ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—အိန္ဒိယ
အိန္ဒိယ! ယင်းသည် ဤဂြိုဟ်ပေါ်တွင် လူ ၆ ယောက်လျှင် ၁ ယောက် နေထိုင်သည့် ကျယ်ပြန့်သောတိုက်ငယ်ဖြစ်သည်။ စုစုပေါင်း ဘာသာစကား ၁,၀၀၀ ကျော်နှင့် နယ်ခံစကားများကို နယ်မြေအသီးသီးတွင် ပြောဆိုကြသည်။ သူတို့အထဲမှ ၈၃ ရာခိုင်နှုန်းရှိသော ဟိန္ဒူများ ကြီးစိုးလွှမ်းမိုးထားပြီး ၁၁ ရာခိုင်နှုန်းမှာ မွတ်စလင်များနှင့်အတူ ဆစ်ခ်များနှင့် ဂျိန်းဘာသာဝင်များဖြစ်ကြကာ ကျန်သူများမှာ ခရစ်ယာန်များဟု အခေါ်ခံသူများ ဖြစ်ကြသည်။
ယေဟောဝါသက်သေများသည် မကြာသေးမီနှစ်များ၌ အိန္ဒိယနိုင်ငံတွင် ထူးခြားသောအောင်မြင်မှုရရှိခဲ့ကြပြီ။ ဖိနှိပ်မှုနှင့် အတိုက်အခံပြုမှု အမျိုးမျိုးအောက်၌ ယေဟောဝါရှင်၏နိုင်ငံတော်ဘက်တွင် အခိုင်အမာရပ်တည်လိုသည့် သိုးကဲ့သို့သောလူများကို သူတို့ တွေ့ရှိထားပြီ။
ဥပမာ၊ ဩသဒေါက်စ် ဟိန္ဒူမိသားစုမှ မိန်းကလေးတစ်ဦးသည် ငယ်စဉ်ကတည်းက ပိုလီယိုကြောင့် မသန်မစွမ်းဖြစ်ခဲ့သည်။ သူမခံစားရသည့်ဝေဒနာက ဘုရားသခင်အကြောင်းနှင့် ဘဝ၏ရည်ရွယ်ချက်တို့ကို သူမအား တွေးတောလာစေသည်။ သူမသည် အဖြေအတွက် ဘာသာတရားများစွာတွင် စူးစမ်းရှာဖွေခဲ့သော်လည်း စိတ်ဖြေသိမ့်မှုကို မတွေ့ခဲ့ရပါ။ ရလဒ်အနေနှင့် သူမသည် ဘာသာတရားကိုသာမက ဘုရားသခင်ကိုပါ အယုံအကြည်မရှိတော့ချေ။
ဤအချိန်လောက်တွင် သက်သေခံနှစ်ဦးတို့သည် သူတို့၏တစ်အိမ်မှတစ်အိမ် ဓမ္မအမှုတွင် ဤမိန်းမငယ်ကို တွေ့ခဲ့ကြသည်။ “ဗျာဒိတ် ၂၁:၄ ကို သူတို့ဖတ်တာ ကြားလိုက်ရတဲ့အခါ မျက်ရည်တွေဝဲလာပါတယ်” ဟု သူမပြန်ပြောပြသည်။ သူမသည် ကင်းမျှော်စင်အသင်း၏စာပေစာတမ်းအမြောက်အမြားကို လက်ခံယူထားပြီး သူမအမေ၏အတိုက်အခံကြားမှ အိမ်တွင်းကျမ်းစာသင်အံမှုကို သဘောတူလက်ခံခဲ့သည်။ ဤမိန်းကလေးသည် သူမ၏ဘဝတွင် များစွာအပြောင်းအလဲလုပ်ခဲ့ပြီး ဆွေမျိုးဉာတိထံမှလာသောအတိုက်အခံများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကာ နှစ်ခြင်းခံသက်သေခံတစ်ယောက်ဖြစ်လာခဲ့သည်။ သူမဤသို့ဆိုသည်– “ကျွန်မဟာ အများကြီးပြောင်းလဲခဲ့ရပြီး အဲ့ဒါဟာ သိပ်ခက်ခဲတဲ့လုပ်ငန်းစဉ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ယေဟောဝါဘုရားသခင်ဟာ ကျွန်မနဲ့အမြဲအတူရှိပြီး ကြီးမားတဲ့ငြိမ်သက်မှုနဲ့ ရွှင်လန်းမှုကို ပေးခဲ့တယ်။”
ကျောင်းတွင် စင်ကြယ်သောဝတ်ပြုရေးအတွက် အခိုင်အမာရပ်တည်
ညီအစ်မငယ်တစ်ဦးကို သူမ၏ဆရာမက ကျန်အတန်းသားများနှင့်အတူ ကက်သလစ်ချာ့ချ်သို့ သွားရန် ပြောသည်။ ဤညီအစ်မသည် ယဉ်ကျေးစွာငြင်းပယ်ကာ သူမသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်းနှင့် ယေဟောဝါမှလွဲ၍ အခြားသူတစ်ဦးဦးကိုဖြစ်စေ၊ အခြားအရာတစ်ခုခုကိုဖြစ်စေ ဝတ်ပြုမည်မဟုတ်ကြောင်း ပြောပြသည်။ ဆရာမက တခြားသူများအားလုံး ချာ့ချ်သို့သွားသည်ကိုထောက်ကာ သူမလည်းသွားသင့်ကြောင်း ပြောခဲ့သည်။ သို့သော် ထိုညီအစ်မသည် အခိုင်အမာရပ်တည်ပြီး ချာ့ချ်သို့သွားသောသူများသည် ယေဟောဝါထံဆုတောင်းကြလိမ့်မည်မဟုတ်သောကြောင့် ဤနေရာတွင် သူမတက်ရောက်၍မဖြစ်နိုင်ကြောင်း ပြောပြခဲ့သည်။
ဤမိန်းကလေး၏ခိုင်မာသောရပ်တည်မှုကြောင့် သူမ၏ဆရာမသည် ပို၍သိချင်လာသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် ဤညီအစ်မသည် ဆရာမအား ယေဟောဝါ၏ဝတ်ပြုမှုနှင့်ပတ်သက်သော ဆောင်းပါးပါ ကင်းမျှော်စင်တစ်အုပ်ကို ပေးဖတ်ခဲ့သည်။ သူမဖတ်သည့်အရာကို စွဲမှတ်သွားရကား ဤဆရာမသည် ထိုအချိန်မှစ၍ သူမအား ကျောင်း၌ပြုလုပ်သော ဘာသာရေးလှုပ်ရှားမှုရှိရှိသမျှမှ ကင်းလွတ်ခွင့်ပေးခဲ့သည်။ ဤညီအစ်မသည် ထိုဆရာမအပါအဝင် အခြားဆရာဆရာမများအား မဂ္ဂဇင်းဆယ်စောင်ဝေငှနိုင်ခဲ့သည်။
သွေးနှင့်ပတ်သက်သော ဘုရားသခင်ပညတ်ကို နာခံခြင်းက ဆုချခံရစေ
မကြာသေးမီက ဗိုင်းရပ်စ်ကြောင့်ကူးစက်သောအဖျားရောဂါသည် ကယ်ရာလာပြည်နယ်၏ အချို့ဒေသများတွင် ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွားခဲ့သည်။ ဤရောဂါသည် ကျောက်ကပ်များကို ပြင်းထန်စွာပျက်စီးစေရကား အမြှေးပါးသုံး၍ခွဲထုတ်ဖို့လိုအပ်စေသည်။ များသောအားဖြင့် သွေးသွင်းကြသည်။ မြို့တစ်မြို့တွင် ၁၄ ဦးတို့သည် ဤရောဂါနှင့် ဆေးရုံတင်ထားရသည်။ ဤလူနာများထဲတွင် တစ်ယောက်မှာ နယ်ခံအသင်းတော်အကြီးအကဲဖြစ်သော သက်သေခံတစ်ဦးဖြစ်သည်။ အသုံးပြုနိုင်သည့် တစ်ခုတည်းသောကုသမှုမှာ သွေးသွင်းခြင်းဖြစ်ကြောင်း သူ့အားပြောပြသည်။ ဤအကြီးအကဲက မိမိ၏ကျမ်းစာပါယုံကြည်ချက်များကို ရှင်းပြပြီး သွေးကို အခိုင်အမာငြင်းဆန်ခဲ့သည်။ (တမန်တော် ၁၅:၂၈၊ ၂၉) အကြီးအကျယ်အချေအတင်ဖြစ်ပြီးနောက် ဆရာဝန်များက သူသည် သွေးသွင်းခြင်းကို ငြင်းပယ်သောကြောင့် သေလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
အခြားလူနာ ၁၃ ဦးမှာမူ သွေးကိုလက်ခံခဲ့သည်။ ရင်ထုမနာဖြစ်စရာကား သူတို့အားလုံးသည် ရက်အနည်းငယ်အတွင်း သေဆုံးခဲ့ကြသည်။ ဤညီအစ်ကိုတစ်ဦးသာ အသက်ရှင်ကျန်ခဲ့သည်တကား! ဆေးရုံအာဏာပိုင်များသည် အလွန်အံ့အားသင့်သွားသည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် အသင်းတော်သားများ မှန်မှန်လာရောက်လည်ပတ်ကြခြင်းကို အကြီးအကျယ်စွဲမှတ်သွားကြသည်။ သူဆေးရုံမှဆင်းခွင့်ရသောအခါ ဤညီအစ်ကိုသည် ဆရာဝန်များဆီသို့ ကျေးဇူးတင်စကားဆိုရန် သွားခဲ့သည်။ သို့သော် သူတို့ကဤသို့ဆိုခဲ့သည်– “ဘာလို့ကျုပ်တို့ကို ကျေးဇူးတင်ရမှာလဲ၊ ခင်ဗျားရဲ့ဘုရားသခင် ယေဟောဝါကို ကျေးဇူးတင်ရမှာ။ ကိုယ်တော်သာ ခင်ဗျားကို ကယ်တင်ခဲ့တဲ့သူဖြစ်တယ်။ ကျေးဇူးပြုပြီး ကျုပ်တို့အတွက်လည်း ခင်ဗျားရဲ့ဘုရားသခင်ယေဟောဝါထံ ဆုတောင်းပေးပါ။”
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]
နိုင်ငံ့အချက်အလက်များ
၁၉၉၄ လုပ်ငန်းတော်နှစ်
အများဆုံးကြေညာသူဦးရေ–၁၄,၂၇၁
အချိုး–ကြေညာသူ ၁ လျှင် ၆၅,၂၆၆
အောက်မေ့ပွဲတက်ရောက်သူဦးရေ–၃၈,၁၉၂
ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၁,၇၈၀
ပျမ်းမျှကျမ်းစာသင်အံမှုများ–၁၂,၄၅၃
နှစ်ခြင်းခံသူဦးရေ–၁,၃၁၂
အသင်းတော်အရေအတွက်–၄၁၀
ဌာနခွဲရုံး–လိုနာဗလာ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
လိုနာဗလာမြို့ရှိ ဌာနခွဲရုံး
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၆၃ ခုနှစ် “ထာဝရသတင်းကောင်း” စည်းဝေးကြီးနှင့် ဆက်နွှယ်သည့်သက်သေခံခြင်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဒေလီမြို့ရှိ ခံတပ်နီအပြင်ဘက်တွင် ဈေးသည်တစ်ယောက်ကိုသက်သေခံခြင်း