သီရိလင်္ကာတွင် တိုးပွားမှုကို သစ္စာရှိအိမ်သားများလုပ်ဆောင်
၁၉၇၂ ခုနှစ်အထိ သီဟိုဠ်ဟုသိကြသော သီရိလင်္ကာနိုင်ငံသည် အုန်းပင်တန်းများရှိကမ်းခြေများ၊ တောင်ကုန်းတောင်တန်းများနှင့် ကန္တာရငယ်များဖြင့် အလွန်လှပသောကျွန်းဖြစ်သည်။ ကုန်းမြင့်ဒေသများထဲတွင် ၇,၃၆၀ ပေမြင့်သော အာဒမ်စ် ပိခ် ဟုခေါ်သည့်အရပ်သည် အဓိကဘာသာကြီးလေးဘာသာအတွက် အထွတ်အမြတ်နေရာဖြစ်သည်။a ယင်း၏အနားတွင် ပေ ၅,၀၀၀ ကျော်အထိ မတ်စောက်စွာဆင်းသွားသော ဝေါလ်စ် အဲန်ဒ် ချောက်ကမ်းပါးယံရှိသည်။ ထိုဒေသသည် သီရိလင်္ကာနိုင်ငံ၏ အခမ်းနားအလှပဆုံးမြင်ကွင်းများထဲမှ တစ်ခုဖြစ်သည်။
၁၈ သန်းရှိသော သီရိလင်္ကာနိုင်ငံသားများသည် စိတ်ဝင်စားဖွယ်ကောင်းသော နောက်ခံအကြောင်းတစ်ခုတွင် ပါဝင်ပတ်သက်ကြသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အင်ဒို-ယူရိုးပီးယန်းအနွယ်တို့သည် ဘီ.စီ.အီး. ငါးရာစုကတည်းက ထိုကျွန်းတွင်နေထိုင်လာခဲ့ကြသည်။ သူတို့သည် လက်ရှိလူဦးရေ၏ လေးပုံသုံးပုံရှိသော စင်ဟာလီလူမျိုးဖြစ်ကြသည်။ ထို့နောက် ၁၂ ရာစုခန့်အထိကာလတစ်လျှောက်အတွင်း အိန္ဒိယနိုင်ငံတောင်ပိုင်းမှ တမီလ်လူမျိုးများသည် အလုံးအရင်းဖြင့် ပြောင်းရွှေ့ဝင်ရောက်လာကြသည်; ဤလူမျိုးသည် ယခုအခါ ကျွန်း၏မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အနေများကြသည်။ ပေါ်တူဂီ၊ ဒတ်ချ်နှင့် အင်္ဂလိပ်လူမျိုးများပင်လျှင် သူတို့၏လက်အောက်ခံနယ်မြေချဲ့ထွင်သည့်အချိန်က မိမိတို့၏လက်ရာခြေရာကိုထားခဲ့ကြသည်။ ထို့အပြင် အာရေဘီယန်နှင့် မလေးကျွန်းဆွယ်တို့မှ ပင်လယ်ခရီးသွားကုန်သည်များသည် ဒေသခံလူများအကြားတွင် ဝင်ရောက်အခြေချနေထိုင်ကြသည်။ ဥရောပ၊ ပါးရှား၊ တရုတ်နှင့် အခြားလူမျိုးများ အုပ်စုဖွဲ့နေထိုင်သည့် ဒေသများလည်းရှိသည်။
သီရိလင်္ကာနိုင်ငံတွင် လူမျိုးရောနှောမှုအပြင် ဘာသာစကားနှင့် ဘာသာတရားတို့က ယင်း၏အထူးထူးအထွေထွေသောနောက်ခံကို ထင်ဟပ်ပြသည်။ စင်ဟာလီ၊ တမီလ်နှင့် အင်္ဂလိပ်စကားတို့သည် ထိုကျွန်းရှိ အဓိကဘာသာစကားများဖြစ်ကြသည်။ သီရိလင်္ကာနိုင်ငံသားများစွာတို့သည် ထိုစကားသုံးမျိုးမှ အနည်းဆုံးနှစ်မျိုးကို ပြောဆိုနိုင်ကြသည်။ လူတို့၏ဘာသာတရားတွင် လူမျိုးစုနောက်ခံကလည်း အလွန်အရေးပါသည်။ စင်ဟာလီလူမျိုးအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြကာ တမီလ်လူမျိုးအများစုမှာမူ ဟိန္ဒူဘာသာဝင်များဖြစ်ကြသည်။ အာရေဘစ်နှင့် မလေးလူမျိုးတို့နှင့် နှီးနွှယ်
သူများသည် အစ္စလာမ်ဘာသာကို လိုက်စားကြလေ့ရှိပြီး ဥရောပတိုက်သားများမှ ဆင်းသက်လာသူများသည် အများအားဖြင့် ကက်သလစ်၊ ပရိုတက်စတင့်စသော ခရစ်ယာန်ဘောင်ချာ့ချ်များ၏ အသင်းသားများဖြစ်ကြသည်။
စိန်ခေါ်မှုကိုရင်ဆိုင်ခြင်း
အဆိုပါအချက်အားလုံးတို့သည် သီရိလင်္ကာနိုင်ငံရှိ ယေဟောဝါသက်သေများအတွက် ကြီးမားသည့်စိန်ခေါ်မှုကို ဖြစ်စေသည်။ ဤသူတို့သည် ယေရှု၏ဤအမိန့်တော်ကို ထမ်းရွက်ခြင်းတွင် အပတ်တကုတ်လုပ်ဆောင်နေကြသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။” (မဿဲ ၂၄:၁၄) သတင်းကောင်းကြေညာသူများသည် ဘာသာစကားအမျိုးမျိုးနှင့် ရင်ဆိုင်ရသည်သာမက ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘောင်ချာ့ချ်အသင်းသားများအပြင် ဘုရားမဲ့ဝါဒီများနှင့်ပင်—နာရီအနည်းငယ်ကြာသော ဟောပြောချိန်အတွင်း စကားပြောဆိုကြရဖွယ်ရှိသည်။
ကြေညာသူများသည် မိမိတို့၏ဓမ္မအမှုဆောင်ခြင်း ထိရောက်မှုရှိစေရန် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများအပြင် အခြားသောကျမ်းစာစာပေများကို တမီလ်၊ စင်ဟာလီနှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် သယ်ဆောင်ကြရသည်။ အလေးသယ်နိုင်သူသည် ထိုဘာသာစကားများဖြင့်ထုတ်သော ကျမ်းစာအုပ်များကိုပင် သယ်ကြသည်။ မကြာသေးမီက ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော နှင့် ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်] ဘရိုရှာများသည် ဘာသာစကားသုံးမျိုးဖြင့် တစ်ပြိုင်တည်းထွက်လာသောအခါ ကြေညာသူများ အတိုင်းထက်အလွန်ဝမ်းသာကြသည်။ ယင်းတို့သည် လုပ်ငန်းအတွက် နောက်ထပ်ရရှိသည့်လက်နက်ကိရိယာများဖြစ်ကြသည်။
ထိုအချိန်က အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ချားလ်စ် တေဇ် ရပ်စယ်လ် သီဟိုဠ်နိုင်ငံသို့ ခေတ္တခဏသွားရောက်လည်ပတ်သည့် ၁၉၁၂ ခုနှစ်ကတည်းကစ၍ ထိုတွင်ရှိသက်သေခံများသည် ကြိုးကြိုးစားစားလုပ်ဆောင်လာခဲ့ကြသည်။ သို့သော် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းဆင်းများ ရောက်လာသော ၁၉၄၇ ခုနှစ်ရောက်မှသာ သိသာထင်ရှားသည့် တိုးတက်မှုဖြစ်လာသည်။ ထိုအချိန်မှစ၍ သီရိလင်္ကာနိုင်ငံရှိ ကြေညာသူများသည် မိမိတို့ဟောပြောခြင်းလုပ်ငန်းမှ ကောင်းသောအကျိုးကျေးဇူးများကို မွေ့လျော်ခံစားကြရသည်။ ၁၉၉၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁,၈၆၆ ယောက်တို့သည် ပျမ်းမျှအားဖြင့် အိမ်တွင်းကျမ်းစာသင်အံမှု ၂,၅၅၁ ခုကို လစဉ်ကျင်းပကြသည်။ သတိရအောက်မေ့ပွဲတက်ရောက်သူ ၆,၉၃၀ ယောက်သည် အသင်းတော်အားလုံးရှိ ကြေညာသူအရေအတွက်စုစုပေါင်း၏ လေးဆနီးပါးမျှဖြစ်သည်။ အံ့မခန်းဖွယ်ကောင်းချီးပါတကား!
အချို့သောအခြားနိုင်ငံများနှင့်စာလျှင် သီရိလင်္ကာနိုင်ငံတွင် တိုးတက်မှုနှေးကွေးဟန်ရှိပေမည်။ သို့ဖြစ်ရသည့်အကြောင်းတစ်ခုမှာ ခိုင်မြဲသောမိသားစုအနှောင်အဖွဲ့ ဖြစ်ဖွယ်ရှိသည်။ သို့တစေ အခြားတစ်ဖက်ကလည်း ဖြစ်နိုင်စရာရှိသေးသည်။ ရောမတပ်မှူးကော်နေလိသည် သမ္မာတရားဘက်တွင် အခိုင်အမာရပ်တည်သောအခါ သူ၏အိမ်သူအိမ်သားများလည်း သူ့ဘက်ပါလာကြသည်။ (တမန်တော် ၁၀:၁၊ ၂၊ ၂၄၊ ၄၄) ပေါလုနှင့်သိလတို့ကို ချုပ်နှောင်သည့်ထောင်မှူး၊ လုဒိ၊ ကရိပ္ပုတို့၏ မိသားစုများအပါအဝင် တည်ကြည်မြဲမြံသော အခြားခရစ်ယာန်အိမ်သားများအကြောင်းကိုလည်း တမန်တော်ဝတ္ထုကျမ်းစာစောင်က ဖော်ပြသည်။—တမန်တော် ၁၆:၁၄၊ ၁၅၊ ၃၂-၃၄; ၁၈:၈။
ကောင်းစွာဖွဲ့စည်းစီစဉ်မှုနှင့် သစ္စာရှိတည်ကြည်မြဲမြံမှုတို့ရှိသောအခါ ခိုင်မြဲသောမိသားစုအနှောင်အဖွဲ့သည် အကျိုးဖြစ်ထွန်းစေနိုင်သည်အမှန်။ သက်တမ်းကြာသာသနာပြုဖြစ်သူ ရေး မက်သယူးက ဟေရှာယ ၆၀:၂၂ ပါစကားများကိုသတိရလျက် ဤသို့မှတ်ချက်ချသည်– “ယေဟောဝါဟာ သင့်တော်တဲ့အချိန်မှာ တစ်ဦးချင်းကိုသာမကဘူး မိသားစုလိုက်ကိုပါ အရှိန်အဟုန်မြှင့်တင်ပေးနေတယ်ဆိုတာ ပေါ်လွင်တယ်။”
စည်းစနစ်ကျနသောမိသားစု ချီးမွမ်းစရာဖြစ်စေ
ယနေ့ သီရိလင်္ကာနိုင်ငံတွင် ယင်းသို့သော သစ္စာရှိမိသားစုများ အမှန်ပင်ရှိသည်။ ဥပမာ၊ သီရိလင်္ကာနိုင်ငံမြို့တော်ကိုလန်ဘို၏ ဇုန်တစ်ခုဖြစ်သော ကိုတာဟဲနားတွင် ကောင်းသောဖွဲ့စည်းစီစဉ်မှုရှိ စင်နားပါးမိသားစုရှိသည်။ မိသားစုဦးစီးဖြစ်သူ မာရီယန်းသည် မကြာသေးမီကကွယ်လွန်သွားသော်လည်း သူ၏ဇနီးဖြစ်သူ အန္နမားနှင့် အသက် ၁၃ နှစ်မှ ၃၃ နှစ်အတွင်း အရွယ်အသီးသီးရှိကြသော သားသမီး ၁၅ ယောက်ထဲမှ ၁၂ ယောက်တို့သည် ယေဟောဝါကို မိသားစုလိုက်ဆက်၍ဝတ်ပြုနေကြသည်။ ဤစာကိုရေးနေသည့်အချိန်တွင် သူမ၏ကလေးရှစ်ဦးတို့သည် နှစ်ခြင်းခံပြီးကြပြီး သူတို့ထဲမှသုံးဦးတို့သည် မှန်မှန်ရှေ့ဆောင်များအဖြစ် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်နေကြသည်။ အခြားသုံးဦးတို့မူ အခါအားလျော်စွာ အရန်ရှေ့ဆောင်လုပ်ကြသည်။ အိမ်သားထဲမှ အသက်ငယ်သူများတွင် နှစ်ခြင်းမခံရသေးသော ကြေညာသူလေးဦးပါဝင်သည်။ ထို့အပြင် မြေးလေးဦးတို့သည် အလွန်ငယ်ကြသေးသည့်တိုင် ကျမ်းစာသင်နေကြပြီး ကိုလန်ဘိုမြောက်ပိုင်းအသင်းတော်တွင် ယေဟောဝါသက်သေများ၏ ခရစ်ယာန်အစည်းအဝေးများကို တက်နေကြသည်။
၁၉၇၈ ခုနှစ်ကဖြစ်သည်၊ ကင်းမျှော်စင် တစ်စောင်ကို အန္နမားရရှိသည့်အချိန်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သူမစတင်ကြားခဲ့ရသည်။ ကျမ်းစာသင်အံမှုစတင်ပြီး ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား အမည်ရှိ ကျမ်းစာသင်အံမှုအထောက်အကူပြုစာအုပ်ကို လေ့လာပြီးသွားသောအခါ အန္နမားသည် သူမ၏အသက်တာကို ယေဟောဝါဘုရားသခင်ထံတွင် ဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံခြင်းအားဖြင့် များစွာသောသူမ၏အိမ်သူအိမ်သားများရှေ့တွင် ရှေ့ပြေးပုံနမူနာချခဲ့သည်။
စစ်တပ်အရာရှိကော်နေလိကဲ့သို့ပင် အန္နမားသည် သူမ၏အိမ်သူအိမ်သားများကို ကောင်းစွာဖွဲ့စည်းစီစဉ်မှုပြုသည်။ “ခရစ်ယာန်အစည်းအဝေးတွေနဲ့ စည်းဝေးပွဲကြီးတွေကိုတက်ဖို့ ကျွန်မတို့အစီအစဉ်လုပ်ရတယ်—အဲဒါ ကျောင်းတက်တာမပါသေးဘူး။ ပြဿနာကတော့ အဝတ်အစားပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ကောင်းချီးကြောင့် စည်းဝေးပွဲတွေရောက်တိုင်း ကျွန်မတို့ အဝတ်အစားသစ်ချုပ်နိုင်ကြတယ်။ မိသားစုတစ်ခုလုံး အဝတ်အစား ကောင်းကောင်းမွန်မွန်၊ အစားအသောက်လုံလုံလောက်လောက်နဲ့ အစည်းအဝေးတွေကိုရောက်ကြတယ်—ဒီပြင် လှိုက်လှဲတဲ့အပြုံးပန်းတွေလည်းဆင်နိုင်ကြတယ်။”
ချစ်ခင်ကြင်နာခြင်းဖြင့် အိမ်တွင်းဖွဲ့စည်းစီမံမှုများကို ကလေးများပြန်သတိရကြသည်။ မိသားစုတစ်ခုလုံး ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်နိုင်ရေးအတွက် အများအားဖြင့် သားသမီးအကြီးများသည် အထူးတာဝန်များကို ပေးအပ်ခံရကြသည်။ ဥပမာ၊ မန်ဂါးလားက အဝတ်များလျှော်ရပြီး ဝင်နဖရက်ဒါက မီးပူတိုက်ရသည်။ ကလေးအငယ်များကိုလည်း ဝတ်စားဆင်ယင်ပေးရသော ဝင်နဖရက်ဒါက “အိမ်ကထွက်သွားတဲ့အခါ ယောက်တိုင်းဟာ တကယ့်ကိုသပ်ရပ်ကြော့မော့နေကြတာပဲ” ဟုပြောသည်။
ဝိညာဏအစီအစဉ်များကိုလည်း အလားတူပင် ကောင်းစွာဖွဲ့စည်းစီမံကြသည်။ ယခု မှန်မှန်ရှေ့ဆောင်လုပ်နေသော သမီးဖြစ်သူ ပွတ်ရှ်ပန်းက ဤသို့ပြန်သတိရသည်– “ကျွန်မတို့မိသားစုဟာ အတူတကွကျမ်းစာဖတ်ရှုခြင်းနဲ့ နေ့စဉ်ကျမ်းချက်ဆွေးနွေးသုံးသပ်တာကို နေ့တိုင်းမွေ့လျော်ကြတယ်။” အန္နမားက ဤသို့ဖြည့်စွက်သည်– “ကလေးတိုင်းမှာ ကျမ်းစာအုပ်၊ ကင်းမျှော်စင် နဲ့ တခြားစာအုပ်တွေ ကိုယ်စီရှိကြတယ်။ အစည်းအဝေးတွေမှာ သူတို့ရဲ့အဖြေတွေကို ကျွန်မအမြဲဂရုတစိုက်နားထောင်တယ်။ လိုအပ်ရင် အိမ်ရောက်တဲ့အခါ အဲဒီအကြောင်းပြန်ကျော့ပြီး သူတို့ကိုအားပေးတယ်၊ အမှားပြင်ပေးတယ်။ ညရောက်တဲ့အခါ မိသားစုလိုက်ဆုတောင်းခြင်းနဲ့ တစ်နေ့တာကိုနိဂုံးချုပ်ကြတယ်။”
မိသားစုအတွင်းရှိသူယောက်တိုင်းတို့ကို ခရစ်ယာန်အသိပညာပေးရန် ကလေးအကြီးများသည် အန္နမားအတွက် တန်ဖိုးမဖြတ်နိုင်သော အကူအညီများဖြစ်ကြသည်။ မည်သို့ဆိုစေ အချိန်ပြည့်အစီအစဉ်ဇယားက အပြင်တွင်သတင်းကောင်းဝေငှလိုသည့် သူတို့၏စိတ်ဆန္ဒကို အဟန့်အတားမဖြစ်စေပါ။ မိသားစုရှိသူအားလုံးတို့သည် အိမ်နီးနားချင်းများနှင့်ပြုလုပ်သည့် အိမ်တွင်းကျမ်းစာသင်အံမှု ၅၇ ခုရှိသည်။ သားမက်ဖြစ်သူရာဂျန်းက ဤသို့မှတ်ချက်ချသည်– “မိသားစုဟာ တိုးတက်နေတဲ့ကျမ်းစာသင်အံမှုတွေကို လုပ်နေကြတယ်။ ကျွန်တော့်ဇနီးပွတ်ရှ်ပန်းဆိုရင် သူ့ရဲ့ကျမ်းစာသင်သားတစ်ယောက် သူမရဲ့အသက်တာကို ယေဟောဝါဆီမှာဆက်ကပ်အပ်နှံတာကို မြင်ရတဲ့အခွင့်တောင်ရသွားပြီ။”
ဤမျှကြီးမားသောမိသားစုက ရိုမင်ကက်သလစ်ချာ့ချ်ကို ကျောခိုင်းသွားသောအခါက ကိုတာဟဲနားမြို့တွင် အတော်လှုပ်လှုပ်ရွရွဖြစ်သွားသည်။ ဓမ္မဆရာသည် မိမိကိုယ်တိုင် ထိုမိသားစုထံ အကျိုးအကြောင်းသွားရောက်စုံစမ်းခြင်းမရှိသော်လည်း မိမိ၏အသင်းသားများကို သွားရောက်စုံစမ်းစေသည်။ ဆွေးနွေးမှုအတော်များများဖြစ်သွားပြီး အများအားဖြင့် သုံးပါးပေါင်းတစ်ဆူအယူဝါဒနှင့်ပတ်သက်၍ ဖြစ်သည်။ အန္နမားသည် မိမိ၏ယုံကြည်ခြင်းကိုကာကွယ်ရန် ယေဟောဝါနှင့် သမ္မာကျမ်းစာကို အစဉ်အားထားခဲ့သည်။ ဤဆွေးနွေးခန်းတွင် သူမ၏စိတ်ကြိုက်ကျမ်းချက်မှာ ယောဟန် ၁၇:၃ ဖြစ်သည်။
ကောင်းစွာဖွဲ့စည်းစီစဉ်မှုနှင့် မဆုတ်မနစ်ကြိုးစားအားထုတ်ခြင်းတို့သည် ကောင်းကျိုးကိုဖြစ်ထွန်းစေကြောင်း စင်နားပါးအိမ်ထောင်က ထင်ရှားသည့်သာဓကကို တင်ပြသည်။ သူတို့၏ဇွဲရှိရှိကြိုးစားမှုကြောင့် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ မျိုးဆက်သစ်တစ်ခုသည် တိုးတက်ကြီးပွားလာပြီး ယင်းက ယေဟောဝါအားချီးမွမ်းစရာဖြစ်စေသည်။
ဆန့်ကျင်မှုက မိသားစုကို စစ်မှန်သောဝတ်ပြုရေး၌ စည်းလုံးစေ
စင်နားပါးမိသားစုနေသည့်နေရာနှင့် မိုင်အနည်းငယ်ခန့်သာဝေးသည့် ကိုလန်ဘိုမြို့တော်၏ အခြားဇုန်တစ်ခုဖြစ်သော နာရ်ဟဲန်ပစ်တယားတွင် ရပ်တနမ်မိသားစုနေထိုင်သည်။ သူတို့သည်လည်း ယခင်က ရိုမင်ကက်သလစ်များဖြစ်ကြသည်။ ၁၉၈၂ ခုနှစ်တွင် တစ်အိမ်မှတစ်အိမ် ဓမ္မအမှုဆောင်နေကြသော သက်သေခံများသည် အကြီးဆုံးသမီးဖာတီမာ၏ ခင်ပွန်းဖြစ်သူ ဘာလန်ဒရန်နှင့် တွေ့ဆုံကြသည်။ မိသားစုတစ်ခုလုံးနှင့် ကျမ်းစာသင်အံမှုစတင်သည်။ မကြာမီ သူတို့၏ကလေးသုံးဦးက ဘွားအေဖြစ်သူ အစ်ဂ်နာစီမာလ်ကို ဘုရားသခင်၏နာမတော်နှင့်ပတ်သက်၍ မေးလေသည်။ ကလေးများက “ယေဟောဝါ” ဟု အဖြေကိုထုတ်ဖော်ပြလိုက်သောအခါ ဘွားအေဖြစ်သူသည် စိတ်ဝင်စားမှုနှိုးဆွခံရပြီး သူမနှင့်ကျမ်းစာသင်အံမှုစတင်သည်။ နောက်ပိုင်းတွင် သူမ၏သမီးနှစ်ယောက်ဖြစ်သော ဂျီဗားကားလားနှင့် စတယ်လာတို့သည် သင်အံမှုတွင်ပါဝင်ကြပြီး ၁၉၈၈ ခုနှစ်ရောက်သော် သူတို့သုံးဦးလုံး နှစ်ခြင်းခံကြသည်။
တစ်ချိန်တည်းတွင် ဘာလန်ဒရန်နှင့် ဖာတီမာတို့သည် သူမ၏ညီမဖြစ်သူ မာလိကာနှင့် မာလိကာ၏ခင်ပွန်း ယိုဂန်နသန်တို့ကို သမ္မာတရားဝေငှကြသည်။ ၁၉၈၇ ခုနှစ်ရောက်သော် ဤဇနီးမောင်နှံသည် နှစ်ခြင်းခံကြကာ ယေဟောဝါကိုတိုး၍ချစ်မြတ်နိုးခြင်းကို သူတို့ကလေးနှစ်ယောက်၏စိတ်ထဲတွင် သွတ်သွင်းပေးထားကြပြီးဖြစ်သည်။ ဖာတီမာ၏ နောက်ညီမတစ်ဦးဖြစ်သူ ပွတ်ရှ်ပါးသည် နောက်ပိုင်းတွင် သမ္မာတရားထဲသို့ရောက်ရှိလာသည်။ သူမသည် ဆက်ကပ်အပ်နှံမှုပြုခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။ တိုကျိုမြို့၌ရှိစဉ် သူမ၏ခင်ပွန်းဖြစ်သူ အေကာသည် အင်္ဂလိပ်စကားပြောသည့်အသင်းတော်တစ်ခုတွင် အမှုဆောင်ပြီး ပွတ်ရှ်ပါးက သူတို့၏သားကလေးအဲလ်ဖရက်ကို ယေဟောဝါ၏နည်းလမ်းတော်အတိုင်း ကြီးပြင်းလာရန် ကူညီပေးသည်။
ယခုအထိဆိုလျှင် ရပ်တနမ်မိသားစုမှ သားသမီး ဆယ်ယောက်အနက်လေးယောက်တို့သည် စစ်မှန်သောဝတ်ပြုရေးဘက်တွင်ရှိနေကြသည်။ ဝမ်းသာစရာကား နောက်ထပ်သုံးယောက်တို့သည် ကိုယ်ပိုင်ကျမ်းစာလေ့လာမှုအားဖြင့် ကောင်းသောတိုးတက်မှုပြနေကြသည်။ မြေး ၁၁ ဦးထဲတွင် ပရာဒီပါသည် နှစ်ခြင်းခံပြီးဖြစ်သည်။ အခြားငယ်ရွယ်သောကလေးခုနစ်ယောက်တို့မူ မိသားစုကျမ်းစာလေ့လာမှုတွင် မှန်မှန်သွန်သင်လေ့ကျင့်ခံနေကြရသည်။ ထို့အပြင် စိတ်ဝင်စားသော သူတို့၏အိမ်နီးချင်းများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၂၄ ခုကျင်းပနေရသည်။
ဤအခြေအနေအားလုံးတို့သည် လွယ်လင့်တကူဖြစ်လာခြင်းမဟုတ်ပါ။ အစပိုင်းတွင် မိသားစုအတိုက်အခံရှိသည်။ ဖခင်ဖြစ်သူ မူတူးပီလိုင်းနှင့် အစ်ကိုကြီးများသည် သူတို့မိသားစုထဲမှ တစ်ဦးတစ်ယောက်က အစည်းအဝေးများတက်ခြင်း သို့မဟုတ် လူအများရှေ့ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းကို အလွန်ဆန့်ကျင်ခဲ့ကြသည်။ ဤသို့ပြုသောဆန့်ကျင်မှုအချို့သည် ကိုယ့်အတွက်လုံခြုံမှုကိုစိုးရိမ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း မူတူးပီလိုင်းက ဤသို့ထပ်လောင်းပြောကြားသည်– “‘စိန့်’ တွေဆီမှာ ကျွန်တော့်ကိုကျွန်တော် လုံးလုံးလျားလျားအပ်နှံထားတာကြောင့် ကက်သလစ်ချာ့ချ်ကို ကျွန်တော့်မိသားစုစွန့်ခွာသွားတာ ကျွန်တော်သဘောမကျဘူး။” သို့သော် သူတို့၏ယုံကြည်ခြင်းက ဖြစ်စေသောအကျိုးကျေးဇူးများကို သူတွေ့မြင်ရသောကြောင့် သူတို့သည် စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်နေကြကြောင်း ယခုသူလက်ခံလာသည်။
ဥပမာ၊ တစ်ခါက အခြားဘာသာဝင်မြေပိုင်ရှင်တစ်ဦးသည် သူတို့ကို မိမိ၏မြေမှထွက်သွားရန် နတ်ဝိဇ္ဇာအတတ်ဖြင့်တိုက်သည်။ တစ်ညတွင် သူရောက်လာပြီး “မန်းမှုတ်ထားသော” သံပုရာသီးများကို အိမ်ပတ်ပတ်လည်တွင်ချသည်။ အယူသီးသော အိမ်နီးချင်းများက သူတို့အတွက်စိုးရိမ်ကြပြီး ရပ်တနမ်မိသားစုအပေါ် ဘေးဥပဒ်တစ်စုံတစ်ခုသက်ရောက်တော့မည်ဟု မျှော်လင့်ကြသည်။ အစ်ဂ်နာစီမာလ်က ယင်းတို့ကိုတွေ့ရှိသွားသောအခါ သူမနှင့်ကလေးများသည် ကြောက်ရွံ့ ခြင်းကင်းစွာဖြင့် သံပုရာသီးများကို ဖယ်ရှားပစ်ကြသည်—သူတို့အပေါ်သို့ မည်သည့်ဘေးဥပဒ်မျှ မကျရောက်ခဲ့ချေ။ သူတို့၏ရဲရင့်သောလုပ်ရပ်က ထိုနယ်တစ်ဝိုက်တွင် သက်သေခံချက်တစ်ရပ်ဖြစ်သွားကာ လူများက သူတို့ကိုရိုသေလေးစားရန်ဖြစ်စေသည်။ စတယ်လာသည် သူမတို့အိမ်နှင့် လမ်းချင်းကပ်လျက်ရှိသောနေရာတွင် အိမ်တွင်းကျမ်းစာသင်အံမှုနှစ်ခုကို ရရှိသည်။ ယင်းကိုအားကျကာ ချွေးမဖြစ်သူနာဇီးရာကလည်း ကျမ်းစာသင်အံမှုကိုလက်ခံလိုက်သည်။
မိမိ၏မိသားစုအပေါ် ကျရောက်သည့် များစွာသောကောင်းချီးများကို ပြန်လည်သုံးသပ်လျက် အစ်ဂ်နာစီမာလ်ဤသို့ဖော်ပြသည်– “မိသားစုအတွင်းမှာ ဝိညာဏကြီးထွားမှုကိုကျွန်မမြင်ရတာ သိပ်ပျော်တယ်။ ဆန့်ကျင်မှုတွေလျော့ပါးလာပြီး မိသားစုစည်းလုံးမှုတိုးပွားလာတဲ့အတွက် ကျွန်မတို့ကောင်းချီးခံစားရတယ်ဆိုတာသိရတယ်။”
ကြီးမားသည့်ဤမိသားစုများသည် အလွန်ကြွယ်ဝသည့်ကောင်းချီးများကို ခံစားခဲ့ကြရသည်။ သူတို့သည် “ခမ်းနားထည်ဝါသောနိုင်ငံ” ဟုအဓိပ္ပာယ်ရှိသော သီရိလင်္ကာနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာခြင်းကို အရှိန်အဟုန်မြှင့်တင်ရန် အားတက်သရောကြိုးစားနေကြသော အခြားမိသားစုငယ်များ၊ ကြင်ဖော်မဲ့မိဘရှိမိသားစုများ၊ တစ်ကိုယ်ရေတစ်ကာယခရစ်ယာန်များနှင့်အတူ မိမိတို့၏အသံကိုလွှင့်ကြသည်။ လှပသောဤနိုင်ငံ၏ကမ်းခြေများနှင့် တောင်ကုန်းတောင်တန်းများကိုမြင်ရသောအခါ ယခုပင်အမှတ်ရစေသည့် ပြန်လည်တည်ထောင်မည့်ပရဒိသုကို ကမ္ဘာတစ်ဝန်းရှိ မိမိတို့၏ခရစ်ယာန်ရောင်းရင်းများနှင့်အတူ သီရိလင်္ကာနိုင်ငံရှိ သက်သေခံများသည် မျှော်လင့်နေကြသည်။
[အောက်ခြေမှတ်ချက်များ]
a ထိုတွင်တွေ့ရသော ကြီးမားသည့်ချိုင့်ကြီးကို မွတ်စလင်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ချာ့ချ်ဒဏ္ဍာရီတို့က အာဒံ၊ ဗုဒ္ဓ၊ စီဗားနှင့် “စိန့်” သောမတ်စ်တို့၏ ခြေတော်ရာဖြစ်သည်ဟု အသီးသီးအဓိပ္ပာယ်ဖွင့်ကြသည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
သီရိလင်္ကာရှိလူအများသည် ခရစ်ယာန် ဟောပြောခြင်းနှင့် သွန်သင်ခြင်းကို တုံ့ပြန်လျက်ရှိသည်