အတိတ်မှ ဘုရားရေးရာမိသားစုများ—ကျွန်ုပ်တို့အချိန်အတွက် နမူနာပုံစံ
မိသားစု—ကုလသမဂ္ဂသည် ယင်းကို ကမ္ဘာကအာရုံစိုက်ရန် ကြိုးပမ်းခဲ့သည်။ မည်သို့အားဖြင့်နည်း။ ၁၉၉၄ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ မိသားစုနှစ်” ဟုကြေညာခြင်းအားဖြင့်ဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်များ၊ လူမှုရေးသိပ္ပံပညာရှင်များနှင့် မိသားစုအကြံပေးပုဂ္ဂိုလ်များသည် တရားမဝင်ကလေးမွေးဖွားမှု တိုးများလာခြင်းနှင့် ကွာရှင်းမှုနှုန်းတစ်ဟုန်ထိုးမြှင့်တက်လာခြင်းကဲ့သို့သော ကိစ္စရပ်များအတွက် မြည်တမ်းရန်လျင်မြန်ကြသော်လည်း ဤကဲ့သို့သောပြဿနာများအတွက် ဖြစ်ဖြစ်မြောက်မြောက်ရှိသော၊ အမှန်လက်တွေ့ကျသောဖြေရှင်းချက်များပေးရန် နှေးကွေးကြသည်။
ကျမ်းစာတွင် မိသားစုပြဿနာများအတွက် ဖြေရှင်းချက်များရှိထားသည်မှာ ဖြစ်နိုင်ပါသလော။ ကျမ်းစာတွင် ယနေ့မိသားစုများအတွက် အကူအညီရှိနိုင်ကြောင်း အကြံပြုခြင်းသည် အချို့သူများအတွက် ရှေးရိုးကျဟန်ရှိပေမည်။ ထိုထက်ကား ယင်းကို အရှေ့အလယ်ပိုင်းနောက်ခံယဉ်ကျေးမှုဖြင့် ရာစုနှစ်များစွာအလွန်က ရေးသားခဲ့သည်။ အသက်တာပုံစံသည် ကမ္ဘာ့ဒေသတော်တော်များများတွင် ကျမ်းစာခေတ်ကတည်းက လုံးလုံးပြောင်းလဲသွားပြီ။ သို့သော်ငြားလည်း မိသားစုတိုင်းအားဖြစ်ပေါ်စေသည့် ယေဟောဝါဘုရားသခင်က ကျမ်းစာကို ဝိညာဉ်တော်ဖြင့်မှုတ်သွင်းခဲ့သည်။ (ဧဖက် ၃:၁၄၊ ၁၅; ၂ တိမောသေ ၃:၁၆) မိသားစုပြဿနာများအကြောင်း ကျမ်းစာကဘာပြောထားသနည်း။
ယေဟောဝါရှင်သည် မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင်နှင့် ပြည့်ပြည့်စုံစုံရှိအောင်လုပ်ဖို့ လိုအပ်သည့်အရာကို အတိအကျသိတော်မူသည်။ ထို့ကြောင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်ကျမ်းစာတွင် မိသားစုဘဝနှင့်ပတ်သက်၍ ပြောဆိုချက်အများအပြားရှိရာ အချို့တို့သည် ဩဝါဒစကားများပုံစံဖြင့်ဖြစ်သည်။ ကျမ်းစာတွင် ဘုရားရေးရာမူများအတိုင်း လုပ်ဆောင်စေသည့်မိသားစုနမူနာများလည်း ပါရှိသည်။ ရလဒ်အနေနှင့် သူတို့သည် အမှန်ရင်းနှီးတွယ်တာမှုနှင့် ရောင့်ရဲမှုတို့ကို ခံစားရကြသည်။ ကျမ်းစာခေတ်က မိသားစုဘဝကို တစေ့တစောင်းအကဲခတ်ကာ အဘယ်သင်ခန်းစာများ သင်ယူနိုင်သည်ကို ကြည့်ကြစို့။
ဦးဆောင်မှု—ခက်ခဲရာလော
ဥပမာ၊ မိသားစုဦးဆောင်မှုကိစ္စကို တွေးတောသုံးသပ်ကြည့်ပါ။ ဘိုးဘေးခေတ်တွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့သော အမျိုးသားများသည် “အမျိုး၏အဘတို့” ဖြစ်ကြောင်းမငြင်းနိုင်ပါ။ (တမန်တော် ၇:၈၊ ၉; ဟေဗြဲ ၇:၄) ရဖ် ဂိုဝါ ရေးသည့် ကျမ်းစာခေတ်မှ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံသစ်များ စာအုပ်က ဤသို့ဆိုသည်– “မိသားစုသည် . . . ဖခင်အုပ်စိုးသည့် ‘နိုင်ငံငယ်လေး’ တစ်ခုဖြစ်သည်။ သူသည် ဇနီး၊ သားသမီးများ၊ မြေးများနှင့် ကျေးကျွန်များ—အိမ်ထောင်စုတွင်ရှိ မည်သူ့အပေါ်တွင်မဆို အုပ်စိုးသည်။” အမှန်ပင် ဘိုးဘေးများသည် များသောအားဖြင့် မိမိတို့သားများ၏မိသားစုများအပေါ်တွင်ပါ အာဏာရှိသည်။—ကမ္ဘာဦး ၄၂:၃၇ နှိုင်းယှဉ်။
ယင်းက သူတို့၏ဇနီးနှင့် သားသမီးများကို ဖိနှိပ်ရန် အမျိုးသားများအား လိုင်စင်ပေးလိုက်ခြင်းမဟုတ်ပေလော။ လုံးဝမဟုတ်ပါ။ မှန်ပါသည်၊ ပထမဆုံးအမျိုးသမီး ဧဝကို ဘုရားသခင် ဤသို့မိန့်တော်မူခဲ့သည်– “ခင်ပွန်း၏အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်။” (ကမ္ဘာဦး ၃:၁၆) ဤစကားများက သာမန်အားဖြင့် အိမ်ထောင်သည်အမျိုးသမီးများသည် မည်သို့တွေ့ကြုံရမည့်ပုံကို ညွှန်ပြသော်လည်း ယင်းတို့က ဘုရားသခင့်စစ်မှန်သောဝတ်ပြုသူများထဲတွင် မည်သို့ဖြစ်ရမည်ကို မဖော်ပြပါ။ ဘုရားသခင်ကိုကြောက်ရွံ့သောလင်သားများသည် ယေဟောဝါ၏မူလရည်ရွယ်တော်မူချက်ကို စိတ်စွဲမှတ်ထားကြသည်။ ယေဟောဝါရှင်သည် မိန်းမကို ယောက်ျား “နှင့်တော်သောအထောက်အမ” အဖြစ်ဖန်ဆင်းထားသည်၊ သူ၏ကျွန်မဟုတ်။ (ကမ္ဘာဦး ၂:၂၀) အစောပိုင်းဘုရားဝတ်၌မွေ့လျော်သော အမျိုးသားများသည် မိမိတို့ကိုယ်တိုင်လက်အောက်ခံနေရခြင်းနှင့် ဘုရားသခင်ထံစာရင်းရှင်းခံရမည့်အကြောင်း အသိအမှတ်ပြုထားသောကြောင့် သူတို့၏အခွင့်အာဏာကို အလွဲသုံးစားမပြုခဲ့ကြပါ။ သူတို့ဇနီးနှင့် သားသမီးများကို ကျေးကျွန်များသာဖြစ်သည်ဟု သဘောမထားဘဲ ဘုရားသခင်ကိုကြောက်ရွံ့သောဘိုးဘေးများသည် သူတို့အား စစ်မှန်သောမေတ္တာနှင့် တွယ်တာမှုတို့ကို ပြသခဲ့ကြသည်။
သားသမီးများ သာမန်အားဖြင့်ခံစားကြရသည့်တွယ်တာမှုကို ကမ္ဘာဦး ၅၀:၂၃ [သမ] တွင်အရိပ်အမြွက်ဖော်ပြထားသည်။ ဤတွင် ယောသပ်၏မြစ်များနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “သားသမီးတို့ကိုလည်း ယောသပ်၏ဒူးပေါ်မှာ မွေးမြူရလေ၏။” ယောသပ်သည် ဤကလေးများကို မိမိ၏မျိုးရိုးစဉ်ဆက်များအဖြစ် အသိအမှတ်ပြုကြောင်း ရိုးရိုးအဓိပ္ပာယ်ဆောင်နိုင်သကဲ့သို့ ကလေးကို မိမိဒူးပေါ်တွင်တင်၍ ချော့မြှူကာ တွယ်တာမှုပြကြောင်းကိုလည်းဖော်ပြနိုင်သည်။ ယနေ့ဖခင်များသည် မိမိတို့သားသမီးများကို အလားတူတွယ်တာမှုတင်ပြရန် အလွန်ကောင်းသည်။
လူမျိုး၏အဘတို့အနေနှင့် ဘုရားသခင်ကိုကြောက်ရွံ့သောဘိုးဘေးများသည် မိမိတို့မိသားစု၏ဝိညာဉ်ရေးလိုအပ်ချက်အတွက်လည်း ဂရုစိုက်ကြသည်။ ကမ္ဘာချီရေလွှမ်းမိုးဘေးကြီးပြီးနောက် သင်္ဘောထဲမှထွက်လာသောအခါ “နောဧသည်လည်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးမှ . . . ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်လေ၏။” (ကမ္ဘာဦး ၈:၂၀; ယောဘ ၁:၅ နှိုင်းယှဉ်။) သစ္စာရှိဘိုးဘေးအာဗြဟံသည် မိသားစုဝင်များကို တစ်ဦးချင်းသွန်သင်ချက်ပေးခြင်းအားဖြင့် ပုံသက်သေကောင်း ထားခဲ့သည်။ သူသည် ‘မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူအိမ်သားများ ယေဟောဝါ၏တရားလမ်းသို့လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာကျင့်ရန်အလို့ငှာ ပညတ်ပေးခဲ့သည်။’ (ကမ္ဘာဦး ၁၈:၁၉) သို့ဖြစ်၍ မေတ္တာပါသောဦးဆောင်မှုသည် မိသားစုများ၏စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာကောင်းကျိုးကို ထောက်ကူပေးသည်။
ခရစ်ယာန်အမျိုးသားများသည် ယနေ့ဤနမူနာပုံစံကို လိုက်လျှောက်ကြသည်။ သူတို့သည် ဝတ်ပြုရေးကိစ္စရပ်များ၌ ဘုရားသခင့်တောင်းဆိုချက်များကို လိုက်နာရန် မိမိတို့၏မိသားစုများကို ကူညီပေးခြင်းအားဖြင့်လည်းကောင်း၊ သူတို့ကိုယ်တိုင် ပုံသက်သေကောင်းချမှတ်ခြင်းအားဖြင့်လည်းကောင်း ဦးစီးမှုကို ကျင့်သုံးကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅) ဘိုးဘေးများကဲ့သို့ ခရစ်ယာန်လင်သားများနှင့် ဖခင်များလည်း မိမိတို့အိမ်သားများကို တစ်ဦးချင်းသွန်သင်ချက်ပေးရန် အချိန်ယူကြသည်။
ပြတ်ပြတ်သားသားပြုမူခြင်း
နောက်ဆုံးတွင် သူသည် မိမိ၏ယောက္ခမအား အလွန်များသောအကြွေးကို ဆပ်သောအခါတွင် ဘိုးဘေးယာကုပ်သည် ဤသို့မေးခဲ့သည်– “ကျွန်ုပ်သည် ကိုယ့်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစုရပါအံ့နည်း။” (ကမ္ဘာဦး ၃၀:၃၀) ဖခင်အားလုံးတို့ကဲ့သို့ ယာကုပ်သည် သူ့မိသားစု၏ရုပ်ပစ္စည်းလိုအပ်ချက်များ ပြည့်မီခြင်းနှင့်ပတ်သက်သောစိတ်ဖိစီးမှုကို ခံစားခဲ့ရရာ ယင်းအတွက် ကြိုးစားပမ်းစားအလုပ်လုပ်ခဲ့သည်။ ကမ္ဘာဦး ၃၀:၄၃ ကဤသို့ဆိုသည်- “ယာကုပ်၌စည်းစိမ်တိုးပွား၍ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်၊ မြည်းအများရှိကြ၏။”
သို့သော် နှစ်အတော်အတန်ကြာပြီးနောက် ယာကုပ်ခါနာန်ပြည်သို့ပြောင်းရွှေ့ပြီးနောက်တွင် သူ၏သမီးဒိနသည် တိတ္ထိခါနာန်လူမျိုးများနှင့်ပေါင်းသင်းသည့် အန္တရာယ်ကြီးသောအကျင့် ရနေခဲ့သည်ကို သူသတိမပြုမိကြောင်း ထင်ရှားသည်။a (ကမ္ဘာဦး ၃၄:၁) မိမိအိမ်ထောင်ထဲတွင် တိတ္ထိဘာသာရေးအသုံးအဆောင်ပစ္စည်းများရောက်နေကြောင်း သတိပြုမိသောအခါတွင် သူအရေးယူလုပ်ဆောင်ရန်လည်း ပျက်ကွက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ခါနာန်လူတစ်ဦးက ဒိနအား ရင်နာစရာဗလက္ကာရပြုပြီးနောက်တွင် ယာကုပ်သည် ပြတ်ပြတ်သားလုပ်ဆောင်ခဲ့သည်။ “သင်တို့တွင်ပါသော တစ်ပါးအမျိုးသားတို့၏ ဘုရားတို့ကိုပစ်ပယ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။”—ကမ္ဘာဦး ၃၅:၂-၄။
ခရစ်ယာန်ဖခင်များသည် မိမိတို့မိသားစု၏ဝိညာဉ်ရေးနှင့်ပတ်သက်လာလျှင် နိုးနိုးကြားကြားရှိရမည်။ အိမ်ထဲတွင် စာရိတ္တပျက်ပြားစေသောစာပေများ သို့မဟုတ် ကောင်းကျိုးမဖြစ်သောတေးဂီတများကဲ့သို့သော မိသားစု၏ဝိညာဏအကျိုးကို အကြီးအကျယ်ခြိမ်းခြောက်သည့်အရာများရှိနေပါက သူတို့သည် ပြတ်ပြတ်သားသားလုပ်ဆောင်ရမည်။
စိတ်ဝင်စားစရာကား စာရာ၊ ရေဗက္ကနှင့် ရာခပ်တို့ကဲ့သို့သော ယုံကြည်ခြင်းရှိအမျိုးသမီးများသည်လည်း သူတို့၏မိသားစုတွင် အထူးသြဇာရှိခဲ့ကြသည်။ သူတို့သည် မိမိတို့လင်သားကို လက်အောက်ခံကြသော်လည်း လုပ်သင့်လုပ်အပ်ပြီးလိုအပ်လာသောအခါတွင် အစပြုမလုပ်ဆောင်ဘဲ မနေကြပါ။ ဥပမာ၊ ထွက်မြောက်ရာ ၄:၂၄-၂၆ က မောရှေနှင့် သူမိသားစုသည် အီဂျစ်ပြည်သို့ သွားနေသောအခါ “ထာဝရဘုရား [“ယေဟောဝါ၏ကောင်းကင်တမန်၊” စက်တွားဂျင့်] သည် မောရှေကို တွေ့၍ [မောရှေ၏သားကို] ကွပ်မျက်ခြင်းငှာ ရှာကြံတော်မူ၏” ဟု ကျွန်ုပ်တို့အားပြောထားသည်။ မောရှေသည် သူ၏သားကို အရေဖျားလှီးဖို့ပျက်ကွက်ခဲ့သောကြောင့် သူ့သားသည် ကွပ်မျက်ခံရမည့်အန္တရာယ်ရောက်နေကြောင်း ထင်ရှားသည်။ ဇိပေါရသည် မိမိ၏သားကို မဆိုင်းမတွအရေဖျားလှီးပေးခဲ့သည်။ အကျိုးဆက်အနေနှင့် ကောင်းကင်တမန်သည် သူ့အားလွှတ်ပေးလိုက်သည်။ ယနေ့ခရစ်ယာန်အမျိုးသမီးများလည်း လုပ်သင့်လုပ်ထိုက်သောအခြေအနေရှိပါက အစပြုလုပ်ဆောင်နိုင်သည်။
မောရှေပညတ်အောက်ရှိ ဖခင်ကဲ့သို့သောသွန်သင်မှု
ဘီ.စီ.အီး. ၁၅၁၃ တွင် ဣသရေလလူမျိုးသည် လူမျိုးတစ်မျိုးဖြစ်လာသောအခါ ဘိုးဘေးခေတ် ကုန်သွားသည်။ (ထွက်မြောက်ရာ ၂၄:၃-၈) ဖခင်များမူကား မိသားစုဦးခေါင်းများ ဆက်ဖြစ်နေတုန်းပင်။ သို့ရာတွင် မိသားစုပညတ်သည် မောရှေထံဘုရားသခင်ပေးခဲ့သော တစ်မျိုးသားလုံးဆိုင်ရာပညတ်၏လက်အောက်ခံဖြစ်လာပြီး ခန့်အပ်ခံတရားသူကြီးများက စီမံခန့်ခွဲသည်။ (ထွက်မြောက်ရာ ၁၈:၁၃-၂၆) လေဝိယဇ်ပုရောဟိတ်အုပ်စုက ယဇ်ပူဇော်ခြင်းဆိုင်ရာ ဝတ်ပြုမှုအပိုင်းများကို ပခုံးပြောင်းတာဝန်ယူခဲ့သည်။ သို့ရာတွင် ဖခင်သည် အရေးကြီးတာဝန်ကို ဆက်လက်ယူနေရတုန်းပင်ဖြစ်သည်။ မောရှေဤသို့ တိုက်တွန်းခဲ့သည်– “ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အားကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။”—တရားဟောရာ ၆:၆၊ ၇။
ပသခါကဲ့သို့သော အခါသမယများတွင် သွန်သင်ချက်ကို စည်းစနစ်တကျကော၊ အလွတ်သဘောအရပါ သွန်သင်ပေးနိုင်ရန်ပညတ်က စီမံပေးထားသည်။ ပသခါပွဲနေ့စွဲဖြစ်သည့် နိသန်လ ၁၄ ရက်ချဉ်းကပ်လာသည်နှင့်အမျှ ဂျူးမိသားစုများသည် ထုံးစံရှိသည့်အတိုင်း ယေရုရှလင်သို့ခရီးနှင်ရန် စ၍ပြင်ဆင်နေကြမည်ဖြစ်သည်။ (တရားဟောရာ ၁၆:၁၆; လုကာ ၂:၄၁ နှိုင်းယှဉ်။) ဤကဲ့သို့သောပြင်ဆင်မှုကြောင့် စိတ်မလှုပ်ရှားဘဲနေမည့် ကလေးရှိနိုင်ပါမည်လော။ ခရီးစဉ်ကိုယ်နှိုက်က နှစ်ခြိုက်စရာဖြစ်မည်။ ထိုအချိန်တွင် ဝသန်ရာသီကုန်ဆုံးသွားရာ ဂိမှာန်ဦးနေရောင်ခြည်က ဟေမန်လေညင်း၏အေးစိမ့်မှုကို စတင်ဖယ်ထုတ်နေပြီ။ ဟေရမုန်တောင်မှ နှင်းခဲများအရည်ပျော်လာသည်နှင့်အမျှ ယော်ဒန်မြစ်သည် ယင်း၏ကမ်းဘေးကိုပြည့်လျှံစေပေမည်။
လမ်းတစ်လျှောက် ဖခင်များသည် မိမိတို့၏သားသမီးများကို သူတို့တိုင်းပြည်၏ ပထဝီဝင်ကိုသာမက သူတို့ဖြတ်ကျော်ကောင်းဖြတ်ကျော်ရမည့် ဒေသများနှင့်ဆက်နွှယ်သည့် ပေါကြွယ်သောသမိုင်းကိုပါ သွန်သင်ပေးနိုင်သည်။ ယင်းတို့တွင် ပညတ်တော်၏ကျိန်ခြင်းနှင့် ကောင်းချီးများကိုဖတ်ခဲ့သည့် ဧဗလတောင်နှင့် ဂေရဇိမ်တောင်တို့ပါဝင်ပေမည်။ ယာကုပ်က ကောင်းကင်လှေကားကို ရူပါရုံတွေ့မြင်ခဲ့သည့်ဗေသလအရပ်ကိုလည်း သူတို့ဖြတ်ကောင်းဖြတ်ခဲ့နိုင်သည်။ မည်မျှစိတ်လှုပ်ရှားဖွယ် ဆွေးနွေးချက်များဖြစ်လိုက်မည်ပါတကား! ခရီးပေါက်လာသည်နှင့်အမျှ မိသားစုများသည် တိုင်းပြည်အခြားဒေသများမှ ခရီးသွားများနှင့် ပေါင်းစပ်မိကြကာ အားလုံးသည် တည်ဆောက်မှုပေးသော ပေါင်းသင်းဆက်ဆံမှုကို ခံစားကြရမည်ဖြစ်သည်။
နောက်ဆုံးတွင် မိသားစုသည် “အသရေတင့်တယ်ခြင်းနှင့် ပြည့်စုံရာ” ယေရုရှလင်မြို့သို့ဝင်လာမည်ဖြစ်သည်။ (ဆာလံ ၅၀:၂) ကျမ်းပညာရှင် အဲလ်ဖရက် အယ်ဒါရှိုင်က ဤသို့ဆိုသည်– “ဤအဖူးအမြော်လာသူများထဲမှများစွာသည် မြို့တံတိုင်းတော်များ၏အပြင်ဘက်တွင် စခန်းချခဲ့ကြရမည်။ တံတိုင်းတော်များအတွင်း တည်းခိုခွင့်ရသောသူများသည် အခမဲ့နေထိုင်ခွင့်ရကြသည်။” မှန်ပါသည်၊ ဟေဗြဲလူငယ်များသည် ညီအစ်ကိုရင်းမေတ္တာနှင့် ဧည့်ဝတ်ကျေပွန်မှုတွင် နဖူးတွေ့ဒူးတွေ့သင်ခန်းစာရခဲ့ကြသည်။ ယနေ့တွင် ယေဟောဝါသက်သေများ၏ နှစ်စဉ်စည်းဝေးကြီးများက အလားတူရည်ရွယ်ချက်ကို ဖြစ်မြောက်စေသည်။
နောက်ဆုံးတွင် နိသန် ၁၄ ရက်နေ့ရောက်လာမည်။ ပသခါတိရစ္ဆာန်များကို သတ်ပြီး အတန်ကြာ ကင်မည်ဖြစ်သည်။ သန်းခေါင်တိုင်ခါနီးတွင် မိသားစုသည် သိုးသား၊ တဆေးမပါသောပေါင်မုန့်၊ ခါးသောဆေးဖက်ဝင်အပင်ငယ်များကို စားကြမည်ဖြစ်သည်။ ထုံးစံရှိသည်အတိုင်း သားတစ်ယောက်က ဤသို့မေးမည်– “ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်း။” ထိုတွင် ဖခင်များက စည်းစနစ်ကျသောသွန်သင်ချက်ကို ပေးရင်း ဤသို့ပြောမည်– “ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ပသခါယဇ်ဖြစ်သတည်း။”—ထွက်မြောက်ရာ ၁၂:၂၆၊ ၂၇; ၁၃:၈။
ဣသရေလဘုရင် ရှောလမုန် ဤသို့ဆိုခဲ့သည်– ‘ရယ်ရသောအချိန်နှင့် ကခုန်ရသောအချိန်လည်းရှိ၏။’ (ဒေသနာ ၃:၄) ဣသရေလကလေးများသည် ပျော်ရွှင်မြူးထူးဖို့အချိန်ရကြသည်။ ယေရှုခရစ်သည် ဈေးအရောင်းအဝယ်နေရာတို့တွင် ကလေးများကစားသည်ကို ကြည့်ခဲ့ကြောင်းထင်ရှားသည်။ (ဇာခရိ ၈:၅; မဿဲ ၁၁:၁၆) ထို့အပြင် အဆို၊ အကနှင့် အကျွေးအမွေးများပါဝင်သည့် ပျော်ရွှင်မြူးထူးဖွယ် မိသားစု စုပေါင်းပွဲများအတွက် တတ်နိုင်သောမိဘများစီစဉ်ခြင်းသည် အဆန်းမဟုတ်ပါ။ (လုကာ ၁၅:၂၅) ယနေ့ခရစ်ယာန်မိဘများလည်း မိမိတို့သားသမီးများအတွက် အကျိုးဖြစ်ထွန်းသည့်ပျော်ရွှင်မြူးထူးမှုနှင့် ပေါင်းသင်းဆက်ဆံမှုတို့ကို စီစဉ်ပေးရာတွင် ဦးစီးဦးဆောင် ပြုလုပ်ကြသည်။
ဂျူးလူ့ဘောင်တွင် မိခင်များနှင့် သားသမီးများ
မောရှေပညတ်အောက်တွင် မိခင်များသည် အဘယ်တာဝန်ကို ထမ်းဆောင်ခဲ့သနည်း။ နယပုံပြင် ၁:၈ က ဤသို့ဆင့်ဆိုသည်– “ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။” လင်သား၏အခွင့်အာဏာ ဆောင်ရွက်မှုအစီအစဉ်အတွင်း ဂျူးအမျိုးသမီးသည် မိသားစုဘဝတွင် ဘုရားပေးတောင်းဆိုချက်များကို ကျင့်သုံးမည်ဖြစ်သည်။ သူမ၏သားသမီးများက သူမအား အသက်အရွယ်ကြီးရင့်လာသည့်နောက်၌ပင် လေးစားရမည်ဖြစ်သည်။—သု. ၂၃:၂၂။
မိခင်သည်လည်း သူမ၏သားသမီးများလေ့ကျင့်ရေးတွင် ကြီးမားသောအငန်းအတာရှိထားသည်။ သူမသည် နို့စို့ရင်သွေးလေးအတွက် နို့ပြတ်သည့်အရွယ်အထိရောက်အောင် တစ်ယောက်တည်းနည်းပါးစောင့်ရှောက်ခဲ့ရကား မိခင်နှင့် ကလေးသံယောဇဉ်အလွန်တွယ်တာမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ (ဟေရှာယ ၄၉:၁၅) ဖခင်ဖြစ်သူများက မိမိတို့၏သားများအား အရောင်းအဝယ်သင်ကြားပေးနေစဉ် မိခင်ဖြစ်သူတို့က မိမိတို့၏သမီးများအား အိမ်တွင်းမှုစွမ်းရည်များကို သင်ကြားပေးကြသည်။ မိခင်များသည် သူတို့၏သားများအပေါ်တွင်လည်း အတော်လေးသြဇာလွှမ်းသည်။ ဥပမာ၊ “မယ်တော်သည် သားကိုဆုံးမသွန်သင်သော တရားစကား” မှ ဘုရင်လေမွေလ အကျိုးရရှိခဲ့သည်။—သု. ၃၁:၁။
လုပ်ရည်ကိုင်ရည်ရှိသော ဂျူးဇနီးသည်တစ်ဦးသည် “အိမ်သူအိမ်သားပြုမူသမျှတို့ကို ကြည့်ရှု” ရာတွင်လည်း အထိုက်အလျောက်လွတ်လပ်မှုကို ရရှိသည်။ နယပုံပြင် ၃၁:၁၀-၃၁ အရ သူမသည် မိသားစု၏အထောက်အပံ့ပစ္စည်းများကို ဝယ်ခြမ်းခြင်း၊ ဥစ္စာရင်းနှီးမြုပ်နှံမှုများ လုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းငယ်များကိုပင် စီမံဆောင်ရွက်ခြင်းတို့ ပြုကောင်းပြုမည်။ တန်ဖိုးထားသောခင်ပွန်းအတွက် သူမ၏တန်ဖိုးသည် “ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏”!
ယနေ့အတွက် နမူနာပုံစံ
ကျမ်းစာခေတ်တွင် မိသားစုအစီအစဉ်သည် ယင်း၏မိသားစုဝင်အားလုံးအတွက် စိတ်ဓာတ်ရေးနှင် ဝိညာဉ်ရေးတိုးပွားထွန်းကားမှုအတွက် လုပ်ဆောင်သည်။ ဖခင်များသည် မိသားစုအကျိုးအလို့ငှာ မိမိတို့၏အခွင့်အာဏာကို မေတ္တာရှေ့ထားကာ အသုံးပြုရမည်။ သူတို့သည် ဝတ်ပြုရေးတွင်ဦးဆောင်ရမည်။ ဖခင်များကော မိခင်များပါ မိမိတို့၏ရင်သွေးများအား စိတ်ဝင်စားမှုပြကြသည်—သူတို့အား သွန်သင်လေ့ကျင့်ပေးကြ၊ သူတို့နှင့်အတူဝတ်ပြုကြကာ သူတို့အား ပျော်ရွှင်မြူးထူးရန် စီစဉ်ပေးကြသည်။ ဘုရားဝတ်၌မွေ့လျော်သောမိခင်များသည် မိမိတို့၏မိသားစုအကျိုးအတွက် အဦးပြုလုပ်ဆောင်ရင်း အဖိုးတန်အထောက်အမများဖြစ်ကြောင်း၊ လင်သား၏ဦးစီးမှုကို လေးစားကြောင်း တင်ပြကြသည်။ နာခံမှုရှိသောသားသမီးများသည် သူတို့၏မိဘများနှင့် ယေဟောဝါဘုရားသခင်တို့ကို ရွှင်လန်းစေသည်။ အမှန်မှာ ကျမ်းစာခေတ်က ဘုရားသခင်ကိုကြောက်ရွံ့သောမိသားစုသည် ကျွန်ုပ်တို့ခေတ်အတွက် အထူးကောင်းမွန်သောနမူနာပုံစံဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a ယင်းသို့မဖြစ်မီ ယာကုပ်သည် သူမိသားစုအား ဝန်းကျင်ရှိခါနာန်လူများ၏လွှမ်းမိုးမှုမှ ကာကွယ်ရန် အခိုင်အမာစီမံခဲ့ကြောင်း မှတ်သားသင့်သည်။ သူသည် ယဇ်ပလ္လင်တစ်ခုကို တည်ခဲ့ပြီး ယင်းသည် ဝန်းကျင်ရှိခါနာန်လူများနှင့် သူ့ကိုကွဲပြားစေသည့်ပုံစံဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိ။ (ကမ္ဘာဦး ၃၃:၂၀; ထွက်မြောက်ရာ ၂၀:၂၄၊ ၂၅) ထို့အပြင် သူသည် တဲကို ရှေခင်မြို့၏ အပြင်ဘက်တွင် ထိုးခဲ့ပြီး ရေရရှိဖို့အတွက် မိမိဘာသာရေတွင်းတူးခဲ့သည်။ (ကမ္ဘာဦး ၃၃:၁၈; ယောဟန် ၄:၆၊ ၁၂) ထို့ကြောင့် ခါနာန်လူများနှင့် မပေါင်းသင်းစေလိုသည့် ယာကုပ်၏ဆန္ဒကို ဒိနကောင်းကောင်းသိခဲ့မည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သင့်မိသားစုသည် ကျမ်းစာခေတ်ရှိယေဟောဝါအား ဝတ်ပြုသည့် မိသားစုများတမျှ ပျော်ရွှင်မှုရှိနိုင်