ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၈/၁၅ စာ. ၂၈-၃၀
  • ဘုရားရေးရာမဆန်သည့် ရိုးရာများကို တိုက်လှန်လေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားရေးရာမဆန်သည့် ရိုးရာများကို တိုက်လှန်လေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အယူသီးသော ဈာပနထုံးတမ်း
  • လိင်ဆိုင်ရာ “သန့်စင်ရေး”
  • ကိုယ်ဝန်ပျက်ကျခြင်းနှင့် လျှောမွေးခြင်း
  • ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်၊ သို့သော် အခိုင်အမာရပ်တည်
  • အသုဘထုံးတမ်းများအပေါ် ခရစ်ယာန်အမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဘုရားသခင်မနှစ်သက်သော ထုံးတမ်းများကို သတိပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • “ခြေထောက်ကိုမကျွေး၊ ပါးစပ်ကိုကျွေး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခရစ်ယာန်အသုဘအခမ်းအနားများကို ဂုဏ်သိက္ခာရှိစေပြီး တော်သင့်ရုံဖြစ်စေကာ ဘုရားသခင့်စိတ်တော်နှင့်တွေ့စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၈/၁၅ စာ. ၂၈-၃၀

ဘုရားရေးရာမဆန်သည့် ရိုးရာများကို တိုက်လှန်လေ!

“သမ္မာတရား . . . သည် သင်တို့ကို လွှတ်လိမ့်မည်” ဟု ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၃၂) မှန်ပါသည်၊ ခရစ်ယာန်အယူဝါဒသည် လူများကို—အယူသီးခြင်း၏ ကျွန်သားပေါက်ဘဝမှသော်လည်းကောင်း၊ မှားယွင်းသော အယူဝါဒများနှင့် မျှော်မှန်းချက်များကို ယုံကြည်ခြင်းမှသော်လည်းကောင်း၊ ယုတ်ညံ့သောအကျင့်အကြံများ၏အချုပ်အနှောင်မှသော်လည်းကောင်း လွတ်မြောက်စေသည်။

သို့ရာတွင် ရှေးခေတ်ကကဲ့သို့ ယနေ့ခရစ်ယာန်များသည် ယခင်ဓလေ့ထုံးစံများသို့ ပြန်လှည့်ရန် ဖိအားပေးခြင်းတို့ကို ရင်ဆိုင်ရလေ့ရှိသည်။ (ဂလာတိ ၄:၉၊ ၁၀) ထင်ပေါ်လူကြိုက်များသော ထုံးတမ်းရှိရှိသမျှသည် ဘေးအန္တရာယ်ရှိသည်ကားမဟုတ်။ အမှန်မှာ ခရစ်ယာန်တစ်ဦးသည် ကောင်းမွန်အကျိုးဖြစ်ထွန်းသော ဒေသထုံးတမ်းများကိုလိုက်ရန် ရွေးချယ်ပေမည်။ သို့ရာတွင် ထုံးတမ်းများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆန့်ကျင်သောအခါ ခရစ်ယာန်များသည် အလျှော့ပေးလိုက်လျောခြင်းမပြုလုပ်ပါ။ ထို့အကြောင်းကြောင့် ယေဟောဝါသက်သေများသည် ခရစ္စမတ်ပွဲအခမ်းအနားများ၊ မွေးနေ့ပွဲများနှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆန့်ကျင်သည့် အခြားထုံးတမ်းများ၌ ပါဝင်ခြင်းကိုငြင်းဆိုခြင်းတွင် လူသိများသည်။

ဤရဲရင့်သောရပ်တည်မှုက အပေါင်းအသင်းများ၊ အိမ်နီးချင်းများနှင့် ယုံကြည်ခြင်းမတူသူဆွေးမျိုးဉာတိများထံ အကြီးအကျယ်ပြောင်လှောင်သရော်ခြင်း၊ အတိုက်အခိုက်ပြုခြင်းတို့ကို ခံရစေလေ့ရှိသည်။ အထူးသဖြင့် ဈာပနအခမ်းအနားများ၊ မင်္ဂလာဆောင်ပွဲများနှင့် မွေးနေ့ပွဲများ၌ ဓလေ့ထုံးစံအထွေထွေကို လိုက်လျှောက်စောင့်ထိန်းလေ့ရှိသည့် အချို့သောအာဖရိကန်နိုင်ငံများတွင် ဤအဖြစ်အပျက် ဖြစ်ခဲ့ပြီ။ လိုက်နာရန် ဖိအားပေးရာ၌ ကြောက်မက်ဖွယ်ကောင်းနိုင်သည်—များသောအားဖြင့် ကြမ်းကြမ်းရမ်းရမ်းခြိမ်းခြောက်ပြုမူမှုများပါဝင်သည်။ ထိုနေရာတွင် ခရစ်ယာန်များသည် မည်သို့ခိုင်ခိုင်မြဲမြဲရပ်တည်နိုင်သနည်း။ အလျှော့ပေးလိုက်လျောခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရန်ဖြစ်နိုင်ပါသလော။ အဖြေအတွက် သစ္စာရှိခရစ်ယာန်များက အချို့သောကျမ်းစာနှင့်မညီသည့် ဓလေ့ထုံးစံများအား ကိုင်တွယ်ခဲ့ပုံကို ဆန်းစစ်ကြစို့။

အယူသီးသော ဈာပနထုံးတမ်း

အာဖရိကတောင်ပိုင်းတွင် ဈာပနအခမ်းအနားများနှင့် သင်္ဂြိုဟ်ခြင်းတို့နှင့်ပတ်သက်သော ဓလေ့ထုံးစံများစွာရှိသည်။ ဝမ်းနည်းကြေကွဲသောသူများသည် မီးမပြတ်ထွန်းညှိထားသည့် ပူဆွေးမြည်တမ်းရာအိမ်တွင် ညလုံးပေါက်—သို့မဟုတ် ညပေါင်းများစွာ—နေလေ့ရှိသည်။ ကျန်ရစ်သူများသည် ဈာပနအခမ်းအနားမပြီးမချင်း ချက်ပြုတ်ခြင်း၊ ဆံပင်ညှပ်ခြင်း၊ ရေချိုးခြင်းကိုပင် တားမြစ်ထားခြင်းခံရသည်။ ပြီးသောအခါတွင် သူတို့သည် အထူးရောစပ်ထားသည့်ဆေးဘက်ဝင်အပင်များဖြင့် မိမိတို့ကိုယ်ကို ဆေးကြောသုတ်သင်ရသည်။ ဤကဲ့သို့သော ထုံးတမ်းများသည် ခရစ်ယာန်များလက်ခံနိုင်စရာဖြစ်သလော။ လက်မခံနိုင်ပါ။ ယင်းတို့အားလုံးသည် မသေနိုင်သောစိုးလ်ကို ယုံကြည်ကြောင်းနှင့် သေသူအား အထိတ်တလန့်ကြောက်ရွံ့ မှုတို့ကို ထင်ဟပ်ပြသည်။

ဒေသနာ ၉:၅ ကဤသို့ဆိုသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။” ဤသမ္မာတရားကို သိရှိထားခြင်းက ‘သေသူ၏ဝိညာဉ်’ ကို ကြောက်ရွံ့နေခြင်းမှ ကင်းလွတ်စေသည်။ သို့ရာတွင် ကောင်းစေလိုသည့်ဆန္ဒရှိသောဆွေမျိုးဉာတိများက ဤကဲ့သို့သောအစဉ်အလာများတွင် ပါဝင်ရန် သူ သို့မဟုတ် သူမကို မရမနေတောင်းဆိုသောအခါ ခရစ်ယာန်တစ်ဦးသည် ဘာလုပ်သင့်သနည်း။

ဖခင်ဆုံးသွားသည့် ဂျေးန်အမည်ရှိ အာဖရိကန်သက်သေခံတစ်ယောက်၏ တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ အသုဘအိမ်သို့ရောက်သောအခါ သွားလေသူ၏ဝိညာဉ် ကျေအေးစေရန်အတွက် သူမနှင့် ကျန်ရစ်သူမိသားစုသည် ရုပ်ကလာပ်ပတ်လည်တွင် ညလုံးပေါက်ကရန် သူမအား ခရီးရောက်မဆိုက်ပြောခဲ့သည်။ “ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ခုလိုမျိုးအကျင့်အကြံတွေမှာ မပါဝင်နိုင်ကြောင်း သူတို့ကိုပြောပြခဲ့ပါတယ်” ဟု ဂျေးန်ပြန်ပြောပြသည်။ “ဒါပေမဲ့ အသုဘချပြီးနောက်တစ်နေ့မှာ အသက်ကြီးတဲ့ဆွေမျိုးတွေက သွားလေသူဝိညာဉ်ရဲ့ဆန့်ကျင်တိုက်ခိုက်မှုကို ထပ်ဆင့်အကာအကွယ်အနေနဲ့ ကျန်ရစ်သူမိသားစုဝင်များကို ရေချိုးပေးကြမည်ဖြစ်ကြောင်း ပြောပါတယ်။ မပါဝင်နိုင်ကြောင်း ထပ်ငြင်းခဲ့တယ်။ တစ်ချိန်တည်းမှာ အမေ့ကို အိမ်ထဲမှာ တသီးတခြားထားတယ်။ သူမကိုတွေ့လိုသူ ဘယ်သူမဆိုဟာ ဤအကြောင်းအတွက် အသင့်ပြင်ထားတဲ့ အရက်ယမကာကို ဦးဆုံးသောက်ရမှာဖြစ်တယ်။

“ကျွန်မဟာ အဲ့ဒီအရာတိုင်းမှာ ပါဝင်ဖို့ကို ငြင်းဆိုခဲ့ပါတယ်။ ပါဝင်မယ့်အစား ကျွန်မဟာ အိမ်ပြန်၊ အစားအသောက်ပြင်ပြီး အမေနေထိုင်တဲ့အိမ်ကို ယူလာတယ်။ အဲ့ဒါဟာ ကျွန်မမိသားစုကို စိတ်ငြိုငြင်သွားစေတယ်။ ကျွန်မရဲ့ဆွေမျိုးတွေက ကျွန်မဟာ တရားလွန်လာပြီလို့ ထင်မှတ်ကြတယ်။” ယင်းထက်ဆိုးသည်ကား သူတို့သည် သူမကို သရော်ပြီး ကျိန်ဆဲကာ ဤသို့ဆိုသည်– “နင့်ရဲ့ဘာသာကြောင့် တို့ရဲ့ဓလေ့ထုံးစံတွေကို ငြင်းပယ်တဲ့အတွက် နင့်အဖေရဲ့ဝိညာဉ်ဟာ နင့်ကိုဒုက္ခပေးလိမ့်မယ်။ တကယ်တော့ နင်ဟာ သားသမီးတောင်ရမှာမဟုတ်တော့ဘူး။” ဂျေးန်သည် ခြိမ်းခြောက်ခိုင်းစေမှုကို ငြင်းဆန်ဆဲဖြစ်သည်။ ရလဒ်ကကော။ သူဤသို့ဆိုသည်– “အဲ့ဒီအချိန်တုန်းက ကျွန်မမှာ သားသမီးနှစ်ယောက်ရှိတယ်။ အခုဆိုရင် ခြောက်ယောက်ရှိပြီလေ! အဲ့ဒီအဖြစ်က ကျွန်မဘယ်တော့မျှ ကလေးရမှာမဟုတ်တော့ဘူးလို့ ကျိန်ခဲ့တဲ့သူတွေကို အရှက်ကွဲစေခဲ့တယ်။”

လိင်ဆိုင်ရာ “သန့်စင်ရေး”

နောက်ထပ်ထုံးတမ်းတစ်ခုမှာ ကြင်ဖော်တစ်ဦးသေဆုံးပြီးနောက် အခမ်းအနားပါသော သန့်စင်ရေးနှင့်ပတ်သက်သည်။ ဇနီးသည်တစ်ဦးကွယ်လွန်သွားပါက သူမ၏မိသားစုသည် မုဆိုးဖိုဖြစ်သူထံ ခယ်မ [မရီး] သို့မဟုတ် သွားလေသူဇနီး၏ဆွေမျိုးရင်းချာဖြစ်သော အခြားအမျိုးသမီးကို ခေါ်လာမည်။ သူသည် သူမနှင့် မဖြစ်မနေသံဝါသပြုရမည်။ ထို့နောက်တွင်သာ သူသဘောကျသူကိုထိမ်းမြားနိုင်သည်။ အမျိုးသမီးတစ်ဦး၏ လင်သားသေသောအခါတွင်လည်း ဤနည်းအတိုင်းပင်ဖြစ်သည်။ ဤဓလေ့သည် ကျန်ရစ်သူထံမှ သွားလေသူအိမ်ထောင်ဖက်၏ “ဝိညာဉ်” လွတ်ကျွတ်စေသည်ဟု အယူရှိသည်။

ဤကဲ့သို့သော “သန့်စင်ရေး” ကို ပြုလုပ်ရန် ငြင်းဆန်သူမည်သူမဆိုသည် ဆွေမျိုးများ၏အမျက်ဒေါသ သင့်ရောက်ခြင်းနှင့်မကင်းပါ။ သူ သို့မဟုတ် သူမသည် ဝိုင်းပယ်ခံရပြီး သရော်ခံရကာ ပျက်စီးခြင်းစီရင်ချက်ချခံရသည်။ မည်သို့ပင်ဖြစ်ပါစေ ခရစ်ယာန်များသည် ဤထုံးတမ်းလိုက်ရန် ငြင်းဆန်ကြသည်။ “သန့်စင်ရေး” လုပ်ထုံးတစ်ခုဖြစ်ဖို့ဝေးစွ အိမ်ထောင်ပြင်ပလိင်ဆက်ဆံခြင်းသည် ဘုရားသခင့်အမြင်တွင် ညစ်ညမ်းကြောင်း သူတို့သိထားကြသည်။ (၁ ကောရိန္သု ၆:၁၈-၂၀) ထို့အပြင် ခရစ်ယာန်များသည် “သခင်ဘုရား၌သာ” ထိမ်းမြားရန်ဖြစ်သည်။—၁ ကောရိန္သု ၇:၃၉။

ဗိုင်းလက်အမည်ရှိ ဇမ်ဘီယာလူမျိုး ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် သူမ၏လင်သားဆုံးပါးသွားသည်။ ထို့နောက်တွင် ဆွေမျိုးများက သူမထံသို့ အမျိုးသားတစ်ယောက်ကို ခေါ်လာပြီး သူနှင့်ပေါင်းသင်းရန် အတင်းအကျပ်တိုက်တွန်းကြသည်။ ဗိုင်းလက်ငြင်းဆန်ခဲ့ရာ အပြစ်ပေးခြင်းအနေနှင့် အများသုံးရေတွင်းတွင် ရေခပ်ခြင်းကို သူမအားတားမြစ်လိုက်သည်။ သူမဒုက္ခရောက်မည်စိုး၍ အဓိကလမ်းမကြီးတွင် မလျှောက်ရန်လည်း သတိပေးခံခဲ့ရသည်။ သို့သော်လည်း ဆွေမျိုးများ သို့မဟုတ် ရွာသားချင်းတို့အားဖြင့်ဖြစ်စေ သူမသည်မကြောက်လန့်ခဲ့ချေ။

နောက်ပိုင်းတွင် သူမသည် ဒေသဆိုင်ရာတရားရုံးသို့ ဆင့်ခေါ်ခံခဲ့ရသည်။ ဤတွင် သူမသည် တရားမဝင်လိင်ဆက်ဆံခြင်းကို ငြင်းဆန်ခြင်းအတွက် မိမိ၏ကျမ်းဆိုင်ရာအကြောင်းရင်းများကို မမှိတ်မသုန်ရှင်းပြခဲ့သည်။ သူမဘက်မှ အနိုင်ရခဲ့ပြီး သူမ၏ယုံကြည်ချက်များနှင့် ဆန့်ကျင်သည့် ဒေသထုံးတမ်းများနှင့် ဓလေ့ထုံးစံများကို လိုက်ရန် သူမအား တရားရုံးက အတင်းအကျပ်မပြုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ စိတ်ဝင်စားစရာမှာ အလျှော့ပေးလိုက်လျောရန် သူမ၏ခိုင်မာသောငြင်းပယ်မှုက နောက်ပိုင်းတွင် ထပ်တူကိစ္စမျိုးရင်ဆိုင်ရသည့် ဤရွာသားဖြစ်သော အခြားသက်သေခံများအပေါ် ဖိအားပေးမှုကို လျော့ပါးသွားစေခဲ့သည်။

မွန်နီကာအမည်ရှိ အာဖရိကန်သက်သေခံတစ်ယောက်သည် သူမ၏လင်သားသေဆုံးပြီးနောက် အလားတူဖိအားပေးမှုကို ခုခံဆန့်ကျင်ခဲ့သည်။ အမျိုးသား၏မိသားစုက သူမအားနောက်ယောက်ျားယူရန် အတင်းအကျပ်တိုက်တွန်းကြသည်။ မွန်နီကာကဤသို့ဆိုသည်– “ကျွန်မငြင်းဆန်ခဲ့ပြီး ၁ ကောရိန္သု ၇:၃၉ ပါအမိန့်တော်ကို နာခံရန်ဆုံးဖြတ်ထားခဲ့တယ်။” သို့သော် ဖိအားပေးမှုသည် ရပ်တန့်မသွားပါ။ “သူတို့ဟာ ကျွန်မကိုခြိမ်းခြောက်ကြတယ်” ဟု မွန်နီကာပြန်ပြောပြသည်။ “သူတို့ကခုလိုပြောတယ်– ‘နင်ငြင်းဆန်မယ်ဆိုရင် နောက်ဘယ်တော့မှ အိမ်ထောင်ကျမှာ မဟုတ်ဘူး။’ ကျွန်မရဲ့ခရစ်ယာန်ချင်းတွေထဲကတချို့ အဲဒီနည်းအတိုင်း အခမ်းအနားဆိုင်ရာသန့်စင်မှုကို တိတ်တဆိတ်လုပ်ခဲ့ကြတယ်လို့တောင်သူတို့ပြောကြတယ်။” မည်သို့ပင်ပြောပြော မွန်နီကာသည် အခိုင်အမာရပ်တည်ခဲ့သည်။ “ကျွန်မဟာနှစ်နှစ်လောက် တစ်ကိုယ်တည်းနေခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ခရစ်ယာန်လမ်းစဉ်အတိုင်း ထပ်ပြီးအိမ်ထောင်ပြုခဲ့ပါတယ်” ဟု သူမဆိုသည်။ မွန်နီကာသည် ယခုအခါတွင် မှန်မှန်ရှေ့ဆောင်တစ်ယောက်အဖြစ် အမှုဆောင်နေသည်။

ကိုယ်ဝန်ပျက်ကျခြင်းနှင့် လျှောမွေးခြင်း

အာဖရိကတောင်ပိုင်းရှိခရစ်ယာန်များသည် ကိုယ်ဝန်ပျက်ကျခြင်းနှင့် လျှောမွေးခြင်းဆိုင်ရာထုံးတမ်းများကိုလည်း ရင်ဆိုင်ကြရသည်။ ဤကဲ့သို့သောဝမ်းနည်းဖွယ်အဖြစ်သနစ်များသည် လူ့မစုံလင်မှုကြောင့်ဖြစ်သည်—ဘုရားသခင်ဒဏ်ခတ်ခြင်းမဟုတ်။ (ရောမ ၃:၂၃) သို့ရာတွင် အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ပျက်ကျပါက အချို့အာဖရိကန်ဓလေ့ထုံးစံများက သူမကို အချိန်ပိုင်းတစ်ခုကြာကြာ ဝိုင်းပယ်ခံထားရသူအဖြစ် ဆက်ဆံစေရန် တောင်းဆိုသည်။

ထို့ကြောင့် မကြာသေးမီက ကိုယ်ဝန်ပျက်ကျသွားသော အမျိုးသမီးတစ်ယောက်သည် သူမ၏အိမ်သို့ သက်သေခံတစ်ယောက်လျှောက်လာသည်ကို တွေ့မြင်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ သူနီးလာသောအခါ သူမက သူ့အား ဤသို့ အသိပေးပြောလိုက်သည်– “ဒီကိုမလာပါနဲ့! ကျွန်မတို့ရဲ့ထုံးတမ်းအရ မကြာသေးခင်က ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဆီကို လာလည်လို့မရဘူး။” သို့ရာတွင် သက်သေခံက သူမအား ယေဟောဝါသက်သေများသည် လူမျိုးအားလုံးထံသို့ ကျမ်းစာသတင်းတရားသယ်ဆောင်ပေးကြောင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းနှင့်ပတ်သက်သော ဒေသထုံးတမ်းများကို မလိုက်ကြောင်း ပြောပြခဲ့သည်။ ထို့နောက် သူသည် သူမအတွက် ဟေရှာယ ၆၅:၂၀၊ ၂၃ ကိုဖတ်ကာ ဘုရားသခင့်နိုင်ငံတော်အောက်တွင် ကိုယ်ဝန်ပျက်ကျခြင်းနှင့် လျှောမွေးခြင်းရှိတော့မည်မဟုတ်ကြောင်း ရှင်းပြသည်။ ရလဒ်အနေနှင့် ဤအမျိုးသမီးသည် ကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။

အယူသီးခြင်းထုံးတမ်းသည် လျှောမွေးသောကလေးများ သင်္ဂြိုဟ်ခြင်းနှင့်လည်း ဒွန်တွဲနေသည်။ ဂျိုးဇက်အမည်ရှိ သက်သေခံတစ်ယောက်သည် ဤကဲ့သို့သော သင်္ဂြိုဟ်ခြင်းကို တက်ရောက်သောအခါ ရောက်ရှိလာသူအားလုံးသည် မိမိတို့၏လက်များကို ဆေးဘက်ဝင်အပင်များဖြင့်ဆေးကြောပြီး ရင်ဘတ်ပေါ်တွင် ဆေးဖြင့်ပွတ်သပ်ရန် သူ့အားပြောသည်။ ယင်းက မွေးကင်းစကလေး၏ “ဝိညာဉ်” ပြန်လာပြီး သူတို့ကိုဒုက္ခပေးခြင်းမှ ကာကွယ်ရန်ဖြစ်သည်ဟု ဆိုသည်။ လူသေများသည် အသက်ရှင်သူများကို ဒုက္ခမပေးနိုင်ကြောင်း ကျမ်းစာသွန်သင်ချက်ကို သိထားရကား ဂျိုးဇက်သည် တလေးတစားနှင့်ပင် ငြင်းပယ်ခဲ့သည်။ တချို့သူများက ဆေးလိမ်းရန် သူ့ကိုဖိအားပေးနေဆဲဖြစ်သည်။ ဤခရစ်ယာန်၏ မကြောက်မရွံ့ရပ်တည်မှုကို တွေ့ပြီး အခြားသူများသည် ဆေးဘက်ဝင်သောအပင်များကို အလားတူငြင်းပယ်ကြသည်။

ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်၊ သို့သော် အခိုင်အမာရပ်တည်

အသက်ရှင်သူများကို ကြောက်ခြင်းနှင့် ဝိုင်းပယ်ခံရမည်ကို စိုးရွံ့ ခြင်းသည် အလျှော့ပေးလိုက်လျောဖို့အတွက် အစွမ်းထက်သောစွမ်းအားတစ်ခုဖြစ်နိုင်သည်။ နယပုံပြင် ၂၉:၂၅ ကဤသို့ဆိုသည်– “လူကိုကြောက်ရွံ့ ခြင်းသည် ကျော့ကွင်းကိုထောင်တတ်၏။” ဖော်ပြခဲ့သောတွေ့ကြုံမှုများက ဤအခန်းငယ်၏နောက်အပိုင်းမှန်ကန်ကြောင်း ပြသည်– “ထာဝရဘုရားကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။”

မည်သို့ပင်ဆိုစေ ထိပ်တိုက်ရင်ဆိုင်ခြင်းကို များသောအားဖြင့် ရှောင်ကွင်းနိုင်သည်။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် ဆွေမျိုးအသုဘသို့ ဖိတ်ခေါ်ခံရပါက သူသည် အလျှော့ပေးလိုက်လျောရသည့်အခြေအနေရောက်နိုင်သည်အထိ မိမိကိုယ်ကိုရှိစေရန် စောင့်မနေသင့်ပါ။ “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းရှောင်လျက်နေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။”—သု. ၂၇:၁၂။

မည်သည်ထုံးတမ်းများပါမည်ကို အမြော်အမြင်ရှိရှိမေးမြန်းခြင်းသည် ပညာရှိရာကျမည်။ ကန့်ကွက်စရာအကြောင်းများရှိနေပါက ဤခရစ်ယာန်သည် အဘယ့်ကြောင့်မပါဝင်နိုင်ကြောင်း ရှင်းပြရန် ထိုအခွင့်အရေးကို အသုံးပြုနိုင်ပြီး ယင်းကို “နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်” လုပ်ဆောင်ပါ။ (၁ ပေတရု ၃:၁၅) ခရစ်ယာန်တစ်ယောက်သည် တလေးတစားဖြင့် မိမိ၏ကျမ်းစာအခြေခံရပ်တည်မှုကို ကြိုကြိုတင်တင် ရှင်းပြသောအခါ သူ၏ဆွေမျိုးများသည် သူ၏ယုံကြည်ချက်များကို လေးစားရန် ပို၍သဘောထားညွတ်ပျောင်းလေ့ရှိပြီး ခြိမ်းခြောက်ကြိမ်းမောင်းမှုများကို သုံးဖို့သဘောထားလျော့နည်းသွားလေ့ရှိသည်။

ဆွေမျိုးများက မည်သို့ပင်တုံ့ပြန်ပါစေ ခရစ်ယာန်တစ်ယောက်သည်—သူ့အား မည်သည့်ခြိမ်းခြောက်မှုများ သို့မဟုတ် မတော်မတရားပြုမူမှုများစွာ ပြုလုပ်ပါစေ ဘုရားသခင်ကိုဂုဏ်ဖျက်သော ဓလေ့ထုံးစံများကို လိုက်လျှောက်ခြင်းဖြင့် အလျှော့ပေးလိုက်လျောရန် လုံးဝမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် အယူသီးကြောက်ရွံ့မှုများမှ လွတ်မြောက်ခံခဲ့ရပြီ။ “ထို့ကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသောလွှတ်ခြင်းအခွင့်၌ တည်နေသဖြင့် ကျွန်ခံရာထမ်းပိုးကို ထမ်း၍ချည်နှောင်ခြင်းကို တစ်ဖန်မခံကြနှင့်” ဟု တမန်တော်ပေါလု ဩဝါဒပေးခဲ့သည်။—ဂလာတိ ၅:၁။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

လောလောလတ်လတ်သေသွားသောလူတစ်ယောက်သည် ရှေးကသေသွားသောဆွေမျိုးများထံသို့ ကြားဝင်ဆောင်ရွက်ပေးသူအဖြစ် သတင်းပို့ပေးနိုင်ကြောင်း များစွာသောသူတို့ ယုံကြည်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ