ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၈/၁၅ စာ. ၁၇-၂၂
  • “ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထမ်းလွယ်သည့်ထမ်းပိုး
  • ပေါ့သောဝန်
  • ‘သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်’
  • ‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေရှုက လန်းဆန်းမှုပေး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၈/၁၅ စာ. ၁၇-၂၂

“ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏”

“ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။”—မဿဲ ၁၁:၂၉၊ ကဘ။

၁၊ ၂။ (က) ဘဝတွင် သင့်အားလန်းဆန်းမှုပေးသည့် အဘယ်အရာကို တွေ့ကြုံခဲ့ပြီနည်း။ (ခ) ယေရှုကတိထားတော်မူသော လန်းဆန်းမှုကိုရနိုင်ရန် ဘာလုပ်ရမည်နည်း။

ပူအိုက်စွတ်စိုသော တစ်နေ့တာအကုန်တွင် ရေအေးအေး ချိုးလိုက်ရခြင်း၊ သို့မဟုတ် ပင်ပန်းသည့်ခရီးရှည်တစ်ခုအဆုံးတွင် အိပ်ရေးဝဝအိပ်လိုက်ရခြင်းတို့သည် အမှန်တကယ်ပင် လန်းဆန်းမှုပေးပါသည်တကား! ထိုနည်းတူ လေးလံသောဝန်ထုပ်ကို ယူပစ်လိုက်သည့်အခါ၊ သို့မဟုတ် အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ခံရသည့်အခါ ထပ်တူခံစားရသည်။ (သု. ၂၅:၂၅; တမန်တော် ၃:၁၉) ဤကဲ့သို့စိတ်ရွှင်ပျမှုပေးသော တွေ့ကြုံခံစားမှုများကြောင့် ရရှိသည့်လန်းဆန်းမှုသည် အားသစ်အင်သစ် ထပ်လောင်းဖြည့်စွက်ပေးပြီး ကျွန်ုပ်တို့အားရှေ့ဆက်ဆောင်ရွက်ရန် ခွန်အားရှိစေသည်။

၂ ဝန်လေး၍ပင်ပန်းသူအပေါင်းတို့ကို ယေရှုလန်းဆန်းစေမည်ဟု ကတိထားတော်မူသောကြောင့် သူတို့သည် ကိုယ်တော်ထံလာနိုင်ကြသည်။ သို့ရာတွင် ဤမျှနှစ်လိုဖွယ်ဖြစ်သော လန်းဆန်းမှုကိုရရှိနိုင်ရန် လုပ်ကိုင်လိုရမည့်အရာတစ်ခုရှိသည်။ “ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ . . . သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်” ဟုယေရှုမိန့်တော်မူသည်။ (မဿဲ ၁၁:၂၉၊ ကဘ) ဤထမ်းပိုးကား အဘယ်နည်း။ လန်းဆန်းမှုကို မည်သို့ရစေသနည်း။

ထမ်းလွယ်သည့်ထမ်းပိုး

၃။ (က) ကျမ်းစာခေတ်က အဘယ်ထမ်းပိုးများကို အသုံးပြုလေ့ရှိသနည်း။ (ခ) အဘယ်ပုံဆောင်အဓိပ္ပာယ်သည် ထမ်းပိုးနှင့်ဆက်နွှယ်သနည်း။

၃ ယေရှုနှင့်အတူ ကိုယ်တော်၏တရားကို ကြားနာသူများသည် လယ်ယာစိုက်ပျိုးသောလူ့အဖွဲ့အစည်းတွင် နေထိုင်ကြသောကြောင့် ထမ်းပိုးအကြောင်း ကောင်းစွာသိရှိကြသည်။ ထမ်းပိုးမည်သည် ထယ်၊ လှည်း သို့မဟုတ် အခြားသောဝန်တို့ကိုဆွဲရုန်းရန် များသောအားဖြင့်ကျွဲ၊ နွားတို့၏ပခုံးပေါ်တွင် တပ်ဆင်နိုင်ဖို့ အောက်ပိုင်းကို ချိုင့်ထားသည့်အရာနှစ်ရာရှိ သစ်ချောင်းရှည်တစ်ချောင်းဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၆:၇) လူများလည်း ထမ်းပိုးများကို အသုံးပြုတတ်ကြသည်။ ယင်းတို့မှာ အစွန်းတစ်ဖက်တစ်ချက်တွင် ဝန်ကိုချည်ထားပြီး ပခုံးပေါ်ကန့်လန့်ဖြတ်၍တင်ထမ်းသော ရိုးရိုးသစ်ချောင်း သို့မဟုတ် ဝါးလုံးဖြစ်သည်။ ယင်းတို့ဖြင့် အလုပ်ကြမ်းသမားများသည် လေးလံသောဝန်များကို ထမ်းနိုင်ကြသည်။ (ယေရမိ ၂၇:၂; ၂၈:၁၀၊ ၁၃) ထမ်းပိုးသည် ဝန်ထုပ်ဝန်ပိုး၊ အလုပ်ကြမ်းတို့နှင့် ဆက်နွှယ်မှုရှိခြင်းကြောင့် ယင်းကို စိုးမိုးခြင်း၊ ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ကျမ်းစာက ပုံဆောင်စကားအဖြစ် မကြာခဏအသုံးပြုလေ့ရှိသည်။—တရားဟောရာ ၂၈:၄၈; ၃ ဓမ္မရာဇဝင် ၁၂:၄; တမန်တော် ၁၅:၁၀။

၄။ ယေရှုထံလာသူများအား ကိုယ်တော်ကမ်းလှမ်းသည့်ထမ်းပိုးက အဘယ်အရာကိုပုံဆောင်သနည်း။

၄ ထို့ကြောင့် လန်းဆန်းမှုရရှိရန် ယေရှုထံလာသူများ အဘယ်ထမ်းပိုးကိုထမ်းရန်ဖိတ်ခေါ်သနည်း။ ကိုယ်တော်က ဤသို့မိန့်တော်မူကြောင်းကို သတိရပါ– “ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။” (မဿဲ ၁၁:၂၉၊ ကဘ) သင်ယူသူတစ်ဦးသည် တပည့်ဖြစ်သည်။ သို့ဖြစ်၍ ယေရှု၏ထမ်းပိုးကိုတင်ခြင်းမှာ ကိုယ်တော်၏တပည့်တော်ဖြစ်လာခြင်းကို ဆိုလိုခြင်းမျှဖြစ်သည်။ (ဖိလိပ္ပိ ၄:၃) သို့ရာတွင် ယင်းသို့ပြုရန် ကိုယ်တော်၏သွန်သင်ချက်များကို သိရုံသိခြင်းထက်မက လိုအပ်သည်။ ယင်းတို့နှင့်ညီညွတ်သောအပြုအမူများ—ကိုယ်တော်နည်းတူကျင့်ခြင်း၊ ကိုယ်တော်နည်းတူအသက်ရှင်ခြင်း—ရှိရန်လိုသည်။ (၁ ကောရိန္သု ၁၁:၁; ၁ ပေတရု ၂:၂၁) ကိုယ်တော်၏အခွင့်အာဏာနှင့် ကိုယ်တော်၏အခွင့်အာဏာအပ်နှင်းခြင်းခံရသူများအား စိတ်လိုကိုယ်လျောက် လက်အောက်ခံရန်လိုသည်။ (ဧဖက် ၅:၂၁; ဟေဗြဲ ၁၃:၁၇) ဆက်ကပ်အပ်နှံပြီး၍ နှစ်ခြင်းခံထားသောခရစ်ယာန်တစ်ဦးဖြစ်ကာ ဤသို့ဆက်ကပ်အပ်နှံခြင်းနှင့် ဒွန်တွဲပါလာသော အခွင့်အရေးများနှင့်တာဝန်များအားလုံး လက်ခံခြင်းကိုဆိုလိုသည်။ ယင်းသည် စိတ်သက်သာမှုနှင့် လန်းဆန်းမှုအတွက် ယေရှုထံလာသူအပေါင်းတို့အား ယေရှုကမ်းလှမ်းသောထမ်းပိုးဖြစ်သည်။ ယင်းကို အသင်လက်ခံယူရန် အသင့်ရှိသလော။—ယောဟန် ၈:၃၁၊ ၃၂။

၅။ ယေရှု၏ထမ်းပိုးကိုတင်ဆောင်ခြင်းသည် အဘယ်ကြောင့်ခဲယဉ်းမည်မဟုတ်သနည်း။

၅ ထမ်းပိုးတင်ခြင်းအားဖြင့် လန်းဆန်းမှုရခြင်းဟူသောစကားသည် ရှေ့နောက်မညီဘဲ ဆန့်ကျင်မနေသလော။ အမှန်မှာ ဆန့်ကျင်မှုမရှိပါ။ အကြောင်းမူကား ယေရှု၏ထမ်းပိုးသည် “ထမ်းလွယ်” သည်ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။ ဤစကားလုံးအရ သက်ညှာမှုရှိခြင်း၊ နှစ်လိုဖွယ်ဖြစ်ခြင်း၊ ခံယူနိုင်ဖွယ်ဖြစ်ခြင်းသဘောသက်ရောက်သည်။ (မဿဲ ၁၁:၃၀; လုကာ ၅:၃၉; ရောမ ၂:၄; ၁ ပေတရု ၂:၃) လက်သမားဆရာတစ်ဦးအနေနှင့် ယေရှုသည် ထယ်များ၊ ထမ်းပိုးများကို အမှန်ပြုလုပ်ခဲ့ဖူးမည်။ ချောမောပြေပြစ်စွာဖြင့် အလုပ်အများဆုံးလုပ်ဆောင်နိုင်ရန် အံဝင်ခွင်ကျသောထမ်းပိုးကို ကိုယ်တော်ရွေထွင်းတတ်ပါလိမ့်မည်။ ကိုယ်တော်သည် ထမ်းပိုးကို ပိတ်စ သို့မဟုတ် သားရေဖြင့် ခံခဲ့ပေမည်။ လည်ပင်းပွန်းစရာအကြောင်းလျော့နည်းစေရန် အများကိုထိုသို့ပြုခဲ့ကြသည်။ ထို့အတူ ယေရှုကမ်းလှမ်းသောပုံဆောင်ထမ်းပိုးသည် “ထမ်းလွယ်” သည်။ ကိုယ်တော်၏တပည့်ဖြစ်ခြင်း၌ တာဝန်ဝတ္တရားအချို့ ပါဝင်သည်မှန်သော်လည်း ယင်းသည် ပင်ပန်းခဲယဉ်းသည်မဟုတ်၊ ရွှင်ပျလန်းဆန်းစေသည်။ ကိုယ်တော့်ကောင်းကင်ခမည်းတော်၏ မိန့်တော်မူချက်များသည်လည်း ဝန်မလေးပါ။—တရားဟောရာ ၃၀:၁၁; ၁ ယောဟန် ၅:၃။

၆။ “ငါ့ထမ်းပိုးကိုတင်” ကြဟုယေရှုမိန့်တော်မူသောအခါ ကိုယ်တော်ဘာကိုဆိုလိုသနည်း။

၆ ယေရှု၏ထမ်းပိုးကို “ထမ်းလွယ်” စေသည့်အခြားအကြောင်းတစ်ခုရှိသေးသည်။ ကိုယ်တော်က “ငါ့ထမ်းပိုးကိုတင်” ကြဟုမိန့်တော်မူသောအခါ အရာနှစ်ခုအနက် တစ်ခုကိုဆိုလိုနေတော်မူခြင်းဖြစ်မည်။ ဝန်တင်တိရစ္ဆာန်နှစ်ကောင်ကို ထမ်းပိုးတပ်၍ ဝန်ကိုရုန်းဆွဲခိုင်းဖို့အသုံးပြုသော ပူးတွဲထမ်းပိုးကိုကိုယ်တော်ဆိုလိုနေသည်ဖြစ်လျှင် ကိုယ်တော်သည် သူနှင့်ထမ်းပိုးအတူထမ်းရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေခြင်းဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့၏ဝန်ကို ကျွန်ုပ်တို့နှင့်အတူယှဉ်ပြီးထမ်းပေးခြင်းသည် တကယ်ကြီးမားသောကောင်းချီးတစ်ရပ်ပါတကား! တစ်ဖက်မှကြည့်ပြန်လျှင် သာမန်အလုပ်သမားတစ်ဦးအသုံးပြုသော ထမ်းပိုးကို ယေရှုရည်ညွှန်းနေသည်ဆိုလျှင် ကျွန်ုပ်တို့ထမ်းရွက်ရသော မည်သည့်ဝန်ကိုမဆို လွယ်ကူစွာ သို့မဟုတ် နိုင်နိုင်နင်းနင်းထမ်းနိုင်သည့်နည်းကို ကိုယ်တော်ကမ်းလှမ်းနေခြင်းဖြစ်သည်။ မည်သည့်နည်းပင်ဖြစ်ပါစေ ကိုယ်တော်သည် ဤသို့အာမခံထားသောကြောင့် ကိုယ်တော်၏ထမ်းပိုးသည် အမှန်တကယ်ပင် လန်းဆန်းမှုပေးသည်– “ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။”

၇၊ ၈။ ဖိစီးမှုခံရသည်ဟု အချို့ခံစားရသောအခါ အဘယ်အမှားကို အချို့ပြုတတ်ကြသနည်း။

၇ သို့သော် ဘဝပြဿနာဝန်ထုပ်ဝန်ပိုးသည် ကျွန်ုပ်တို့မခံမရပ်အောင်လေးလံနေမည်၊ ကိုယ်စိတ်နှစ်ဖြာပင်ပန်းသည်အထိ ဖိစီးခံနေရမည်ဆိုလျှင် မည်သို့ပြုသင့်သနည်း။ နေ့စဉ်ဘဝပြဿနာများသည် သူတို့အား ဝန်လေးစေသည့်အကြောင်းဖြစ်နေသော်လည်း ယေရှုခရစ်၏တပည့်ဖြစ်ခြင်းထမ်းပိုးသည် ပင်ပန်းလွန်းသည်၊ သို့မဟုတ် တင်းကျပ်လွန်းသည်ဟု အချို့က မှားယွင်းစွာယူမှတ်ပေမည်။ ထိုသို့ယူမှတ်သူအချို့က သက်သာမှုရမည်အထင်နှင့် ခရစ်ယာန်အစည်းအဝေးများကို မတက်တော့ပါ၊ ဓမ္မအမှုတွင်လည်း မပါဝင်တော့ချေ။ သို့ရာတွင် ယင်းသို့ပြုခြင်းသည် အလွန်မှားပါသည်။

၈ ယေရှုကမ်းလှမ်းသောထမ်းပိုးသည် “ထမ်းလွယ်” ကြောင်း ကျွန်ုပ်တို့သဘောပေါက်သည်။ ယင်းကိုအထိုင်ကျကျမထမ်းလျှင် အသားပွန်းလိမ့်မည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ပခုံးပေါ်ရှိထမ်းပိုးကို အသေအချာစစ်ဆေးသင့်သည်။ အကြောင်းတစ်ခုခုကြောင့် ထမ်းပိုးသည် ပြုပြင်ရန်လိုနေသည်၊ သို့မဟုတ် ပုံမကျပန်းမကျဖြစ်နေသည်ဆိုလျှင် ကျွန်ုပ်တို့သည် ပိုမိုအားစိုက်ထုတ်စရာလိုရုံမက ယင်းကြောင့် အနာခံရစရာအကြောင်းရှိပေမည်။ တစ်နည်းအားဖြင့်ဆိုလျှင် သီအိုကရက်တစ်လုပ်ငန်းများသည် ကျွန်ုပ်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပုံရှိနေမည်ဆိုလျှင် ယင်းတို့ကို နည်းမှန်လမ်းကျ ပြုမူဆောင်ရွက်နေမနေ စစ်ဆေးကြည့်ရမည်။ အလုပ်တစ်ခုကို အဘယ်ရည်ရွယ်ချက်နှင့် ကျွန်ုပ်တို့ပြုလုပ်နေသနည်း။ အစည်းအဝေးများတက်သည့်အခါ အလုံအလောက်ပြင်ဆင်သွားပါသလော။ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်သည့်အခါ ကိုယ်စိတ်နှစ်ဖြာ အသင့်ရှိသလော။ အသင်းတော်သားများနှင့် ရင်းနှီးခင်မင် ပြေပြစ်သောပေါင်းသင်းမှုရှိသလော။ ထို့ထက်ကား ယေဟောဝါဘုရားသခင်နှင့် သားတော်ယေရှုခရစ်တို့နှင့် ကျွန်ုပ်တို့၏နှစ်ကိုယ်ကြားဆက်ဆံမှုသည် မည်သို့ရှိသနည်း။

၉။ ခရစ်ယာန်ထမ်းပိုးသည် အဘယ်ကြောင့်ဝန်လေး၍ပင်ပန်းစရာ ဘယ်တော့မျှ မဖြစ်သင့်သနည်း။

၉ ယေရှုကမ်းလှမ်းသောထမ်းပိုးကို စိတ်နှလုံးအကြွင်းမဲ့လက်ခံပြီး ကောင်းမွန်စွာထမ်းရွက်ရန်သင်ယူမည်ဆိုလျှင် အဘယ်နည်းဖြင့်မျှ ဝန်လေး၍ပင်ပန်းစရာဖြစ်ဖို့မလိုပါ။ အမှန်မှာ၊ ကျွန်ုပ်တို့၏အခြေအနေ—ကျွန်ုပ်တို့နှင့်အတူယေရှုတွဲဖက်၍ ထမ်းပိုးအတူထမ်းနေခြင်း—ကိုမြင်ယောင်နိုင်သည်ဆိုလျှင် မည်သူပိုထမ်းရွက်နေသည်ကိုသိရှိရန် မခဲယဉ်းပါ။ ယင်းက လမ်းလျှောက်တတ်စ ကလေးငယ်သည် တွန်းလှည်း၏လက်တန်းကိုမှီပြီး မိမိကိုယ်ကိုရှေ့သို့ရွေ့သွားစေသည်ဟု အထင်ရှိသော်လည်း အမှန်မှာမိဘဖြစ်သူက တွန်းပေးနေခြင်းနှင့်တူပါသည်။ မေတ္တာရှိသောဖခင်တစ်ဦးအနေနှင့် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ကန့်သတ်ချက်များနှင့် အားနည်းခြင်းများကို ကောင်းစွာသိသည့်အလျောက် ယေရှုခရစ်မှတစ်ဆင့် ကျွန်ုပ်တို့၏လိုအပ်ရာများကို ဖြည့်စွက်ပေးတော်မူသည်။ “ဘုန်းအာနုဘော်၌ စံပယ်တော်မူသောစည်းစိမ်ရှိသည်အတိုင်း သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်” ဟုပေါလုပြောသည်။—ဖိလိပ္ပိ ၄:၁၉; ဟေရှာယ ၆၅:၂၄ နှိုင်းယှဉ်။

၁၀။ တပည့်အဖြစ်ကို လေးလေးနက်နက်သဘောထားသူတစ်ဦး၏ တွေ့ကြုံခံစားမှုကား အဘယ်နည်း။

၁၀ ယင်းကို ဆက်ကပ်အပ်နှံထားသောခရစ်ယာန် မြောက်မြားစွာတို့သည် ကိုယ်တိုင်ကြုံတွေ့သိရှိခဲ့ကြပြီ။ ဥပမာ၊ ဂျဲနီသည် အရန်ရှေ့ဆောင်အဖြစ် လစဉ်အမှုဆောင်ကာ ဝီရိယစိုက်ထုတ်ရသော အချိန်ပြည့်လောကီလုပ်ငန်းကိုလည်း လုပ်ကိုင်ရခြင်းသည် သူမအတွက် ဖိစီးမှုများလွန်းနေကြောင်း သတိပြုမိသည်။ သို့သော် ရှေ့ဆောင်လုပ်ငန်းက သူမအား မျှတသောအမြင်ရှိစေရန် အထောက်အကူအမှန်ပေးသည်ဟု သူမယူမှတ်သည်။ ကျမ်းစာမှသမ္မာတရားကို လူတို့အားသင်ယူရန် အကူအညီပေးပြီး ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် သူတို့ဘဝအသက်တာပြောင်းလဲလာကြသည်ကိုတွေ့မြင်ရခြင်းက သူမ၏ အလွန်အလုပ်များသောဘဝအသက်တာတွင် ပျော်ရွှင်မှုအများဆုံးပေးသည်။ နယပုံပြင်မှ ဤစကားများနှင့် သူမလုံးလုံးလျားလျား သဘောတူညီပါသည်– “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းကို ရောနှောတော်မမူ။”—သု. ၁၀:၂၂။

ပေါ့သောဝန်

၁၁၊ ၁၂။ “ငါ့ဝန်လည်းပေါ့၏” ဟုယေရှုမိန့်တော်မူရာတွင် ကိုယ်တော်က ဘာကိုဆိုလိုသနည်း။

၁၁ “ထမ်းလွယ်” သောထမ်းပိုးကိုပေးမည်ဟု ယေရှုကတိပေးတော်မူသည့်အပြင် “ငါ့ဝန်လည်းပေါ့၏” ဟုကိုယ်တော်အာမခံတော်မူသည်။ “ထမ်းလွယ်” သောထမ်းပိုးကိုယ်နှိုက်က အလုပ်ကိုလွယ်ကူစေသည်။ ဝန်ကိုပေါ့စေဦးမည်ဆိုလျှင် လုပ်ကိုင်ရသောလုပ်ငန်းသည် ပျော်ရွှင်စရာပင်အမှန်ဖြစ်သည်။ သို့သော် ထိုသို့ယေရှုမိန့်တော်မူရာတွင် ကိုယ်တော်သည် ဘာကိုဆိုလိုတော်မူသနည်း။

၁၂ လယ်သမားတစ်ဦးသည် သူ၏တိရစ္ဆာန်များကို လယ်ထွန်ရာမှ လှည်းဆွဲသည့်အလုပ်ကိုပြောင်းလဲလုပ်ကိုင်စေလိုလျှင် သူဘာလုပ်မည်ကို စဉ်းစားကြည့်ပါ။ ထယ်ကိုဦးဆုံးဖြုတ်ပြီးနောက် လှည်းကိုတပ်ဆင်မည်ဖြစ်သည်။ ထယ်ကိုရော၊ လှည်းကိုပါတွဲပြီး တိရစ္ဆာန်များတွင် တပ်ဆင်ပေးပါက သဘာဝကျမည်မဟုတ်ပါ။ ထိုနည်းတူ ယေရှုသည် လူတို့ထမ်းဆောင်ထားနှင့်သော ဝန်ထုပ်ဝန်ပိုးအပေါ် ကိုယ်တော်၏ဝန်ကိုတင်ခိုင်းနေတော်မူခြင်းမဟုတ်။ မိမိ၏တပည့်တော်များအား ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။” (လုကာ ၁၆:၁၃) သို့ဖြင့် ယေရှုသည် လူတို့အား ရွေးချယ်ရမည့်အရာတစ်ခုကို ကမ်းလှမ်းနေတော်မူခြင်းဖြစ်သည်။ သူတို့၏လေးလံသောဝန်ကိုသာ ဆက်ထမ်းလိုသလော၊ သို့မဟုတ် ၎င်းကိုချပြီး ကိုယ်တော်ကမ်းလှမ်းသောဝန်ကို လက်ခံကြမည်လော။ ယေရှုသည် မေတ္တာပါသော ဤမက်လုံးကိုပေးတော်မူခဲ့သည်– “ငါ၏ဝန်သည်လည်း ပေါ့၏။”

၁၃။ ယေရှုခေတ်တွင် အဘယ်ဝန်ကို လူတို့ထမ်းနေကြရသနည်း။ သို့ဖြစ်၍ အဘယ်ရလဒ်ဖြစ်ပေါ်သနည်း။

၁၃ ယေရှုခေတ်တွင် ဖိစီးနှိပ်ကွပ်သော ရောမမင်းများနှင့် ထုံးထမ်းစဉ်လာကိုလိုက်သူ အရေခြုံဘာသာရေးခေါင်းဆောင်များစည်းကြပ်သည့် လေးပင်သောဝန်အောက်တွင် လူများသည် ရုန်းကန်နေခဲ့ကြရသည်။ (မဿဲ ၂၃:၂၃) ရောမဝန်ကိုဖယ်ရှားရန် ကြိုးစားသည့်အနေနှင့် လူအချို့က ကိုယ်တိုင်ကိုယ်ကျ အပြောင်းအလဲပြုရန်အားထုတ်ကြသည်။ သူတို့သည် နိုင်ငံရေးပဋိပက္ခများတွင် ဝင်စွက်လာကြပြီး အဆုံး၌ ဒုက္ခရောက်ကြရရုံသာဖြစ်လေသည်။ (တမန်တော် ၅:၃၆၊ ၃၇) အခြားသူများမှာမူ စည်းစိမ်ဥစ္စာတိုးပွားရေး၌ ပို၍ပို၍ပါဝင်လာခြင်းအားဖြင့် သူတို့၏အခြေအနေတိုးတက်လာစေရန် အာရုံစူးစိုက်လုပ်ဆောင်ကြသည်။ (မဿဲ ၁၉:၂၁၊ ၂၂; လုကာ ၁၄:၁၈-၂၀) ယေရှုက တပည့်ဖြစ်ရန် ဖိတ်ခေါ်ခြင်းအားဖြင့် သက်သာရာလမ်းကို ပြသကမ်းလှမ်းသောအခါ အများမှာလက်ခံဖို့အသင့်မရှိကြပါ။ သူတို့ထမ်းရွက်နေသောဝန်သည် လေးလံစေကာမူ ထိုဝန်ကိုချပြီး ကိုယ်တော့်ဝန်ကိုတင်ယူရန် တွန့်ဆုတ်နေကြသည်။ (လုကာ ၉:၅၉-၆၂) တကယ်ဝမ်းနည်းဖွယ် အမှားကြီးပါတကား!

၁၄။ ဘဝ၏စိုးရိမ်မှုများနှင့် စည်းစိမ်ဥစ္စာမက်မောမှုသည် ကျွန်ုပ်တို့ကို မည်သို့ဝန်လေးစေနိုင်သနည်း။

၁၄ ကျွန်ုပ်တို့သတိမမူလျှင် ယနေ့လည်း ထပ်တူအမှားမျိုးပြုနိုင်သည်။ ယေရှု၏တပည့်များဖြစ်လာကြရာ လောကီသားများ ကြိုးစားလိုက်နေသောပန်းတိုင်များ၊ တန်ဖိုးထားရာများနောက်မှ ကျွန်ုပ်တို့အားရှောင်လွှဲစေသည်။ နေ့စဉ်လိုအပ်ရာများကိုဖြည့်စွက်ပေးရန် ကျွန်ုပ်တို့ကြိုးစားဖို့လိုသေးသော်လည်း ကျွန်ုပ်တို့ဘဝအသက်တာတွင် ယင်းတို့သည် အဓိကမဟုတ်ပါ။ သို့တိုင် ဘဝ၏စိုးရိမ်မှုများနှင့် စည်းစိမ်ဥစ္စာမက်မောမှုသည် ကျွန်ုပ်တို့ကိုသြဇာလွှမ်းနိုင်သည်။ ယင်းကိုခွင့်ပြုမည်ဆိုလျှင် ဤကဲ့သို့သောစိတ်ဆန္ဒများသည် ကျွန်ုပ်တို့စိတ်ဇောထက်သန်စွာလက်ခံထားသော သမ္မာတရားကိုပင် ဖိစီးလွှမ်းမိုးသွားနိုင်သည်။ (မဿဲ ၁၃:၂၂) ဤသို့သောဆန္ဒများကို ဖြည့်စွက်ပေးရေးတွင် အလုပ်များလွန်းသဖြင့် ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်များသည် အလျင်အမြန်ဝတ်ကျေတမ်းကျေပြီးစီးစေလိုသော ငြီးငွေ့ဖွယ်ဝတ္တရားများမျှ ဖြစ်သွားနိုင်သည်။ ထိုသို့သောစိတ်သဘောထားမျိုးနှင့် ဘုရားဝတ်ကိုဆောင်ရွက်မည်ဆိုလျှင် အဘယ်စိတ်လန်းဆန်းမှုမျှ ရရှိနိုင်လိမ့်မည်မဟုတ်ပါ။

၁၅။ စည်းစိမ်ဥစ္စာမက်မောမှုနှင့်ပတ်သက်၍ ယေရှု အဘယ်သတိပေးချက် ပေးတော်မူခဲ့သနည်း။

၁၅ ကျေနပ်ရောင့်ရဲသောဘဝသည် ကျွန်ုပ်တို့ရလိုသောအရာအားလုံးကို ဖြည့်စွက်ပေးရန် ကြိုးစားအားထုတ်ခြင်းအားဖြင့်ဖြစ်လာသည်မဟုတ်ဘဲ ဘဝတွင် သာ၍အရေးကြီးသောအရာများကို ပိုင်းခြားသိမြင်ခြင်းအားဖြင့်ဖြစ်လာသည်ဟု ယေရှုဖော်ပြတော်မူခဲ့သည်။ “အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့မစိုးရိမ်ကြနှင့်” ဟူ၍ ကိုယ်တော်သြဝါဒပေးတော်မူခဲ့သည်။ “အစာထက်အသက် မြတ်သည်မဟုတ်လော။ အဝတ်ထက်ကိုယ် မြတ်သည်မဟုတ်လော။” ထို့နောက် မိုးကောင်းကင်ငှက်များကို ကိုယ်တော်အာရုံပြုစေပြီး ဤသို့မိန့်တော်မူ၏– “ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ ၌ မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။” တောနှင်းပင်များကိုညွှန်းလျက် ကိုယ်တော်က ဤသို့မိန့်ဆိုခဲ့သည်– “ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကိုမမီဟု ငါဆို၏။”—မဿဲ ၆:၂၅-၂၉။

၁၆။ စည်းစိမ်ဥစ္စာနောက်လိုက်ခြင်းအကျိုးနှင့်ပတ်သက်၍ အတွေ့အကြုံက ဘာတင်ပြခဲ့ပြီနည်း။

၁၆ ဤရိုးရှင်းသောရုပ်ပြသင်ခန်းစာများမှ ကျွန်ုပ်တို့သင်ယူနိုင်စရာရှိပါသလော။ လူတစ်ဦးသည် မိမိ၏ငွေရေးကြေးရေးအခြေအနေတိုးတက်ရန် ကြိုးစားလေ လောကီရေးရာတွင် ပိုမိုပါဝင်ပတ်သက်လာလေဖြစ်ပြီး သူ၏ဝန်ထုပ်ဝန်ပိုးသည်လည်း ပိုလေးလံလာလေဖြစ်ကြောင်း လူအများကြုံတွေ့တတ်ကြသည်။ ကြွယ်ဝချမ်းသာဖို့အတွက် စိတ်ဝမ်းကွဲပြားသောမိသားစု၊ ပျက်စီးပြိုကွဲသောအိမ်ထောင်၊ ချို့တဲ့ပျက်စီးသော ကျန်းမာရေး အစရှိသည်တို့ထက်မကကို ကြုံနေရသူ စီးပွားရေးလုပ်ငန်းရှင်မြောက်မြားစွာ ကမ္ဘာပေါ်တွင်ရှိသည်။ (လုကာ ၉:၂၅; ၁ တိမောသေ ၆:၉၊ ၁၀) နိုဘဲလ်ဆု ဆွတ်ခူးခဲ့သူ အဲလ်ဘတ်အိုင်းစတိုင်းက ဤသို့ပြောခဲ့ဖူးသည်– “ဥစ္စာပစ္စည်းများ၊ အမြင်အရ အောင်မြင်ခြင်း၊ ကျော်ကြားခြင်း၊ ဇိမ်ခံခြင်းတို့ကို ကျွန်တော်တစ်ခါမျှ အထင်မကြီးခဲ့ပါ။ ရိုးရိုးကုပ်ကုပ်၊ စိတ်ကြီးမဝင်သောဘဝပုံစံသည် လူတိုင်းအတွက် အကောင်းဆုံးဖြစ်သည်ဟု ကျွန်တော်ယူမှတ်သည်။” ဤစကားသည် တမန်တော်ပေါလု၏ ရိုးရှင်းသော ဤအကြံပြုချက်ကို ပဲ့တင်ထပ်ခြင်းမျှဖြစ်သည်– “ရောင့်ရဲသောစိတ်ပါလျှင် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။”—၁ တိမောသေ ၆:၆။

၁၇။ သမ္မာကျမ်းစာက အဘယ်ဘဝပုံစံမျိုးကို ထောက်ခံသနည်း။

၁၇ ကျွန်ုပ်တို့လျစ်လျူမရှုသင့်သော အရေးကြီးသည့်အချက်တစ်ခုရှိသည်။ “ရိုးရိုးကုပ်ကုပ်၊ စိတ်ကြီးမဝင်သောဘဝပုံစံသည်” အကျိုးအမျိုးမျိုးရှိသော်လည်း ယင်းကြောင့် ကျေနပ်ရောင့်ရဲမှုရှိသည်မဟုတ်ပါ။ အခြေအနေအရ ရိုးရိုးကုပ်ကုပ်နေထိုင်ရသော်လည်း ကျေနပ်ရောင့်ရဲမှု သို့မဟုတ် ပျော်ရွှင်မှုလုံးဝမရှိသူ မြောက်မြားစွာရှိသည်။ သမ္မာကျမ်းစာက စည်းစိမ်ကိုစွန့်လွှတ်ပြီး ရသေ့ကဲ့သို့နေထိုင်ရန် တိုက်တွန်းနေခြင်းမဟုတ်ပါ။ ရောင့်ရဲသောစိတ်ကိုမဟုတ်ဘဲ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ဦးစားထားရန်ဖြစ်သည်။ ယင်းတို့နှစ်ခုကိုယှဉ်တွဲမှသာ “ကြီးစွာသောအကျိုးစီးပွား” အမှန်ရှိမည်။ အဘယ်အကျိုးစီးပွားနည်း။ ထိုစာစောင်ကိုဆက်ဖတ်လျှင် “မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ . . . ဘုရားသခင်ကိုကိုးစား” သောသူတို့သည် “မှန်သောအသက်ကိုခိုင်မြဲစွာစွဲကိုင်နိုင်သောငှာ နောင်ဘဝ၌ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ဆည်းပူး” လိမ့်မည်ဟု ပေါလုညွှန်ပြသည်။—၁ တိမောသေ ၆:၁၇-၁၉၊ ကဘ။

၁၈။ (က) စစ်မှန်သောလန်းဆန်းမှုကို မည်သို့ရရှိနိုင်သနည်း။ (ခ) ကျွန်ုပ်တို့ပြုလုပ်ရမည့် ပြုပြင်ပြောင်းလဲမှုများကို မည်သို့ယူမှတ်သင့်သနည်း။

၁၈ ကျွန်ုပ်တို့၏လေးလံသောဝန်ကိုချပြီး ယေရှုကမ်းလှမ်းသော ဝန်ပေါ့ကိုထမ်းရွက်လာမည်ဆိုလျှင် လန်းဆန်းမှုရရှိလိမ့်မည်။ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် သာ၍အပြည့်အဝပါဝင်နိုင်ရန် မိမိတို့ဘဝအသက်တာကို ပြုပြင်စီမံပေးသူများစွာတို့သည် ပျော်ရွှင်ချမ်းမြေ့ ရောင့်ရဲတင်းတိမ်သောဘဝပုံစံကို တွေ့ရှိခဲ့ကြပြီ။ ဤသို့ပြုမူရန် အတားအဆီးမြောက်မြားစွာရှိရာ ယုံကြည်ခြင်းအပြင် သတ္တိရှိဖို့လိုသည်ကား အမှန်ပင်ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုးတိမ်တို့ကို ပမာဏပြုတတ်သောသူသည်လည်း စပါးကိုမရိတ်ရာ။” (ဒေသနာ ၁၁:၄) များစွာသောအမှုတို့သည် ယင်းကိုလုပ်ကိုင်မည်ဟု စိတ်ဆုံးဖြတ်ပြီးနောက်လုပ်ကိုင်သည့်အခါ မခဲယဉ်းတော့ချေ။ အခဲယဉ်းဆုံးဖြစ်ပုံရှိသည်ကား ဆုံးဖြတ်ချက်ချရန်ဖြစ်သည်။ ယင်းအတွေးနှင့်ရုန်းကန်နေခြင်း၊ သို့မဟုတ် ငြင်းဆန်နေခြင်းဖြင့် မိမိကိုယ်ကို အားအင်ကုန်ခန်းနေစေပေမည်။ မိမိ၏စိတ်ကိုအားတင်းပြီး အားကြိုးမာန်တက် လုပ်ကိုင်လိုက်မည်ဆိုလျှင် မည်မျှအကျိုးဖြစ်ထွန်းသည်ကို ဝမ်းသာအားရစွာတွေ့ရှိလိမ့်မည်။ ဆာလံဆရာက ဤသို့တိုက်တွန်းသည်– “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။”—ဆာလံ ၃၄:၈; ၁ ပေတရု ၁:၁၃။

‘သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်’

၁၉။ (က) ကမ္ဘာ့အခြေအနေသည် ဆက်ပျက်စီးယိုယွင်းလာသောအခါ ကျွန်ုပ်တို့ အဘယ်အရာကိုမျှော်လင့်နိုင်သနည်း။ (ခ) ယေရှု၏ထမ်းပိုးအောက်ရှိစဉ် ကျွန်ုပ်တို့ဘာကိုစိတ်ချနိုင်သနည်း။

၁၉ ပထမရာစုရှိတပည့်တော်များကို တမန်တော်ပေါလုက ဤသို့သတိပေးသည်– “ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်။” (တမန်တော် ၁၄:၂၂) ယနေ့တိုင် ထိုသို့ပင်ဖြစ်သည်။ ကမ္ဘာ့အခြေအနေများသည် ဆက်ပျက်စီးယိုယွင်းလေ ဖြောင့်မတ်ခြင်းတရားနှင့်အညီ ဘုရားဝတ်၌မွေ့လျော်နေထိုင်လိုသူများ ကြုံကြိုက်ရသော ဖိစီးမှုများသည် ပိုများလာလိမ့်မည်။ (၂ တိမောသေ ၃:၁၂; ဗျာဒိတ် ၁၃:၁၆၊ ၁၇) သို့ဖြစ်စေကာမူ ပေါလုပြောခဲ့သည့်အတိုင်း ကျွန်ုပ်တို့ခံစားရလိမ့်မည်– “ငါတို့သည် အမျိုးမျိုးသောနှောင့်ယှက်ခြင်းကိုခံရသော်လည်း အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်; ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ; အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။” အကြောင်းမူကား၊ သာလွန်ထူးကဲသောခွန်အားကို ယေရှုခရစ်ပေးတော်မူမည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်၏။ (၂ ကောရိန္သု ၄:၈၊ ၉) တပည့်တော်ဖြစ်ခြင်းထမ်းပိုးကို စိတ်နှလုံးအကြွင်းမဲ့လက်ခံခြင်းအားဖြင့် ယေရှု၏ကတိတော်ပြည့်စုံခြင်းကို ကျွန်ုပ်တို့ပျော်ရွှင်စွာခံစားရပေမည်– “သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။”—မဿဲ ၁၁:၂၉၊ ကဘ။

သင်ရှင်းပြနိုင်သလော

◻ ယေရှုကမ်းလှမ်းသော ထမ်းလွယ်သည့်ထမ်းပိုးကား အဘယ်နည်း။

◻ ကျွန်ုပ်တို့၏ထမ်းပိုးသည် ဝန်လေးလာပြီဟုယူမှတ်မည်ဆိုလျှင် ဘာလုပ်သင့်သနည်း။

◻ “ငါ့ဝန်လည်းပေါ့၏” ဟုယေရှုမိန့်တော်မူရာတွင် ကိုယ်တော်ဘာကိုဆိုလိုသနည်း။

◻ ကျွန်ုပ်တို့၏ဝန်သည် အမြဲပေါ့ပါးနေစေရန် မည်သို့သေချာစေနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ