၊ ကျွန်ုပ်တို့၏ခံယူချက်များသည် မမှန်ကန်ကြောင်း သိရှိလာရခြင်းသည် စိတ်ပျက်ပြားစရာဖြစ်သွားနိုင်သည်။ အချို့က မိမိတို့ယုံကြည်အားထားသော မိဘများသည် အမှန်မှာ လျှို့ဝှက်ရာဇဝတ်သားများဖြစ်နေကြောင်း သိရှိလာခြင်းနှင့်တူသည်ဟု နှိုင်းယှဉ်ပြပေမည်။ သို့သော် ဘာသာရေးနှင့်ပတ်သက်၍ အမှန်တရားကို သိရှိနားလည်လာရခြင်းသည် လှည့်စားခံနေရခြင်းအောက်အသက်ရှင်နေရခြင်းထက် သာ၍ကောင်းမည်မဟုတ်ပေလော။ မုသားအောက် လိမ်လည်ခံနေရခြင်းထက် အဖြစ်မှန်ကိုသိရှိလာရခြင်းသည် သာ၍ကောင်းသည်မဟုတ်ပေလော။b—ယောဟန် ၈:၃၂ နှိုင်းယှဉ်; ရောမ ၃:၄။

ဒုတိယ၊ ဘာသာရေးဆိုင်ရာသမ္မာတရားအတိုင်း အသက်ရှင်နေထိုင်ခြင်းကြောင့် တစ်ချိန်က ကျွန်ုပ်တို့နှင့် ခင်မင်ရင်းနှီးသောမိတ်ဆွေအချို့သည် ကျွန်ုပ်တို့ကို ငြင်းပယ်ကောင်းငြင်းပယ်ကြလိမ့်မည်။ “မှန်သောဘုရားသခင့်အရာ၌ အမှားကိုထား” သောဤလောကရှိသူများကြား ဤလောကတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏သမ္မာတရားကို ထောက်ခံစွဲလမ်းသူတို့သည် လူထူးလူဆန်းများဖြစ်နေကြပြီး သူတို့အား တစ်ခါတစ်ရံရှောင်ကြဉ်၍ အထင်လွဲကြလိမ့်မည်။—ရောမ ၁:၂၅; ၁ ပေတရု ၄:၄။

သို့သော် သမ္မာတရားကြောင့် ဤနှစ်မျိုးနှစ်စားကို ခံရကျိုးနပ်ပါသည်။ သမ္မာတရားကိုသိရှိခြင်းက မုသား၊ လှည့်စားခြင်းနှင့် အယူသီးမှုမှ လွတ်မြောက်စေသည်။ ထို့ပြင် သမ္မာတရားအတိုင်း ကျွန်ုပ်တို့အသက်ရှင်ကြမည်ဆိုလျှင် အခက်အခဲများကို ခံရပ်နိုင်ရန် သမ္မာတရားကခွန်အားပေးသည်။ ဘုရားသခင့်သမ္မာတရားသည် လွန်စွာယုံကြည်စိတ်ချနိုင်လောက်ဖွယ်ဖြစ်ပြီး အုတ်မြစ်ခိုင်မြဲကာ မျှော်လင့်ချက်များစွာရှိစေသည့်အတွက် အဘယ်စုံစမ်းခြင်းအောက်၌မဆို မြဲမြံတည်ကြည်နိုင်ရန် အစွမ်းရှိစေသည်။ ယင်းကြောင့်လည်း တမန်တော်ပေါလုက သစ္စာတရားကို စစ်မြေပြင်၌ စစ်သားများဝတ်ဆင်သော ခိုင်ခံ့၍အပြားကျယ်သည့် ခါးပတ် သို့မဟုတ် ခါးပန်းနှင့်နှိုင်းယှဉ်ထားခြင်းသည် အံ့ဩစရာမဟုတ်ပါ!—ဧဖက် ၆:၁၃၊ ၁၄။

ကျမ်းစာစကားပုံက ဤသို့ဆိုသည်– “သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။ ပညာကိုလည်းကောင်း၊ ဆုံးမသြဝါဒကိုလည်းကောင်း၊ ဉာဏ်သတ္တိကိုလည်းကောင်းထိုအတူပြုလော့”။ (သု. ၂၃:၂၃) သမ္မာတရားသည် အကန့်အသတ်ဖြင့်သာဖြစ်သည် သို့မဟုတ် လုံးဝမရှိဟုဆိုကာ ယင်းကိုပစ်ပယ်ထားခြင်းသည် လူ့အသက်တာတွင် ဘဝင်ခိုက်ဖွယ်အဖြစ်ဆုံးနှင့် ကျေနပ်မှုအပေးဆုံး ရှာတွေ့ချက်ကို လက်လွှတ်လိုက်ခြင်းဖြစ်ပေမည်။ သမ္မာတရားကို ရှာတွေ့ခြင်းသည် မျှော်လင့်ချက်ကိုရှာတွေ့ခြင်း; ယင်းကိုသိရှိ၍ မြတ်နိုးခြင်းသည် စကြဝဠာ၏ဖန်ဆင်းရှင်ကိုလည်းကောင်း၊ ကိုယ်တော်၏ တစ်ပါးတည်းသောသားတော်ကိုလည်းကောင်း သိကျွမ်းပြီး ချစ်မြတ်နိုးခြင်း; ယင်းနှင့်အညီ အသက်ရှင်နေထိုင်ခြင်းသည် ယခုသော်လည်းကောင်း၊ အစဉ်ထာဝရသော်လည်းကောင်း ရည်ရွယ်ချက်ပန်းတိုင်နှင့် စိတ်တည်ငြိမ်မှုရှိရှိ အသက်ရှင်နေထိုင်ခြင်းပင်တည်း။—သု. ၂:၁-၅; ဇာခရိ ၈:၁၉; ယောဟန် ၁၇:၃။

[အောက်ခြေမှတ်ချက်များ]

a ယေရှုမိန့်ဆိုသောစကားသည် မှန်ကန်ကြောင်းကို အလေးအနက်ဖော်ပြရန် ထူးခြားသော စကားအသုံးအနှုန်းကို ကိုယ်တော်အသုံးပြုခဲ့ကြောင်း မှတ်တမ်းတင်ထားသည့်နေရာ ၇၀ ကျော်ကို ခရစ်ဝင်ကျမ်းစောင်များ၌ တွေ့ရှိရပါသည်။ ဝါကျတစ်ခုကို နိဒါန်းပျိုးရာတွင် ကိုယ်တော်သည် မကြာခဏ “အာမင်” [“အမှန်မုချ”၊ ကဘ] ဟူ၍ မိန့်ဆိုလေ့ရှိသည်။ ယင်းနှင့်ဆက်နွှယ်သော ဟေဗြဲစကားလုံး၏အဓိပ္ပာယ်မှာ “သေချာသည်၊ မှန်ကန်သည်” ဟူ၍ဖြစ်၏။ The New International Dictionary of New Testament Theology ကဤသို့သတိပြုသည်– “ကိုယ်တော်သည် မိမိ၏စကားများကို အာမင်ဟူသောစကားလုံးဖြင့် နိဒါန်းပျိုးခြင်းအားဖြင့် ယင်းတို့သည် သေချာ၍ စိတ်ချယုံကြည်နိုင်စရာဖြစ်သည်ဟု သတ်မှတ်တော်မူသည်။ ထိုစကားကို ကိုယ်တော်အတည်ပြုကာ ကိုယ်တိုင်သော်လည်းကောင်း၊ တရားနာသူများသော်လည်းကောင်း လိုက်နာကြရန် ကိုယ်တော်ကြပ်မတ်တော်မူ၏။ ကိုယ်တော်၏စကားများသည် ကိုယ်တော့်ကြီးမြတ်တော်မူခြင်းနှင့် အခွင့်အာဏာကိုထင်ရှားပေါ်လွင်စေသည်။”

b “သမ္မာတရား” ဟူ၍ပြန်ဆိုသည့် ဂရိစကားလုံးအလီသေအာသည် “မလျှို့ဝှက်ထား” ဟူသည့်အဓိပ္ပာယ်ရှိစကားလုံးမှဆင်းသက်လာသည်။ ယင်းကြောင့် သမ္မာတရားဟုဆိုရာတွင် တစ်ချိန်က လျှို့ဝှက်ထားရာကို လှစ်ဟဖော်ထုတ်ခြင်းသဘောပါဝင်တတ်သည်။—လုကာ ၁၂:၂ နှိုင်းယှဉ်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

အမှန်တရားသည် တစ်ချိန်ချိန် ပြောင်းလဲသလော

ထိုမေးခွန်းကို သူ၏ စဉ်းစားတွေးတောရေးအတတ်စာအုပ်တွင် ဗွီ. အာရ်. ရုဂျီရိုက မေးမြန်းထားသည်။ သူ၏အဖြေကား မပြောင်းမလဲဟူ၍ဖြစ်သည်။ သူဤသို့အကျယ်ချဲ့ဖော်ပြသေးသည်– “တစ်ခါတစ်ရံ ပြောင်းလဲပုံရှိငြား အသေအချာ စစ်ဆေးကြည့်ရာတွင် မပြောင်းလဲကြောင်း တွေ့ရှိရလိမ့်မည်။”

“ဥပမာ၊ ကမ္ဘာဦးကျမ်းဖြစ်သည့် သမ္မာကျမ်းစာ၏ပထမဆုံးကျမ်းစောင်ရေးသားသူနှင့်ပတ်သက်သောကိစ္စကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ထိုကျမ်းစောင်ကိုရေးသားသူ တစ်ဦးတည်းရှိသည်ဟု ခရစ်ယာန်နှင့်ဂျူးများက ရာစုနှစ်ချီ၍ ယူမှတ်ခဲ့ကြသည်။ အတန်ကြာလေသော် ဤခံယူချက်ကို သံသယဝင်လာကြပြီး ကမ္ဘာဦးကျမ်းကို အနည်းဆုံးငါးဦးရေးသားသည်ဟု အဆိုတင်သွင်း၍ ခံယူလာကြသည်။ ထိုနောက် ၁၉၈၁ ခုနှစ်တွင် ၅ နှစ်တာ ကမ္ဘာဦးကျမ်း၏ဘာသာစကားကို သုတေသနပြုချက်၏ရလဒ်ကိုပုံနှိပ်ထုတ်ဝေခဲ့ရာ အစကနဦးက ယူမှတ်ခဲ့သည့်အတိုင်း စာရေးဆရာတစ်ဦးတည်းသာရှိကြောင်း ဖြစ်နိုင်ချေ ၈၂ ရာခိုင်နှုန်းရှိသည်ဟုဖော်ပြကြသည်။

“ကမ္ဘာဦးကျမ်းရေးသားခြင်းဆိုင်ရာ အမှန်တရားသည် ပြောင်းလဲခဲ့ပြီလော။ မပြောင်းလဲပါ။ ကျွန်ုပ်တို့၏ခံယူချက်သာ ပြောင်းလဲခဲ့ပေပြီ။ . . . အမှန်တရားသည် ကျွန်ုပ်တို့၏သိမှု၊ မသိမှုကြောင့် ပြောင်းလဲမည်မဟုတ်။”

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အမှန်တရားကို ကြည်ညိုလေးမြတ်ခြင်း

“အမှန်တရားကို ကြည်ညိုလေးမြတ်ခြင်းသည် မည်သူမျှ၊ မည်သည့်အရာမျှ အမှန်တရားကို တိကျမှန်ကန်စွာ မတင်ပြနိုင်ဟူသောခံယူချက်ဖြင့် အရာရာကို ‘ဖော်ထုတ်’ ရန်ကြိုးစားသည့် ကျွန်ုပ်တို့ခေတ်သမယ၏ အလွဲအပြစ်မြင်ဝါဒမဟုတ်ပါ။ အမှန်တရားကို ကြည်ညိုလေးမြတ်ခြင်းမည်သည်ကား အမှန်တရားကို အမှန်ရှာတွေ့နိုင်သည်ဟု ဝမ်းသာအားရစွာစိတ်ချပြီး အဘယ်အခါနှင့် အဘယ်နေရာတွင်မဆို အမှန်တရားကိုတွေ့ ရှိသည်နှင့် နှိမ့်ချကျိုးနွံစွာဖြင့် ယင်းကိုလက်ခံယူခြင်းဖြစ်သည်။ သစ္စာစောင့်တော်မူသောဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူများသည် ဤကဲ့သို့သော အမှန်တရားအပေါ် သဘောထားကြီးမှု ရှိဖို့လိုပါသည်; အမှန်တရားကို ထိုက်သင့်လျော်ကန်စွာ ကြည်ညိုလေးမြတ်စိတ်သည် အပြောအဆိုအားဖြင့်သာမက အကျင့်အားဖြင့်ပါ ကိုယ်နှင့်စပ်ဆိုင်သူအချင်းချင်းအား ရိုးသားမှန်ကန်စွာဆက်ဆံစေသည်။ ဤစိတ်သဘောထားမျိုးကို ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းပါ ထောက်ခံအားပေးကြောင်း တွေ့ ရှိခဲ့ရပြီ။”—The New International Dictionary of New Testament Theology အတွဲ ၃၊ စာမျက်နှာ ၉၀၁။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သိပ္ပံပညာဆိုင်ရာတိုးတက်မှုသည် သိပ္ပံပညာဆိုင်ရာ အမှန်တရားများကို လှစ်ဟဖော်ထုတ်ခြင်းအပေါ် အခြေပြုသည်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

သမ္မာတရားတွင် ဘုရားသခင့်နိုင်ငံတော်နှင့်ယင်း၏ကောင်းချီးများအကျုံးဝင်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ