အပြစ်မဲ့သားကောင်များအတွက် လွတ်ငြိမ်းချမ်းသာမှု
လူသားကျူးလွန်ဖူးသမျှထဲတွင် စက်ဆုပ်ရွံမုန်းဖွယ်အကောင်းဆုံးသော ရာဇဝတ်မှု—ကလေးများကို ဝတ်ပြုရေးအရ ယဇ်ပူဇော်ခြင်းဖြစ်သည်။ လူအချို့တို့က ဤမျှရက်စက်ယုတ်မာသောလုပ်ရပ်ဖြစ်ခဲ့ခြင်းကို မယုံကြချေ။ သို့သော် ဤဖိုနီးရှန်းတို့၏ဝတ်ပြုရေးအမှတ်တံဆိပ်သည် ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုများစွာတို့၏ အတည်ပြုခြင်းကိုခံရသည်။
မှူးမတ်မျိုးနွယ်မိသားစုများမှ ကလေးများသည် တားနစ်နှင့် ဗာလဟာမွန်ကဲ့သို့သော ဘုရားများထံတွင် ယဇ်ပူဇော်ခြင်းခံရကြသည်။ ကာသေ့ဂျ် မြို့တွင် လူမမည်ကလေးများကို ကြေးညိုဖြင့်ပြုလုပ်ထားသော ကရိုနတ်စ်ဘုရားရုပ်ရှေ့တွင် မီးရှို့ပူဇော်ကြသည်။ ကလေး၏ဆွေမျိုးသားချင်းများကို ငိုကြွေးခွင့်မပြုချေ။ ပြင်းထန်သည့်ရတက်မီးကြောင့် ကျသောမျက်ရည်များသည် ယဇ်သကာ၏တန်ဖိုးကို ယုတ်လျော့စေသည်ဟု ယူဆခဲ့ကြဖွယ်ရှိသောကြောင့်ဖြစ်သည်ဟု ဘီ.စီ.အီး. ပထမရာစုမှ သမိုင်းဆရာဒိုင်အိုဒိုးရပ်စ်စစ်ကလပ်စ်က ပြောသည်။
အလားတူဝတ်ပြုရေးအစဉ်အလာကို ယေရုရှလင်မြို့အနီးရှိ တောဖက်ဟုခေါ်သော ရှေးအရပ်တွင် အချိန်အတန်ကြာအထိပြုလုပ်ကြသည်။ ထိုတွင်ဝတ်ပြုကိုးကွယ်သူများသည် မီးဖိုထားသောမောလုတ်ဘုရား၏ဝမ်းဗိုက်တွင် ပစ်ချခံရသောကလေးများ၏ငိုသံကို ဖုံးလွှမ်းစေရန် ချူပါသည့်ဗုံငယ်များကိုတီးလျက် ကခုန်ခဲ့ကြလေ့ရှိသည်။—ယေရမိ ၇:၃၁။
အခြားသူတို့၏နာကျင်မှုဝေဒနာကို မကြားလို၍ အကြင်နာတရားကင်းမဲ့စွာ နားကိုပိတ်ထားသောသူကို ယေဟောဝါအလွန်အမျက်ထွက်တော်မူသည်။ (သု. ၂၁:၁၃ နှိုင်းယှဉ်။) ကလေးသူငယ်များကို သနားကြင်နာတတ်သောဘုရားသခင်အနေနှင့် ယေဟောဝါသည် ထိုကဲ့သို့အပြစ်မဲ့သားကောင်ဖြစ်ရသူများကို ‘ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့၏ ရှင်ပြန်ထမြောက်ခြင်း’ တွင် မုချပါဝင်စေမည်ဖြစ်သည်။—တမန်တော် ၂၄:၁၅; ထွက်မြောက်ရာ ၂၂:၂၂-၂၄။